Pages

Wednesday, May 3, 2017

***နှလုံးလှသူ Dr. Richard သို့***


လူပီသစွာနေတတ်ဖို့ လမ်းညွှန်ပေးခဲ့သူ
ဆရာဆိုတာထက်ပိုပြီး အဖေတစ်ယောက်လို အစစအရာရာစိတ်ပူပေးခဲ့သူ၊ 
ကျွန်မရဲ့မျက်နှာကိုကြည့်ပြီးနားလည်စွာကူညီပေးခဲ့သူ။

မြန်မာနိုင်ငံမှာစွန့်ဦးတီထွင်လုပ်ငန်းရှင်တွေပေါ်ထွက်အောင် နည်းပြတွေ မွေးထုတ်ရင်း 
အသက်ကို ပဓာနမထား ကျန်းမာရေးမကောင်းတဲ့ကြားက 
ပညာတွေဖြင့်ပေးဆပ်ခဲ့သူ။

အင်္ဂလိပ်စကားပြောမကျွမ်းကျင်တဲ့ ကျွန်မကို
 ဖြေးဖြေးချင်းပြောပါလို့ အားပေးပြီး နားထောင်ပေးခဲ့သူ

သင်ကြားမှုအတွက် ဂုဏ်ပြုချင်လို့ပါဆိုပြီး
အော်စီ အထိခေါ်ပြီး ငွေကျေးအကုန်ကျခံ အစစအရာရာ
ဂရုစိုက်ပေးခဲ့သူ။

ဗီယက်နာမ်နဲ့ အင်ဒိုနီးရှားနိုင်ငံက ပညာရှင်တွေရှေ့မှာ
မြန်မာဆိုတာ ဂုဏ်ယူစရာဖြစ်အောင် ပံ့ပိုးပေးခဲ့သူ။

ကျွန်မတို့ကန်တော့တဲ့အချိန်မှာ မျက်ရည်ကျပြီး
တစ်ခါမှမကြုံဘူးလို့ ဝမ်းသာကြောင်းပြောခဲ့သူ။

မြန်မာနိုင်ငံအတွက် ငွေတွေထပ်ရှာပြီး
ပညာရေး စီးပွားရေးအတွက် ကူညီပါ့မယ်လို့
မှာလိုက်တဲ့ စိတ်ထားနူညံ့လှသူ။

ဆရာ အခုတော့ ထာဝရထားသွားခဲ့ပြီလေ။

သေခြင်းတရားဆိုတာနားလည်ပါတယ်ဆရာ။

ဒါပေမဲ့ ဒီတစ်ကြိမ်တော့ ဖြေသိမ့်နိုင်စွမ်းတွေပျောက်နေတယ်ဆရာ၊
လောကဓံတရားကို အပြစ်တင်ချင်မိတယ်။

ကျွန်မအတွက် အနှိုင်းမဲ့ဆရာဖြစ်သလို
လူငယ်တွေအတွက်အားကိုးရာ မိတ်ဆွေကောင်းပါ။ 
ဘာကြောင့်အစောကြီးထွက်သွားရတာလဲဆရာ။

ဆရာ့ကျေးဇူးတရားတွေ ပြန်ဆပ်ဖို့
ဆရာပေးခဲ့တဲ့ပညာတွေ အတတ်နိုင်ဆုံး ပြန်လည်မျှဝေနေပါတယ်ဆရာ။

ဆရာဖြစ်စေချင်တဲ့ မသန်စွမ်းလူငယ်တွေ
စီးပွားရေးလုပ်ငန်းတွေလုပ်နိုင်လာအောင် ကူညီဖို့ကြိုးစားနေပါပြီဆရာ။

ဆရာကောင်းရာဘုံဘဝရောက်ဖို့ဆုတောင်းရင်း
ဆရာ့ဖြစ်စေချင်တဲ့ဆန္ဒကိုအတတ်နိုင်ဆုံးဖြည့်ဆည်းပါ့မယ်
နောင်ဘဝဆိုတာရှိခဲ့ရင် ပြန်ဆုံခွင့်ရပါစေလို့
မျက်ရည်ကြားမှ ဆုတောင်းမိပါတယ်ဆရာ။

လရိပ်လေး (မောင်းမကန်)
15.4.2017
http://layeiklay.blogspot.com/
 

No comments:

Post a Comment