လူသားတိုင်းအတွက် လူရယ်လို့ ဖြစ်လာခဲ့တာနဲ့ လိုအပ်ချက်တွေက အဖုံဖုံ
ခံစားချက်တွေကစုံလို့ လောကရဲ့ ဘ၀ဇာတ်ခုံပေါ်မှာ ပုံစံမျိုးစုံ ကခဲ့ကြရတယ်။ ဘဝဇာတ်ခုံပေါ်မှာ
ကတော့မယ်ဆိုတာနဲ့ အငိုအရီ အပြုံး အဆိုအလွမ်းတွေနဲ့ တီးလုံးနဲ့ဇာတ်ကွက်
အလိုက်သင့်အောင် ကပြကြရတာ ဓမ္မတာပါ။ ဇာတ်တစ်ဇာတ်ဖြစ်လာဖို့ ဇာတ်အိမ်ဆိုတာလိုအပ်တယ်။
လောကဇာတ်ခုံပေါ်မှာ ကပြနေရတဲ့ ဘဝဇတ်မင်းသမီး မင်းသားတွေအတွက် နားခိုရာဆိုတာ ရှိဖို့လိုတယ်။
ငှက်ကလေးတွေအတွက် အသိုက်အမြုံရှိနေမှ ပန်းကလေးတွေအတွက် ဥယျာဉ်မှူးရှိနေမှ
သားသမီးတွေအတွက် မိဘရှိနေမှ စသဖြင့် သက်ဆိုင်ရာ အရိပ်ကလေးတော့ ရှိနေဖို့လိုအပ်ကြတယ်။
အဲလိုပဲ ကျွန်မတို့ မြန်မာနိုင်ငံအတွင်းမှာ ရှိနေကြတဲ့ မြန်မာလူမျိုးတွေ အတွက်လည်း
အေးချမ်းစွာ နေထိုင်ကြဖို့ မြန်မာနိုင်ငံကြီး လှပစွာ တည်ရှိနေဖို့
လိုအပ်မှာအသေချာပါပဲ။ နိုင်ငံလှပဖို့ ဆိုတာကျတော့ နိုင်ငံသားတိုင်းမှာ
တာဝန်ရှိနေတယ်ဆိုတာ အကုန်လုံးက လက်ခံနားလည်းပြီး လုပ်ဆောင်ရမှာ ဖြစ်တယ်။
ဒါလေးကို အမည်တပ်လိုက်ရင်တော့
ကျွန်မ လေးတန်းစရောက်တဲ့နှစ်လေးပေါ့၊ အရေးအခင်းတစ်ခု ပေါ်ခဲ့တယ်။ ကျွန်မ ဘာအမည်
တပ်မှန်းတောင်မသိဘူး။ အမေက “ဒီနေ ကျောင်းမသွားရဘူး၊ အခြေနေ မအေးဘူး”တဲ့လေ။
ကစားမက်တဲ့ ကျွန်မ အတော်လေး ပျော်သွားတယ်။ အင်း… မကြာပါဘူး၊ သေနတ်သံတွေညံလို့၊
ကျွန်မတို့ ပြေးပုန်းရတယ်၊ နောက်တစ်ပတ်လောက်ကြာတော့ ရွာကို ဒေါ်အောင်ဆန်းစုကြည်လာမယ်တဲ့လေ၊
ကျွန်မကိုယ်တိုင် တွေ့ခဲ့ရတယ်၊ အမေစုရဲ့ ရဲရင့်ပုံလေး၊ အခုထိ မျက်လုံးထဲက မထွက်ပါဘူး၊
ဟောပြောနေတုန်း ကားကို စက်နှိုးထားတယ်၊ ပြီးတာနဲ့ ချက်ချင်းကားပေါ်တက်ပြီး ပြန်ရတယ်၊
တအားဆူပူနေတဲ့ အချိန်ကြောင့်လို့ ထင်ပါတယ်။ နောက်တော့ ကျွန်မတို့ရွာမှာ တန်းစီပြီး
ရွာတွေပတ်ပြီး ဒို့အရေး ဒို့အရေး လို့အော်ပြီး ဆန္ဒပြကြတယ်။ ကျွန်မကတော့ နေ့တိုင်းလိုက်တယ်၊
ဘာမှန်းတော့မသိဘူး၊ လိုက်အော်နေတာဘဲ။ မကြာပါဘူး.. အဲလိုအော်တဲ့လူကြီးတွေကို
အကုန်လုံး လာဖမ်းတယ်၊ ထောင်ချတယ်၊ အခုချိန်ထိ ကျွန်မ ပြန်မတွေ့ရတော့တဲ့သူတွေ
ရှိနေသေးပါရဲ့၊ အဲဒီတော့ ကျွန်မစိတ်ထဲမှာ နိုင်ငံရေးဆိုတာ ဆန္ဒပြတယ် ပြီးရင် ဖမ်းတယ်
အဲလောက်ဘဲ မြင်နေခဲ့တယ်၊ အမေတွေကလည်း အဲဒါတွေနဲ့ ပတ်သက်ပြီး မပြောပြဘူး၊
တောကသူတွေလေ ပြောရင်ဖမ်းမယ်ဆိုတာကို တွေးပြီးကြောက်နေတယ်၊ ကျွန်မအတွေးထဲမှာတော့ ဝဲလည်လည်ပေါ့။
ကျွန်မ ဆရာမလေး ဖြစ်လာခဲ့တယ်။ ဒါပေမဲ့ ငယ်ငယ်ကတည်းက မြင်ခဲ့ကြောက်ခဲ့ရတဲ့
နိုင်ငံရေးဆိုတာကို တကယ်မပြောရဲခဲ့ဘူး။ ဗဟုသုတမရှိတာရယ် စာပေဖတ်မှုအားနည်းတာရယ်
ကလေးဘဝက စိတ်ဒဏ်ရာရခဲ့တာရယ်ပေါ့။ လေ့လာမှုလည်း မရှိခဲ့ဘူး၊ အလုပ်ရှိတာ လုပ်မယ်
စားမယ် အိပ်မယ် အဲလောက်ပဲ။ ဘာမှ နားမလည်ခဲ့ဘူး။
အဲလိုနဲ့ဘဲ ကျွန်မ ထိုင်းနိုင်ငံကို ရောက်လာခဲ့တယ်၊ သူဋ္ဌေးတွေဆီ ရောက်တော့
ကျွန်မတို့ကို ဘတ်လုပ်ပေးမယ်ဆိုပြီး လက်မှတ်ထိုးရတယ်၊ သူများတွေက အင်္ဂလိပ်လိုလေး ထိုးကြတယ်၊
ကျွန်မစိတ်က အဲဒီကနေ စတော့တာပါဘဲ၊ ကျွန်မတစ်ယောက်တည်း မြန်မာလို ထိုးလိုက်တယ်၊
သူဋ္ဌေးက ပြန်ကြည့်တယ် ဘာလဲပေါ့၊ တတ်တဲ့သူနဲ့ ဘာသာပြန်ပြောခိုင်း လိုက်တယ်၊
ကျွန်မနာမည်လို့၊ ကျွန်မ မြန်မာလိုထိုးတာ သူတို့မသိဘူးလေ၊ လိုက်တုပြီးလည်း မရေးတတ်တော့
ကျွန်အတွက် လုံခြုံမယ်ပေါ့၊ မြန်မာဆိုတာ ရဲရဲပြချင်တဲ့စိတ်က ပြင်းပြလာတယ်၊
တပြည်တရွာမှာဆိုတော့ အမျိုးကိုထိရင် နာတတ်လာတယ်၊ မြန်မာနဲ့ပတ်သက်ပြီးပြောရင်
ပက်ခနဲပြန်ပြောမိတယ်၊ ဒါတွေဟာ ကျွန်မရဲ့နိုင်ငံရေးစိတ်ဆိုတာ မသိခဲ့ဘူး။
ကျွန်မ ဗန်ကောက်ရောက်လာခဲ့တယ်။ သူဋ္ဌေးအမေက မြန်မာတွေကို အရမ်းနှိမ်ချင်တယ်၊
ကျွန်မကို မေးတယ်၊ “မြန်မာမှာ ဘုရားတွေ အများကြီးရှိလား”တဲ့။ ကျွန်မဖုန်းထဲ မြန်မာ့ဘုရားပုံတွေ
ထည့်ပြီးပြခဲ့တယ်။ သူနဲ့ကျွန်မ ဗွီဒီယိုကြည့်တော့ ရန်ကုန်မှာ နှိမ့်ကျတဲ့နေရာကို
ရိုက်ထားကို ပြသတဲ့အခန်းလေး ပါလာတော့ သူကမေးတယ်။ “နင်တို့မြန်မာက အဲလောက်ဆင်းရဲလား”တဲ့။
ကျွန်မ ပြန်ပြောလိုက်တယ်။ “ဒီမှာက ဆင်းရဲတဲ့နေရာကို ရိုက်ထားတာလေ”လို့။ လိုက်ခဲ့ပါလား၊
ခေါ်သွားမယ်၊ မြန်မာ ဘယ်လောက်လှတယ်ဆိုတာ သိအောင်လို့။ ကျွန်မ သူတို့ဘာသာစကားကို ကောင်းကောင်း
မပြောတတ်ဘူး။ ဒါပေမဲ့ မြန်မာကို နှိမ်လာရင် ကျွန်မ ရအောင်ပြန်ပြောခဲ့တယ်။
ကျွန်မရင်ထဲမှာ အလိုလို ဖြစ်နေခဲ့တာပါ။
တစ်နေ့ ကျွန်မကို သူဋ္ဌေးက အယုဒ္ဓယကို လိုက်ပို့တယ်။ ပြန်လာတော့ သူဋ္ဌေးအမေက ပြောတယ်၊
“နင်တို့မြန်မာတွေက ငါတို့်ဆီက ရွှေတွေယူသွားပြီး နင်တို့ဆီမှာ ဘုရားတွေပြန်တည်တာ”တဲ့၊
ကျွန်မ ပြန်ပြောလို့မရဘူး၊ ဘာကြောင့်လဲဆိုတော့ အဲဒီသမိုင်းကို အတိအကျမသိခဲ့လို့ပဲ။
ကျွန်မရဲ့ ဗဟုသုတညံ့ဖျင်းမှုက မြန်မာတွေ အကုန်လုံးကို အပြောခံလိုက်ရသလို ခံစားလိုက်ရတယ်။
ပြီးတော့ ကျွန်မကို မေးတယ်၊ “မြန်မာပြည်ပြန်ရင် အလုပ်ရှိလား”တဲ့။
ကျွန်မပြောလိုက်တယ် “မြန်မာပြည်မှာ ပညာတတ်တဲ့သူ အသိဥာဏ်ရှိတဲ့သူအတွက်
အလုပ်မရှားပါဘူး”လို့။ “ကျွန်မက လာပြီးလို့ ဆက်နေနေတာပါ၊ ပြန်ပြီးရင် မလာတော့ဘူး၊
ဒီလစာက ကျွန်မအတွက် မြန်မာပြည်မှာ ပြန်ရှာလို့ရတယ်”လို့ အားကျမခံ ပြန်ပြောခဲ့မိတယ်။
ဒါတွေဟာ ကျွန်မရဲ့နိုင်ငံကိုထိလို့ ကျွန်မ မခံမရပ်နိုင် ပြန်ပြောခဲ့တာပါ။
ကျွန်မကို ထိုင်းတွေက မေးတိုင်း မြန်မာပြည်က ပိုလှတယ် အသီးအနှံတွေလည်း မြန်မာပြည်က
ပိုကောင်းတယ် အဲလိုဘဲ ဖြေခဲ့တယ်။ ကျွန်မအဲလိုနဲ့ အလုပ်ပြောင်းခဲ့တယ်။ ကျွန်မကသာ သူတို့ဘာသာစကား
မတတ်ပဲ နိုင်ငံအတွက်ဆို အလုပ်ပြုတ်မှာမကြောက် ပြန်ပြောတာပါ။ တစ်ချို့တွေကျတော့
သူတို့နေထိုင်ရေး ကောင်းဖို့အတွက် မြန်မာပြည်မှာ အလုပ်မရှိဘူး ဘယ်လိုနေရတယ် ဘယ်လိုစားရတယ်
အဲလိုပြောတော့ အကုန်လုံး အနှိမ်ခံကြရတာပါဘဲ။ နိုင်ငံရေးဆိုတာကို မသိ။ ကိုယ်ကျိုးအတွက်
ကြည့်ခဲ့ကြသူတွေလေ။ ကျွန်မလည်း သိလို့ပြန်ပြောတာ မဟုတ်ပါဘူး။ ကျွန်မစိတ်ထဲ ဖြစ်လာတာ
ပြန်ပြောတာပါ။
ကျွန်မ သူဋ္ဌေးအသစ်ဆီရောက်တော့ သူဋ္ဌေးက အမေရိကားမှာ ကျောင်းပြီးတာ
အရမ်းသဘောကောင်းတယ်။ ကျွန်မမြန်မာပြည်မှာ ဆရာမလေးလုပ်ခဲ့ဖူးတာကို သိတာနဲ့
ကျွန်မကို လေးစားတယ်။ သူတို့နဲ့ တန်းတူသဘောထားတယ်။ ကျွန်မကို ကွန်ပျုတာသင်ခွင့် ပေးခဲ့တယ်။
ကျွန်မ ကွန်ပျုတာစကိုင်တော့ ဖေ့ဘုတ်ကနေ စာတွေနေ့တိုင်းဖတ်ဖြစ်တယ်။ ဒါပေမဲ့
နိုင်ငံရေးအကြောင်းဆို ဘယ်တော့မှမဖတ်ဘူး။ စိတ်မဝင်စားခဲ့ဘူး။
အဲလိုနေလာရင်းနဲ့ အမေစု အချုပ်ကနေ လွတ်မြောက်ခွင့်ရတော့ ဖေ့ဘုတ်မှာ အကောင့်တိုင်းမှာ
တွေ့နေရတော့ ဖတ်ဖြစ်လာတယ်။ တစ်နေ့ ကျွန်မ ဖေ့ဘုတ်ကနေ အကိုတစ်ယောက်နဲ့ ခင်မိတယ်။
သူ့အကောင့်မှာက မြန်မာနိုင်ငံရေးနဲ့ ပတ်သက်တာပဲ ရေးတယ်။ ကျွန်မလည်း နေ့တိုင်းဝင်ဖတ်ရင်းနဲ့
စကားပြောဖြစ်ခဲ့တယ်။ ကျွန်မကို ပြောတယ်။ “ညီမလေးက သူများရဲ့အတွေးလေးနဲ့ မတူဘူး၊
တမူလေး ထူးတယ်၊ ညီမလေး စာရေးပါလား”တဲ့။ ကျွန်မလည်း တစ်သက်လုံး တစ်ခါမှ မရေးဖူးတော့
အရမ်းကြောက်နေခဲ့တာ၊ ကျွန်မကို အားပေးတယ် “ရအောင်ရေးပါ၊ တွေးမိရာသာရေးပါ၊
ဖတ်ပေးမယ်၊ ပရိသတ်အဖြစ် အမြဲသူရှိတယ်”တဲ့။
ကျွန်မကို မရေးရေးအောင် ပြောခဲ့အားပေးခဲ့တယ်။ ကျွန်မလည်း စာစရေးခဲ့တယ်၊
စာတွေကို စစ်ပေးတယ်၊ ကျွန်မရဲ့ဆရာက ဘလော့လေး လုပ်ပေးခဲ့တယ်၊ ကျွန်မစာလေးတွေ ရေးဖြစ်ခဲ့တယ်၊
တစ်နေ့တော့ ကျွန်မနဲ့ စကားပြောရင်း ကျွန်မက မေးလိုက်တယ်။ “အကို ဘာလုပ်နေလဲ”လို့။
သူကပြန်ဖြေတယ် “စာရေးနေတယ်ညီမလေး”တဲ့။ ကျွန်မကလည်း “ဘာလဲ နိုင်ငံရေးအကြောင်းလား”လို့။
အဲဒီအချိန်မှာ လေးနက်တဲ့စကားတစ်ခွန်းကို ကျွန်မကြားလိုက်ရတယ်။ “ညီမလေး..
နိုင်ငံရေးဆိုတာ သိလိုလား”တဲ့။ “ဟင်အင်း.. မသိဘူးလို့။ သူကရှင်းပြတယ်. “ညီမလေး၊
အခုညီမလေး စာရေးနေတာလဲ နိုင်ငံရေးပဲပေါ့”တဲ့။ “ပြီးတော့ ညီမလေး
နာရေးအသင်းတွေဖွဲ့ပြီး မြန်မာတွေကို အကူညီပေးနေတာ၊ အဲဒါလည်း နိုင်ငံရေးပဲလေ”တဲ့။
အတွေးကို ချက်ချင်းပြောင်းလိုက်ပြီး ကျွန်မအသိတွေကို ပြန်လည်တည့်ပေးလိုက်သလို ဖြစ်လာတယ်။
ကျွန်မ အားတက်လာတယ်။ နိုင်ငံရေးဆိုတာ နားလည်လာတယ်။ စာတွေ ပိုဖတ်ဖြစ်လာတယ်။
အဲဒီ အကိုရဲ့ကျေးဇူးကြောင့် ကျွန်မ “နိုင်ငံရေးဟူသည် နိုင်ငံသူ
နိုင်ငံသားတို့၏ အရေးဖြစ်သည်။ နိုင်ငံသူနိုင်ငံသားတို့၏ အရေးဟူသည် စားဝတ်နေရေး
ကျန်းမာရေး စသော လူ့အရေးများပင် ဖြစ်သည်။ မိမိနိုင်ငံသူ နိုင်ငံသားတို့၏အရေးကို
ဆောင်ရွက်ခြင်းသည်သာ နိုင်ငံရေးအနှစ်သာရ ဖြစ်သည်။ စင်စစ်နိုင်ငံရေးဟူသည်
အတ္တဟိတမဟုတ်၊ ပရဟိတဖြစ်သည်”ဆိုတဲ့ စာသားလေးကို ဖတ်ခဲ့ရတယ်။ ကျွန်မ အရမ်းပျော်ခဲ့တယ်၊
နိုင်ငံရေးနဲ့ပတ်သက်တာ ရေးရင် ကြောက်နေတတ်တဲ့ကျွန်မ စာတွေ ရေးရဲလာခဲ့တယ်။
သူများကို ပြောပြတတ်လာတယ်။ တစ်နေ့ သူငယ်ချင်းတစ်ယောက်နဲ့ စကားပြောတော့
ကျွန်မက မေးလိုက်တယ် “ဒေါ်အောင်ဆန်းစုကြည် ဒီနေ့ ပြန်လာမယ်မလား”လို့။ သူက ပြန်ပြောတယ်..
“စိတ်မ၀င်စားဘူး၊ ဘယ်မင်းတက်တက် ကိုယ်လုပ်မှ ကိုယ်စားရမှာ”တဲ့လေ။ ကျွန်မလည်း အရင်ကလိုဆိုရင်တော့
“အင်း.. ဟုတ်တယ်နော်”လို့ ပြောဖြစ်မှာပါ။ ဒါပေမဲ့ ကျွန်မက နိုင်ငံရေးဆိုတာကို
နည်းနည်းပါးပါး နားလည်နေပြီဆိုတော့ အေးအေးလေး ပြန်ပြောပြလိုက်ပါတယ် “မှန်တော့မှန်တယ်၊
ဒါပေမဲ့ မြန်မာနိုင်ငံဆိုတာ မရှိခဲ့ရင် မထိန်းသိမ်းခဲ့ရင် သူများလက်အောက်ရောက်ခဲ့ရင်
ကိုယ်လုပ်မှ ကိုယ်စားရမှာဆိုတဲ့ စီးပွားရေးတွေက လုပ်လို့ရတော့မှာ မဟုတ်ဘူး၊
နိုင်ငံရှိနေမှ နေထိုင်စားသောက်လို့ရမှာပါ၊ လူတိုင်းက ညီညွတ်မှ ရမှာလေ”လို့။
အဲလို ပြောပြတော့ “အင်း ဟုတ်တယ်နော်”တဲ့။ ကျွန်မရဲ့ လေ့လာမှုက လူတစ်ယောက်ကို အသိပေး
ပြောပြနိုင်ခဲ့တယ်လေ။
တစ်ချို့သော သူတွေရဲ့ အတွေးတွေထဲမှာ နိုင်ငံရေးဆိုတာ ကိုယ်နဲ့ မဆိုင်ဘူး ထင်တာလည်း
ရှိတယ်၊ ကျွန်မလို နိုင်ငံရေးဆိုတာ ဆန္ဒပြ အော်ဟစ်ခြင်းလို့သာ ထင်တာလည်းရှိတယ်။
ကိုယ်လုပ်နေတာဟာ နိုင်ငံရေးလို့ မသိတာတွေလည်း ရှိခဲ့တယ်။ တိုင်းတပါးမှာ မျက်နှာမငယ်ဖို့ဆိုရင်
နိုင်ငံရေးနဲ့ ပတ်သက်တာ ပိုပြီးသိထားဖို့ လိုအပ်တယ်။ ကျွန်မရဲ့ လက်ရှိ အမြင်အရပေါ့။
ကျွန်မ တစ်နေ့ စာထိုင်ဖတ်နေတယ်။ သူဋ္ဌေးမနဲ့ သူဋ္ဌေးမရဲ့သမီးလေးက ငြင်းနေကြတယ်။ “မြန်မာနိုင်ငံရဲ့မြို့တော်က
ဘာလဲ”တဲ့။ အမေက မေးလိုက်တယ်။ သမီးက ပြန်ဖြေတယ် “နေပြည်တော်”တဲ့။ အမေက “ရန်ကုန်မဟုတ်လား
သမီး”တဲ့။ ငြင်းရင်းနဲ့ ကျွန်မကို လာမေးတယ်။ ကျွန်မကလဲ တကယ်မသိဘူး။ ဘယ်တုန်းကမှ မဖတ်ထားတာ
သေချာတယ်။ ဒါပေမဲ့ ကျွန်မဆရာတစ်ယောက် ပြောထားတာ သတိရလိုက်မိတယ်။ “ဘာဖြစ်ဖြစ် မေးလာခဲ့ရင်
မဖြေနိုင်တာထက် ဖြေလိုက်တာက ပိုကောင်းတယ်”တဲ့။ မှားချင်မှား မှန်ချင်မှန်ပေါ့
ကျွန်မ ရဲရဲလေးပဲ ဖြေလိုက်တယ်။ “နေပြည်တော်”လို့။ ဒါနဲ့ သူဋ္ဌေးမက ဝင်လာတယ်။ “ရန်ကုန်မဟုတ်လား”တဲ့။
ကျွန်မက “အစက ရန်ကုန်၊ အခု နေပြည်တော်”လို့၊ အဲလိုဖြေလိုက်တယ်။ ပြီးမှ ကျွန်မ အရမ်းကြောက်လာတယ်။
ငါဖြေလိုက်တာ မှားပြီလားပေါ့။ မှားခဲ့ရင်တော့ မြန်မာပြည်မှာ
ဆရာမလုပ်ခဲ့ဖူးတဲ့သူတစ်ယောက် အဲလောက်တောင် ညံ့လားဆိုပြီး အကုန်လုံး
အနှိမ်ခံရတော့မှာဘဲဆိုပြီး နေလို့မရအောင် စိတ်တွေဗလောင်ဆူနေရော။ အဲဒါနဲ့ ကျွန်မလည်း
ကျွန်မဆရာကို ချက်ချင်း အင်တာနက်ကနေ လှမ်းမေးတော့ ကျွန်မဖြေတာ မှန်နေခဲ့တယ်။ ဒါမှ ကျွန်မ
သက်ပြင်းချနိုင်ခဲ့တယ်။
အဲလိုဖြစ်တာ ဘာကြောင့်လဲဆိုတော့ ကျွန်မ နိုင်ငံရေးဆိုတာ ကိုယ်နဲ့မဆိုင်သလို
စိတ်မဝင်စားခဲ့လို့ဆိုတာ ပိုသိလာရတယ်။ ဒါကြောင့် ကျွန်မ စိတ်ကူးလေးရလာခဲ့တယ်။
နိုင်ငံရေးဆိုတာကို ကျွန်မလို မသိတဲ့သူအတွက် ဒီစာစုလေးကို ဖတ်မိခဲ့ရင် ကျွန်မလို
ကွဲပြားပြီး သိလာအောင် “နိုင်ငံရေးဆိုတာ ဘာကိုဆိုလိုတာလဲ”ဆိုတာ သိအောင်ရေးချလိုက်မိတယ်။
အခုချိန်ထိ “နိုင်ငံရေးဆိုတာ ဆန္ဒပြတယ် ဖမ်းတယ် ထောင်ချတယ်
စစ်ပွဲတွေဖြစ်အောင် လုပ်တယ်”လို့ ထင်နေကြတဲ့သူတွေ အများကြီးပါ။ သိတဲ့သူတွေကနေ နိုင်ငံရေးဆိုတာ
ဘာကိုဆိုလိုတယ်ဆိုတာလေးကို လက်ဆင့်ကမ်း ပြောပြကြမယ်ဆိုရင် ကျွန်မတို့ရဲ့
မြန်မာနိုင်ငံက ရှေ့ဆက် လှပလာမယ်လို့ ကျွန်မယုံကြည်မိလာတယ်။ လူတိုင်းဟာ ကိုယ်ကျိုးအတွက်ပဲကြည့်ပြီး
မိမိစီးပွားရေးကိုပဲ ဇောက်ချလုပ်ကိုင်နေမယ်၊ “ဘယ်သူသေသေ ငတေမာရင်ပြီးရော”ဆိုတဲ့ စိတ်ထားနေမယ်ဆိုရင်
ကျွန်မတို့နိုင်ငံက နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံ မဟာချိုင်မြို့မှာ ဟောပြောခဲ့တဲ့
စာပေဟောပြောပွဲမှာ ပြောခဲ့သလို “သယံဇာတသာမက လူတွေပါ သူများနိုင်ငံဆီ သယံဇာတအဖြစ် ပါသွားကြမှာပါ”။
ဒါကြောင့် မိသားစုအရေး ကျေးရွာအရေး မြို့အရေး တိုင်းပြည်အရေးတွေကို နားလည်အောင် လုပ်ဆောင်ပြီး
စာပေနဲ့ အလှမ်းမဝေးအောင် ကျွန်မတို့ ကြိုးစားသင့်ပါတယ်။
ကျွန်မထက် အသိဥာဏ်အများကြီးရှိတဲ့သူတွေ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေကလည်း
နားမလည်သေးတဲ့ ပြည်သူတွေ နားလည်လာအောင် စာပေတွေနဲ့ နီးစပ်လာအောင် အားတက်သရော လုပ်ဆောင်ကူညီပေးသင့်တယ်လို့
ကျွန်မမြင်မိပါတယ်။ ဒါကြောင့် ကျွန်မဖတ်မိခဲ့တဲ့ ရင်ထဲစွဲနေတဲ့ စာသားလေးတွေထဲက
တချို့ကိုကတော့ “နိုင်ငံရေးဟူသည် နိုင်ငံ၏ ဝေယျာဝစ္စဆောင်ရွက်မှုသာ ဖြစ်၏။
နိုင်ငံရေးအလုပ်ဟူသည်လည်း နိုင်ငံ၏ ဝေယျာဝစ္စအလုပ်သာ ဖြစ်၏။ ထို့ကြောင့်
နိုင်ငံရေးသမားဟူသည် နိုင်ငံ၏ ဝေယျာဝစ္စကို ရိုးရိုးသားသား
စိတ်ကောင်းစေတနာကောင်းနှင့် ဆောင်ရွက်မှသာ နိုင်ငံတော်က အမှန်တကယ်လိုအပ်သော
နိုင်ငံရေးသမားဖြစ်သည်။” နိုင်ငံရေးသမားတစ်ယောက်အဖို့ ဘာအရေး အကြီးဆုံး ဖြစ်ပါသနည်း-ဟု
သုံးသပ်သောအခါ မိမိနိုင်ငံသားတို့၏အရေးသည် အကြီးဆုံးဖြစ်သည်ကို တွေ့ရသည်။
နိုင်ငံရေးသမားတိုင်း ထိုသဘောတရားကို လေးစားလိုက်နာရမည်။ နိုင်ငံရေးစစ်စစ်မှန်မှန်ကား
စားဝတ်နေရေးစသော နိုင်ငံသားတို့၏ အရေးသာ ဖြစ်၏။ သခင်ဘသောင်းကမူ နိုင်ငံရေးသည် သူများ၏အရေးမဟုတ်ဘဲ နိုင်ငံသူနိုင်ငံသားတို့၏
ကိုယ်ရေးကိုယ်တာပင် ဖြစ်သည်-ဟု ဆိုခဲ့လေသည်။
ထို့ကြောင့် နိုင်ငံရေးဆိုသည်မှာ နိုင်ငံသူ နိုင်ငံသားတို့၏ စားဝတ်နေရေး
နေရာအဆောက်အဦးရှိရေး ပညာရရှိရေး ကျန်းမာမှုရရှိရေး အညည်းပြေမှုရရှိရေး စိတ်ချမ်းသာ
ကိုယ်ချမ်းသာရရှိရေး စသည်တို့ပင် ဖြစ်သည်။ နိုင်ငံရေးသည် နိုင်ငံသားတို့၏ အရေးသာ
ဖြစ်သောကြောင့် နိုင်ငံသားမှန်လျင် နိုင်ငံ့အရေးကို စိတ်ဝင်စားကြရမည်။
နိုင်ငံအရေးကို ပါဝင်ဆောင်ရွက်ကြရမည်။ နိုင်ငံသားအားလုံး ပါဝင်ဆောင်ရွက်မှုရှိသော
နိုင်ငံရေးသည်သာ စစ်မှန်သောနိုင်ငံရေးဖြစ်ပါတယ် ဆိုတဲ့အကြောင်း ကျွန်မဥာဏ်မှီသမျှ ပြန်လည်တင်ပြ
ရေးသားလိုက်ပါတယ်ရှင်။ မြန်မာနိုင်ငံသားတွေ အကုန်လုံး နိုင်ငံရေးဆိုတာကို နားလည်ပြီး
ဘာသာ သာသနာနဲ့ တိုင်းပြည်နဲ့ လူမျိုးကို ကာကွယ်နိုင်ကြပါစေလို့ဆန္ဒပြုရင်း ..
No comments:
Post a Comment