Pages

Tuesday, November 18, 2014

*****ငွေ နဲ့ ဗျူဟာ*****



ပညာပြည့်ဝ ရုပ်ရည်လှလည်း
မာနဘဝင် ငွေဂုဏ်ခင်က
များရှင်လူသား ရှောင်ဖယ်ရှား၏။

ငွေရှိယုံမျှ ပြည်စုံလှဟု
ဘဝကိုမေ့ ဘ၀င်ခွေ့လျင်
မတွေ့နိုင်လင့် မေတ္တာစစ်။

ငွေနှင့်မေတ္တာ ပေါင်းစပ်ရှာ၍
စာနာစိတ်ထား မျှဝေသွားမှ
လူသားဖြစ်ရ ဂုဏ်ရှိစွ။

ဖြစ်ပြီးပျက်ရ လူ့ဘဝကို
တုပနည်းယူ ဥာဏ်ထုံးမူ၍
ငွေယူငွေသုံး ဆင်ခြင်အုံး။

လရိပ်လေး (မောင်းမကန်)
(၁၈ .၁၁ .၂၀၁၄)

Wednesday, November 12, 2014

***စမ်းရေပမာ အဖေ့မေတ္တာ***

နိုင်ငံ့ဂုဏ်ရည် မဂ္ဂဇင်း အမှတ်(၁၈၆) အောက်တိုဘာ ၂၀၁၄ မှာ ဖော်ပြခံရတဲ့
လရိပ်လေး(မောင်းမကန်) ရဲ့
***စမ်းရေပမာ အဖေ့မေတ္တာ***

လောကထဲကို လူသားတစ်ယောက်အဖြစ် စတင်အခြေချပြီဆိုတာနဲ့ လူသားတိုင်းမှာ အဖေရယ် အမေရယ်ဆိုတာ ရှိပြီးသားပါ၊ ဒါပေမဲ့ အတူတူနေရတာ မနေရတာကတော့ လူသားတွေရဲ့ အတိတ်ကြောင်းတွေနဲ့ ဆိုင်နေမယ်လို့ ကျွန်မထင်မိပါတယ်၊ ကျွန်မမှာတော့ အဖေဆိုတာကို ကျွန်မလေးနှစ်သမီးလေးအရွယ်ကတည်းက မမြင်ခဲ့ရတော့ပါဘူး၊ ဒါပေမဲ့ ကျွန်မအဖေ့ကို အရမ်းချစ်ခဲ့ပါတယ်၊ အခုချိန်ထိ ချစ်နေတုန်းပါ၊ နောင်လည်း ချစ်နေအုံးမှာပါ၊ ဘယ်တော့မှ အဖိုးမဖြတ်နိုင်သော အဖေ့မေတ္တာကို ကျွန်မ တမ်းတနေမိတုန်းပါ၊ ကျွန်မ အဖေအရွယ်တွေကို တွေ့မိရင် မျက်ရည်လည်နေမိတုန်းပါ၊ အဖေနဲ့အတူ နေခွင့်လေးကို ကျွန်မ လိုချင်နေမိတုန်းပါ။
အဖေပြောခဲ့တဲ့ စကားတွေကို ကျွန်မကိုယ်တိုင် မမှတ်မိခဲ့ပေမဲ့ အမေပြန်ပြောပြတာလေးကို အခုချိန်ထိ အသည်းထဲ စွဲနေတုန်းပါ၊ အဖေက ပြောတယ်တဲ့။
“ငါ့သမီးတွေကို ပညာတတ်ကြီးတွေဖြစ်အောင် ထားမယ်”လို့၊
အဲဒီစကားလေးကို အဖေကိုယ်တိုင် ပြောတာ မကြားခဲ့ရပေမဲ့ ကျွန်မအတွက် အင်အားတွေဖြစ်ခဲ့သလို ပညာတတ်ကြီးဖြစ်အောင် ကြိုးစားချင်စိတ် ဖြစ်ခဲ့ပါတယ်၊ ပြန်ပြောပြတာလေးကို ကြားမိရုံနဲ့တင် အဖေရဲ့စကားက ကျွန်မရဲ့ပန်းတိုင်ကို လမ်းညွှန်ပြနိုင်ခဲ့တယ်ဆိုရင် အဖေသာ ကျွန်မဘေးမှာ ရှိနေခဲ့ရင်ဆိုတဲ့အတွေးက ကျွန်မရင်ကို အမြဲထိရှစေခဲ့ပါတယ်၊ ပိုလို့လည်း လွမ်းနေမိသလို အဖေ့အတွက် အလှူဒါနလေးတွေ ပြုလုပ်ပေးရင်း အမျှဝေပေးတာလေးတွေ အမြဲလုပ်ဖြစ်မိပါတယ်။

အဖေနဲ့ အတူတူနေခွင့်ရတဲ့ သားသမီးတွေကို မြင်ရတဲ့အချိန်တိုင်း ကျွန်မ အရမ်းပျော်ရွှင်မိပါတယ်၊ အဖေ့အရိပ်ကို နားလည် လက်ခံတတ်ပြီး အဖေ့ချစ်မေတ္တာတွေကို နားလည်နိုင်ကြပါစေလို့ ကျွန်မ အမြဲဆုတောင်းပေးခဲ့မိပါတယ်၊ ဒါပေမဲ့ ကျွန်မဆုတောင်းလေး မပြည့်ခဲ့ပါဘူး၊ (၁၈.၇.၂၀၁၃)နေ့ အာဇာနည်အကြိုနေ့မှာ “ထိုနေ့စွဲ (ဂျူလိုင် ၁၉)”ဆိုတဲ့ ကဗျာလေး facebookပေါ်မှာ တင်ဖို့ဆိုပြီး ကျွန်မ ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် စွယ်တော်ဘုရားအနားက ဆရာတော်တွေဆီသွားပြီး အပြန်မှာပေါ့၊ ကျွန်မ သိပ်နေမကောင်းတော့ လိုင်းကားလည်း မစီးချင်တော့ တက္ကဆီငှားပြီး ပြန်မယ်လို့အထွက်လာ ကျောင်းဝမှာ တက္ကဆီပေါ်မှာ ကားသမားက သတင်းစာလေးဖတ်ရင်း ထိုင်နေပါတယ်၊ ကျွန်မလည်း အနားရောက်တော့
“ဦးလေးရှင် ကားအားလား? ကျွန်မ မြောက်ဒဂုံသွားချင်လို့ပါ”
လို့ ပြောတော့ ကားခ ၄၀၀၀ တောင်းပါတယ်၊ ကျွန်မလည်း
“သွားနေကျ ၂၅၀၀ပဲ ပေးရပါတယ်ရှင်၊ ဦးလေး လိုက်ပေးနိုင်မလား? ကျွန်မ တကယ်မညာပါဘူး”
လို့ပြောတော့
“ကဲပါ သမီးလေးရယ် လိုက်ပို့ပါမယ်”
လို့ပြောတော့ ကျွန်မကားပေါ်တက်ပြီး လိုက်လာခဲ့ပါတယ်။

လမ်းရောက်တော့ ကားဆရာဦးလေးက
“သမီးက ဒီကို ဘာလာလုပ်တာလဲ”တဲ့၊
“ကျွန်မက ဘာသာရေး ဆောင်းပါးလေးတွေ ရေးတာပါ၊ ဆောင်းပါးပို့ရင်း ဆရာတော်တွေဆီ အလည်လာတာပါ”လို့ပြောတော့
“တကယ်ကောင်းပါတယ် သမီးရယ်”တဲ့။
ဒီလိုနဲ့ စကားတွေ ပြောဖြစ်တော့ ကျွန်မဘန်ကောက်မှာ ဘာသာရေးလုပ်ဖြစ်တဲ့အကြောင်း မြန်မာဆရာတော်တွေရဲ့ ဘန်ကောက်မှာ သာသနာပြုတဲ့အကြောင်းပြောရင်း ဘ၀အတွေ့ကြုံတွေပါ ပြောဖြစ်တော့ ဦးလေးကြီးက
“သမီးရယ်၊ ဦးအမှန်တိုင်း ပြောရရင် သမီးလေးသာ ဦးရဲ့သမီးလေးဖြစ်ခဲ့ရင် သိပ်ကောင်းမှာပဲလို့တောင် တွေးမိတယ် သမီးရယ်၊ သမီးကို ဦးရဲ့ကားပေါ် တင်ခေါ်လာရတာ ဦးအတွက် တကယ့်မင်္ဂလာပါသမီးရယ်”တဲ့၊
ကျွန်မက
“ဘာဖြစ်လို့လဲ ဦးရယ်”လို့ မေးတော့
“သမီးကို ဦးလေးအမှန်တိုင်း ပြောမယ်နော်၊ သမီးလို အသက်ရွယ်နဲ့ ဘာသာရေးရော မိဘတွေအပေါ် သိတတ်တာလေးကို သဘောကျလို့ပါ၊ ဦးလေးမှာလေ သမီးလေးတစ်ယောက်ရှိတယ်၊ အခုသမီးက ပထမနှစ် ကျောင်းတက်နေပြီလေ၊ စာလည်း အရမ်းတော်ပါတယ်၊ ဒါပေမဲ့သမီးရယ် ကျောင်းစာကလွဲပြီး စာပေဗဟုသုတ ဘာမှမဖတ်ဘူး၊ ဖတ်ဖို့လည်း အချိန်မရတော့ သမီးလို အဖေ့မေတ္တာကို နားမလည်ဘူး၊ ဦးလေးသေမှ အဖေ့မေတ္တာကို နားလည်မယ်ထင်ပါတယ်၊ ဦးလေး စိတ်မကောင်းဖြစ်မိပါတယ်၊ ဒါပေမဲ့သမီးလေးကို ဘယ်တော့မှ စိတ်မကွက်ပါဘူး၊ သမီးလေးရှေ့ရေးအတွက်ပဲ စိုးရိမ်ပြီး ဦးလေးအမြဲဆုတောင်းပေးပါတယ်၊ တစ်နေ့ နားလည်ပါစေလို့ပဲ ဆုတောင်းနေမိတော့တယ် သမီးရယ်”တဲ့။

ဒါနဲ့ ကျွန်မလည်း မနေနိုင်တော့ပဲ သိချင်လာတာနဲ့
“ဦးလေးရယ် ဦးလေးသမီးက ဘယ်လိုနားမလည်တာလဲရှင်၊ ကျွန်မကို ပြောပြနိုင်မလား”
လို့မေးတော့

“သမီးရယ် သမီးကို တကယ့်သမီးအရင်းလို သဘောထားလို့ ဦးလေးပြောပြမယ်နော်၊ ဦးလေးမိန်းမက ရန်ကုန်သူလေ၊ ဦးလေးက မန္တလေးသားပေါ့၊ သမီးလေးကတော့ တစ်ဦးတည်းသော သမီးလေးပေါ့၊ ရန်ကုန်မှာမွေးပြီး ရန်ကုန်မှာပဲ ငယ်ငယ်လေးကတည်းက ကျောင်းတက်ပြီးနေခဲ့တာလေ၊ သမီးလေးက စာအရမ်းတော်တာ၊ သမီးလေးကျောင်းစရိတ်အတွက် ဦးလေးက ကိုယ်ပိုင်တက္ကစီလေးမောင်းပြီး ရှာကျွေးခဲ့တာပေါ့၊ ဒီလိုနေလာခဲ့တာ သမီးလေး ဆယ်တန်းရောက်ပြီး တစ်နေ့မှာပေါ့၊ ဦးလေးက ကျူရှင်အပြန် သွားကြိုတယ်၊ ဦးလေးမောင်းတဲ့ တက္ကဆီကားလေးနဲ့ပေါ့၊ အိမ်ပြန်ရောက်ပြီး နောက်တစ်နေ့ကျတော့ သမီးလေးက ‘အဖေ နောက်ဆိုသမီးကို လာမကြိုပါနဲ့နော်၊ သမီးရှက်တယ်၊ သူငယ်ချင်းတွေက ကဲ့ရဲ့ကြတယ်’တဲ့၊ နင့်အဖေက တက္ကစီမောင်းတယ်ပြောတယ်ပေါ့၊ ဦးလည်း ဘာမှ ပြောမထွက်တော့ဘူး၊ ဦးလေး တအားစိတ်မကောင်းဖြစ်ခဲ့တယ်၊ အဲလိုနဲ့ ဦးလေးလည်း မကြိုဖြစ်တော့ပါဘူး၊ ဒါပေမဲ့ သမီးလေးကို မျက်နှာ တစ်ချက်မငြိုးအောင် အစစအရာအရာ လုပ်ပေးခဲ့ပါတယ်၊ ဦးလေးသမီးလေးက အင်္ဂါသမီးလေးဆိုတော့ အပတ်တိုင်း ဘုရားသွားပြီး အလှူလုပ်ပေးတယ်၊ အဲဒ်ီလို လုပ်ပေးတဲ့အချိန်ဆို ဦးလေးကလေ သမီးလေးကို ချော့မော့ခေါ်ပြီး ဘုရားပန်းကအစ အဆင်သင့်လုပ်ပေးပြီးမှ ဘုရားရှိခိုးခိုင်းရတယ်၊ ဦးလေးက အဝေးကနေ နေရတယ်သမီးရယ်၊ သမီးလေး ကျေနပ်ဖို့ ပျော်ရွှင်ဖို့ဆိုတော့ ဦးလေးပေးဆပ်ရတာ ပျော်ရွှင်ခဲ့ပါတယ်၊ အဲလိုနေလာရင်း ဟိုတလောက သမီးလေးက ‘အဖေနဲ့အမေတို့ ကျောင်းက အပြန်လာကြိုပါ’လို့ဆိုတော့ ဦးလေးရင်ထဲမှာ ပျော်လိုက်တာ အတိုင်းမသိပါပဲသမီးရယ်၊ ညနေကျတော့ ဦးလေးနဲ့ ဦးလေးမိန်းမ သမီးလေးကို သွားကြိုတော့ သမီးလေးက ‘ကျောင်းနဲ့ လေးမှတ်တိုင်လောက်ဝေးတဲ့နေရာမှာ စောင့်နေပါ’လို့ ဖုန်းဆက်လာတယ်၊ ဦးလေးလည်း ‘ဘာဖြစ်လို့လဲမိန်းမရယ် သမီးလမ်းလျှောက်လာရင် ခြေထောက်ညောင်းမှာပေါ့၊ ကျောင်းအထိ လိုက်ကြိုမယ်လေ’လို့ပြောတော့ ဦးလေးမိန်းမက ပြန်ပြောတယ် ‘တက္ကစီနဲ့လာကြိုတာကို သူ့သူငယ်ချင်းတွေ မမြင်စေချင်လို့ နေမှာပေါ့’တဲ့၊ ဦးလေးရင်ထဲ ဆို့တက်ပြီး မျက်ရည်တောင် လည်မိတယ်သမီးရယ်၊ ဒါနဲ့ ဦးလေးလည်း သမီးအရမ်းကြိုက်တဲ့ မုန့်ဆိုင်မှာပဲ သမီးကို မုန့်ဝယ်ကျွေးမယ်လို့ စိတ်ကူးလေးနဲ့ လင်မယားနှစ်ယောက် ထိုင်စောင့်လိုက်ပါတော့တယ် သမီးရယ်”။

ဖခင်တစ်ယောက်ရဲ့ သမီးအပေါ်ထားတဲ့မေတ္တာကို ကျွန်မကိုယ်တိုင်ကြားခဲ့ရတော့ အဖေမရှိတဲ့ ကျွန်မအဖို့ အဖေ့ကိုသာ ပြန်ရလိုက်ချင်ပါတော့တယ်၊ အဖေရှိနေရက်နဲ့ အဖေ့မေတ္တာကို ဘာလို့နားမလည်နိုင်တာလဲ? ဘာလို့ အဖေ့အရိပ်ကို မလိုချင်တာလဲ? သိက္ခာဆိုတာကို အဆင့်တန်းဆိုတာကို အဖေ့မေတ္တာနဲ့ လဲရက်ကြတာလား? စာပေတွေ မဖတ်မိကြလို့ တကယ်နားမလည်ခဲ့ကြတာလား? ကျွန်မ ဝေခွဲလို့မရအောင်ကို စိတ်မကောင်းဖြစ်မိပါတော့တယ်၊ တွေးပြီးငြိမ်နေတော့ ဦးလေးကြီးက..
“သမီးလေး၊ သမီးလေးက ဘာသာရေးဆောင်းပါးလေးတွေ ရေးတယ်ဆိုတော့ ဒီအကြောင်းလေးကို ရေးပေးပါလားသမီးရယ်၊ ဦးလေးဘာမှ လိုချင်လို့ မဟုတ်ပါဘူး၊ ဦးလေးမသေခင် သမီးလေးဒီစာလေးကိုဖတ်ပြီး ဦးလေးရဲ့ခံစားချက်ကို နားလည်စေချင်လို့ပါသမီးရယ်”တဲ့၊
“ဟုတ်ကဲ့ပါဦးလေးရယ်၊ ကျွန်မဖြစ်အောင်ရေးပေးပါ့မယ်ရှင် ပြီးရင် ဒီဆောင်းပါးလေးပါခဲ့ရင်လည်း ကျွန်မဦးလေးဆီ အရောက်ပို့ပေးပါ့မယ်”
လို့ပြောတော့ ဦးလေးကြီးက မျက်ရည်လေးဝဲလို့
“သမီးလေးရယ်၊ တကယ်ကျေးဇူးတင်နေပါ့မယ်၊ လိုအပ်ရင် ဖုန်းဆက်နော် သမီးလေး”တဲ့၊
ကျွန်မရင်ထဲ အမည်မဖော်နိုင်လောက်အောင် ဝေဒနာတစ်ခုကို နင့်နင့်နဲနဲလေးခံစားရင်း ကျွန်မဆင်းရမဲ့ မှတ်တိုင်လေးရောက်တော့ ဦးလေးကို နှုတ်ဆက်ရင်း ကားပေါ်က ဆင်းလိုက်ပါတော့တယ်။

ကားလေးမောင်းပြီးထွက်သွားတဲ့ ဦးလေးကြီးအကြောင်းကို တွေးရင်း သားသမီးတွေ ဘယ်လောက်ဆိုးဆိုး ဘယ်လောက်နားလည်မှုတွေ မရှိပေမဲ့လည်း မိဘမေတ္တာဟာ စမ်းရေပမာ အမြဲစီးဆင်းနေပြီး အေးမြနေတယ်ဆိုတာရယ် တုနှိုင်းလို့မရအောင် ကြီးမားမြင့်မြတ်တယ်ဆိုတာကို ကျွန်မပိုပြီး ခံစားနားလည်လာရပါတော့တယ်၊ ကျွန်မလို အဖေမရှိတော့တဲ့ သူတစ်ယောက်ကတောင် အဖေ့မေတ္တာကို တမ်းတပြီး အဖေ့ရိပ်ကို လိုချင်နေမိတယ်ဆိုရင် အဖေရှိနေသေးသူတွေဟာ အဖေရဲ့မေတ္တာစေတနာကို နားလည်ပြီး အဖေ့အရိပ်ကို အေးမြငြိမ်းချမ်းတဲ့အရိပ်အဖြစ် သိနားလည်ပြီး အဖေ့ကျေးဇူးကို အဖေမသေခင် ပြန်လည်ပေးဆပ်နိုင်ပါစေလို့ ဆုတောင်းရင်း ဒီဆောင်းပါးလေးကို ရေးသားလိုက်ခြင်းပါ၊ သားသမီးတိုင်း အဖေ့ကျေးဇူးကို နားလည်နိုင်ကြပါစေရှင်၊ တုနှိုင်းမဲ့ရာ အဖေ့မေတ္တာကို သံသရာမဆုံးခင် အပြုံးလှလှလေးတွေနဲ့ တကယ်အသုံးချတတ်ပါစေရှင်။ တကမ္ဘာလုံးမှာရှိတဲ့ အဖေများကို လေးစားလျှက် ..

လရိပ်လေး(မောင်းမကန်)

***အဆိပ်သင့်လိပ်ပြာ***


“မောင်… နောက်ဆုံး ချစ်သက်လက်ဆောင်လို့ သတ်မှတ်ရင်း ကျွန်မကို လာတွေ့ပေးပါနော်”
လက်ရေးလှလှ စကားလုံးလှလှလေးတွေ သုံးထားတဲ့ စာကြောင်းတစ်ကြောင်း၊ အဲဒီစာတစ်ကြောင်းက လူတစ်ယောက်ရဲ့ဘ၀ မိသားစုတစ်ခုရဲ့ကြမ္မာကို ပြောင်းလဲပစ်လိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်ထားမှာ မဟုတ်ပါဘူး။
* * *

နယ်မြို့လေးကနေ ကျောင်းလာတက်တဲ့ကျွန်မ၊ ထားဝယ်မြို့ပေါ်မှာ နာမည်ကြီး ကျူရှင်ဝိုင်းတစ်ခုမှာ ကိုကြီးနဲ့ စတွေ့တယ်။ ကျွန်မကဆယ်တန်း ကိုကြီးက ဆယ်တန်းသင်တဲ့ ကျူရှင်ဆရာ၊ ကျူရှင်စအပ်တဲ့ နေ့မှာပဲ ကိုကြီးကို သတိထားမိတယ်။ ကိုကြီးက ခန့်ညားတယ်၊ သဘောကောင်းတယ်၊ ကျောင်းသားတွေကို အလေးထားတယ်။ လွန်တယ်လို့ထင်မလား၊ ကိုကြီးကို စတွေ့တွေ့ချင်းပဲ ဘာကြောင့်မှန်းမသိ ကျွန်မရင်ခုန်သံတွေဟာ ပလောင်းပလဲ ဖြစ်ကုန်တယ်။ ကျွန်မကိုယ်တိုင် စိတ်ထဲကပဲ ဖြစ်နေလို့လားမသိဘူး၊ ကိုကြီးရဲ့အကြည့်တွေ ကျွန်မကိုကြည့်တဲ့အခါ သူများတွေနဲ့မတူပဲ နွေးထွေးမှုတွေ ကြင်နာမှုတွေနဲ့ ရောစပ်ထားသလို ခံစားရတယ်။ ဖူးစာကံလို့ဆိုရမလား ရေစက်လား မသိလိုက်ပေမဲ့ ကျွန်မနဲ့ကိုကြီး တစ်နှစ်အတွင်းမှာ ချစ်သူတွေ ဖြစ်လာတယ်။ ကျွန်မအတွက် အလွန်ပျော်ရွှင်ဖွယ်ရာ အတိပြီးတဲ့ စာသင်နှစ်တစ်နှစ်ပေါ့၊ ဆယ်တန်းစာမေးပွဲတွေ စဖြေပြီ၊ တက္ကသိုလ်ဆိုတဲ့ အိမ်မက်က ကိုကြီးနဲ့နိုင်းယှဉ်လိုက်ရင် ကျွန်မအတွက် မှုံဝါးဝါးဖြစ်သွားတဲ့အထိ ကိုကြီးကို အချစ်ကြီးချစ်ခဲ့မိလို့ တစ်စက္ကန့်လေးတောင် မဝေးချင်တော့တာမို့ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့မှာပဲ ကိုကြီးနဲ့ ကျွန်မ လက်ထပ်ဖြစ်ခဲ့ကြတယ်။
* * *

လက်ထပ်ပြီး နှစ်နှစ်အကြာမှာတော့ ကိုကြီးရဲ့ ရင်သွေးကို ကျွန်မလွယ်ခဲ့ရတယ်။ သမီးလေး မွေးလာတယ်။ သမီးဦးလေးမို့ ယမုံဦးတဲ့လေ၊ ကိုကြီးကိုယ်တိုင် နာမည်ပေးခဲ့တယ်။ သမီးလေး တီတီ တာတာ ပြောတတ်တဲ့ အရွယ်ထိ ကျွန်မတို့ မိသားစုလေးက အရမ်းပျော်ရွှင်ခဲ့တယ်။ မနက်အစောကြီး ထတတ်တဲ့ သမီးလေးကို ကိုကြီးက ပုခုံးပေါ်ထမ်း လက်ဘက်ရည် ဆိုင်သွားပြီး အဆာပြေကျွေးတယ်။ ပြန်လာရင် သမီးလေးနဲ့ အတူတူဆော့တယ်။ ပြီးရင်ကျူရှင်သွားတယ်။ ညနေ ကျူရှင်ကပြန်လာရင် သမီးရယ် ကျွန်မရယ် ကိုကြီးရယ် အတူတူလမ်းလျှောက်ကြတယ်။ အပြစ်အနာဆာ ကင်းတဲ့ လပြည့်ညရဲ့ လမင်းကြီး အေးမြသလို ကျွန်မတို့ မိသားစုလေးက ငြိ်မ်းချမ်းနေခဲ့တယ်။
ကျွန်မတို့ရဲ့ စိုပြည်ငြိမ်းချမ်းနေတဲ့ ဘ၀ထဲကို ကိုကြီးရဲ့ ဒုတိယမြောက် ရင်သွေးလေးက ထပ်တိုး နေရာယူလာတယ်။ ကျွန်မ ပျော်လိုက်တာ အတိုင်းမသိပါပဲ။ ဘ၀ဆိုတာ ကိုကြီးရယ် သမီးလေးရယ် နောက်ထပ် တိုးလာမဲ့ ရင်သွေးရယ် အမြဲတမ်း အေးချမ်းပြီး အတူနေရမယ်ပေါ့။ ဒီလိုပျော်ရွှင်စရာအတိပြီးနေတဲ့ ကျွန်မရဲ့ဘဝထဲကို ကံကြမ္မာမုန်တိုင်း ရက်စက်စွာ ထန်လာလိမ့်မယ်လို့ ကျွန်မဘယ်သောအခါမှ မတွေးဖြစ်ခဲ့တာ ကျွန်မအမှားလား၊ ဖြစ်ချင်တာနဲ့ ဖြစ်နေတာလောက်ပဲ တွေးတတ်တဲ့ ကျွန်မကို ဒုတိယသမီးလေး မျက်နှာမြင်ပြီး နှစ်နှစ်အရွယ်မှာ လောကကြီးက စပြီး ဒဏ်ခတ်တော့တာပါပဲ။
* * *

ကိုကြီး ကျူရှင်ပြန်တာ နောက်ကျလာတယ်။ သမီးတွေအပေါ် ဂရုစိုက်မှု နည်းလာတယ်။ ညဘက် အပြင်မထွက်တတ်တဲ့ ကိုကြီး ညဆယ့်နှစ်နာရီလောက်မှ အိမ်ပြန်လာတော့တယ်။
“ကိုကြီး ဘာလို့ ညဘက်အိမ်ပြန်နောက်ကျတာလဲ”
ကျွန်မမေးတော့ ညပိုင်း စာကျက်ဝိုင်း တာဝန်ယူထားလို့တဲ့လေ။ ရိုးရိုးလေးနဲ့ ယောက်ျားကို ယုံတတ်တဲ့ကျွန်မ ဘာမှဆက်မပြောတော့ပဲ နေလိုက်တယ်။ ဒါပေမဲ့ ကိုကြီးရဲ့ တပည့်ရင်းတစ်ယောက်ဆီက သတင်းအမှန်တွေကို ကျွန်မ နေ့တိုင်းကြားနေရတယ်ဆိုတာ ကိုကြီး မသိဘူးလေ။ ခါတိုင်း ညနေဘက် အတူတူ လမ်းလျှောက်တတ်တဲ့သမီးလေး ယမုံဦးကတောင် မေးတတ်လာပြီ။
“ဖေကြီး ဘာလို့စောစောမပြန်လာတာလဲဟင်၊ မီးနဲ့အတူလမ်းလျှောက်တာ ပင်ပန်းလို့လား ဖေကြီး”
သမီးလေးမေးတော့ သူဖြေနေကြ အဖြေအတိုင်းပဲ အဖြေပေးလိုက်တယ်။
“သြော်… သမီးရယ် အဖေညပိုင်းစာကျက်ဝိုင်း တာဝန်ယူထားရလို့ပါကွယ်”တဲ့။
ကျွန်မရင်ထဲ နင့်ခနဲ ဖြစ်သွားတယ်။
“အော် … သမီးကိုတောင် သူညာနေတတ်ပြီပဲ”။
* * *

ကျွန်မ အရမ်းခံစားခဲ့ရတယ်။ ကိုကြီး ကောင်မလေး တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်။ တခါတလေ ကျူရှင်မှာ အရေးကြီးလို့ဆိုပြီး အကြောင်းပြကာ အိမ်ပြန်မလာပဲ ညဘက်ဆို အတူတူ သွားအိပ်ကြတယ်။ ကျူရှင်ပြီးတိုင်း အလည်သွားကြတယ်။ ဒါတွေက ကိုကြီးတို့ နေ့တိုင်းလုပ်နေကြဆိုတာ ကျွန်မဆီ သတင်းက အတိကျရောက်နေခဲ့တယ်။ ကျွန်မ မမေးရက်ခဲ့ပြန်ဘူး။ ကိုကြီးနဲ့ ကျွန်မ ထားဝယ်မြို့က ဘုရားကြီးမှာ သစ္စာဆိုထားခဲ့တယ်လေ။ ဘယ်လိုအကြောင်းတရားကြောင့်ပဲဖြစ်ဖြစ် လမ်းမခွဲကြေး သစ္စာမဖောက်ကြေး အကယ်၍ သစ္စာဖောက်ခဲ့ရင် သစ္စာစူးပါစေသားလို့ အတူတူ ဆုတောင်းခဲ့ဖူးတာကို သတိရရင်း ကိုကြီးတစ်ယောက် သစ္စာမစူးပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။ ကိုကြီးနဲ့ထပ်တူ သမီးလေးတွေကို ချစ်တယ်။ ကိုကြီးကို ထာဝရပေါင်းချင်တယ်။ သမီးလေးတွေကို အဖေမဲ့တဲ့ဘ၀ မရောက်စေချင်ဘူး။ ဒီတော့ ကျွန်မ ဘာလုပ်ရမလဲ။ ရွေးစရာမရှိတော့ဘူးလေ။ ကိုကြီး လုပ်နေသမျှ အရာအားလုံးကို ဘာမှမသိသလိုနေပြီး အိမ်ထောင်တစ်ခုမပြိုကွဲအောင် ကျွန်မကိုယ်တိုင် ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။
ဝတ္တရားမပျက် လုပ်ပေးတယ်။ အိမ်ပြန်နောက်ကျတာဖြစ်စေ ပြန်မလာတာဖြစ်စေ၊ ဘာမှမမေးတော့ပဲ ကိုကြီး လိုအပ်တာလုပ်ပေးတယ်။ သမီးလေးတွေအပေါ် ပိုပြီး ဂရုစိုက်ရင်း အချိန်တွေ ကုန်စေခဲ့တယ်။ ကိုကြီးကလည်း အိမ်ထောင်ရေး ဖောက်ပြန်နေတယ်ဆိုပေမဲ့ သမီးတွေအပေါ်တော့ ၀တ္တရားမပျက်ခဲ့သလို အိမ်စရိတ်ကိုလည်း ပုံမှန်ထောက်ပံ့ပေးတယ်။ ကိုကြီးနဲ့ ကျွန်မအကြား ဆက်ဆံရေးကတော့ နည်းနည်းအေးလာတယ်။ မသိသလိုဟန်ဆောင်ပြီး ဘယ်လိုနေနေ ကိုယ့်လိပ်ပြာသန့်ဖို့က ဟန်ဆောင်ရ ခက်တယ်လေ။ အစပိုင်းကတော့ ကိုကြီးနောက်ကွယ်မှာ ကြိတ်ငိုပြီး ဖြေသိမ့်ခဲ့ရတာ အကြိမ်ကြိမ်၊ အခုတော့ ကျွန်မမှာ မျက်ရည်တွေ ခမ်းကုန်ပြီ၊ ကျဖို့မျက်ရည်လည်း မရှိတော့ဘူး။ အဓိကက အိမ်ထောင်တစ်ခု တည်နေဖို့နဲ့ သမီးတွေ အဖေမမဲ့စေဖို့ပါပဲ။ ကျွန်မ ခံနိုင်ရည်ရှိရမှာပေါ့၊ ဒါလောကဓံတရားပဲလေ။ ကျွန်မ အရာအားလုံးကို နားလည်တတ်အောင် ကြိုးစားနေတယ်။
ကိုကြီးဖောက်ပြန်နေရင်း ခြောက်လလောက်ကြာတော့ ကိုကြီးရဲ့ တပည့်လေးက ကျွန်မကို ပြောတယ်။
“အမရယ် ကျွန်တော် ပြောပြလိုက်တော့မယ်။ ဆရာလုပ်နေတာတွေ အကုန်သိရက်နဲ့ နားလည်ပေးနေတယ်လို့လေ။ တကယ် မကြည့်ရက်တော့ဘူး အမရယ်။ ဆရာ လုပ်နေတာ ရက်စက်လွန်းနေတယ်ဗျာ။ အမ ဘာကြောင့် အဲလောက် ဆရာ့ကို ချစ်ရတာလဲဗျာ။ ဆရာကရော ဒီလောက် နားလည်ပြီး ချစ်တတ်တဲ့မိန်းမကို ထားပြီး ဖောက်ပြန်ရက်တယ်လို့ဗျာ။ ကျွန်တော် ထိန်းမနိုင်တဲ့ တစ်နေ့တော့ ပြောဖြစ်လိမ့်မယ် ထင်တယ်ဗျာ”
ကျွန်မ မချိပြုံးလေးပြုံးပါတယ်။ ရင်ထဲကနာကျင်နေတဲ့အရာကို အတတ်နိုင်ဆုံးလျှို့ဝှက်ရင်း -
“နေပါစေ ကောင်လေးရယ်၊ ဒါ အမတို့ရဲ့ အတိတ်က အကြောင်းတရားကြောင့်ပါ၊ သူ့အလိုလို ဖြစ်လာတာလေ။ အချိန်က အဖြေပေးမှာပါ။ အချစ်ဆိုတာ ချစ်နေရရုံနဲ့ ပေးဆပ်နေရရင်လည်း တစ်ချို့သူတွေက ပျော်နေတတ်တာပါ။ အမလည်း အဲလိုပါပဲ၊ မပြောဖြစ်အောင်ထိန်းပေးပါ”
ကျွန်မ မပြောဖို့ တောင်းပန်လိုက်ရတယ်။
ကိုကြီးကတော့ ဟန်မပျက်ပါဘူး၊ နေ့တိုင်းလုပ်နေကျတိုင်း ဖောက်ပြန်နေတုန်းပေါ့။ ရိုးအလွန်းတဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို တစစီနင်းချေပြီး နောက်မိန်းမ ရင်ခွင်သစ်လေးထဲမှာ အရမ်းပျော်နေပုံ ရပါတယ်။ အရင်ထက်ပိုပြီး တက်ကြွလန်းဆန်းလို့ ပီတိတွေ တဝေဝေပါပဲ။ ကျွန်မ အမြဲတမ်း ကိုကြီးမျက်နှာလေးကို ကြည့်ပြီး ဆုတောင်းပေးနေမိပါတယ်။ ကိုကြီးတစ်ယောက် ထာဝရ ပျော်ရွှင်နိုင်ပါစေလို့လေ။
* * *

ကျွန်မဆုတောင်းက မှားသလား။ ကြမ္မာက လှည့်စားတာလား၊ သစ္စာတရားက ဒဏ်ခတ်တာလား၊ တစ်နေ့ ကိုကြီးတစ်ယောက် မျက်နှာမသာမယာနဲ့ အိမ်ပြန်လာတယ်။
“ညီမရေ… ညီမ”
ခြံဝကနေ လှမ်းခေါ်ရင်း အိမ်ပေါ်တက်လာတယ်။
အိမ်ထောင်မကျခင်ကတည်းက ညီမလို့ပဲခေါ်တဲ့ ကိုကြီး။
အိမ်ထောင်ရေးဖောက်ပြန်ပြီးမှ ညီမလို့ မခေါ်တော့တဲ့ကိုကြီး။
အခုတော့ ဘာစိတ်ကူးပေါက်ပြီး ပြန်လာတာလဲလို့ ကျွန်မတွေးနေတုန်း ကျွန်မရှေ့ရောက်လာတယ်။ တုန်ရီအက်ကွဲတဲ့အသံနဲ့ -
“ညီမရယ် ကိုကြီးကို အဲလောက်တောင်ချစ်လား”တဲ့။
ရုတ်တရက်ဆိုတော့ ကျွန်မက -
“အယ်… ကိုကြီး ဘာထူးထူးဆန်းဆန်းတွေ တွေ့လာတာလဲ”
တအံ့တသြ မေးလိုက်တယ်။
ကိုကြီးကဝမ်းနည်းတဲ့အသံနဲ့ -
“ညီမရယ် ဘာကြောင့် အဲလိုနေနိုင်ရတာလဲ။ ကိုကြီး မှားတာပါ။ ကိုကြီး လူမဆန်တာ ညီမရဲ့အချစ်ကို မလေးစားတတ်တာ၊ ကိုကြီး လူမှဟုတ်သေးရဲ့လား။ စိတ်အလိုလိုက်နေမိတာ ကိုကြီးမှားမှန်း ဒီနေ့မှ သိလိုက်ရတယ် ညီမရယ်၊ ခွင့်လွှတ်ပါလို့ ကိုကြီးမတောင်းဆိုတော့ပါဘူး။ ဒါပေမဲ့ ကိုကြီး ဒီနေ့ကစပြီး ပြင်ပါ့မယ်။ သစ္စာရှိပါ့မယ်။ ညီမကိုပဲ ကိုကြီးထာဝရလက်တွဲပါ့မယ်၊ ကိုကြီး ကတိပေးပါတယ် ညီမရယ်” တဲ့။
ကျွန်မ ဘာမှပြောမတတ်တော့ ရင်ထဲမှာဝမ်းနည်းသလို ဝမ်းသာသလိုဖြစ်နေပြီး ကိုကြီးကို ပဲငေးကြည့်နေမိတယ်။ ကိုကြီးက ဆက်ပြောတယ် …
“ကိုကြီးတပည့်လေးက ဒီနေ့ ကိုကြီးကို အကုန်ပြောပြတယ်။ ကိုကြီးက ညီမမသိခဲ့ဘူး ထင်နေခဲ့တာ။ အခုတော့ ကိုကြီးအပေါ်ထားတဲ့ ညီမရဲ့ချစ်မေတ္တာတွေကိုသိပြီး ကိုကြီးယူကြုံးမရဖြစ်လို့ ချက်ချင်းပြန်လာခဲ့တာ။ ညီမ ကိုကြီးကို နားလည်ပေးတယ်မလားဟင်”
အနားကပ်မေးလာတော့ ကလေးနှစ်ယောက်ရပြီးတဲ့ကျွန်မ ဟိုအရင် ကိုကြီးကျွန်မကို ရည်းစားစကား စပြောတုန်းကလို ပုံစံမျိုးဖြစ်သွားပြီး ကျွန်မက -
“ကိုကြီးကို ထာဝရနားလည်ပြီးသားပါရှင်။ ကိုကြီးပျော်ရင် ညီမပျော်ပါတယ်” လို့ တိုးတိုးလေး ပြန်ဖြေလိုက်ပါတယ်။
အဲဒီနေ့ကစပြီး ကိုကြီးတကယ်ကို ကျွန်မတို့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်နေခဲ့တယ်။ အရင်အတိုင်း အချိန်မှန် အိမ်ပြန်လာတယ်။ မိသားစုကိုလည်း အရင်ကထက်ပိုပြီး ဂရုစိုက်လာတယ်။ သမီးလေးနှစ်ယောက်နဲ့အတူ ညနေဘက်လမ်းလျှောက်ထွက်တယ်။ မနက်ဆို အငယ်မကို ပုခုံးပေါ်တင်ပြီး အကြီးမကို လက်ကဆွဲပြီး လက်ဘက်ရည်ဆိုင်ကို သွားတတ်လာတယ်။ အရင်လိုပျော်ရွှင်မှုမျိုး အသစ်ပြန်ရပြီလို့ ထင်နေမိတဲ့ကျွန်မ မမျှော်လင့်တဲ့ ကံကြမ္မာရဲ့ကျီစယ်ချင်းကို မထင်မှတ်တဲ့ အချိန်မှာ အလဲထိုးခံလိုက်ရတယ်။ အချိန်တစ်လလောက်ကြာတော့ စာတစ်စောင်ရောက် လာတယ်။ ကိုကြီးရဲ့ အငယ်အနှောင်းဆီကပေါ့။
“မောင် နောက်ဆုံး ချစ်သက်လက်ဆောင် လို့သတ်မှတ်ရင်း ကျွန်မကို လာတွေ့ပေးပါနော်”
လက်ရေးလှလှ စကားလုံးလှလှလေးတွေ သုံးထားတဲ့ စာကြောင်းတစ်ကြောင်း၊ အဲဒီစာတစ်ကြောင်းက လူတစ်ယောက်ရဲ့ဘ၀ မိသားစုတစ်ခုရဲ့ကြမ္မာကို ပြောင်းလဲပစ်လိမ့်မယ်လို့ ဘယ်သူကထင်မှတ် ထားမှာလဲ။ စာရွက်ကိုင်ထားတဲ့ ကိုကြီးရဲ့လက်တွေဟာ တုန်ရီနေပြီး စာရွက်ကို တွေတွေကြီး စိုက်ကြည့်ပြီး ငေးငိုင်နေခဲ့တယ်။ ကိုကြီးကိုကြည့်ရတာ အပြစ်ရှိတဲ့ ရာဇဝတ်သားလိုပဲ၊ ကိုကြီး စာဖတ်ပြီးတာနဲ့ ကျွန်မကို တိုးလျှိုးတောင်းပန်တဲ့အသံနဲ့ ပြောတယ်။
“ညီမ ကိုကြီး နောက်ဆုံးအနေနဲ့ သွားပါရစေနော် အပြီးသတ်စာရင်းရှင်းပြီး ပြန်လာခဲ့မယ်” တဲ့လေ။
ကျွန်မ ငြင်းခွင့်ရှိလို့လား ကိုကြီးရယ်။ ခေါင်းညိတ်ရုံကလွဲပြီးဘာများတတ်နိုင်မှာလဲ။ ကိုကြီး သူ့တပည့်လေးကို ခေါ်ပြီးသွားလိုက်တယ်။
* * *

စာရောက်လာတဲ့အချိန်က ညနေ(၅)နာရီ၊
အခုည(၁၁)နာရီ ထိုးနေပြီ။
ကိုကြီးပြန်မလာ သေးဘူး။ ကျွန်မ စိတ်တွေလှုပ်ရှားနေတယ်။ ကိုကြီး ပြန်မှလာပါ့မလား။ တစ်ခုခုများ ဖြစ်နေမလား။ စိုးရိမ်စိတ်တွေနဲ့ ဗျာများနေမိတယ်။ အိပ်ယာထဲမှာ အိပ်မောကျနေတဲ့ သမီးလေးနှစ်ယောက်ကို ကြည့်ရင်း ကျွန်မ ထိုင်နေမိတယ်။ ဘယ်လောက်တောင် ငေးငေးငူငူ ဖြစ်သွားမှန်းမသိ၊ ညနှစ်နာရီ ထိုးပြီးချိန်မှာ -
“အမရေ… အမ”
အမောတကော ခေါ်သံတစ်ခုကို ကြားလိုက်ရတယ်။ ကိုကြီးရဲ့တပည့်လေးခေါ်သံပါပဲ။
“ကောင်လေး နင့်ဆရာရော”
“အမ၊ ဟိုလေ…၊ ဆရာ… ဆရာ”
ကောင်လေးက ကတုန်ကယင်နဲ့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသေးတယ်။ ကျွန်မက စိုးရိမ်တကြီးနဲ့ ဖြတ်မေးလိုက်မိတယ် …
“ဘာ… ဘာဖြစ်တာလဲ၊ မြန်မြန်ပြောစမ်းပါကွယ်”
“ဆရာလေ၊ ဆရာ။ ဆရာ ဘာဖြစ်မှန်းမသိဘူး အမ၊ ဆေးရုံကို လိုက်မှရမယ်”
ကျွန်မခေါင်းထဲ မိုက်ခနဲ ဖြစ်သွားတယ်။ တဒင်္ဂလေး ကြောင်သွားတယ်၊ နောက်မှ သတိရပြီး ကောင်လေးကို ..
“ဒါဆို ကလေးတွေကို နင်ကြည့်ထားနော်၊ အမလိုက်သွားမယ်”
ကျွန်မကမန်းကတန်း ကားငှားပြီး ဆေးရုံလိုက်ခဲ့တယ်။
တစ်လမ်းလုံး ဘုရားစာတွေရွတ်ရင်း ကိုကြီး ဘာမှမဖြစ်ပါစေနဲ့လို့ ကျွန်မ ဆုတောင်းနေမိတယ်။ ဆေးရုံရောက်လို့ ကိုကြီးရှိတဲ့အခန်းကို မေးပြီးအဝင် ကျွန်မရင်အစုံ ဆောင့်တက်သလို ခံစားလိုက်ရတယ်။ ကိုကြီး သတိလစ်နေတယ်။ ဆရာဝန်မလေးက ပြောတယ်။
“အမ အခြေနေမကောင်းဘူး၊ အရက်ထဲမှာ ဆေးတစ်ခုခုနဲ့ ရောသောက်မိတဲ့ပုံစံ၊ ကျွန်မတို့ စစ်ဆေးနေတုန်း”
ကိုကြီး အိပ်မောကျုလို့ ဟောက်နေတဲ့ပုံစံနဲ့ နှာခေါင်းပိုက်တွေလည်း သွင်းထားတယ်၊ ကုတင်ပေါ်မှာ ဘာကိုမှ မသိနိုင်တော့တဲ့ ကိုကြီးကို ကျွန်မဘာလုပ်ပေးရမှာလဲ၊ ဘာပြောရမှာလဲ။ ကျွန်မတို့ မိသားစုကို နားလည်သွားပြီဆိုမှ ခုလိုဖြစ်သွားရတာ ဘာကြောင့်လဲ။ ကျွန်မ မတွေးတတ်တော့ဘူး ကိုကြီးရယ်။ ကိုကြီးဘေးမှာ အစောင့်အဖြစ်ထားဖို့ ဆရာမတွေနဲ့ တိုင်ပင်စီစဉ်ပြီး အိမ်ကိုပြန်လာခဲ့တယ်။
* * *

အိမ်ရောက်တော့ မနက်တောင်လင်းနေပြီ၊ အိပ်ဖို့သတိမရဘူး၊ သမီးအကြီးကို သူ့အဖွားဆီပို့၊ သမီးအငယ်ကိုခေါ်ပြီး ဆေးရုံကို ပြန်လာ၊ ဆေးရုံရောက်တော့ ကိုကြီးနဘေးမှာ ထိုင်နေရင်း ကိုကြီးသတိပြန်ရလာမဲ့အချိန်ကို သမီးလေးကို ပွေ့ချီထားရင်း စောင့်နေခဲ့တယ်။ စက္ကန့်ကို မိနစ်ကဝါးမျို၊ မိနစ်ကို နာရီကဝါးမျို၊ နာရီကို ရက်ကဝါးမျို။ တရွေ့ရွေ့နဲ့ အချိန်တွေ တိုက်စားသွားလိုက်တာ အချိန်(၅)ရက်သာ ကုန်သွားတယ်။ ကိုကြီးသတိမရလာဘူး။ ဘယ်လိုမှလည်း ကုလို့မရတော့ဘူး။ နောက်ဆုံး ဆရာဝန်တွေ လက်လျှော့လိုက်တော့ ကိုကြီးကို အိမ်ပြန်ခေါ်လာခဲ့တယ်။ ကိုကြီးနဘေးမှာ ကိုကြီးရဲ့မိဘတွေရော တပည့်တွေရော ညတိုင်း လာစောင့်ပေးရင်း အဖော်လာလုပ်ပေးကြတယ်။
ကိုကြီးကတော့ အိပ်မောကြနေတဲ့ ပုံစံအတိုင်း ဖြစ်နေခဲ့တယ်။ ကိုကြီးရဲ့တပည့် ပြောပြတဲ့ အတိုင်းဆိုရင် ကောင်မလေးက ကိုကြီးနဲ့ လမ်းခွဲရတော့မယ့် နောက်ဆုံးအထိမ်းအမှတ်တခုအနေနဲ့ သူနဲ့အတူ အရက်သောက်ပေးပါ၊ နောင်ဘယ်တော့မှ ကိုကြီးကိုမနှောင့်ယှက်တော့ပါဘူးဆိုပြီး ကိုကြီးကို အတင်းပဲ အရက်အတူသောက်ဖို့ ပြောတယ်။ ကိုကြီးက နောင်မနှောင့်ယှက်တော့ရင်ပြီးရောဆိုပြီး တစ်ခါမှ မသောက်ဖူးတဲ့အရက်ကို လိုက်လျောပြီး သောက်ခဲ့တယ်၊ အမူးလွန်ပြီး ဘာတွေ စားမိမှန်းမသိ စားခဲ့တယ်တဲ့။ ကိုကြီးရယ်…။ လူသားတိုင်းဟာ “လာရာ”ဆိုတဲ့ မွေးဖွားရာမိဘတွေကို ရွေးချယ်ခွင့်မရှိပေမဲ့ မိမိရဲ့နောက်ဆုံး “လားရာ”ဆိုတဲ့ သေခြင်းတရားကို မရောက်ခင် အကောင်းဆုံးသောလမ်းကို ရွေးချယ်ခွင့် ရှိကြတယ်လေ။ ဒါပေမဲ့ ကိုကြီးမှာ ရွေးဖို့ အချိန်မရလိုက်ဘူးနော်။
ကျွန်မ ကိုကြီးလက်ကိုကိုင်ပြီး တွေးနေတုန်း ကိုကြီး လက်တွေလှုပ်လာတယ်။ ပြီးတော့ ပါးစပ်လှုပ်လာတယ်။
“ကိုကြီး သတိရလာပြီ၊ ကိုကြီး သတိရလာပြီ”
ကျွန်မ ၀မ်းသာအားရ အော်လိုက်တယ်။
ကိုကြီးက မျက်လုံးမဖွင့်ပဲ စကားပြောဖို့ အားယူနေတယ်။ ကိုကြီးအမေကလည်း အနားကပ်လာပြီး
“သား ဘာပြောချင်တာလဲ၊ ဘာပြောချင်လို့လဲ၊ ရေသောက်မလို့လား” လို့ ပြာပြာသလဲမေးတယ်။
ကိုကြီးက အမေ့ပြောစကားကို ဂရုမစိုက်နိုင်သေးပဲ လက်ကာပြပြီး တိုးညင်းတဲ့ လေသံဖျော့ဖျော့လေးနဲ့ အားယူပြီး
“ခွင့်လွှတ်ပါ ညီမ”တဲ့။
“ခွင့်လွတ်ပါတယ် ကိုကြီးရယ်၊ ကိုကြီးအပေါ် ညီမဘယ်တုန်းကမှ အပြစ်မယူခဲ့ပါဘူး”
ကျွန်မအသံကိုကြားတော့ မျက်နှာမှာ အပြုံးရိပ်သန်းသွားသလို ထင်လိုက်ရတယ်၊ ပြီးတော့ -
“ကိုကြီး ဝမ်းသာလိုက်တာ”
လေသံသဲ့သဲ့လေးနဲ့ ပြောရင်း ကိုကြီးဇက်လည်ကျသွားတယ်။
ကျွန်မသိလိုက်ပြီ၊ ကိုကြီး ကျွန်မအပေါ် တင်ထားထဲ့ အကြွေးကို ပြန်ဆပ်ချင်ဇောနဲ့ အသက်ထွက် မဖြောင့်ဖြစ်နေခဲ့တာ။ ခွင့်လွှတ်ပါဆိုတဲ့ စကားလေးပြောပြီးမှ ကိုကြီးအသက်ထွက်သွားနိုင်ခဲ့တယ်။ ကိုကြီးရယ် ကျွန်မက ကိုကြီးကို အရမ်းကို ယုံကြည်လေးစားပြီး ချစ်ခဲ့တဲ့ မိန်းမသားတစ်ယောက်ပါ။ ကျွန်မ ခွင့်လွှတ်နိုင်တာပေါ့ရှင်။ ဒါပေမယ့် သစ္စာဆိုတာ မှန်ကန်တဲ့သူတွေအတွက် ဆေးကောင်းတစ်လက်ပါ။ ကိုကြီးကို ကျွန်မ ခွင့်လွှတ်နိုင်ခဲ့ပေမဲ့ သစ္စာတရားက ကိုကြီးကို ဒဏ်ခတ်လိုက်တယ်လို့ပဲ ကျွန်မမြင်တယ် ကိုကြီးရယ်။ နောင်ဘ၀ဆက်တိုင်းမှာ ကိုကြီးတစ်ယောက် သစ္စာတရားကို အလေးအနက်ထားတတ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဘ၀ကို ပိုင်ဆိုင်နိုင်ပြီး ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ပါရစေနဲ့လို့ ညီမ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ “သစ္စာဆိုတာ တည်ရင်ဆေး မတည်ရင်ဘေး” ဆိုတာ ကျွန်မနားလည်လိုက်ပါတယ် ကိုကြီးရယ်။

လရိပ်လေး (မောင်းမကန်)
 
 

***နွေဦးအလွမ်း***


.မြန်မာနိုင်ငံ စာရေးဆရာအသင်း
စာရေးနည်းလမ်းညွှန်သင်တန်းအမှတ်စဉ်(၄)
သင်တန်းသူ/သင်တန်းသားများ၏
"ပန်းတံတား" (သုတ ရသ စာစု-၃) မှ...

လရိပ်လေး ကိုယ်တိုင်ခံစားရေးဖွဲ့ခဲ့တဲ့
***နွေဦးအလွမ်း*** ဆိုတဲ့ ကဗျာလေးကို
ကဗျာချစ်သူတို့အတွက် ..
တင်ပေးလိုက်ပါတယ်ရှင် ...

လရိပ်လေး(မောင်းမကန်)
11. 10. 2014
 

***ပန်းတံတားလေး ပျံ့သွေးပြီ ***

.မြန်မာနိုင်ငံ စာရေးဆရာအသင်း
စာရေးနည်းလမ်းညွှန်သင်တန်းအမှတ်စဉ်(၄)
သင်တန်းသူ/သင်တန်းသားများ၏
"ပန်းတံတား"

.မြန်မာနိုင်ငံ စာရေးဆရာအသင်ဥက္ကဋ္ဌ
ဆရာကြီး စည်သူ ဦးတင်လှိုင် (လယ်တွင်းသား စောချစ်) ရဲ့
ဥယျောဇဉ်၊
ဆရာမကြီး ကြူကြူသင်း ရဲ့
***ပန်းတံတား*** အဖွင့်ကဗျာနှင့်အတူ

သင်တန်းသူ/သင်တန်းသားများ ရဲ့
ကဗျာ (၁၄) ပုဒ်
.ဆောင်းပါး (၁၀) ပုဒ်
ဝတ္ထု (၁၀) ပုဒ် တို့ကို
တဝကြီး ရသစုံ ဖတ်ရှုရမည့် ..
"ပန်းတံတား"

* လင်းအရုဏ်တွင်
အမုံ အငုံ ၊ ဖူးသစ်စုံ၍
ပွင့်ပုံတင့်ဆန်း၊ ရောင်ရှင်လန်းသည့်
"ပန်းတံတား" လေး ပျံ့သွေးပြီ။
(ဆရာမကြီး ကြူ ကြူ သင်း)


***ပန်းတံတား စာအုပ်မိတ်ဆက်ပွဲ***

ဒီနေ့ ..(November 8)
လရိပ်နဲ့ စာရေးနည်းသင်တန်းအမှတ်စဉ် ( ၄)က သူငယ်ချင်းတွေ
စုပေါင်းထုတ်ဝေလိုက်တဲ့ ...
ပန်းတံတား စာအုပ်မိတ်ဆက်ပွဲလေးပါ။

ကိုယ်တိုင်ရေး ခံစားချက်လေးကို
Sky net ကိုရင်ဖွင့် ပြောပြနေချိန်လေးပါ။ 

Friday, November 7, 2014

***၀ီရိယဘုံ***

ဘ၀ပန်းတိုင် ရောက်ရှိနိုင်ရေး
ကြိုးကိုင်ပေးတာ ကိုယ်တိုင်သာမို့
ခိုင်မာပြတ်သား ကိုယ့်အင်အားဖြင့်
ကြိုးစားမျှော်မှန်း ရှေ့ဆီလှမ်း။

ရည်မှန်းချက်များ ပြည့်ချင်အားလျင်
စိတ်ထားကိုမြှင့် မြဲထောက်ချင့်၍
သင့်တင့်မှန်ရာ မျှော်မှန်းကာဖြင့်
ဗျူဟာကျကျ ကြိုးပမ်းကြ။

ဆန္ဒရှိရာ ဖြစ်တည်လာဖို့
အားသာချက်ရွေး ထိုးဖောက်တွေး၍
ဆွေးနွေးတိုင်ပင် စွန့်ဦးထွင်လို့
ဆင်ခြင်ဥာဏ်ဖြင့် ဘ၀မြှင့်။

ကိုယ်ချင်းစာတွေး ပေါင်းစည်းရေးဖြင့်
ဖေးဖေးမမ ကြင်နာပြ၍
လမ်းပြကြယ်သွင် စွမ်းဆောင်လျင်ကား
အမြင်ထူးခြား ရှင်တစ်ပါးနှယ်
ကြီးပွားမည်မှာ အမှန်သာ။

လူ့ဘ၀ဟာ ဖိုးတန်တာမို့
သမာအာဇီဝ နည်းလမ်းကျဖြင့်
စွမ်းပြရှေ့ဆောင် ခွင့်လမ်းဘောင်ကို
တည်ထောင်ကြစို့ မိတ်ဆွေတို့။

လရိပ်လေး (မောင်းမကန်)
5.11.2014
http://layeiklay.blogspot.com/

“သခင်မြင်လှည့် ကြင်စေချင်”


* ရင်ကိုအပ်နှင်း ချစ်ခင်ခြင်းဖြင့်
- စိတ်ရင်းအမှန် မဖောက်ပြန်ပဲ
- ချစ်ဟန်ပြကာ ချစ်စိတ်ဖြာ။

* နှလုံးသားကြား မုန်းမပွားပဲ
- ချစ်အားသာပို မေတ္တာခို၍
- ရင်ဖိုသည်းသက် ချစ်ရည်လက်။

* နေ့ရက်ချိန်ကြာ ချစ်ရိပ်လွှာက
- နှစ်မွှာအသဲ ချစ်စိတ်ကဲ၍
- စွဲမြဲမည်သာ ထင်ခဲ့ရာ။

* အနှစ်မပါ ချစ်ဗလာဖြင့်
- ပစ်ခွာသူလေး ရှောင်ဖယ်ပြေးတော့
- ချစ်ဝေးမလေး ပူပင်ဆွေး။

* တွေးရင်းသာငို လွမ်းစိတ်ပိုလို့
- သူ့ကိုတမ်းတ လွမ်းနေရတာ
- နေ့ညရှည်ကြာ လွမ်းမြစ်ဖြာ။

* အကယ်၍များ မြင်နိုင်အားလျှင်
- စိတ်ထားကိုပြင် ချစ်စိတ်ဝင်၍
- သခင်မြင်လှည့် ကြင်စေချင်။

လရိပ်လေး (မောင်းမကန်)
(၁၇- ၁၀- ၂၀၁၄)
http://layeiklay.blogspot.com/

စက္ကန့်တိုင်းပါပဲ........ချစ်သူ


ဘ၀ခရီးကြမ်းမှာ လျှောက်လှမ်းဖို့
အလွမ်းတွေ သော့ခတ်သိမ်းထားချင်ပေမဲ့
အတိတ်အရိပ်တွေက
ရင်ကိုစူးနစ်နေတာ 

စက္ကန့်တိုင်းပါပဲ........ချစ်သူ

လရိပ်လေး (မောင်းမကန်)
(၁၆ .၉ .၂၀၁၄)
http://layeiklay.blogspot.com/