Pages

Friday, March 28, 2014

အမေနဲ့အတူ ဘုရားဖူးအမှတ်တရ


 
အမေ နဲ့ ကျောက်တော်ကြီးဘုရားမှာ အမှတ်တရ ...


 မုဆိုးမ ဘ၀နဲ့ ကောက်ညှင်းပေါင်း ပဲပြုတ်ရောင်းပြီး 
သမီးတွေ ကျောင်းထားပေးခဲ့တဲ့ အမေ ...
ရန်ကုန်ကိုတခါမှ မရောက်ဖူးတဲ့ ကျွန်မအမေ..



အမေနဲ့ မယ်လမုဘုရား မှာ အမှတ်တရ

Monday, March 17, 2014

***အရက်သေစာနဲ့ အဖေ့ကြမ္မာ***



“အရက်သေစာ ၊ သောက်စားပါမူ
ခန္ဓာပျက်သုဉ်း ၊ သိက္ခာရှုံး၍
နောက်ဆုံးလားရာ ငရဲသာ”။

အရက်သောက်ရင် အားရှိတယ်။ သွက်လက် ပေါ့ပါးတယ် ဆိုပြီး တစ်ချို့သောသူတွေက အကြောင်း အမျိုးမျိုးပြပြီး သောက်တတ်ကြတယ်။ မြို့နေလူတန်းစားများကြတော့ အသိုင်းဝိုင်း ၀င်ဆန့်ဖို့၊ လူကြီးလူကောင်း ပီသဖို့ သောက်ကြတယ်။ စိတ်ညစ်လို့သောက်တာနဲ့ အပျင်းပြေသောက်တာနဲ့ မိတ်ဖြစ်ဆွေဖြစ်သောက်တာနဲ့ စုံလို့ပါပဲ။ မူးနေတော့ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်၊ သွက်လက် ပေါ့ပါးတာကို “အားတိုးတယ်၊ အလုပ် ပိုတွင်ကျယ်တယ်၊ ခံနိုင်ရည် ရှိတယ်၊ အပူဒဏ်၊ အအေးဒဏ်၊ သဘာဝ ဘေးဒဏ် ခံနိုင်တယ်၊ သတ္တိရှိတယ်”လို့လည်း အလွဲသုံး နေကြသေးတယ်။

ကျေးရွာ များမှာဆိုလည်း အလှူပွဲ၊ မင်္ဂလာပွဲကအစ အသုဘ ရက်လည်အဆုံး အရက် သောက်ကြတယ်။ ဘီယာ အရက် သောက်စားမှုဟာ ယောက်ျားလေးများ သာမက မိန်းကလေးတွေပါ ပါလာတာ တွေ့လာရတယ်။ ဘယ်လိုအကြောင်းပြချက်တွေနဲ့ပဲ သောက်သောက် အရက်ဆိုတာ ကောင်းကျိုးတစ်ခုမှ မပေးသော အရာပဲဖြစ်တယ်။ အရက်ထဲမှာ ပါတဲ့ အယ်လ်ကိုဟောဟာ သွေးပူပြီး လူဣနြေ္ဒကို ထိန်းသိမ်းနိုင်တဲ့ အင်အား အခိုက်အတန့် ပျက်စီးသွားပြီး အထိန်းကွပ် မဲ့စေတယ်။

အရက်သောက်ခြင်းကြောင့် ရောဂါမျိုးစုံဖြစ်နိုင်သလို တောအရက်သောက်သူတွေဟာ တဖြည်းဖြည်း အားအင် ဆုတ်ယုတ်ပြီး ခန္ဓာကိုယ် အသားအရေ ခန်းခြောက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းတဲ့ လက္ခဏာ ပေါ်တယ်။ တစ်ချို့ဆို စွဲလမ်းသွားပြီး စိတ်မူမမှန်တော့တာ တွေ့ရတယ်။ စွဲလမ်းနေရင် “အတ္တာဟိ အတ္တနော နာထော - မိမိကိုယ်သာ ကိုးကွယ်ရာ'' ''ဘယ်သူမပြု မိမိမှု'' ပါပဲ။ အရက်သမား တစ်ယောက်ရဲ့ သားသမီးတွေဟာ လူတွေကြားမှာ အရမ်းသိမ်ငယ်ကြရတယ်။ အရက်ကို ရိုကျိုးပြီး အချိန်လွန်မှ နောင်တရရင်း ဘ၀ကို အဆုံးသတ်သွားရတဲ့ လူတွေလည်း အများကြီးပါပဲ။

* * * * * *

လူအများကြီးထဲကနေ ရင်နင့်စရာ ဇာတ်လမ်းတစ်ပုဒ်သဖွယ် ကျွန်မရင်ထဲ စွဲထင်နေတဲ့ အရက်သမား တစ်ယောက်ရဲ့ အဖြစ်ပျက်ကိုတော့ ဘယ်တော့မေ့မရခဲ့ပါဘူး။ ကျွန်မတို့ အိမ်ဘေးလေးမှာ.. “ဦးကုံးလုံး”အရက်ဆိုင်တဲ့။ အရက်ရောင်းတယ်ဆိုပေမဲ့ အရမ်းစိတ်ကောင်းရှိတယ်။ ရန်ဖြစ်တာ စကားများတာတို့ တစ်ခါမှ မကြားရပါဘူး။ သူ့ဆိုင်မှာ အမြဲတမ်း ပုံသေ ပင်စင် အရက်သမားကတော့ “ဦးဌေးဝင်း” တဲ့။

ဦးဌေးဝင်းမှာ သားသမီး သုံးယောက်ရှိတယ်။ ပန်းရောင်းပြီး မိသားစု အသက်မွေးဝမ်းကျောင်း ပြုကြတယ်။ ဦးဌေးဝင်းကတော့ မီးသတ်အဖွဲ့စည်းမှာ တာဝန်ထမ်းဆောင်တယ်။ ရတဲ့လစာက မိသားစုအတွက် မဟုတ်ပါဘူး။ သူ့အရက်ဖိုးနဲ့တင် ကုန်သွားစမြဲ။ အရက်သမားဆိုပေမဲ့ ကလေးတွေရော လူကြီးတွေရော သူ့ကို အရမ်းချစ်ကြတယ်။ စိတ်ရင်းအရမ်းကောင်းပြီး အေးဆေးနေတတ်ကြတယ်။ ကျွန်မနဲ့ အမေက မနက် လေးနာရီဆို ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ကို ဈေးမှာရောင်းဖို့ ထပြီးပြင်ဆင်ကြတယ်။ အဲဒီအချိန်ဆို အိမ်ဘေးက ဦးကုံးလုံး အရက်ဆိုင်ကို သူရောက်လာပြီး အရက်စသောက်ပါတော့တယ်။ အဲဒီအချိန်ကတည်းက နှစ်နာရီ ခြားလောက် တစ်နေ့လုံး သောက်နေပါတော့တယ်။

* * * * * *

ကျွန်မနဲ့ ဦးဌေးဝင်းသမီး မိနီနဲ့က ကျောင်းနေဖက် သူငယ်ချင်း။ မိနီက ကျောင်းမှာဆို မျက်နှာလေးညှိုးလို့ ကျွန်မကို ရင်ဖွင့်တတ်တယ်။ “သူငယ်ချုင်းရယ်... ငါ့အဖေကလေ အရက်မသောက်ရ မနေနိုင်တော့ဘူး သိလား။ မသောက်ပါနဲ့လို့ ပြောလည်း မရဘူး။ အမေလည်း စိတ်မကောင်း ကိုကိုတို့လည်း စိတ်မကောင်းဖြစ်နဲ့ အိမ်မှာလည်း စိတ်မချမ်းသာကြဘူး။ အမေကလည်း မပြောရက်ဘူး။ အဖေ အရက်သောက်တာတော့ အရမ်းရှက်တယ်”။ မိနီပြောတဲ့စကားတွေကို ကြားရတဲ့ အချိန်တိုင်း ကျွန်မ အရမ်းခံစားခဲ့ရတယ်။ မိနီမှာက အရက်သမားဆိုတဲ့ အဖေ ရှိနေသေးတယ်။ ကျွန်မအဖေက ကျွန်မငယ်ငယ်လေးကတည်းက အရက်ကြောင့် သေဆုံးခဲ့တယ်။ အရက်သမား တစ်ယောက်ရဲ့ သမီးဖြစ်ရပေမဲ့ အဖေဆိုတဲ့ အရိပ်ရှိနေသေးတဲ့မိနီ ကျွန်မထက် ကံကောင်းပါသေးတယ်။ ကျွန်မ တွေးရင်း..

“မိနီရယ်.. ဘာပဲဖြစ်ဖြစ် အဖေရှိနေတုန်း အတတ်နိုင်ဆုံး နားလည်စမ်းပါဟာ၊ အရက်သမားလည်း အဖေပါပဲ။ အဖေ ရှိနေဖို့ အဓိကလေ။ ငါ့မှာဆို အဖေဆိုတဲ့အရိပ်ကလေးတောင် မရှိတော့တဲ့ဘ၀လေ။”

“အေးပါဟာ ငါနားလည်ပါတယ်။ ဘယ်တော့မှလည်း အဖေ့ကို မပြစ်မှားပါဘူး။ တစ်သက်လုံးချစ်သွားမှာပါ။”

မိနီ သူ့အဖေကို တအားဂရုစိုက်ခဲ့တယ်။ သူ့အကိုဆို အရက်ဆိုင်ထိ သွားဝယ်ပြီး တိုက်တယ်။ ကျွန်မလည်း အဖေငတ်တဲ့သူမို့ ဦးဌေးဝင်းကို အဖေလိုပဲ ချစ်ခဲ့တယ်။ အားတဲ့အချိန်တိုင်း မိနီတို့အိမ်မှာ ကစားကြတယ်။

* * * * * *

အချိန်တွေသာ ပြောင်းတယ် ဦးဌေးဝင်းရဲ့ အရက်သောက်ခြင်းကတော့ ဘယ်တော့မှ မပြာင်းပါဘူး။ ကျွန်မတို့ ရှစ်တန်းရောက်တဲ့နှစ်မှာပေါ့။ ကျောင်းဖွင့်ခါနီး မိနီဆီ လိုက်သွားခဲ့တယ်။ သူ့အဖေက ပက်လက်ကုလားထိုင်မှာ ထိုင်နေတယ်။ သူ့အမေက ပန်းတွေသီနေရင်း ..

“ယောက်ျားရယ်.. အရက်မသောက်ပါနဲ့တော့လား၊ သမီးလေးလည်း အရွယ်ရလာပြီ ရှက်မှာပေါ့။ ရှင့်မှာလည်း မနက်လေးနာရီကနေစပြီး သောက်လိုက်တဲ့အရက် အိပ်မှနားတော့တယ်။ သမီးလေးက ရှင့်ကို အရမ်းချစ်တာ။ ဘယ်တော့မှ အဖေ မကောင်းကြောင်းမပြောဘူး။ ရှင်ဘာသာ နားလည်စမ်းပါ ရှင်ရယ်။”

ကျွန်မ ကြည့်လိုက်တော့ ဦးဌေးဝင်း မျက်နှာမှာ နောင်တအရိပ်တွေ ယှက်သန်းလို့ ၊ “မိန်းမရယ်... ငါလည်း ကြိုးစားကြည့်ပါတယ်ကွာ။ မနေနိုင်ပဲ တအားခံရခက်တော့ ပြန်သောက်ရပြန်တာ။ အင်း.. ငါ့သမီး အတွက်ဆိုတော့ ငါကြိုးစားကြည့်အုံးမယ်ကွာ။”

“သမီးရယ် အဖေ ငါ့သမီးအတွက် အရက်ဖြတ်မယ်သိလား”

သူ့သမီးကို ပွေ့ဖက်ရင်း ဦးဌေးဝင်း ပြောလိုက်သည်။

* * * * * *

ကျွန်မ သူတို့မိသားစုကိုကြည့်ပြီး ၀မ်းသာခြင်း ၀မ်းနည်းခြင်း နှစ်မျိုးစလုံးကို ခံစားရတယ်။ အရက်၏ကျေးကျွန်ဖြစ်နေသော အဖေ။ သမီးအတွက် အားတင်းရင်း အရက်ဖြတ်မယ် ပြောသောအဖေ၊ မိဘတိုင်းသည် သားသမီးအတွက်ဆို အရာရာကို စွန့်လွှတ်ရဲသည့် စိတ်ဓာတ်ကို ကျွန်မတွေ့ခဲ့တယ်။ မိနီအဖေ အရက်ဖြတ်မယ်ဆိုတာကို မိနီနဲ့ထပ်တူ ပျော်ခဲ့မိတယ်။ အမေ့ကိုလည်း ပြောပြခဲ့တယ်။

“အမေ မိနီ အဖေက အရက်ဖြတ်တော့မယ်တဲ့ သိလား။ မိနီ အရမ်း ပျော်နေတယ်။ သမီးလည်းပျော်တယ်။”

“သမီးရယ်... အရက်ကို အလွန်ကျွံသောက်ပြီး အခုချိန်မှဖြတ်လို့ ရအုံးမလား။ ဖြတ်ရင်လည်း ကြာကြာခံမယ် မထင်ပါဘူး။”

“ဟင်... ဟုတ်လား၊ အဲလိုဖြစ်တတ်လား အမေ”။

“ဖြစ်တာပေါ့ သမီးရယ်၊ စောင့်ကြည့်လေ.. အမေကတော့ ဦးဌေးဝင်း အရက်ဖြတ်နိုင်လောက်မယ် မထင်ပါဘူး။”

* * * * * *

အမေ့ စကားကြောင့် မိနီ အဖေတွက် စိုးရိမ်နေမိတယ်။ သမီးအတွက် ပေးဆပ်တဲ့ ဖခင်မေတ္တာက အံ့သြလောက်ပါရဲ့။ မိနီအဖေ တကယ်အရက် မသောက်တော့ပါဘူး။ အိမ်မှာပဲ အနားယူနေတာ တွေ့ရတယ်။ မိနီလည်း အရမ်းပျော်နေခဲ့တယ်။ အရက်ဖြတ်ပြီး တစ်ပတ်လောက်ကြာတော့ မိနီ ရောက်လာပြီး..

“သူငယ်ချင်းရေ... အဖေ နေမကောင်းဘူး၊ ထမင်းလည်းမစားဘူး၊ အရက်ဖြတ်လိုက်လို့ ထင်တယ်၊ အရက်ပြန်သောက်ခိုင်းတာလည်း မသောက်ဘူး၊ အမေလည်း ငိုနေတယ်၊ ကိုကိုလည်း ငိုနေတယ်၊ ငါ့ကြောင့် အရက်ဖြတ်လို့ အဖေနေမကောင်းဖြစ်တာ။”

ပြောရင်း မိနီငိုပြန်သည်။ ကျွန်မလည်း “နေကောင်းလာမှာပါ။ သိပ်မစိုးရိမ်ပါနဲ့ ဖြတ်ခါစမို့ ထင်တယ်။ စိတ်မကောင်း အရမ်းဖြစ်နေနဲ့နော်”လို့ နှစ်သိမ့်လိုက်တယ်။ မိနီပြန်သွားတယ်။ ကျွန်မလည်း စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့တယ်။

* * * * * *

နောက်တစ်နေ့ မနက်လေးနာရီထိုးတော့ အသံချဲ့စက်က တရားဖွင့်သံ ကြားရပါတယ်။ အမေက “ဘယ်သူပါလိမ့်၊ စောစောစီးစီး တစ်ယောက်တော့ ရွာထဲမှာ ဆုံးပြီ”တဲ့။ ကျွန်မတို့ရွာမှာ လူတစ်ယောက် သေပြီဆိုတာနဲ့ တရားသံ အရင် ကြားရစမြဲလေ။ မနက်လင်းတော့ စိတ်မကောင်းစရာ သတင်းက ရင်ဝကို လာဆောင့်တယ်။ “မိနီ အဖေ ဆုံးတာ”တဲ့လေ။ ကျွန်မ ချက်ချင်းလိုက်သွားတော့ မိနီ တို့ မိသားစုတွေ အကုန်လုံးငိုနေကြတယ်။

“ယောကျာ်းရယ်.. ရှင်နေမကောင်းဖြစ်တုန်း အရက်ပြန်သောက်ပါလို့ ပြောပါရဲ့နော်၊ သမီးအတွက် ဘယ်တော့မှ ပြန်မသောက်တော့ဘူးဆိုပြီး ရှင့်အသက်ကို စတေးခဲ့တာ ကျွန်မဘယ်လို ဖြေရမလဲရှင်။”
မိနီအမေရဲ့ငိုသံက ကျွန်မကို ဆီးကြိုလို့။ မိနီကလည်း ငိုထားလို့ မျက်လုံးတွေ မို့အစ်နေသည်။ ကျွန်မကို မြင်တော့ ....

“သူငယ်ချင်းရယ်.. အဖေနေမကောင်းတော့ ဆရာဝန် ခေါ်ပါသေးတယ်။ အရက်သောက်တာများလို့ အသည်းစကာပေါက်ဖြစ်နေပြီ မရတော့ဘူးလို့ ပြောတယ်။ ငါတို့လည်း အဖေ့ကို သနားတာနဲ့ အရက်ပဲပြန်သောက်ပါလို့ ပြောကြသေးတယ်။ အဖေက လုံးဝပြန်မသောက်တော့ဘူးတဲ့လေ။ အခုတော့ အဖေဆုံးပြီ။ အဲဒီအရက်ကို ငါမုန်းတယ်။”

မိနီ နာကြည်းစွာပြောနေတယ်။

* * * * * *

အရက်ကြောင့် ကျွန်မအဖေသေခဲ့သလို အခု မိနီအဖေ သေပြန်ပြီ။ အရက်ဆိုတဲ့ သေမင်းတမာန်တွေက ကျွန်မတို့ အဖေတွေကို အားမနာစတမ်း ခေါ်သွားကြပြီ။

ဒါကြောင့် လူသားတိုင်း ဘ၀ကိုဖျက်ဆီးတတ်တဲ့ အရက်ကို ရှောင်ကြဉ်ကြကာ
“ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊
ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊
မလုံ အင်္ဂါ၊ ပညာ နည်းရှား၊
ဤ ၆-ပါးကား၊ သောက်စားသေစာ အပြစ်တည်း။” ဟူသော ဆောင်ပုဒ်အရ အရက်သေစာသောက်စားခြင်း၏ အပြစ်ကိုလည်း သိထားကြရင်း သင်ခန်းစာယူနိုင်ကြပါစေရှင်။

လရိပ်လေး (မောင်းမကန်)
( Dec 27, 2013 )

တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် အတွဲ(၂) အမှတ်(၅) မှ

Thursday, March 13, 2014

“ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်ဖို့”


လောကကြီးမှာ လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ ဘဝမျိုးစုံနဲ့ ရုန်းကန်ကြရတယ်။ ဆင်းရဲခြင်း ချမ်းသာခြင်း၊ ရာထူးဂုဏ်ရှိန်ဝါမြင့်ခြင်း နိမ့်ခြင်း၊ အမျိုးမြတ်ခြင်း နိမ့်ခြင်း၊ ရုပ်ရည်လှပခြင်း အကျဉ်းတန်ခြင်း စသဖြင့် ပုံသဏ္ဌာန်မျိုးစုံဖြင့် ဘ၀ကိုဖြတ်သန်းကြရတယ်။ ဒီလိုဖြတ်သန်းမှုများ မတူညီခြင်းကို အတိတ်ကံကွဲပြားမှုကြောင့်လို့ သတ်မှတ်ထားပါတယ်။ အတိတ်ကံကြောင့် ရလာတဲ့အကျိုးတရားတွေကိုလည်း ပစ္စုပ္ပန်ဉာဏ်ဝီရိယနဲ့ ပြုပြင်ယူလို့ ရပါတယ်။

ကျွန်မ စာရေနည်းအခြေခံလမ်းညွှန်သင်တန်း တက်ရောက်စဉ်က စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ) ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “ဒီနေ့သင်တန်းကပြန်ရင် ရွှေတိဂုံဘုရားကို ၀င်ဖူးလိုက်ပါ၊ မနက်ဖြန် သင်တန်းပြန်လာတက်တဲ့ချိန်ကျရင် မနေ့ကလုပ်ထားတဲ့ကုသိုလ်ဟာ သင့်အတွက် အတိတ်ကံပေါ့၊ အရင်ဘဝက မလုပ်လာလို့ အတိတ်ကုသိုလ်ကံမရှိရင် အခုဘဝမှာ ကုသိုလ်ရအောင် နေ့တိုင်းကျင့်ကြံပါ”တဲ့။ အရမ်းတန်ဖိုးရှိတဲ့ စကားလေးပါ။

ဒါကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ အဆင်မပြေမှုများနဲ့ ကြုံတွ့ရတဲ့အချိန် အတိတ်ကံ မကောင်းလို့ပါဆိုပြီး စိတ်ဓာတ် မကျစေချင်ပါဘူး။ မွေးဖွားခြင်းနဲ့စပြီး သေဆုံးခြင်းနဲ့ပြီးဆုံးရမဲ့ လူ့ဘဝမှာ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာရမှာမို့ မကောင်းမှုကိုရှောင်ပြီး ကောင်းတာကို နေ့စဉ်အလေးထား လုပ်ဆောင်သွားမယ်ဆိုရင် လူတိုင်းကံကောင်းလာပြီး ဘဝမှာ အဆင်ပြေမှုများနဲ့ ထိပ်တိုက် ရင်ဆိုင်လာရမှာပါ။

ဘဝတစ်ခုမှာ အတိတ်ကံဆိုတာ မူရင်းဖြစ်သော်လည်း လက်ရှိဘဝမှာ ဉာဏ် ဝီရိယက အဓိက ကျပါတယ်။ ထို့ကြောင့် မဃဒေဝလင်္ကာ (ပိုဒ်ရေ ၂၄၅)၌ “ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဉာဏ် ဝီရိယ၊ ပယောဂတည့်”ဟု၎င်း၊ “လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလဲကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ယှိအပ်စွတည်း၊”ဟု၎င်း ကျေးဇူးတော်ရှင် မာန်လည်ဆရာတော်ဘုရားကြီးက ရေးသားတော်မူခဲ့ပါတယ်။

အတိတ်ကံကို ပစ္စုပ္ပန်ဉာဏ်ဝီရိယနဲ့ပြင်လိုက်လို့ မင်းအဖြစ်စိုးစံရတဲ့ နန်းသက်ရှည်သွားတဲ့ မင်းတစ်ပါး အကြောင်းကို တင်ပြချင်ပါတယ်။

သီဟိုဠ်ရာဇဝင်မှာ “ဝသဘမင်း”ဆိုတာ ရှိခဲ့ဖူးပါတယ်၊ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘဝတုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေ,နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက “ဝသဘအမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်”လို့ ဟောပြော လာကြပါတယ်။ ဒီစကားကြားရတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ဝသဘအမည်ရတဲ့သူ အားလုံးကို သတ်စေလို့ မိန့်ပါတယ်။ ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေတဲ့ ဝသဘကို မင်းဆီအပ်ဖို့ မယားလုပ်သူကို ပြောပါတယ်။ ရာထူးတိုးချင်တာလည်း ပါမှာပါ။ နံနက်စောစောရောက်တော့ စစ်သူကြီးက ဝသဘကို အသာခေါ်ပြီး မင်းနန်းတော်ကို ထွက်ခဲ့ပါတယ်။ ဝသဘကို သတ်ဖို့ခေါ်သွားပြီဆိုတာ သိထားတဲ့ စစ်သူကြီးရဲ့မယားက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်းတော် တံခါးဝရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာ တွေ့တာနဲ့ ဝသဘကို အိမ်ပြန်ပြီး ထုံးယူစေပါတယ်။ ဝသဘက အိမ်ရောက်တော့ စစ်သူကြီးရဲ့မယားက သူကြံစည်တဲ့အတိုင်း ဖြစ်လာလို့ ဝမ်းသာအားရနဲ့ပဲ “ဝသဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီအပ်ပြီးသတ်မှာ၊ ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့”ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်။ ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော်တွေကလည်း သူ့ကိုကြည့်ရှုထားကြပါတယ်။

ဒီလိုနဲ့နေရင်း တစ်နေ့မှာ ပညာရှိ လူနူတစ်ယောက်က ဝသဘရဲ့ ဇာတာကိုကြည့်ပြီး “သင်မင်းဖြစ်လိမ့်မယ်” လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားရတော့ ၀မ်းမြောက်ဝမ်းသာနဲ့ပဲ သတ္တိရှိတဲ့ ယောက်ျားတွေ စုရုံးပါတယ်။ အတော်အတန် စုမိတော့ “မုန့်သည်မသားသည် မုန့်အနားက စ၍ စားရသည်”ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့စွန် ရွာစွန်က စပြီး သိမ်းပါတယ်။ လိုရင်းကို ပြောရရင်တော့ နောက်ဆုံး ဝသဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

ဝသဘ မင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှစ်နှစ်လောက် မင်းပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်။ ဟူးရားပညာရှိတွေက တွက်ချက်ပြီး “(၁၂)နှစ် မင်းပြုရမယ်”လို့ ဟောလိုက်ပါတယ်။ ဝသဘမင်းက ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီနောက် ရဟန်း၊ သံဃာတွေဆီ ချည်းကပ်ပြီး “အရှင်ဘုရားတို့၊ မင်းသက် ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်းမှု ရှိပါသလားဘုရား” လို့ လျှောက်ထားပါတယ်။

ဒီတော့ သံဃာတွေက- “ဝသဘမင်းမြတ်၊ ရေစစ်လှူပါ၊ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ၊ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ကျောင်းဆောင် စေတီဟောင်းတွေကို ပြုပြင်ပါ၊ ငါးပါးသီလကို နေ့စဉ်စောင့်ထိမ်းပါ၊ ရှစ်ရက်ဥပုသ် ဆယ့်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ ကိုးပါးသီလကို စောင့်ထိန်းပါ။ ဒါဆို မင်းသက် ရှည်လိမ့်မယ်”လို့ မိန့်လိုက်ပါတယ်။ ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်။ ကုသိုလ်ကောင်းမှုများ မပြတ်ပြုလုပ်ခဲ့လို့ ဝသဘမင်းဟာ (၄၄)နှစ် နန်းစံခဲ့ရတယ်။ ဝသဘမင်းဟာ သူရဲ့အတိတ်ကံအရ နန်းသက်တမ်း (၁၂)နှစ်ပဲ ရှိခဲ့ပေမဲ့ အတိတ်ကံကို ပစ္စုပ္ပန်ဥာဏ်ဝီရိယနဲ့ ပြုပြင်လိုက်တဲ့ ကောင်းမှုကုသိုလ်ရဲ့ အကျိုးအဆက်ကြောင့် (၄၄)နှစ် နန်းစံခဲ့ရတာပါ။

ယင်းသို့ ဉာဏ်ဝီရိယဖြင့် ပြုပြင်နည်းများကို “ရေစစ်,ဆေး,ကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်,အဋ္ဌ၊ သီလမည်သာ၊ ဤခြောက်ဖြာလည်း၊ ဒီဃာယုက၊ ပုညခေါ်ရိုး၊ ကျင့်တမျိုးတည့်၊”ဟု မှတ်သားနိုင်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ရာထူးဌာနန္တရနှင့် ပတ်သက်ပြီး ကံဆိုးနေတဲ့အချိန်ကျရင် ဝသဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို ပြုပြင်ယူကြပါ။ ဘယ်လောက်ပဲဆိုးနေတဲ့ ကံဖြစ်ပါစေ နေ့စဉ်လုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှု (၅)မျိုးနဲ့လည်း ပြုပြင်ယူလို့ ရပါတယ်။ ကုသိုလ်(၅)မျိုးကတော့ ဒါနရယ်၊ သီလရယ်၊ ဂုဏ်တော်ရယ်၊ မေတ္တာရယ်၊ ဝိပဿနာရယ်ပါ။ ဒါနလို့ဆိုရာမှာ ဘုရားတည်၊ ကျောင်းဆောက်မှ အလှူအတန်း ကြီးကြီးမားမား ပြုလုပ်မှ မဟုတ်ပါဘူး၊ လမ်းဘေးမှာ တောင်းစားနေတဲ့ သူတောင်းစားလေးတွေကို မုန့်ဖိုးပေးလိုက်တာလဲ ဒါနပါပဲ၊ ငှက်ကလေးတွေကို အစာကျွေးတာလည်း ဒါနပါပဲ။ သီလဆိုတာကတော့ လောကီထဲမှာ ရှင်သန်နေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက် စောင့်ထိန်းနိုင်ရင် တော်ပါပြီ။ ဂုဏ်တော်ဆိုတာကတော့ ဂုဏ်တော်ကိုးပါးထဲက တစ်ပါးပါးကို ပါဠိရော အနက်ရော သိအောင်လုပ်ပြီး ရွတ်ပွားနေရုံမျှဖြင့် ဂုဏ်တော်က ပြန်လည်စောင့်ရှောက်မှာ အသေချာပါပဲ။ ဥပမာ “အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ - ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော မြတ်စွာဘုရား” ဆိုပြီး စိတ်ထဲက ပွားများနေခြင်းကို ဆိုလိုပါတယ်။

မေတ္တာဆိုတာကတော့ ပွားများရတာပါ။ မေတ္တာပွားတဲ့နေရာမှာ ပထမကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင်နတ်ကောင်း နတ်မြတ်အားလုံးကို ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေပေါ့။

ဝိပဿနာကတော့ ကျင့်ကြံအားထုတ်ရတာပါ။ ကိုယ်အားထုတ်ဖူးတဲ့ နည်းအတိုင်း အားထုတ်ကျင့်ကြံ နိုင်ပါတယ်။ ကုသိုလ်(၅)မျိုးကို နေ့တိုင်းလုပ်ဖြစ်အောင် ကျွန်မတို့ ကြိုးစားကြပါစို့။ မနက်အိပ်ရာထပြီဆိုတာနဲ့ ကိုယ်လက်သန့်စင်ပြီး ဘုရားခန်း အရင်ဝင်လိုက်ပါ။ ဘုရားသောက်တော်ရေ ကပ်လိုက်ပါ။ ငါးပါးသီလ ခံယူလိုက်ပါ။ ပြီးရင်ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ်ပွားပါ။ ဘဝတစ်နေ့တာရဲ့ အစကို ကုသိုလ်(၅)မျိုးနဲ့ စလိုက်တာဟာ အရမ်းကို တန်းဖိုးရှိစွာနဲ့ ဘဝကို ဖြတ်သန်းလိုက်တာပါပဲ။ ဘုရားရှိခိုးပြီးတာနဲ့ အမျှဝေပေးလိုက်ပါ။ အရာအားလုံး ငြိမ်းချမ်းသွားမှာ အသေချာပါပဲ။

ကျွန်မတို့မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ ပထမဆုံး ကံကောင်းခြင်းပါ။ ဒုတိယကံကောင်းခြင်းကတော့ ဘာသာတရားကို အခြေခံပြီး နေ့စဉ်ကောင်းမှုကုသိုလ် လုပ်ခွင့်ရခြင်းပါပဲ။ အဲဒီလိုကောင်းမှုကုသိုလ်ကို လွယ်ကူစွာ ပြုခွင့်ရပါရဲ့နဲ့ မပြုလုပ်မိခဲ့ရင်တော့ အလင်းကို မြင်ခွင့်ရပါရက်နဲ့ အမှောင်ထဲ တိုးဝင်နေသလို ဖြစ်နေမှာပါ။ ဒါကြောင့် ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဗုဒ္ဓဘာဘာသာဝင်တစ်ယောက်ဖြစ်ပြီး ကံကောင်းခြင်းတွေကို ထာဝစဉ်ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ်ကုသိုလ်(၅)မျိုးကို မဖြစ်မနေပြုလုပ်ရင်း အတိတ်ကံကို ပစ္စုပ္ပန်ဉာဏ်ဝီရိယနဲ့ ယှဉ်တွဲပြုပြင်ရင်း ပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

လရိပ်လေး(မောင်းမကန်)
(Jan 23, 2014)


တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် အတွဲ(၂) အမှတ်(၆) မှ

Wednesday, March 5, 2014

***အမေ့ရင်ခွင်ဆီ***


ညအမှောင်ထုရဲ့ ကြီးစိုးမှုအောက် လရောင်လေးက မှိန်မှိန်..
ညကိုအလှဆင်တဲ့ ကြယ်ကလေးတွေနဲ့ ကောင်းကင်ကြီးက လှပနေပေမဲ့ မြေပြင်မှာတော့ တဲစုတ်သာသာ အိမ်ကလေးထဲမှာ ကျွန်မရယ် အမေရယ် ဘာမှန်းမသိသေးတဲ့ ကျွန်မရဲ့ သမီးလေးရယ်ပေါ့။ အမေနဲ့ သမီးလေးကတော့ အိပ်ပျော်လို့ပေါ့။ ကျွန်မကတော့ တိတ်ဆိတ်တဲ့ညကို အတွေးတွေနဲ့ ကျော်ဖြတ်ရင်း လှပတဲ့အနာဂတ် အိပ်မက်လေးကို မက်ခွင့်ရအောင် ဒီနေ့နဲ့မနက်ဖြန် ချိတ်ဆက်မှုအတွက် စီးမျောလိုက်ပါရင်း အိပ်ပျော်အောင် ကြိုးစားအိပ်လိုက်ပါတော့တယ်။

မနက် လေးနာရီ ရွာဦးကျောင်းက အုန်းမောင်းခေါက်သံနဲ့အတူ ကျွန်မ နိုးထလာခဲ့တယ်။ အမေ့အတွက် ဆွမ်းကပ်ဖို့နဲ့ ဘုရားရှိခိုးဖို့ ကျွန်မ ပြင်ဆင်နေခဲ့တယ်။ "အမေ..ရေ ဆွမ်းတော်ကပ်လို့ရပြီနော်"လို့ ပြောလိုက်ပြီး မကြာခင်မှာပဲ အမေ့ရဲ့ ဘုရားရှိခိုးသံလေးက အိမ်ကလေးထဲမှာသာယာလို့ပေါ့။

အမေ ဘုရားရှိခိုးနေချိန် သမီးလေးနဲ့ အမေ့အတွက် မနက်စာစားဖို့ ပဲပြုတ်လေးနဲ့ စိမ်းစားငပိဖုတ် ဆီဆမ်းလေးကို ပြင်ဆင်ထားလိုက်တယ်။ ပြီးတာနဲ့ သမီးလေးကို နိုးလိုက်ပါတယ်။ "အဖွားနဲ့မြေး အတူတူ စားမယ်မလားသမီး၊ ပြီးရင် ကျောင်းသွားမယ်နော်"လို့ ပြောတော့ သမီးလေးကလည်း ခေါင်းလေးညိတ်လို့ ထလာတယ်။

ပြင်ဆင်ပြီးတာနဲ့ မြေးအဘွားနှစ်ယောက် ထမင်းစားတော့ အမေက "သမီးလည်း တစ်ခါတည်း ၀င်စားလေ"တဲ့။ စားစရာလေး မလောက်မငကို အမေနဲ့သမီးဘဲ စားစေချင်လို့ "အမေရယ် သမီးမဆာပါဘူး မစားချင်ဘူး"လို့ဖြေခဲ့တယ်။ အမေနဲ့သမီးကို ငေးကြည့်ရင်း "မချမ်းသာပေမဲ့ ပြည့်စုံတဲ့ မိသားစုလေးဖြစ်အောင် ငါဖန်တီးသင့်တယ်"လို့ ကျွန်မ တွေးနေမိတယ်။

* * * * *

အဲဒီအချိန်လေးမှာ သမီးလေးက "အမေ.. ဒီလ အစမ်းစာမေးပွဲမှာ ပထမရရင် ဂါဝန်လေး ၀ယ်ပေးနော်"တဲ့။ ကျွန်မလေးတွဲ့စွာနဲ့ "အင်း"လို့ ဖြေခဲ့တယ်။ တဒင်္ဂအတွင်းမှာဘဲ ဆုံးဖြတ်ချက် တစ်ခုကို ချလိုက်တယ်။

နောက်တစ်နေ့ မနက်ရောက်တော့ "အမေ"လို့ ကျွန်မခေါ်တော့ အမေက "ပြောလေ သမီး.. ဘာပြောမှာလဲ"တဲ့လေ။ မျက်နှာအရိပ်အကဲ သိနေတဲ့အမေက မေးတော့ ကျွန်မ မျက်ရည်ဝဲလာမိတယ်။ "အမေ.. သမီးလေ သူများနိုင်ငံမှာ အလုပ်သွားလုပ်မယ်နော်"လို့ အားတင်းပြီး ပြောလိုက်တယ်။ "မသွားပါနဲ့လားသမီးရယ်"တဲ့။ အမေနဲ့ သမီးလေးအတွက် သွားခွင့်ပြုဖို့ အမေ့ကို ထပ်ပြောတော့မှ အမေက သမီးသဘောပါလေတဲ့။

ကျွန်မလေ နောက်နေ့ရောက်တော့ ကျွန်မ အသက်နဲ့ထပ်တူ ချစ်ခဲ့ရတဲ့ အမေနဲ့ သမီးလေးကို ရင့်နာစွာနဲ့ ခွဲပြီး ထွက်လာခဲ့တော့ အမေက ငိုလို့သမီးကလည်းငိုလို့ပေါ့။ ဒါပေမဲ့ နောက်မဆုတ်တဲ့ ခြေလှမ်းတွေနဲ့ ကျွန်မ အနာဂတ် အိမ်မက်အတွက် အားတင်းလို့ လျှောက်လာခဲ့ပါတော့တယ်။

သဘာဝအလှတွေ ပြည့်စုံတဲ့ မြန်မာပြည်ကြီးကို ထားခဲ့လို့ ရောင်စုံအလှတွေနဲ့ ဆင်ယင်ထားတဲ့ ထိုင်းနိုင်ငံကို ကျွန်မ ခြေချလိုက်မိတော့တယ်။ အလုပ်လုပ်နေပေမဲ့ အမေနဲ့ သမီးဆီ အမြဲဖုန်းဆက်ခဲ့ပါတယ်။ ဖုန်းဆက်တိုင်း အိမ်ကိုလွမ်းလို့ ငိုရင်းပေါ့။ စိတ်ထဲကလည်း အမြဲဆုတောင်းနေမိတယ် "အခုလိုမျိုး မိသားစုနဲ့ ဝေးကွာနေရတဲ့ ဘ၀မျိုးမကြုံရပါစေနဲ့တော့"လို့။

* * * * *

အလွမ်းစိတ်တွေကို အားတင်းဖြေဖျောက်ရင်း ကျွန်မအိမ်ကို လတိုင်း ပိုက်ဆံပို့ပေးခဲ့တယ်။ "တစ်သက်ပျော်ချင် သစ်ပင်စိုက်" ဆိုတဲ့အတိုင်း အမေက စုဆောင်းလို့ ခြံလေးတစ်ခြံ ၀ယ်ထားလိုက်တယ်လေ။ အချိန်က ကုန်မှန်းမသိ ကုန်ရင်း ကျွန်မ အိမ်က ထွက်လာခဲ့တာ ၅-နှစ်တောင် ရှိခဲ့ပေါ့။

အမေဆီ ဖုန်းဆက်တော့ အမေက "သမီးရေ.. ပြန်လာတော့နော်၊ အမေ လွမ်းလှပြ်ီ၊ မြေးလေးလည်း လွမ်းလှပြီ၊ အမေတို့ ခြံလေးလည်း အသီးလေးတွေ စားလို့ရပြီ"တဲ့လေ။ ကျွန်မ ပျော်လိုက်တာ အရမ်းဘဲလေ။ "လကုန်လောက် ပြန်လာမယ်နော် အမေ"လို့ ကျွန်မ ၀မ်းသာအားရ ပြောလိုက်တယ်။ အလုပ်လုပ်ရတာလည်း ပျော်လွန်းလို့ ပင်ပန်းမှန်းတောင်မသိတော့ပါဘူး။

* * * * *

ကျွန်မ အပျော်ကမကြာလိုက်ပါဘူး။ အမေ နောက်တစ်ပတ်ကျတော့ ဖုန်းဆက်လာတယ်။ "သမီးရေ"လို့ ခေါ်ပြီး အမေ ဘာမှဆက်မပြောဘူးလေ။ ကျွန်မ စိတ်ပူလာတယ်။ "အမေ ပြောလေ၊ ဘာဖြစ်လဲ? သမီး နေမကောင်းတာလား? အမေနေမကောင်းတာလား?" လို့ စိုးရိမ်စိတ်တွေနဲ့ တရစပ်မေးတော့မှ အမေက "အမေတို့ခြံလေးကို အစိုးရက လိုအပ်လို့ လာသိမ်းလိုက်ပြီ"လို့ ပြောပြီး အမေငိုပါလေရော။

ကျွန်မ ဘာဆက်လုပ်ရမလဲ? ဘာဆက်တွေးရမလဲ ? အဲဒါ ကျွန်မရဲ့ ညံ့ဖျင်းမှုလား? ကံကြမ္မာလား? လောကဓံရဲ့ ရိုက်နှက်ချက်လား? ၀ဋ်ကြွေးလား? ကျွန်မ နာကျင်စွာတွေးရင်း ငိုချလိုက်မိပါတော့တယ်။ ပြီးမှကျွန်မ အမေ့ကို ပြန်ပြောလိုက်ပါတယ်။ "အမေ.. သမီး ပြန်လာတော့မယ်နော်"လို့။ မမြဲခြင်း သင်္ခါရတရားရဲ့ အောက်မှာ အမေ့မေတ္တာကို ခံယူလို့ သမီးလေးကို မေတ္တာတရားတွေ ပေးဆပ်ရင်း ပူလောင်မှုကင်းတဲ့ တဲစုတ်လေးဆီ ပြန်တော့မယ်လို့။

လောကရဲ့ အရုပ်ဆိုး အကျည်းတန်မှုတွေထဲက အလှပဆုံး ရွေးချယ်မှု တစ်ခုကို ကျွန်မ ပြုလုပ်လိုက်ပါတော့တယ်။ ကြိုးစားမှုနောက်ကွယ်မှာ အောင်မြင်မှုက အစဉ်ရှိပြီးသားပါ။ ဒါပေမဲ့ အောင်မြင်မှုတိုင်းကို ဖမ်းဆုပ်ယူလို့မရဘူး။ ဖြစ်ပြီးရင် ပျက်တတ်တဲ့ လောကမှာ လုပ်သင့်တာလုပ်ဆောင်လို့ ရှိသမျှနဲ့ ရောင့်ရဲတင်းတိမ်ရင်း ဘ၀ကို ဖြတ်သန်းတော့မယ်လို့ ကျွန်မ မိုက်မဲစွာဘဲ ဆုံးဖြတ်လိုက်မိပါတော့တယ်။

အော် အနိစ္စ.. ဒုက္ခ.. အနတ္တ..တဲ့။ ဘယ်သူ့လက်တွင်းမှာပါလိမ့်? ယမမင်းဆီမှာလား? လောကမှာလား? ဒါမမဟုတ်ခဲ့ရင် ကျွန်မဆီမှာလားလေ။ မမြဲခြင်းတရားတွေကို လက်ကိုင်ထားလို့ မနက်ဖြန်တွေကို ချောင်းကြည့်ရင်း အထီးကျန် ရိက္ခာထုပ်လေးနဲ့ ဘ၀ကို နှစ်သိမ့်ရင်း အမေ့ရင်ခွင်ဆီ ပြန်ပါတော့မယ်။

လရိပ်လေး(မောင်းမကန်)
(Saturday, August 25, 2012)

Monday, March 3, 2014

****ဗျာပါဒဝေ တို့မြန်ပြည်*****


တို့ပြည် မြန်မာ
သာပါစမေး။
ပါတီစုံ အုပ်စုကွဲကာ
လုယက်သူ အတ္တသမားတွေကြောင့်
ဗျာများနေသေး။

တို့သာသနာ
သာပါစမေး။
ရှေးလက်ရာ သိမ်တော်ကြီးကိုပင်
ဖျက်ဆီးသူ ခရိုနီများတွေကြောင့်
ဗျာများနေသေး။

တို့လယ်ယာတွေ
သာပါစမေး။
ခေတ်မှီဖို့ ဗန်းပြလျက်
သိမ်းပိုက်ကြ လူယုတ်များကြောင့်ကွယ်
ဗျာများနေသေး။

တို့ပြည်သူတွေ
ကြည်ဖြူစမေး။
မလှန်သာ အာဏာစက်တွေနဲ့
ကျင့်ပျက်သူ ခေါင်းဆောင်များကြောင့်ကွယ်
ဗျာများနေသေး။

ဒီမိုကရေစီ ဆီ
လှမ်းပြီလားမေး။
ခုဖြစ်အင် ပြည်အရေးတွေကြောင့်
ဝေးလှပါသေး။

လရိပ်လေး(မောင်းမကန်)
(၃ . ၃ ၂၀၁၄ )

Sunday, March 2, 2014

***ရင်နာစရာ လယ်တီသိမ်မဟာ***


သာသနာ့မြေ တည်တံ့စေမည့်
ဤနေရာကား မြန်မာများစွာ
အားထားရည်မျှော် ဆရာတော်ကြီး
စံပျော်ခဲ့ရာ သိမ်တော်ရာမို့
စဉ်သာလေးစား ထိန်းသိမ်းထား။

ခုချိန်ခါဝယ် သိမ်ကိုဖယ်၍
မြေ၀ယ်ရှင်များ ခေတ်စီးပွားကြောင့်
ပျက်ပြားတော့မှာ အသေချာမို့
သံဃာတော်များ တောင်းဆိုငြားလည်း
ဖယ်ရှားလို့ကွယ် ပစ်ခတ်တယ်။

ပြည်သူတို့တွေ တောင်းဆိုပေလည်း
ဤမြေကိုမက် လူရက်စက်များ
လက်နက်ကိုင်ကာ နှိပ်စက်ပါ၏
ဘယ်မှာဗုဒ္ဓ မေးကြရအောင်
လုပ်ပြနေတာ ရင်နာစရာ။

ဗုဒ္ဓဘာသာ ပြည်မြန်မာဟု
ဝင့်ကာကြွားဘွဲ့ နေလာခဲ့လည်း
လုပ်မဲ့စနစ် နည်းနာသစ်များ
သည်ခေတ်တရား ကျင့်ဖောက်ပြား၍
တို့များဘာသာ ပျက်သုဉ်းလာ။

ခေတ်မှီဖို့သာ ရှေ့ရှုကာဖြင့်
လက်ရာရှေးဟောင်း တို့သိမ်ကျောင်းကို
ဟိုပြောင်းဒီရွှေ့ အာဏာငွေ့ဖြင့်
လက်တွေ့လုပ်မှာ ကြားရတာမို့
ရင်နာလျက်သာ ခံခက်လာ။

သို့ပါသော်လဲ (လည်း) ကြမ္မာမွဲရ
ကံနည်းလှသား မြန်မာများရယ်
အားထားရာဝေး ဘ၀ပေးမို့
ဘယ်ရေးကိုမှ တားမရပဲ
ပြုသမျှသာ ခံရရှာ။

ကြားရမြင်ရ ၀ဋ်ဒုက္ခတွေ
ကင်းပလို့သာ ငြိမ်းချမ်းလာရေး
မြန်မာလူထု သွေးချင်းစု၍
ရှေးရှုမေတ္တာ ပေါင်းစည်းကာဖြင့်
သာသနာရေး ဦးစားပေး။

သို့မှသာလျှင် ပြည်သာရွှင်၍
ကြင်နာမေတ္တာ လွှမ်းခြုံကာဖြင့်
ဘာသာအရေး လူမှုရေးများ
ငြိမ်းအေးချမ်းသာ ဖြစ်တည်လာ၍
မြန်မာပြည်ကြီး သာဖို့နီးလျက်
ခရီးရှည်တာ ဖြောင့်တန်းမှာ။

လရိပ်လေး(မောင်းမကန်)
(၂ . ၃ . ၂၀၁၄ )

Saturday, March 1, 2014

***မြတ်ဆရာ***


တခဏလေးအတွင်း မြင်ရာကို ချက်ချင်း ကဗျာအဖြစ် ပြောင်းလဲစပ်ဆိုနိုင်တဲ့ ဆရာ တက္ကသိုလ်ဘုန်းကြွယ်နဲ့ မြန်မာ ကဗျာများကို လက်တန်းစပ်ဆိုနိုင်သော ကဗျာဆရာများကို အနူးအညွတ်လေးစားသော အားဖြင့် ဤကဗျာလေးကို ရေးသားထားပါတယ်ရှင်။
အမှားပါရင် ပြင်ဆင်ဖတ်ရှုကြပါလို့

ဆရာ မြန်မာပြည်ပြန်လာတုန်းက reader channel စာပေ စကားဝိုင်းမှ ဒေါက်တာခင်မောင်ညိုနဲ့ အတူ ဆရာ့ကို အင်တာဗျူးလုပ်ခဲ့တဲ့ ဓာတ်ပုံလေးနဲ့ ဆရာ့ကို ဂုဏ်ပြုရင်း ရေးသားတင်ပြလိုက်ပါတယ်ရှင်။

***မြတ်ဆရာ***

တို့ဆရာ ပညာကြွယ်။

ကဗျာကို မြင်ရာစပ်လို့
တွေးတတ်လှတယ်။

ပြုံးမပျက်ကွယ်
ခဏရယ်လေး။

တွေးထက်ကာ ဥာဏ်ကွန့်မြူးလို့
ထူးလှပါသေး။

လရိပ်လေး(မောင်းမကန်)
(၁ .၃ .၂၀၁၄ )