Pages

Friday, December 28, 2012

***အကြွေပန်း***



အကြွေပန်းလေးမို့
အသွင်မဆန်းချင်ဘူး
ရင်ခွင်ဦးမှာ အချစ်ဖူးဝေ
အနမ်းတွေခြွေချင်လည်း
မ၀ံ့မရဲ နွမ်းလျအသည်းက
ကျွမ်းတမြမြ မြေခငိုကြွေး
အလွမ်းဆွေးနဲ့ရောထွေး
အဝေးကမျှော်ငေးလို့
တိတ်တိတ်လေးပဲ ငိုနေပါရစေ။

ပင်ယံနန်းမှာ မတန်ရာမှန်းပြီး
နန်းမဆန်ချင်တော့ပါဘူး
သခင်ဝင့်ထယ်ဖို့ အပူရုပ်ကိုဟန်လုပ်
ရွှေရင်ဆို့လည်း မခို့တရို့ပြုံးလို့
အငြိုးအတေးမဲ့ ဆွေးရင်းနဲ့ပဲ
ဒီတစ်သက် မပျက်သစ္စာ
ရင်မှာထား အကြင်နာပွားကာ
ဝေးဝေးကပဲ လွမ်းပါရစေ။

ပန်းသဇင်လို နန်းတော်ဝင်မဖြစ်လည်း
ခရေလေးလိုမြေခလို့စေစားရာနေချင်ပါရဲ့
တမာလိုမခါးသက်စေချင်တာကြောင့်
ရေကြာလေးလို ဖြူစင်စွာငေး
အဝေးကနေ လရိပ်လေးဘဝ
အေးမြမြနဲ့ ဗေဒါလေးလို
အစုန်အဆန်ခံရင်း သံသရာတမျှ
ပေးဆပ်ကာပဲ နေပါရစေ။....(လရိပ်လေး)

***မြတ်ဆရာ***



အားငယ်စိတ်ထား ပျောက်ပျက်သွားအောင်
တရားနဲ့ယှဉ် အသိမြင်ဖြင့်
သွန်သင်ဆုံးမ ပညာရအောင်
လမ်းပြညွှန်ကြား သမီးသားနှယ်
ချစ်အားပိုတာ မြတ်ဆရာ။

လိုသည့်ပညာ ၀ါသနာကို
သေချာသိမြင် ကြိုးစားချင်အောင်
စီစဉ်ညွှန်ပြ အောင်မြင်ကြအောင်
ထုတ်ပြသင်ပေး ဘ၀ရေးတွက်
အားပေးခဲ့တာ မြတ်ဆရာ။

ဖောက်ပြန်လှည့်ဖြား လူတွေကြားမှာ
နေသားကျကာ အရာရာကို
သိသာနားလည် မေတ္တာသွယ်၍
မဖွယ်မရာ ရှောင်ကြဉ်ကာဖြင့်
ပညာနှင့်ယှဉ် အသိဝင်အောင်
ပြုပြင်ပေးတာ မြတ်ဆရာ။

ဘုရားနှင့်ပင် နှိုင်းတုယှဉ်၍
အစဉ်လေးစား စိတ်ထဲထားကာ
ရှားပါးမတူ ပြိုင်မဲ့သူကင်း
ဇဗ္ဗူတွင်းဝယ် ရွှေဆင်းနှယ်တင့်
စင်ကြယ်ကျင့်ဖြင့် ရဲရင့်စိတ်မွေး

ယိုဖိတ်မေတ္တာ ပီတိဖြာ၍
သင့်ရာပြောကြား ဆရာများအား
လေးစားအစဉ် ရှိလျှက်ပင်။...(လရိပ်လေး)

***ခြွေသူမဲ့ အနမ်း***


လမင်းလေးရေ
နင်ဖန်ဆင်းပေးတဲ့ အရိပ်ကလေးအဖြစ်
ငါလေအဝေးကနေ
အေးမြခြင်းတွေမျှဝေခဲ့ပါရဲ့
အပြန်အလှန်ဆိုတဲ့ နိယာမက
ငါ့အတွက် တော့ မဟုတ်လို့
လေနီကြမ်းတွေနဲ့ မုန်တိုင်းခပ်ကြမ်းကြမ်းတွေအောက် ဘ၀အချစ်ညလေးပျောက်ရှခဲ့ပြီ။

လမင်းလေးရေ
ငါလေ........
နင့်ရဲ့ဖြူစင်တဲ့ ပြယုဒ်တစ်ခုကို နှစ်သက်
့ကမ္ဘာမြေရဲ့ညချမ်းကို သာယာခြင်းတွေနဲ
အရောင်ဆမ်းခဲ့ပါရဲ့ ............
မှော်ဆရာရဲ့ပုလွေအောက်
ကကြိုးပျောက်ခဲ့ရတဲ့မြွေတစ်ကောင်အလား
အချစ်ရဲ့ညှို့ချက်အောက်မှာ ကျရှုံးလို့
ကြက်ခြေခတ်က နှလုံးသားမှာ တံဆိပ်ကပ်ခံရတယ်.......

လမင်းလေးရေ
အလင်းဘုရင် အောက်မှာကကြိုးကိုခံယူတဲ့
ပေးဆပ်ခြင်းသက်သက် ဘ၀ကိုအားကျရင်း
ပြောင်းလဲခြင်းနိယာမတရားက
အချစ်ကိုမဖော်ကြူးနိုင်တော့
ရင်ခွင်ဦးမှာ ကြည်နူးခွင့်မရနိင်ပဲ
အလွမ်းဝေဒနာတွေ
ခပ်ရဲရဲလေးပေါ်လာတဲ့
ဒီရင်အစုံမှာ.........မျက်ရည်တွေလည်းဝဲခဲ့ပြီ.........

လမင်းလေးရေ
ညချမ်းကို လရောင်ဆမ်းလို့
ကြယ်စင်တွေလင်းလက်နေပေမဲ့
ခပ်နွမ်းနွမ်းပန်းတစ်ပွင့်ရဲ့ အလျဉ်းမသင့်တဲ့
ခပ်ညံ့ညံ့ချစ်ချင်းကို သမုဒယစောင်းညှို့သံအောက်
လွင့်စင်သွားအောင် ဥပေက္ခာတရားတွေနဲ့
မှောက်မှားအောင်ပြုစားမှတော့
အချစ်မဲ့တဲ့နှလုံးသားကိုပဲ
မက်မက်မောမာလေး အနမ်းခြွေရတော့မှာပေါ့..

***သွေးစွန်းခဲ့တဲ့ နှလုံးသားဇာတ်သိမ်း***




ပန်းတစ်ပွင့် နန်းထက်မှာတင့်ဖို့

ကျွမ်းရင့်နေတဲ့ နှလုံးသားတစ်စုံကို

သွေးအလိမ်းလိမ်းနဲ့ စတေးပေးလိုက်ရတာ

အသွင်တင့်လေတဲ့ နန်းသခင် သိပါလေစရှင်။


အမြင့်စံနန်းရဲ့တံခါးဝမှာ အစောင့်တွေအစီအရီချ

အချစ်ရှုံးသမားတစ်ယောက်ကို စည်းချလို့တားထားမှတော့

နှလုံးသားရဲ့သွားရာလမ်းက စမ်းတ၀ါးဝါးနဲ့

မှန်းထားသမျှ လွမ်းစကားပဲကြားရတော့မှာပေါ့။


အဆောင်ယောင်တွေမက် အကြင်နာမဲ့တဲ့အပြင်

ဝေဒနာတွေဖက်လို့ မကြေငြာရက်ခဲ့တဲ့အကျွန့်ကို

စေညွှန်ရာထား အစေပါးသဖွယ်လှည့်စား

ရက်စက်စွာထားရက်မှတော့ ရွှေရင်ကော့လို့

အလွမ်းပဲမော့သောက်လိုက်တော့မယ် သခင်။


မခင်လို့ထား အသွင်ခြားအောင် စိမ်းကားဖောက်ပြန်

မုန်းဟန်ဆင့်ကာ အဖန်တစ်ရာမက သွေဖယ်ခံရမှတော့

တစ်ကျော့ပြန်အလွမ်းနဲ့ နှစ်ထပ်ကွမ်းမဖြစ်ချင်တော့ပါဘူး

ဇာတ်သိမ်းခန်းကို အကြမ်းအရမ်းလေးပဲ

ပြောင်းသိမ်းလိုက်တော့မယ် သခင်။....(လရိပ်လေး)

***ဖြူစင်သွေး နှင့် ဆေးရေးပန်းချီ***




ဥသြငှက်ပျို တေးသံချိုလှ
စိမ်းစိုမြမြ လွမ်းစရာ့မြေ
စမ်းကျရေလေး စိမ့်စိမ့်အေး၍
နွေတေးသီကြူး ရာသီထူးအောင်
မြူးမြူးသွဲ့သွဲ့ ဖွဲ့လိုက်ပြီ။

တဖွဲဖွဲကျ အေးမြလှကာ
သွန်းချစွေဖြိုး လေပြေနိုးကြွ
ရိုးရိုးရွရွ မိုးသည်းစလေး
ရင်ဝသို့စိမ့် တရိပ်ရိပ်နဲ့
ငြိမ့်ငြိမ့်ကလေး ခြွေခဲ့ပြီ။

နှင်းစက်မှုန်လေး ဆောင်းမှာဖွေး၍
ဆွေးဆွေးလျလျ အေးအေးမြမြ
ဝေကျကြွေဆင်း သန့်စင်ခြင်းတွေ
အပ်နှင်းကာပေး ဖြူစင်သွေးနှင့်
ဆေးရေးပန်းချီ ချယ်ခဲ့ပြီ။

ရာသီတွေဟောင်း အချိန်နှောင်းလဲ
မပြောင်းဘယ်ခါ မမြဲရာကား
သေမှာနိဂုံး တကယ်ရှုံးမို့
ရှိတုန်းခဏ ရာသီလှစုံ
ဘ၀ဆုံရာ ပြည်မြန်မာကို
မပြိုမပျက် သွေးစည်းလျက်နဲ့
မြင်ခဲ့စေချင် တကယ်ပင်မို့
အစဉ်အားထုတ် စည်းလုံးစို့။.....(လရိပ်လေး)

Tuesday, December 25, 2012

***ကကြိုးပျောက် နှလုံးသား***



ချစ်သူ

စီမံလို့မရတဲ့ ကံကြမ္မာကို
မှော်ဆရာလို ပညာအစွမ်းနဲ့သာ
ဖန်တီးယူလို့ရမယ်ဆိုရင် အချစ်နဲ့ဘ၀ကို
ထပ်တူကျအောင် ဖန်တီးလိုက်ချင်တယ်။

ငါလေ မဏိစန္ဒာလို မိဖုရားမဖြစ်ချင်ပါဘူး
ဘ၀အရေး နှလုံးသားစတေးရတာ နာကျင်လွန်းလို့ပါ
ငါ့နှလုံးသား အဖြူသက်သက် သွေးရောင်တွေနဲ့ ပန်းချီချယ်လို့
အလွမ်းဆိုတဲ့စာတန်းလေး လက်တန်းရေးလိုက်ရပြီလေ။

ရွေးချယ်ခွင့်မရှိတော့တဲ့ ဘ၀လမ်းအတွက်
နှလုံးသားကိုအစိမ်းသက်သက် ဓါးထက်ထက်နဲ့ ခွဲလိုက်ရတာ
အပြန်တစ်ရာမက ရင်နာလှတယ်ဟာ
ကမ္ဘာပျက်ရင် သားတောင်ချနင်းရတယ်တဲ့ ဒါပေမဲ့
နင့်ကမ္ဘာလှဖို့ငါ့နှလုံးသားလေးချခင်းပေးလိုက်တာပါ
သွေးမပျက်ပဲရဲရဲသာနင်းတက်လိုက်စမ်းပါ။

ဇာတ်လမ်းမဆုံးခင် ကကြိုးမပျောက်ချင်ပေမဲ့
ချစ်သူပြုံးဖို့ အမုန်းမျက်နှာဖုံးတပ်လို့
ခပ်ဆတ်ဆတ်လေးပဲ နှလုံးသွေးအရပ်ခံလိုက်တယ်
မော့မော့လေးပြုံးနိုင်ပါစေဟာ။.....(လရိပ်လေး)

***ပြန်ချင်လှပြီ အမေ့ဆီ***


အမေရယ်
ဝေဒနာတွေပြယ်ချင်လှပြီ
ကံဖယ်လို့အမှန်ဘယ်မမြင်
တပြည်ရွာကိုတကယ်ခင်လို့
ရွှေရင်ကိုကော့မော့မော့လေးနဲ့
အမေ့အရိပ်ကထွက်ခဲ့တာမဟုတ်ပါဘူး။

ပင့်သက်လှိုက်မော ဆင်းရဲတောမှာ
စီးမျောနေရ ပဲပြုတ်ရောင်းကြ
ဘ၀မလှတော့ တကျော့ပြန်စဖို့
အမေနဲ့သမီးတို့ထမင်းတစ်လုပ်
တင်းတင်းဆုပ်ပြီးစားလို့ရအောင်
အစိမ်းရောင်ကလွှမ်း မေတ္တာမသန်းတဲ့
ခရီးကြမ်းကို ရဲရဲလှမ်းကာ
အမေနဲ့ရွာကို စွန့်ခဲ့တာပါ
အမေရယ်။

နေ့ရယ် ညရယ် အတွေးကြွယ်လျှက်
အမေနဲ့ရွာလေး ဘယ်လိုနေသေး
ခပ်ရေးရေးလေး မြင်ချင်နေမိ
ရင်ဝယ်အသိရှိနေပါလည်း
မဟန်သာ ပြန်လာရခက်
ဘ၀တွက်မို့ ကြိတ်ခဲလို့သာ
စိတ်ထဲနာလျှက် ဖြေရခက်ခဲ
လွမ်းစိတ်သည်းကာ ငိုနေမိတယ်
အမေရယ်။

ရေပြာကမ်းလှ လွမ်းစရာ့မြေ
တောတန်းဝေလို့ ကျေးငှက်ပျော်မြူး
အလှထူးကာ ဘုရားကစုံ
လှအားပိုသည့် အမေရှိတဲ့ရွာလေးဆီ
သမီးအချိန်မှီ ပြန်ခဲ့ချင်ပြီ
အမေရယ်။..............(လရိပ်လေး)

***မြတ်ဆရာ***



အားငယ်စိတ်ထား ပျောက်ပျက်သွားအောင်
တရားနဲ့ယှဉ် အသိမြင်ဖြင့်
သွန်သင်ဆုံးမ ပညာရအောင်
လမ်းပြညွှန်ကြား သမီးသားနှယ်
ချစ်အားပိုတာ မြတ်ဆရာ။

လိုသည့်ပညာ ၀ါသနာကို
သေချာသိမြင် ကြိုးစားချင်အောင်
စီစဉ်ညွှန်ပြ အောင်မြင်ကြအောင်
ထုတ်ပြသင်ပေး ဘ၀ရေးတွက်
အားပေးခဲ့တာ မြတ်ဆရာ။

ဖောက်ပြန်လှည့်ဖြား လူတွေကြားမှာ
နေသားကျကာ အရာရာကို
သိသာနားလည် မေတ္တာသွယ်၍
မဖွယ်မရာ ရှောင်ကြဉ်ကာဖြင့်
ပညာနှင့်ယှဉ် အသိဝင်အောင်
ပြုပြင်ပေးတာ မြတ်ဆရာ။

ဘုရားနှင့်ပင် နှိုင်းတုယှဉ်၍
အစဉ်လေးစား စိတ်ထဲထားကာ
ရှားပါးမတူ ပြိုင်မဲ့သူကင်း
ဇဗ္ဗူတွင်းဝယ် ရွှေဆင်းနှယ်တင့်
စင်ကြယ်ကျင့်ဖြင့် ရဲရင့်စိတ်မွေး
သန့်စင်ဖွေးလျှက် ရင်အေးစေကာ
ကူညီပါသော ဆရာများအား
လေးစားအစဉ် ရှိလျှက်ပင်။...(လရိပ်လေး)

Friday, December 21, 2012

*ကျွန်ုပ်၏အိပ်မက်အလှူ*


အနာထပိဏ်သူဌေးလို 

ကုဋေကြွယ်ဌေးပြီး
အလှူကလေး လုပ်ပေးချင်တယ်…။

ဇေတ၀န်ကျောင်းလို
အမြင်ကောင်းအောင်
လူတသောင်းဆန့်တဲ့ကျောင်းဆောက်
မယ်…။

အရပ်လေးမျက်နှာ


လာလာသမျှ ဧည့်ပရိသတ်တွေကို
မရပ်မနား   စတုဒိသာကျွေးရင်း
အလှူမင်္ဂလာပေးမယ်…။

မိဘနှစ်ပါးအမှူးထား
တရားတော်မြတ် နေညမပြတ်နာကြားရန်
သံဃာအပါးတရာ သိက္ခာထပ်မင်္ဂလာ
ပြုလုပ်ပေးပါမည်…။

ရေမြောင်းချောင်းကန် ဖြိုးလျှံကြွယ်ဝ
ရေဒုက္ခမီးဒုက္ခမှ ထာဝရကင်းဝေးရန်
ရေကန်မီးစက် တိုးတက်လာအောင်
ကြံဆောင်ပေးမည်…။

ကုသိုလ်ကောင်းမှု ကိုယ်တိုင်ပြု
ကိုယ်ပြု ကိုယ်စံသည်။

အကုသိုလ်မှု ကိုယ်တိုင်ပြု
ကိုယ်ပြု ကိုယ်ခံသည်။

အခြားတစ်ယောက်က ကူညီမျှ
ခံရမရှိပြီ။

မကောင်းမှုဆိုတာ ဆိတ်ကွယ်ရာ
ဘယ်မှာမရှိပြီ။

လူမမြင်သာ နတ်ဗြဟ္မာ
သေချာမြင်သိသည်။

ကံတရားမှာ များသတ္တာ
မျက်နှာမလိုက်ပြီ။

ကမ္မသတ္တိ  ဆန်းကြယ်ဘိ၍ မုနိအရှင်
ကုန်အစင် သိမြင်နိုင်ပါသည်။

ကွယ်လွန်သောအခါ ကိုယ်တည်းသာ
ခေါ်ရာလိုက်ရသည်။

မကောင်းလျှင်ခံ ကောင်းလျှင်စံ
ထုံးစံ ဓမ္မတာမှတ်ရမည်။

မကောင်းမှုရှောင် ကောင်းမှုဆောင်
ဖြူအောင်စိတ်ထား အမြဲပွားမည်။

လရိပ်လေး

***မသွေပျက်မှာ ကိုယ့်ခန္ဓာ***




လူရယ်ဖြစ်လာ ခဏတာဝယ်
မွေးကာစဖြစ် သေခြင်းနှင့်ဆုံး
အချစ်အမုန်း အငိုပြုံးစုံ
မူထုံးလိုဖြစ် တကယ်စစ်မို့
မဖြစ်ချင်လို့ ရမည်လော။

သံသရာမှာ ဖန်တစ်ရာမျှ
ခံလာမသွေ ဒုက္ခတွေကို
ရွှေငွေနဲ့လဲ မဆင်းရဲအောင်
ဆင့်ကဲဥာဏ်ဖြင့် အတ္တနှင့်ပေါင်း
ထပ်ဆင့်လောင်းကာ လုပ်ဆောင်ပါလည်း
သေခါဆင်းရဲ လွတ်မည်လော။

ကံစီမံရာ ဘ၀မှာပင်
သိရာတရား မပွားများပဲ
ဖောက်ပြားမိုက်မဲ တဏှာကဲကာ
သေဆဲလုမှ တရားပြုက
မုချသေခြင်း လွတ်မည်လော။

ကောင်းကျိုးကောင်းမှု အစဉ်ပြု၍
ရှေးရှုမေတ္တာ များသူငါကို
သဒ္ဒါစိတ်အား ကြင်နာထား၍
တရားအမှန် အားထုတ်ပြန်လည်း
နိဗ္ဗာန်မရောက် မပေါက်မြောက်က
သေရဆင်းရဲ လွတ်မည်လော။

မွေးပြီးသေမှာ ဓမ္မတာမို့
ကမ္ဘာပျက်ခါ သေရမှာကို
ရင်ဖိုကြောက်စိတ် တစ်ထိတ်ထိတ်နဲ့
မအိပ်မစား သောကထား၍
ထွေပြားစိတ်တွေ တွေးကြောက်နေက
မသေလွတ်မြောက် ကျန်မည်လော။

ကမ္ဘာမပျက် မသေခဲ့လည်း
နေ့ရက်ကုန်ကာ သေရမှာမို့
ရင်မှာကြောက်အား မထည့်ထားပဲ
တရားကိုသာ ပွားများရှာကြံ
လားရာမှန်အောင် ကျင့်လို့ဆောင်ကာ
ဘာဝနာကို မှန်စွာကျင့်၍
စိတ်ဖြင့်ပွားများ လုပ်ဆောင်ထားက
ကောင်းကျိုးရမှာ သေချာတာမို့
သံသရာလွတ်အောင် လုပ်ကြလေ။....(လရိပ်လေး)

Thursday, December 20, 2012

***ညှို့***


မြွေမြွေချင်းညှို့

လူလူချင်းညှို့

တဏှာကိုငွေနဲ့ညှို့

အာဏာကိုငွေနဲ့ညှို့

စာရိတ္တပျက်အောင်ငွေနဲ့ညှို့

သဘာဝပျက်အောင်ငွေနဲ့ညှို့

ဘာသာပျက်အောင်ငွေနဲ့ညှို့

တရားမဲ့အောင်ငွေနဲ့ညှို့

အနုပညာပျက်အောင်ငွေနဲ့ညှို့

အားလုံးညှို့သမျှအရှုပ်ထုပ်

အဖြေထုတ်မရတဲ့အဆုံး

အားလုံးကို အပြစ်ပုံ

တကယ့်အဖြစ်စုံကို

အနှစ်ကုန် မသုံးသပ်

အဆုံးဖြတ်တွေမှား

တစ်ယောက်ချင်းရဲ့စိတ်ထား

တရားများနဲ့ငြိမ်းအောင်မထား

လိုလားတာ ဒီမိုကရေစီလမ်းစဉ်လား

ဝေးလေစွတကား။....(လရိပ်လေး

***အမုန်းပန်း***



ဝေဒနာတစ်ခုကို အစပျိုး

နှလုံးသားထက်မှာ ကမ္ဗည်းအက္ခရာလာထိုးတာ

အချစ်ဆုံးဆိုတဲ့ စကားလုံးလေးပေါ့၊

ဒီဂရီအမြင့်ဆုံးအပူချိန်တွေနဲ့

နောက်ဆုံးတော့ အလွမ်းတွေ မီးထတောက်တယ်။



ချစ်ချင်းရဲ့ပန်းတိုင်က အလွမ်းလား..?

ရစ်ထုံးမိတဲ့နှောင်ကြိုးက ပြက္ခဒိန်တွေပျက်သုံးလို့

အချိန်တွေသေဆုံးသွားလည်း

အသစ်ပျိုးတဲ့ ပန်းကလေးလို

တစ်ရစ်ရစ်တိုးလို့ အလွမ်းတွေပဲ ပိုပိုတိုးလာတယ်။



ကမ္ဘာကြီးရဲ့အနေထားကို မပိုင်းခြားတတ်တဲ့ ငါ

နှလုံးသားနှစ်ခု ဆက်နွယ်ဖို့

သံယောဇဉ်တံတားလေး တည်ဆောက်ခဲ့မိတယ်၊

နုံအတဲ့စီမံခန့်ခွဲမှုကြောင့်

အလွမ်းတွေပဲအရောင်တောက်

အချစ်တွေပျောက်ဆုံးခဲ့တယ်။



ငါမှားလား..?

သမုဒယနဲ့စခဲ့တဲ့ အချစ်

နောက်ကျမှ အမုန်းတွေဖြစ်လို့

အလွမ်းတွေကျန်ကျန်ရစ်တာ

မြစ်တစ်စင်းနဲ့ စစ်မခင်းတတ်တော့

နေဆယ်စင်းလောက်မကတဲ့အပူနဲ့ ရင်မှာဆူနေလည်း

လမ်းခွဲမှာ လွမ်းရဲအောင်တော့

မျက်ရည်တွေသောက်သုံးလို့

အမုန်းကိုပဲ ဆံထုံးလုပ်ပန်တော့မယ်။.....(လရိပ်လေး)

***မခို့တရို့ စည်း***


မဆုံတဲ့လမ်း မျက်ရည်ဆမ်းကာ
ပင်ပန်းကြီးစွာ လျှောက်ခဲ့တာမို့
ရင်မှာနွမ်းလျ လွမ်းတသသ
မှန်းဆမပြေ တမ်းတနေဆဲ
ကျွမ်းလေအသဲ မီးနှယ်ကဲ။

ချစ်သမျှတွေ အနမ်းခြွေ၍
မသွေမပျက် သစ္စာဖက်လို့
စွဲမက်နှောင်ဖွဲ့ ပျော်ရွှင်ခဲ့သည့်
နေ့ရက်တွေကို ပြန်ရလိုလည်း
ဝေးကိုလွင့်ပါး နှင်းမှုန်များနှယ်
မြေ၀ယ်ခလို့ ပြယ်ခဲ့ပြီ။

မေ့ရက်ပြီထင် သည်းသခင်ကို
မမြင်အောင်ပုန်း ရှောင်ကာရုန်းလည်း
ပျက်သုန်းမသွား ရေစက်များကြောင့်
မှောက်မှားတွေ့ဆုံ ခဏကြုံခိုက်
မူးမူးမိုက်မိုက် ချစ်လိုက်ချင်လည်း
သခင်အသည်း ပိုင်ထားမြဲမို့
နောက်ဆုတ်လို့ပဲ နေခဲ့မယ်။....(လရိပ်လေး)

Saturday, December 15, 2012

လွမ်းအိပ်မက်


 မကြွေသင့်ပေမဲ့
ခြွေရစ်ခဲ့ရပြီ …..မောင်
လေသင့်ရာချီနေရတဲ့ ငွေနှင်းစက်လေးလို
မြေခကာလွမ်းကျန်ခဲ့ရပြီလေ။

အကြွေမလှပေမဲ့
ဝေခဲ့စဉ်ကပန်းတစ်ခက်ရဲ့
အနမ်းအိပ်မက်ကိုတော့ မမေ့ရက်ခဲ့တာ
နေ့ရက်ကမ္ဘာပါ…..မောင်။

စိတ်မသက်သာပေမဲ့
ဆွေးမြေ့စွာနဲ့ပဲ ရွက်ကြွေတွေခညောင်း
ခရောင်းလမ်းရဲ့တစ်ဖက်စောင်းမှာ
အတိတ်ဟောင်းကိုတမ်းတ
လွမ်းသမျှကို မှန်းဆလို့
မေ့မရစွာ ငိုနေမိတယ်…..မောင်။

ရာသီတွေဘယ်လိုပြောင်း
နွဲ့နှောင်းတဲ့တေးသံသာလို
ရွှေရင်မှာငြိတွယ်မိတာမို့
ဒီဇင်ဘာနှင်းတွေကျရင်ဖြင့်
ကျွမ်းရင်နင့်နင့် အသည်းဘဝင်မှာ
အလွမ်းတွေဆင့်လို့ ပန်းခရေနှယ်
ကြွေလွှင့်ခဲ့ရပြီပေါ့…….မောင်။

ဆင်ခြင်တတ်မှ ဘ၀လှ

အသင်သည်ကား ပညာများစွာ
တတ်ထားပါလျှက် စာနာမဲ့၍
မငဲ့အများ မသင်ကြားပဲ
သိမ်းထားသိုဝှက် အတ္တဖက်က
နေ့ရက်တွေသာ ကုန်ဆုံးလာ၍
ဘယ်မှာဥာဏ်ရည် ထက်မည်နည်း။

အသင်သည်ကား ဥစ္စာများစွာ
ပိုင်ထားပါလျှက် လောဘတက်ကာ
မရက်ရောပဲ အမြဲစွဲကာ
မခွဲမကွာ ဖက်တွယ်ပါက
ဘယ်မှာဒါန ရှိမည်နည်း။

အသင်သည်ကား အာဏာများစွာ
ပိုင်ထားပါလျှက် အများတွက်တာ
မရွက်ဆောင်ပဲ အတ္တကဲ၍
ကိုယ့်ထဲကိုသာ အရာရာသုံး
အဝိဇ္ဇာဖုံးလျှက် ကျင့်သုံးခဲ့က
ရှုံးသူလားရာ ငရဲသာမို့
ဘယ်ခါသူကောင်း ဖြစ်မည်နည်း။

လူရယ်ဖြစ်လာ ခဏတာတွင်
ပညာဥစ္စာ ရှိအာဏာကို
မှန်စွာကျင့်ထုံး ဒါနကုံး၍
မြတ်ဆုံးဘာသာ သာသနာကို
ဘယ်ခါမဖျက် စောင့်ထိန်းလျှက်ဖြင့်
မပျက်သဒ္ဒါ ရှိခဲ့ပါမူ
ဘယ်မှာငရဲ ကျမည်နည်း။

Friday, December 14, 2012

နွားကျောင်းသားလေး

ရွာရှေ့ကညောင်ညိုရိပ်
နွားကျောင်းသားလေးတေးဆိုအိပ်
စားကြက်ခင်းမှာ နွားတို့ပျော်
နွားကျောင်းသားလေး တေးတကြော်ကြော်
ပြုံးပျော်ကာပုလွေမှုတ်
နေမင်းကြီးကိုအဖက်မလုပ်
ချိုကြည်အေးတဲ့ ပုလွေသံ
တောတန်းလေးထိညံ
စီစီညံတဲ့ငှက်အသံများ
ပုလွေသံအောက်ပျောက်လို့သွား
နေဝင်လုလုမိုးချုပ်ပြန်
နွားတို့ရှိရာပြေးရပြန်
တစ်ကောင်မကျန်ပြေးကာစု
နွားကျောင်းသားလေး သူ့အမှု။

***နှလုံးလှသူများ***




အမောင်စစ်သား သူရဲကောင်းများ
တကယ်သနားမိပါရဲ့
ရေမြေကခြား အမေနဲ့သား
မယားနဲ့သားသမီး ဘယ်ခါမှမနီး
တောင်တန်းကြီးတွေ အဖော်ပြု
ရန်သူကိုသာဂရုစိုက် မှောက်မိုက်တဲ့ဘဝ
လွမ်းစိတ်တွေအစိုးမရ အိပ်ပျက်ညမှာ
မျက်ရည်စို့လို့ ငိုနေမလားလေ။

လွမ်းရေးထက်ဝမ်းရေးခက်
ဝမ်းရေးထက် ပြည်သူအရေးခက်တာမို့
ဘယ်သူမုန်းမုန်း ကိုယ်ကျိုးမဖက်
အမျိုးအတွက် တိုးတက်စေဖို့ရွယ်
တာဝန်တွေကိုယ်စီသယ်ပိုး
ချစ်ထုံးတွေဖြေလျှက်
ငြိမ်းချမ်းမဲ့ရက်ကိုမျှော်ကိုး
စစ်ဗုံးတွေသူတို့မကြောက်။

ရဲရဲတောက်သွေးတွေနဲ့
မွေးမြေကိုကာကွယ်ဖို့
ရှေ့သို့သာချီတက်ရင်း
ပြည်သူတွေအတွက်
အသက်ကိုပင်လမ်းခင်း
အပြစ်ကင်းတဲ့ အမောင်စစ်သား
အချင်းချင်းအပြစ်မထား
လေးစားမိတယ်တအား။

တိုင်းရင်းသားများ ညိီတူစိတ်ထား
သွေးမခွဲခြားပဲ အမြဲလက်တွဲ
စစ်ပွဲတွေမနွှဲ ငြိမ်းချမ်းရေးပဲ
အလေးထားတွဲကူ ဖြူဖြူစင်စင်
စိတ်ထားတူဖြင့် ပေါင်းကာစုစည်း
ခရီးပေါက်အောင် လုပ်ဆောင်ကြက
ပြည်သူလည်းငြိမ်း စစ်သားလည်းအေး
လွမ်းရေးဘယ်ခါ ရှိလိမ့်မလဲ။ (လရိပ်လေး)

***နေထိပန်းလို မနွမ်းစေချင်***




သူရာယစ်မူး သေသောက်ကြူး၍
အရူးသွင်ဖြစ် မိုက်နွံနှစ်ကာ
မချင့်ချိန်ပဲ သတိလဲကင်း
မမြဲခြင်းကို မြဲသည်ဆိုကာ
အလိုရှိတိုင်း ဒီရေလှိုင်းနှယ်
ရိုင်းစိုင်းကာပဲ အထိန်းချုပ်မဲ့
မဆုတ်အမှား ရှေ့ဆက်သွားက
တရားမမြင် လူဖြစ်စဉ်ရှုံး
မခင်မုန်းသူ ပေါရော့မည်။


အပျော်ခုံမင် ဥာဏ်မမြင်ပဲ
မျောချင်တိုင်းမျော ရမ္မက်ဇောဖြင့်
အတောမသတ် မောဟဇာတ်ဆင်
မရပ်ချင်ပဲ ခန္ဓာစဲထိ
စိတ်ထဲမသိ နေချင်ဘိက
နေထိပန်းနှယ် လောကလယ်တွင်
တကယ်နွမ်း၍ နေရော့မည်။


လူရယ်ဖြစ်လာ ထူးကဲတာမို့
မကွာသီလ စောင့်ထိန်းကြကာ
ဘ၀နွံထဲ တရားမြဲ၍
မလွဲအယူ နှလုံးမူလျှက်
ကြည်ဖြူသဒ္ဓါ ကျင့်သိက္ခာဖြင့်
မေတ္တာခြုံ၍ လုံကြစေ။....(လရိပ်လေး)

ပီတိဆုံရာ အနာဂတ်ကမ္ဘာ


ရွာကစုပေါင်း စာသင်ကျောင်းဝယ်
ခေါင်းလောင်းထိုးသံ ဝေစည်ညံလို့
စာအံဟစ်ကြွေး ကလေးလေးတွေ
ရှေ့ရေးလှပ ပညာရဖို့
သင်ပြဆရာ ဆုံးမတာကို
လိုက်နာကျင့်သုံး ပျော်မဆုံး။

ဝလုံးလှလှ ရေးချပြလို့
ကျောင်းကအပြန် အမေ့ထံပြ
အမှန်ရတော့ ဗဲရီးဂွတ်တဲ့
မော့မော့လေးသာ ကြွားလိုက်ကာဖြင့်
ရင်မှာပီတိ ဖြစ်ကြ၏။

အဖြူအစိမ်း ဝတ်စုံလေးနဲ့
ယဉ်ကျေးသိမ်မွေ့ အများတွေ့က
ချမ်းမြေ့ကြည်နူး ဂုဏ်ရည်ထူးလို့
ချီးကျူး၍သာ အားပေးကာဖြင့်
ပညာအလင်း တက်နေမင်းသို့
အဆင်းတင့်ကာ လင်းလက်လာမည့်
အနာဂတ်ကလေးများပါတကား။

Tuesday, December 11, 2012

အကျည်းတန်တဲ့ချစ်ချင်း


မခြွေရက်ပါဘူး
ပင်ယံမှာဖူး ပွင့်ဦးလေးကို
တယုတယ
အနုအလှ ရွရွလေးလှစေချင်တာပါ။

သခင်လိုထား
အစေပါးနှယ် ရင်မှာတွယ်လို့
သွယ်သွယ်နွဲ့နွဲ့
မေတ္တာဖွဲ့လို့သာ ခစားချင်ပါတယ်။

ရန်စွယ်ဟူသမျှ
မမြင်စေရပဲ သူရဲကောင်းနှယ်
မာန်ဝင့်ထယ်စွာ
မနာကျင်အောင် ကာကွယ်ပေးလို့နေချင်တယ်။

အမုနုးမဲ့ကာ
မျက်နှာလေးထက် အပြုံးသက်သက်
မပျက်ပြယ်ပဲ
တစ်သက်လုံးပဲရှိနေအောင် ပေးဆပ်ရင်းပဲနေချင်တယ်။

အကြောင်းကမလှ
ဘဝကနုံခြာ မရေရာတာမို့
အဖြေရှာမရတဲ့အဆုံး
ဆက်ထုံးကိုဖြေ နွေတစ်ရာလိုအပူတွေကဲပေမဲ့
ဝေ့ဝဲမျက်ရည် ပုလဲလိုသီလို့
ဝေးရာကိုပဲပြေးပုန်းပါရစေတော့….မောင်။

***ဆန္ဒ နဲ့ ဆုတောင်း***




နေလိုတောက်ပ အလင်းရ၍
ကင်းလှအမှောင် အဆင်းရောင်ဖြာ
ပြောင်လက်စေကာ သာသနာလေ
မြန်မာမြေမှာ ငြိမ်းချမ်းစွာဖြင့်
မကွာတည်တံ့ ရှိပါစေ။

မြေပြန့်တောင်တန်း မခွဲခြမ်းပဲ
အေးချမ်းဖြူစင် မေတ္တာဝင်၍
အမြင်ဖလှယ် အသိကြွယ်ကာ
ရန်စွယ်ကိုရှင်း ဒုက္ခကင်းအောင်
လက်ငင်းဆောင်ရွက် လိုအပ်ချက်တွေ
မပျက်မသွေ ရစေသား။

အချင်းချင်းသာ ကိုယ်ချင်းစာကာ
ကြုံလာအမှား ပြင်ဆင်ထား၍
လေးစားထိုက်အောင် အကျိုးဆောင်ကာ
စည်းဘောင်အတွင်း ရပ်တည်ရင်းသာ
ရိုးရှင်းစွာဖြင့် အများနှင့်တူ
လက်သင့်ကူ၍ တူညီစိတ်ထား
အားသစ်များဖြင့် ရဲရဲရင့်ရင့်
အခွင့်သာလျှက် ရှေ့ဆက်မဲ့လမ်း
မရွဲ့မစောင်း ဖြောင့်စေသား။

ထူးခြားတဲ့ဟန် မနက်ဖြန်မှာ
ရောင်ပြန်မေတ္တာ ကြင်နာသာရ
ငြိမ်းကာလှပ ပြည့်စုံကြတဲ့
ဘ၀များသာ ပိုင်ဆိုင်ကာဖြင့်
ရင်မှာပျော်ကြ ပါစေသား။
(၁၂ .၁၂ .၂၀၁၂ )ရက်နေ့အတွက်ဆုတောင်း

***ဖေ့ဘုတ်မှ ခင်မင်ခဲ့ရသော သူငယ်ချင်းများ သို့***


ရေမြေတွေခြား ဝေးကွာငြားလည်း
တစ်သွေးတည်းထား မောင်နှမများနှယ်
စိတ်ချင်းသွယ်လို့ ရင်ဝယ်သိမ်းထား
မေတ္တာစကားတွေ အမြဲမသွေရှိနေလျှက်
မပျက်ကတိ ကြိုးနှယ်ငြိကာ အသိတရားရှိနေသမျှ
မဝေးကွာရပဲ အတူနေခွင့်ရပါလို ခင်နှမပျို တောင်းဆုဆို၏။

အကယ်၍များ အတူဆုံကာတွေ့ရပါက
မခွဲရပဲလက်တွဲအတူ လုပ်ငန်းအတူ ညီတူညီမျှ
ဆန္ဒနဲ့ဘ၀တစ်ထပ်တည်းကျ၍ အားလုံးအတူ
အလှူလည်းပေး သာသနာရေးနဲ့ ပရဟိတပေါင်းစုလုပ်ကြ၍
ဘ၀လှအောင် ဥာဏ်ဖြင့်ဆောင်ကာ သာယာစုစည်း
ရှုမငြီးအောင် စွမ်းဆောင်နိုင်သူများ ဖြစ်ရပါစေ
မြတ်စိန္တေထံ တောင်းဆုပန်၏။

ထူးကဲစွာဖြင့်ကျရောက်လာသည့် နေ့မြတ်ခါမှ
ဘ၀တစ်သက်လုံး သံသရာဆုံးတိုင်
မယိုင်မလဲ သံယောဇဉ်ကဲ အမြဲလက်တွဲလို့
မိတ်ဆွေစစ်စစ် အနှစ်ကျကျခင်မင်ရလို
(၁၂ .၁၂. ၂၀၁၂ )နေ့လေးမှာတောင်းဆုဆို၏။
ရှေ့သို့ဘယ်ခါ မခွဲလိုပါ။...

Monday, December 10, 2012

အညံ့မခံ ငါ့ အားမာန်

ဘဝသမုဒ္ဒရာ ရေပြင်ပြာမှာ
ဗေဒါမလေး ရေးရေးတွေးလို့
မွှေးမွှေးပျံ့ပျံ့ သင်းရနံ့ကင်း
အဆင်းအတက် အရေးခက်လည်း
စုန်မြဲဆန်မြဲ အံကိုခဲ။

ဘဝကမွဲ ကံကလွဲလည်း
အစွဲမထား ပညာအားနှင့်
အမှားကိုမြင် အမှန်ပြင်၍
အစဉ်ဘဝ သာယာလှဖို့
ဗေဒါမလေး အားမာန်ထုတ်။

ဘဝလှိုင်းဒဏ် ခံရပြန်လည်း
ဇွဲသန်သန်ဖြင့် အဆင့်ဆင့်တက်
အမြင့်ကိုသာ မှန်းရွယ်ကာထား
ဘယ်ခါမကျ မာန်မချပဲ
ဗေဒါမလေး ရှေ့ဆက်မြဲ။

Friday, December 7, 2012

မိုက်ဇာတ် နိဂုံး


မုန်းလိုက်ပါ မေ့လိုက်ပါတဲ့
မင်းနှုတ်ဖျားက ပြောထွက်ခဲ့တယ်နော်
 ပါဏာတိပါတ ကံမထိုက်မဲ့ နည်းနဲ့
 မင်း ငါ့ကိုသတ်လိုက်လေသလား။

ငါ မယုံနိုင်ဘူးဟာ….
ဘဝတစ်သက်စာပါဆိုတဲ့
ထားခဲ့တဲ့ ကတိစကားလေးက
အခုတော့…….
အသက်ပါအောင် နှင်းဆက်မဲ့
ညှင်းချက်ဆိုတာ မင်းမသိတာလား ဟင်။
တကယ်ဆို ဒီစကားကို
မင်း မပြောခဲ့ဘဲ
တိတ်တိတ်လေး ထွက်သွားခဲ့ပါလား
မင်းကို ချစ်ခဲ့တာ
အာသာပြေ ချစ်ခဲ့တာမဟုတ်သလို
အဆာပြေ လွမ်းဖို့လည်း မဟုတ်ပါဘူး ချစ်သူ။

ငါ တတ်မိခဲ့တဲ့ ချင်ခြင်းက
ဘယ်လိုဖြေဖြေ လွယ်လွယ်နဲ့
ပြေမဲ့ချင်ခြင်းမျိုးမဟုတ်ဘူးလေ
ဒါကို မင်း နားမလည်ခဲ့တာလား
နားလည်အောင် မကြိုးစားခဲ့တာလား
ငါဝမ်းနည်းခဲ့တာထက် မင်းကို
ဘယ်လိုနားလည်ခြင်းမျိုးနဲ့ နားလည်ပေးရမလဲ။

တစ်သက်စာပါလို့ ဆိုတဲ့
ထားခဲ့တဲ့ ကတိစကားကို
မုန်းလိုက်ပါ မေ့လိုက်ပါလို့
ဆိုတဲ့ စကားနဲ့ မင်းရဲ့နှစ်သိပ်မှုက
ဒါလား……….။

ငါတားခွင့်မရလိုက်တဲ့
သေမင်းတမန်ကတော့
ရက်ရက်စက်စက်…ရင်ကိုခွဲ
အသဲကို ပုလဲလိုသီကုံး
မင်းသုံးလိုက်မိတယ်ဆိုတာ.
မင်း နားမလည်မိခဲ့တဲ့
ငါ့ရဲ့ နိဂုံးပါဟာ…
ငါ့ အဖြစ်တွေက ဆုပ်လဲစူး စားလဲရူးရမဲ့ဘဝပါဟာ။

အလာကောင်းပေမယ့် အခါနှောင်းသွားလေပြီလား
စေစားလာတဲ့ ကံကြမ္မာက
ငါ့အတွက် သေဆေးကို ဖော်ပေးလိုက်လေသလား
အရှိတွေကသွေဖယ် အသိတွေကပြယ်နဲ့
ဘယ်မူတိမ်းလို့ ဘယ်လိုများသိမ်းရမလဲ
ထိမ်းမနိုင်ခဲ့တဲ့ အသိမှန် ဒီရင်မှာ မကျန်ခဲ့လေတော့
အချစ်ရယ် …. မိုက်ဇာတ်နဲ့ဆုံး….။

ရေမြေခြား အလွမ်း


ရေမြေကခြား တိုင်းတစ်ပါးမှာ
စေပါးကျွန်နှယ် စိတ်အားငယ်၍
နေ့ရယ်ညရယ် မရွေးချယ်အား
လဲလှယ်လှုပ်ရှား ဖြစ်ပျက်များကို
စေစားတိုင်းသာ ကြိတ်မှိတ်ကာပင်
ရင်မှာနာလည်း မလှန်ရဲပဲ
အမြဲသည်းခံ လုပ်ရပြန်။

တစ်ဝမ်းတစ်ခါး မိဘများတွက်
လုပ်အားနဲ့ကျွေး ပြုစုမွေးဖို့
အတွေးထားကာ လာရတာမို့
ရင်နာလွမ်းရ အိမ်ကိုတလည်း
ဘဝကိုမြင် စိတ်ကိုပြင်၍
ဆင်ခြင်လို့သာ နေရရှာ။

အရာရာသာ ပြည့်စုံပါလည်း
ကိုယ့်ရွာမြေသာ ပျော်ရွှင်တာမို့
ပြန်ရာလမ်းကို တမ်းတငိုကာ
ဆွေးပိုခဲ့ရ အလွမ်းညတွေ
မှန်းဆဖြေသိပ် တရိပ်ရိပ်နဲ့
အိပ်ပျက်ညတွေ များလှပြီ။

နောင်ဘဝများ လူဖြစ်ငြားက
ရေခြားမြေခြား တိုင်းတစ်ပါးမှာ
  စိတ်အားငယ်လျှက် မိဘနဲ့ဝေး
ရတက်မအေး ဘဝပေးမှ
ကင်းဝေးရစေ တောင်းဆုချွေ။

သာယာစေဖို့ ကြိုးစားစို့



ကိန္နရီအလား ပြိုင်စံရှားကာ
လှများဖူးငုံ ရောင်သွေးစုံ၍
စုပုံစပါး လယ်ယာများနှင့်
မြင့်မားတောတောင် ရေမြေသောင်ကမ်း
ရွှေရောင်လွှမ်းကာ ငြိမ်းချမ်းသာယာ
စိမ်းလန်းပါသည့် ပြည်မြန်မာ။

ရှေးကမင်းများ တည်ကာထားတဲ့
ဘုရားပုထိုး အမျိုးမျိုးနှင့်
လှတိုးရောင်ဝါ သာသနာတွေ
နေရာအနှံ့ ဝေစည်ပျံ့လို့
တည်တံ့ခဲ့တာ ပြည်မြန်မာ။

နှလုံးတန်သင့် ဘုန်းရောင်တင့်၍
ချိန်ချင့်အားထုတ် ပတ်တစ်ကုတ်နဲ့
မဆုတ်ဇွဲဖြာ ကာကွယ်ကာပေး
ရဲမက်သွေးလည်း သမိုင်းထဲကျန်
စွဲမြဲထင်ဟပ် အမျိုးမြတ်အောင်
ပေးဆပ်လို့သွား အထင်ရှားမို့
လေးစားထိုက်တာ ပြည်မြန်မာ။

အလုံးစုံသာ ပြည့်စုံပါလျှက်
ငါသာငါကဲ အတ္တစွဲ၍
သွေးကွဲပြိုပျက် အမျိုးတွက်ကို
မကွက်မငဲ့ သတိမဲ့ကာ
ရှေ့ဆက်ပါက မြန်မာ့လှတွေ
ပျက်ရပေမှာ အသေချာမို့
ပညာအသိ ယှဉ်ကာကြည့်၍
အမိအရ တိတိကျကျ
လှစ်ဟပုံဖော် ရှေ့သို့မျှော်ကာ
နှိုးဆော်ကာဖြင့် ပြည်မြန်မာကို
သာယာစေဖို့ အင်အားထုတ်လို့
ငါတို့အားလုံး ကြိုးစားစို့။

မိုက်နောင်တ


·
ကျွန်မတို့မြန်မာနိုင်ငံဟာ အစဉ်ဆက်ဆက်က ကိုယ့်ထီးကိုယ့်နန်းနဲ့ တင့်တယ်လှပစွာ နေထိုင်လာခဲ့ကြတယ်ဆိုတာ မြန်မာတွေ အကုန်လုံးသိပြီးသားပါ။ အတိတ်ဆိုတာရှိခဲ့သလို သမိုင်းဆိုတာလဲ ရှိခဲ့တယ်။ ကျွန်မဖတ်မိလို့ သတိတရလေးဖြစ်ခဲ့တဲ့ သမိုင်းအကြောင်းလေးထဲက ဘုရင်တစ်ပါးဖြစ်တဲ့ အလောင်းစည်သူမင်းကြီး အကြောင်းလေးကို ဒီခေတ်နဲ့တိုက်ဆိုင်နေလို့ မသိသေးတဲ့သူများအတွက် ကျွန်မမှတ်မိသလောက်လေး ပြန်ပြောပြရင်း ခံစားရေးလိုက်တာပါ။

ထက်မြက်တဲ့ မိန်းမသား တစ်ယောက်ရဲ့ စိတ်ကိုမြင်ကြည့်ခြင်း




ထက်မြက်ပြီး အသိဉာဏ်ရင့်ကျက်တဲ့ မိန်းမသားတစ်ယောက်ရဲ့ ရင်ထဲမှာ ဘယ်သူမှ တုနှိုင်းလို့မရတဲ့ နူးညံ့သိမ်မွေ့တဲ့ နှလုံးသားတစ်ခု ဖြူစင်စွာ ပေးဆပ်ခြင်းတွေကို ထွေးပွေ့ရင်း သိမ်းထားတတ်တယ်။

ထက်မြက်တဲ့မိန်းမသားတစ်ယောက်ဟာ ခံစားမှုတွေကို ဦးနှောက်နဲ့တွေးပြီး စတေးပြစ်တတ်ကြတယ်။

ယောက်ျားတွေကို အားမကိုးတတ်ပေမဲ့ ယောက်ျားတစ်ယောက်ရဲ့ အရိပ်အောက်မှာ ငြိမ်းချမ်းစွာ ခိုလှုံရတာကို နှစ်သက်တတ်ကြတယ်။

အချစ်ဆိုတဲ့ အရာကို ဘဝနဲ့ယှဉ်ပြီး တွေးတတ်ပေမဲ့ စစ်မှန်တဲ့အချစ်ကိုပဲ လိုချင်တတ်ကြတယ်။

ချစ်တဲ့သူကို ကိုယ့်ထက်သာစေချင်တယ် ဘယ်တော့မှ အပေါ်စီးက မဆက်ဆံတတ်ကြဘူး။

ခံစားချက်တွေကို စတေးပြီး ဘဝကိုဖြတ်သန်းခဲ့ရတာမို့ ခံစားမှုက တခါတလေ အစွန်းရောက်တတ်တယ်။

ကိုယ်ချစ်သလို နားလည်သလို ပေးဆပ်သလို ပြန်မရရင် ဘဝကိုပဲ အလေးထားပြီး အချစ်ကို စိတ်ကုန်တတ်ကြတယ်။

ဒါပေမဲ့ ဘယ်လောက်ထက်မြက်ပါစေ မိန်းမသားပဲမို့ နွေးထွေးကြင်နာတတ်တဲ့ အချစ်စစ်တွေ ပြည့်နှက်နေတဲ့ ရင်ခွင်တစ်ခုထဲကို ခိုဝင်ချင်ကြတယ်။

အိမ်ထောင်ရေးကို စနစ်တကျ ဖန်တီးယူချင်ကြတယ်၊ ဒါပေမဲ့ တခါတလေ မိုက်မဲစွာနဲ့ အချစ်အောက် မိုက်မဲစွာ ကျရှုံးပြီး ဇွတ်တရွတ် ဖန်တီးယူတတ်ကြတယ်။

အိမ်ထောင်ရေးကို အလေးထားတတ်တယ်၊ လိမ္မာယဉ်ကျေးစွာနဲ့ လိုအပ်တာကို သိမ်းသွင်း ဆွဲဆောင်တတ်တယ်။

မဖြစ်နိုင်တော့ဘူးဆိုတာကို လက်ခံလိုက်ပြီဆိုရင် နောက်ပြန်မလှည့်ပဲ သွေးအေးရက်စက်စွာ လမ်းခွဲဖို့ ဆုံးဖြတ်တတ်ကြတယ်။

နှလုံးသားဒဏ်ရာကို အချိန်နဲ့ကုစားပြီး ဘဝကိုလှပအောင် တည်ငြိမ်ခြင်းတွေနဲ့ ဖြတ်သန်းတတ်တယ်။

ဘဝဆိုတာကို ယုံကြည်ခြင်းအပြည့်နဲ့ ရှေ့ဆက်ဖို့ အမြဲတွေးပြီး အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်တတ်တယ်။

ထက်မြက်တဲ့မိန်းမသား တစ်ယောက်ကို ပိုင်ဆိုင်ချင်တဲ့ ယောက်ျားတစ်ယောက်ဟာ ကိုယ်တိုင်ထက်မြက်ပြီး နူးညံ့သိမ်မွေ့တဲ့ အကြင်နာတွေကို ပေးအပ်နိုင်တဲ့သူ ဖြစ်အောင် အရင်ကြိုးစားထားသင့်တယ်။

အဲလိုဆိုရင်တော့ ထက်မြက်တဲ့ မိန်းမသားတစ်ယောက်ရဲ့ အရမ်းနူးညံ့သိမ်မွေ့တဲ့ အချစ်တစ်ခုကို ပိုင်ဆိုင်ရမှာ အသေချာပါပဲ။

***အနာဂတ် ရဲ့ကြယ်စင်လေး***




စည်းဆိုတဲ့အရာတစ်ခုအောက်မှာ

ရာသီပေါင်းများစွာ မွန်းကြပ်ခဲ့ဖူးတယ်

နာကျင်ခြင်းတွေ မျိုသိပ်ရင်းပေါ့။



ချစ်ချင်းဆိုတဲ့အရာအောက်မှာ

ချိုမြိန်တဲ့တေးသွားလေးတွေနဲ့ သံစဉ်ညှိခဲ့ဖူးတယ်

တစိမ့်စိမ့်ကြည်နူး ပျော်ရွှင်ခြင်းတွေနဲ့ပေါ့။



ဘဝဆိုတဲ့ဇာတ်ကွက်တစ်ခုအောက်မှာ

စည်းချက်တွေအတိုင်း လိုက်ကခဲ့ဖူးတယ်

အောင်မြင်ခြင်း ကျရှုံးခြင်းတွေကို

အပြန်အလှန်သုံးသပ်ပြီး ရှေ့ဆက်ဖို့မာန်တင်းရင်းပေါ့။



ခွဲခွာခြင်းဆိုတဲ့ အရာအောက်မှာ

မျက်ရည်တွေတွဲခိုပြီး လမင်းကြီးကိုမော့ကြည့်ခဲ့ဖူးတယ်

နွမ်းလျတမ်းတခြင်းတွေကို ပင့်သက်နဲ့အတူကျောခိုင်းရင်းပေါ့။



အဆုံးမှာ

ခံစားမှုတွေကို နိဂုံးချုပ်လို့ မျှော်လင့်ခြင်းတွေ

အရောင်တင် အနာဂတ်ကြယ်စင်အဖြစ်

လင်းလက်ဖို့ မှိတ်တုတ်တုတ်ကြယ်ကလေးတစ်လုံး

အပြုံးယဲ့ယဲ့လေးနဲ့ အားယူနေတုန်းပေါ့။.

***ဥပေက္ခာနဲ့ဖက်တွယ်ခြင်း***



အချစ်တဲ့လား
ရစ်ဖွဲ့မဲ့ကြိုးကိုမုန်းလွန်းလို့ မဲ့မဲ့လေးပြုံးရင်း
နှုတ်ဆက်လိုက်ပြီ ရေငံမှန်းသိရက်နဲ့
ဝမ်းပျက်ခံပြီးမသောက်တော့ဘူး။

အထီးကျန်ခြင်းက
ပန်းတစ်ပွင့်ရဲ့အလှကိုရေရှည်ခံစေတယ်
သမရိုးကျအတိုင်းပဲကြွေချင်တယ်
ခူးဆွတ်သူအောက်နွမ်းကြေမွပြီး
အနာတရတွေနဲ့ အကြွေမခက်ချင်ဘူး။

အမုန်းဆိုတဲ့ နေခြည်အောက်မှာ
ဘ၀လမ်းတစ်ထောက်အတွက်
မိုးရေတစ်ပေါက်မရှိလည်း လမ်းဖြောင့်အောင်တော့
အမောမဖောက်ခင်ထိ ကုန်းရုန်းပြီးဆက်လျှောက်ရမှာပဲ။

ဥပေက္ခာကိုငါချစ်တယ်
အတောမသတ်တဲ့ သောကဇာတ်လမ်းကို
လောဘတွေရောပြွမ်း မောဟဖုံးလွှမ်းပြီး
တဏှာဆိုတဲ့ငြိတွယ်ခြင်းတွေနဲ့
ချစ်ချင်းကိုဆက်မရှင်သန်တော့ဘူး
အငြိုးတေးမထားပဲ ရိုးရိုးလေးအရှုံးပေးလိုက်တယ်။..

***မေ့သခင်သို့***




မခြွေခင်က ကြွေချင်လှ၍
ရင်မှမေတ္တာ အကြင်နာကို
မူပိုပိုနဲ့ သခင့်တွက်ရွယ်
ရစ်ဖွဲ့နှောင်တွယ် ချစ်ကြိုးသွယ်၍
ရင်ဝယ်ရည်စူး အချစ်ဦးကို
အရူးမူးလေး တွယ်မိပြီ။

သခင့်ရင်ခွင် မှေးစက်ဝင်ကာ
ကြင်ကြင်မွေ့မွေ့ ချစ်ရင်ငွေ့ဖြင့်
ထွေးပွေ့ကြည်နူး ပျော်ရွှင်မြူးကာ
ချစ်ဖူးတွေပွင့် နွယ်လိုရစ်ကာ
ချစ်ဗိမ္မာန်လေးဆောက်လိုက်ချင်။

ရင်မှသစ္စာ တည်ကြည်စွာဖြင့်
နှစ်လွှာအသည်း အမြဲတွဲကာ
စွဲမြဲမေတ္တာ လွှမ်းခြုံပါ၍
သာယာလှပ ရွှန်းမြမြနှင့်
ဘ၀လမ်းကို လှမ်းရလိုပေ
တူစုံဖက်ဖို့ တောင်းဆုချွေ။.......(လရိပ်လေး)

***ကဗျာတစ်ပုဒ်ရဲ့နိဒန်း***




ခင်မင်ပါရစေတဲ့

အပြစ်မဲ့ပြီး မရင့်ကျက်တဲ့နှလုံးသားကို

တစ်ဆင့်တက်ဖို့ကြိုးစားပြီး အလစ်သုတ်တဲ့စကားနဲ့

ခပ်သွက်သွက်လေးစပြောခဲ့တာ အမှတ်တရလေးပါ။



သတိရတယ်တဲ့

ရစ်ဖွဲ့သီကြူး အရူးအမူးလေးဖြစ်အောင်

အရိပ်အယောင်ပြလို့ ထူးထူးခြားခြားလေးဆွဲဆောင်ခဲ့တာ

နှလုံးသားတစ်နေရာကို အမှတ်တရဖြစ်အောင် အစပြုခဲ့တာလားလေ။



လွမ်းတယ်တဲ့

ကျွမ်းစေအောင်ဖန်လို့ ရုပ်လုံးပေါ်အောင် ဆေးရေးခြယ်ကာ

အသဲလွှာထက်မှာ စာစီမိအောင် စနစ်တကျဖွင့်ဟပြလို့

မခို့တရို့လေး ချွဲခဲ့တာ နှလုံးသားတစ်ခုလုံး ဒဏ်ရာရအောင်

အကွက်ကျကျ လုပ်ခဲ့တာလားလေ။



ချစ်တယ်တဲ့

အရာအားလုံးကို မျက်မုန်းကျိုးလို့ အချစ်ဆုံးဆိုတဲ့စကားသုံးပြီ

အပြုံးတွေဖလှယ် အကြင်နာတွေသွယ်လို့ ရင်ခွင်အကျယ်ကြီးထဲမှာ

အငမ်းမရ အရမ်းလှတဲ့စကားတွေရွေးချယ်လို့

အနမ်းလှလှတွေပျိုးခဲ့ကြတယ်လေ။



အခုတော့လည်း

မမြဲတဲ့သင်္ခါရ လှမ်းရလို့ လွမ်းတသသနဲ့

တမ်းတလို့လက်ရေချိုး အချစ်တွေပျိုးခဲ့တဲ့ရက်လိုမျိုးကို

ပြန်လိုချင်ပေမဲ့ ထားခဲ့လို့အဝေးထွက်သွားခဲ့တော့

တဆစ်ဆစ်ရင်မှာနာကျင်လို့ ဝေဒနာလမ်းမှာ

မဖြေသာအလွမ်းတွေနဲ့ နွမ်းကျန်ခဲ့ရပြီလေ။



နောက်ဆုံးတော့လည်း

ခင်မင်မှုကစခဲ့တဲ့ အချစ်ဇာတ်လမ်းလေးဟာ

အလွမ်းတွေနဲ့ အဆုံးသတ်လို့ တငွေ့ငွေ့လောင်ကျွမ်းတဲ့ဖွဲမီးလိုပဲ

တစိမ့်စိမ့်နာကျင်စေခဲ့တာမို့ ခံစားချက်တွေကိုအဖြေထုတ်လို

ကဗျာတစ်ပုဒ်အဖြစ်နဲ့ စာပဲဖွဲ့လိုက်မိတော့တယ်။.....(လရိပ်လေး)

***မချိတင်ကဲ မျက်ရည်ဝဲ***





ပြည်သူတွေအား တကယ်သနား
သွေးသားလိုခင် ဖြူဖြူစင်စင်
မေတ္တာဝင်၍ ဒုက္ခတွေ့လည်း
မရွေ့မဆုတ် အားအင်ထုတ်ပြီး
အဟုတ်ချီတက်ခဲ့ကြသည်။

တွေ့ရာမှာစား ကြုံရာနား၍
အမှားမဖက် တရားဘက်က
အသက်ပေးဆပ် တကယ်မြတ်သည့်
စိတ်ဓာတ်ကိုထား ပြည်သူများအား
အလေးထားကာ ကူခဲ့သည်။

မေတ္တာယှဉ်ကာ ငြိမ်းချမ်းစွာနှင့်
ကူပါသော်လည်း ကြမ္မာမွဲ၍
မီးစွဲလောင်ကာ သေရာပါမဲ့
ဒဏ်ရာတွေနဲ့ အကုခက်၍
အသက်ယဲ့ယဲ့ သာကျန်တော့ပြီ။

ဒဏ်ရာများစွာ အမြန်သာပျောက်
လိုရာရောက်၍ စိတ်ကမွေ့လျော်
ထွေးပွေ့ပျော်ကာ သာသနာကို
ပမာနေမင်း ရောင်ဝါလင်းဖို့
အားထုတ်သူများ ဖြစ်ပါစေ။

မြင်သာမြင်လည်း ကြင်ရခက်ခဲ
ဘ၀မွဲမို့ သံဃာတို့တွက်
ဆက်ဆက်မခြား ပြည်သူများက
စိတ်အားဖြင့်သာ ကြင်နာစွာဖြင့်
စာနာဆုတောင်း စိတ်မကောင်းပဲ
မျက်ရည်ဝဲလျှက် ငိုကြပြီ။.....(လရိပ်လေး)

***မျက်ရည်သွန်းဖြိုး ကရုဏာမိုး***




သာသနာ့မြေ ယမ်းငွေ့ဝေလို့
သွေးမြေကျကာ ၀ဋ်ကြမ္မာတွေ
ဖန်လာနှိပ်စက် အမျိုးဖျက်၍
ရက်စက်ခံထား သံဃာများအား
လေးစားသမှု ပြုပါ၏။

ပြည်သူတွေအား အရေးထားကာ
ပွားများမေတ္တာ ငြိမ်းချမ်းစွာနှင့်
ခန္ဓာအသက် အပ်နှင်းဆက်ကာ
သွေးစက်မြေခ စတေးကြတဲ့
များလှသံဃာ လေးစားစရာ။

ကိုယ်ကျိုးမပါ သာသနာကို
ရောင်ဝါအဆင်း မပျက်ယွင်းအောင်
သိမ်းသွင်းစုစည်း လုထုကြီးနှင့်
မငြီးမငြူ ဘ၀တူလို
အပူမျှဝေ အသက်သေ၍
သွေးမြေကျလည်း မလျှော့ဇွဲနဲ့
ရဲရဲဖော်ထုတ် နောက်မဆုတ်ပဲ
မယုတ်စိတ်ထား သံဃာများအား
လေးစားသမှု ပြုပါ၏။

လူထုအတွက် အဖက်ဖက်က
ပေးဆက်ကြလို့ လူလုံးမပြောင်
ဘ၀ဘောင်ဝယ် ငရဲနှယ်ကျ
သွယ်သွယ်ဒုက္ခ မီးစွဲကြလျှက်
ရခဲ့ဒဏ်ရာ ဝေဒနာကို
မြင်လာတာမို့ ရင်ဝယ်ဆို့လျှက်
အနံ့သက်မှာ အခံခက်လာ
မသက်သာပဲ မျက်ရည်ဝဲကာ
ချုံးပွဲချလို့ ငိုမိတယ်။.........(လရိပ်လေး)

***စုရုံးကြလော့ မြန်မာတို့***


မြန်မာတို့ရေ
ချစ်တင်းတွေနှော လူ့အတင်းတွေပြော
သဘောခွေ့အောင် မနှောစိတ်ဆောင်လို့
မခို့တရို့ မလှုပ်တလှုပ်နဲ့ ဖြစ်ပျက်တွေကို


မနှစ်သက်သယောင် ဘေးထွက်ရှောင်လို့


လူ့ဘောင်စည်းကမ်း ပရမ်းပတာဖြစ်အောင်


ယောင်ယောင်နန အတွေးအအတွေနဲ့


မှေးစက်လို့မနေကြပါနဲ့တော့။





သွေးစက်တွေမြေခ အသိဥာဏ်တွေပျောက်ရှ


အလှပတွေပျက်သုန်း အမျိုးတုံးတော့မယ့်အရေး


မနှေးဆောင်ရွက် အချိန်ကိုမစောင့်ပဲ


ရဲရဲတောက်တောက် အမျိုးပျောက်မှာစိုးကြောက်လို့


သွေးသောက်တွေနှယ် တွဲလက်ညီညီ


လှမ်းတက်ချီလော့ မြန်မာတို့။





စိတ်ဝယ်နိုးကြွ သာသနာအစ


ပြည်သူဝမ်းဝ နိုင်ငံလှဖို့


အားထုတ်ကြိုးပမ်း ကမ္ဘာတစ်ဝှမ်းမှာ


မြန်မာတွေရဲ့ သူရဲကောင်းသွေး


မမှေးမှိန်အောင် အားသစ်ဆောင်လို့


မယောင်မအ စုရုံးကြလော့ မြန်မာတို့။....

***ဆင်ခြင်ကြလော့ မြန်မာတို့***





ဘာသာသာသနာ အစဉ်လာကို
မကွာထိန်းသိမ်း စောင့်ရှောက်ပေးလို့
အရေးဆိုကာ ငြိမ်းချမ်းစွာနဲ့တောင်းဆိုပါလျှက်
ဘုရားရှင်ကိုမှမငဲ့ မြန်မာတွေတဲ့လား
သံဃာတော်တွေကိုအလေးမထား
မီးလက်နက်များအသုံးချ လဲကျအောင်ရေနဲ့ထိုး
အမျိုးမျိုးနှိပ်စက် တွေးချက်ကတော့တော်ပါဘိ
မျှော်ကာအရှေ့ကိုကြည့်ရင်တော့
သာသနာတော်အတွက်ရင်လေးပါဘိ။

ကတိပျက်မှာကြောက်ရလို့
ရှေ့သို့သာဆက်နေကြမှာလား
အများမကြည်ဖြူ တွေးပူတဲ့အရေး
သွေးအေးအေးနဲ့ တစ်ဖြေးဖြေးနှိပ်စက်
အရေးမလုပ်ခဲ့ရင်တော့
အတွေးခေါ်တွေဘယ်လောက်ကောင်းကောင်း
ခေတ်တွေဘယ်လိုပြောင်းပြောင်
ရေပူအလောင်းခံရတဲ့ ပန်းလိုပဲ
တိုင်းပြည်ရော သာသနာရော
ညှိုးရော်နွမ်းလျ မလှမပဖြစ်ပေရော့မယ်
ဆင်ခြင်ကြလော့ မြန်မာတို့။........ (လရိပ်လေး)

***ရဲရင့်သူတို့နှလုံးသား***




နတ်ဘုံစည်းစိမ် ငါတို့မမက်
တဲစုတ်လေးနဲ့ပျော်တော်ဆက်
စွဲမက်လောက်တဲ့ ဟန်ဘာဂါ
ပဲပြုတ်လေးနဲ့ မလဲနိုင်ပါ
လိုရာရောက်တဲ့ ဇိမ်ခံကား
နွားလှည်းလေးလောက် စိတ်မ၀င်စား။

ဝင့်ကြွားလှတဲ့ မြို့ကျက်သရေ
လယ်မြေတွေနဲ့ မနှိုင်းရက်ပေ
စိုပြေလှတဲ့ သဘာဝတရား
ငါတို့ချစ်တယ်တအား
တရုတ်များရဲ့ အကူညီကို
ငါတို့တကယ်မယူလို။

ပူစုံဖန်တဲ့ ငါတို့အတွက်
သံဃာတော်တွေ မမြင်ရက်
စုဝေးချီတက်တောင်းဆိုပေး
ဘာသာ သာသနာနဲ့ ပြည်သူအရေး
အသက်ဘေးကိုမငဲ့အား
လေးစားထိုက်တဲ့ သူရဲကောင်းများ။......(လရိပ်လေး)

***တန်ဆောင်တိုင် ရဲ့ လပြည့်ည***




လ၀န်းလေးဝိုင်းဝိုင်းစက်
တန်ဆောင်မုန်းရဲ့လပြည့်ရက်
မှေးစက်မပျော် မျှော်ကာကြည့်
ရင်ထဲပီတိဖြာဝေမိ။

တွေးမိလေတာ ဒီနေ့ခါ
ကျွန်မတို့ရွာလေးမှာ
ဘုရားလှည့်တဲ့အချိန်လေး
ကုသိုလ်ရေးမို့ ၀ိုင်းကူပေး
တက်ညီလက်ညီ လုပ်ကြသေး
အနေဝေးတဲ့ ကျွန်မမှာ
ပြေးလို့ပြန်ချင်လာ။

မတတ်သာတော့အဖြေညှိ
အပြုံးလေးနဲ့ဆုတောင်းမိ
မရှိတောင့်တ ဒီဘဝ
အမိ အဖ မမဲ့ရ
ကျွန်မချစ်တဲ့မြန်မာပြည်
အမြဲမခွဲနေလိုသည်
မြတ်စိန္တေထံ ဆုပန်သ
တန်ဆောင်တိုင်ရဲ့ လပြည့်ည။...(လရိပ်လေး)

***နိဂုံးအလှ ဖန်တီးကြ***






အများအကျိုး တို့သယ်ပိုးက
ကိုယ်ကျိုးမဖက် ပြိုင်သူမဲ့အောင်
ငဲ့ကွက်စာနာ နာသုံးနာနဲ့
တူကာစုစည်း ကြိုးစားပြီးသာ
မငြီးမညူ တွဲလက်ကူမယ်
ညီတူညီမျှ ပါဝင်ကြ။


ငါဟုမာန်ကဲ ကျင့်ကြံလွဲလျှက်
မမြဲနိစ္စ ကြုံလာပါက
ဆုံလာနိဂုံး တကယ်ရှုံးလို့
အပြုံးမဲ့စွာ လှမ်းရမှာမို့
ကောင်းရာကိုသာ လုပ်ကြပါ။(လရိပ်လေး)

ခရီးသည်များဘဝ





ခရီးတစ်ထောက် ရောက်ဖို့အရေး
အပြေးကလေး ဆွဲတက်
ဘေးတစ်ဖက်တစ်ချက်ပြေးဖက်လို
ပြုတ်ကျမှာလည်းမကြောက်
နောက်ကျမှာပဲစိုးကြောက်လို့
ရထားနောက်တွယ်ကပ်ပြွတ်သိပ်ကြပ်လို့
တစ်ယောက်ပေါ်တစ်ယောက်ထပ်ကာ
မတ်တပ်ရပ်လိုက် ခိုတွယ်စီးလိုက်ရင်း
အသက်ကိုပင် ပဓာနမထားနိုင်တော့ပါတဲ့
မြန်မာပြည်တလွှားက
လော်ကယ်ရထားစီး ခရီးသည်များဘဝ
တကယ်ရင်လေးစရာပ။ .......... (လရိပ်လေး)