Pages

Saturday, December 31, 2016

***နှစ်သစ်ကိုကြို လွမ်းစိတ်ပို***

သက္ကရာဇ်ရဲ့သက်တမ်းကုန်ဆုံးဖို့
စက္ကန့်တွေနီးလာလေ အလွမ်းရိပ်က
မည်းမှောင်လာလေလေ။

အတိတ်တွေထားခဲ့ချင်ပါလည်း
အလွမ်းမြစ်တွယ်နေတဲ့ နှလုံးသားက
တမ်းတခြင်းကို မျက်ကွယ်မပြုနိုင်ပြန်ဘူး။

ပိတ်လှောင်ထားခဲ့လည်း
လွမ်းရိပ်က ဖြာဖြာကျလာတော့
မွန်းကြပ်ခြင်းတွေနဲ့ပဲ ပြည့်နှက်နေတယ်။

နှုတ်ဆက်ခဲ့ချင်လည်း
အလွမ်းရိပ်က သက်ဆိုင်သူရဲ့
ချစ်ခြင်းလက္ခဏာတစ်ခုမို့
တစ်သက်တာ လိုလိုချင်ချင်သိမ်းထားမိပြန်တယ်။

နေ့သစ်တွေ ကခုန်နေချိန်
ကျွန်မရင်ထဲ သူ့ချစ်ခြင်းရဲ့ရလဒ်ဖြစ်တဲ့
လွမ်းခြင်းကို သိမ်းထားနေမိဆဲပါ။

ချစ်နောက်ဆက်တွဲ လွမ်းဒဏ်ရာကို
သက္ကရာဇ်တည်နေသမျှ
နှလုံးခုန်ရပ်တဲ့အထိ
တယုတယ ပိုင်ဆိုင်ထားပါရစေ။

နှစ်သစ်ရေ
ရှင်ဘယ်ကို ခရီးဆက်ဆက်
ကျွန်မရဲ့အလွမ်းကို ချန်ထားခွင့်ပြုပါနော်။

လရိပ်လေး( မောင်းမကန်)
31.12.2016
http://layeiklay.blogspot.com/

***အလွမ်း***


နှုတ်မဆက်ပဲ လွမ်းခွဲရာမှ
ရင်ထက်ချန်ရစ် အလွမ်းဖြစ်စေတယ်။

လရိပ်လေး( မောင်းမကန်)
31.12.2016
http://layeiklay.blogspot.com/

Friday, December 30, 2016

***မာယာဆန်သည့် နှလုံးသား***


မမှားပဲ တောင်းပန်ခဲ့ဘူးသည်။
နာကျင်ရက်နဲ့ ပြုံးခဲ့ဘူးသည်။
ချစ်ရက်နဲ့ မုန်းကြောင်းပြောဘူးသည်။
လွမ်းပါရက်နဲ့ ရင့်ကျက်ဟန်ဆောင်ခဲ့ဘူးသည်။
ခံစားချက်ရှိပါရက်နဲ့ ဥပေက္ခာပြုခဲ့ဘူးသည်။

ထိုအချက်များ၏ နောက်ကွယ်တွင်မူ
ဟန်ဆောင်မှုကြားက ကျွန်မနှလုံသားသည်ကား
မလွင့်ပျယ်နိုင်သော အလွမ်းဖြင့်သာ
ခြုံလွှမ်းရစ်ပတ်နေတော့သည်။

လရိပ်လေး (မောင်းမကန်)
၃၀.၁၂.၂၀၁၆
http://layeiklay.blogspot.com/

Thursday, December 29, 2016

***ချစ်ရနံ့တွေ သင်းပျံ့စေ***


ရနံ့အဆင်း လှပခြင်းနှင့်
ကျော့ရှင်းလို့နေ တင့်တယ်ပေက
မသွေခူးသူ ပေါ်လိမ့်မည်။

ရနံ့မသင်း အဆင်းကင်း၍
ကြွေလွင့်နွမ်းကြေ မတင့်တယ်ပေက
မသွေခူးသူ ရှားလိမ့်မည်။

အာသာဆန္ဒ ဖြေရုံမျှနှင့်
အချစ်တစ်စအား ဖက်တွယ်ထားလျင်
အမှားတွေ့မှာ သေချာသည်။

အချစ်စစ်အား တွေ့ချင်ငြားသော်
နားလည်မှုပေး မေတ္တာထွေး၍
ဝေးနေလည်းလေ သစ္စာတွေနှင့်
မသွေမပျက် တဏှာမဲ့မှ
ချစ်ရက်လေးတွေ ရှည်လိမ့်မည်။

လရိပ်လေး( မောင်းမကန်)
၂၉.၁၂.၂၀၁၆
http://layeiklay.blogspot.com/

Monday, December 26, 2016

***လွမ်းစိတ်ကျန်စေ ပိတ္တောမြေ***


တတ်သိပညာ မနေသာ
ပေးငှဝေကာ နေချင်တာမို့
ကျရာကဏ္ဍ ကိုယ်တိုင်ကလျက်
မျှခဲ့ရလို့ ပျော်မိသည်။

ပျော်ရာမှာသာ နေချင်ပါလည်း
ဆက်ရာခရီးတွေ ရှိနေလေတော့
ဒီမြေလေးမှ အမှတ်တရတွေ
ခဏဖြေလျက် ပြန်ခဲ့ပြီ။

နောင်သောအခါ ကြုံခဲ့ပါမူ
သိရာပညာ ပေးဝေပါလျက်
အချိန်ကြာကြာ နေခွင့်သာအောင်
ကြံဆောင်တော့မည် စိတ်ကရည်။

ခုများတော့လေ စိတ်ကိုဖြေလျက်
ပိတ္တောမြေမှ လွမ်းစွေရကာ
ခဏ ကျောခိုင်း ပြန်အုံးမည်။

လရိပ်လေး( မောင်းမကန်)
၂၆.၁၂.၂၀၁၆
http://layeiklay.blogspot.com/
 

Sunday, December 25, 2016

***မေ့မရစေမဲ့ ညလေးတစ်ည***

ရွေဘိုမြို့ ပိတ္တောကျေးရွာမှ သင်တန်းဆင်းပွဲလေးအတွက်
သင်တန်းသူ သင်တန်းတားများအားလုံးရဲ့
ဆရာမအတွက် မီးပုံပွဲလေးလုပ်ပေးတယ်တဲ့လေ။

တစ်ခါမှမကြုံဖူးတဲ့အမှတ်တရလေးမို့
အရမ်းကြည်နူးမိတယ် အားလုံးကိုကျေးဇူးတင်ပါတယ်။

ဆရာမ ပျော်ရွှင်စေချင်လို့ဆိုပြီး
ခရီးဝေးကနေ နေရာပေါင်းစုံကလာပြီး
အားပါးတရ တွေ့ဆုံပွဲလေးလုပ်ပေးတာမို့
ထာဝရသတိရရင်း ကျေးဇူးတင်နေမှာပါနော်

မေ့မရစေမဲ့ ညလေးတစ်ည

လရိပ်လေး (မောင်းမကန်)
25.12.2016
http://layeiklay.blogspot.com/
 
 

***သင်တန်းပုံရိပ်တစ်ချို့***

ရွှေဘိုမြို့ ပိတ္တောကျေးရွာ
လူမှုဆက်ဆံရေးနှင့်ပံ့ပိုးမှု စွမ်းဆောင်ရည်မြှင့်တင်ခြင်း
သင်တန်းနောက်ဆုံးရက် ပုံရိပ်တစ်ချို့

လရိပ်လေး (မောင်းမကန်)
25.12.2016
http://layeiklay.blogspot.com/ 

***နားခိုရာမဲ့ အလွမ်းများ***

နားခိုရာမဲ့သော အလွမ်းများသည်

ကောင်းကင်ပြာနှင့် တောင်တန်းများအကြား
ပျံ့လွင့်သွားရင်လည်း ကောင်းပါရဲ့လေ

လရိပ်လေး (မောင်းမကန်)
25.12.2016
http://layeiklay.blogspot.com/

Thursday, December 22, 2016

***စာကြည့်တိုက်အတွက် စာအုပ်အလှူ***

ရွှေဘိုမြို့ ရွှေခြင်္သေ့ကျောင်းတိုက်မှ
ဆရာတော် ဦးတေဇာဓိပတိမှ
ပါရမီ ရွှေလက်သင်တန်းကျောင်း
စာကြည့်တိုက်အတွက်
စာအုပ်တွေအများကြီးလှူပေးလို့
ကျေနပ်အားရစွာ လက်ခံရယူခဲ့ပါတယ်။

ဆရာတော်ကျန်းမာချမ်းသာပြီး အများအကျိုး
ဒီထက်မကဆောင်ရွက်နိုင်ပါစေဘုရား။

လရိပ်လေး (မောင်းမကန်)
20.12.2016
http://layeiklay.blogspot.com/
 

***ပိတ္တောရွာ***

ဘုရားစေတီ ရွာဝယ်တည်လျက်
အမည်ပိတ္တော သာယာသောမြေ
စိမ်းလန်းပေစွ ရွာအလှ။

ရွှေဘိုမြို့၊ ပိတ္တောကျေးရွာမှာ မနက်ဖြန်သင်တန်းအတွက်
ဆရာတော်တွေနဲ့ဆွေးနွေးရင်း အပြန်ဘုရားဖူးခဲ့ပါတယ်။

လရိပ်လေး (မောင်းမကန်)
21.12.2016
http://layeiklay.blogspot.com/

***လွမ်း***

မြင်နေပါလျက် ကြင်ရခက်မို့
ရင်ထက်ဒဏ်ရာ နာကျင်စွာနှင့်
ခွဲခွာရပေ နေ့ရက်တွေ။

လရိပ်လေး (မောင်းမကန်)
20.12.2016
http://layeiklay.blogspot.com/

***ဝေရောစန ကျောက်စိမ်းစေတီတော်***

ခရီးသွားရင်း ကုသိုလ်ယူခဲ့ပါတယ်။
အားလုံး ကျန်းမာချမ်းသာကြပါစေ။

လရိပ်လေး (မောင်းမကန်)
20.12.2016
http://layeiklay.blogspot.com/
 

***ခရီးဆက်ပြီ***

နေပြည်တော်မှ
မိတ္ထိလာသို့ ခရီးဆက်ပြီ

လရိပ်လေး (မောင်းမကန်)
20.12.2016
http://layeiklay.blogspot.com/

***ခရီးသည်***

မရပ်မနား ဆက်လျှောက်သွားလျက်
လားရာရှာကြ လူ့ဘဝဝယ်
ခဏနားမယ် ကြံကာရွယ်လည်း
သွယ်သွယ်ကိစ္စ အဝဝကြောင့်
သွားရပြန်ပြီ ခရီးရှည်။


လရိပ်လေး (မောင်းမကန်)
19.12.2016
http://layeiklay.blogspot.com/

***အချစ်နဲ့ဘဝ ခွဲသိပါမှ လူပီသ***

ကိုယ့်အတွက် အချစ်စစ်မပေးနိုင်သူအား
ရယူဖို့ကြိုးစားနေတာထက်
လမ်းခွဲနိုင်ဖို့ စိတ်ခွန်အားမွေးပါ။

လူပီသဖို့ ကြိုးစားရင်း
လူဘဝတန်ဖိုးကို သိအောင်လုပ်ပါ။

လူတိုင်းချစ်တတ်သလို
လူတိုင်းလွမ်းတတ်သည်။

သို့သော်ဘဝသည်
အချစ်တစ်ခုတည်းဖြင့် တည်ဆောက်ရန်
မလုံလောက်ပေ။

ဘဝရည်မှန်းချက်ကို
မျှတစွာ အကောင်ထည်ဖော်ဖို့
အချစ်ထက် မိမိကိုယ်တိုင်က
ပိုမိုအရေးပါသည်။

လရိပ်လေး (မောင်းမကန်)
17.12.2016
http://layeiklay.blogspot.com/

Monday, December 12, 2016

***စွန့်စားသူ၏ လမ်း***

တွယ်တာချစ်ခြင်း သည်ရင်တွင်းဝယ်
စစ်ခင်းကာပြိုင် လွမ်းပန်းလှိုင်လျက်
မနိုင်မျက်ရည် ကျလေပြီ။

အမေနဲ့ဝေး မွေးရပ်လေးမှ
နွေးထွေးမေတ္တာ စွန့်ခဲ့ကာနှင့်
လာလမ်းလေးကို ပြန်ခဲ့ပြီ။

သို့သော်လည်းလေ သည်မွေးမြေတွက်
ရင်တွေကွဲစေ နှလုံးကြွေသို့
နွမ်းလေစိတ်အား မေ့ဖျောက်ထားလျက်
ခွန်အားဖက်ကာ အများတွက်တာဟု
ရင်မှာထား၍ နေပါ့မည်။

နောင်ဘဝသာ ရှိခဲ့ပါမူ
မွေးရာမြေမှ မခွဲရပဲ
မျှဝေပညာ ပေးခွင့်သာစေ
တောင်းဆုချွေလျက် ဝေ့လာမျက်ရည်
ပါးထက်ဆီသို့ မကျစေပြီ။

လရိပ်လေး (မောင်းမကန်)
12.12.2016
http://layeiklay.blogspot.com/

***သင်တန်းဆင်းပွဲ အခမ်းအနား၊ ရွှေဂုဏ်ထူး အဆင့်မြင့်ဘော်ဒါဆောင်***

ပညာပြည့်ဝ နှလုံးလှသော
ရွှေဂုဏ်ထူး အဆင့်မြင့်ဘော်ဒါဆောင်မှ
ဆရာကြီးဦးဇော်ညွန့်၏ ဆရာ၊ဆရာမများအား
စွမ်းဆောင်ရည်တိုးတက်စေလိုသော ဆန္ဒအား
တစ်ထောင့်တစ်နေရာမှ ကူညီခွင့်ရလို့ကျေးဇူးတင်လျက်
အားရကျေနပ်မိပါတယ်ရှင်။

ပညာများပြန်လည်မျှဝေခွင့်ရအောင် အားတက်သရော
အဖက်ဖက်မှ ကူညီပံ့ပိုးပေးကြသော ဆရာ၊ဆရာမများ
ကျောင်းသားကျောင်းသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များ
အားလုံးကို ကျေးဇူးတင်သလို ဆရာညီသုတနှင့်
စိတ်ရင်းစေတနာဖြင့် ဆွေးနွေးပေးသော 
ဆရာကြီးဦးဇော်အာင်နိုင်ကို အထူးကျေးဇူးတင်မိပါတယ်ရှင်။

ရွှေဘိုမြို့စာကြည့်တိုက်အတွက် စာအုပ်အများကြီးကို
စေတနာပါပါဖြင့် လှူဒါန်းပေးခဲ့သော ဆရာကြီးဦးဇော်ညွန့်နဲ့ ဆရာညီသုတကို
ထပ်ဆင့်ကျေးဇူးတင်ပါတယ်ရှင်။

ပညာရှင်တွေနဲ့ဆုံခွင့်ရပြီး 
မိမိတို့ဒေသ မိမိတို့ရဲ့လူငယ်တွေအတွက် 
ကူညီခွင့်ရလို့ ပျော်ရွှင်မိပါတယ်။
နောင်လည်း ဒီထက်မက ဆရာကြီးတို့နဲ့အတူ 
ထားဝယ်ဒေသအတွက်
ကူညီခွင့်ရပါစေလို့ ဆုတောင်းရင်း
အားလုံးကိုသတိရပါတယ်။

လရိပ်လေး (မောင်းမကန်)
12.12.2016
http://layeiklay.blogspot.com/
 

Friday, December 9, 2016

***ရှင်ကိုးရှင်သမိုင်းဝင် ရှင်တောင့်ပုံစေတီတော်***

ဖေ့ဘုတ်ကနေ ခင်မင်ခွင့်ရပြီး အရမ်းလေးစားဖြစ်ခဲ့တဲ့
အမကို သွားရောက်တွေ့ဖြစ်တယ်။

ဇနီးမောင်နှံ နှစ်ယောက်စလုံး ဖော်ရွေချစ်ခင်စရာကောင်းလိုက်တာ။
တကယ့်မိတ်ဆွေအရင်းတွေလို ခံစားမိတယ်။

သရက်ချောင်းမြို့ရဲ့ အထင်ကရ ရှင်ကိုးရှင်သမိုင်းဝင်
ရှင်တောင့်ပုံကို လိုက်ပို့ပေးတယ်။

ဆရာတော်ကိုဆွမ်းကပ်တယ်။ အားလုံးကို ထမင်းရော
အစားအသောက်မျိုးစုံကျွေးမွေးပြီး လိုလေသေးမရှိအောင်
နွေးထွေးစွာ ကြိုဆိုဧည့်ခံခဲ့ကြတယ်။ ထပ်ဆင့် မြန်မာ့ရိုးရာ
အထည်လေး လက်ဆောင်ပေးလိုက်သေးတယ်။

အင်တာနက်ကတွေ့ဆုံရပေမဲ့
ကျွန်မအတွက် မိတ်ဆွေကောင်းကို
ရရှိလိုက်လို့ အရမ်းကျေနပ်မိပါတယ်။

မိသားစုအားလုံး ကျွန်မတို့ပျော်ရွှင်ရသလို
ထပ်တူပျော်ရွှင်ပြီး ထာဝရငြိမ်းချမ်းစွာ
နေထိုင်ရပါစေရှင်။

လရိပ်လေး (မောင်းမကန်)
9.12.2016
http://layeiklay.blogspot.com/
 

Thursday, December 8, 2016

*** လောကအလင်း အဖွဲ့အစည်း၊ သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ***

ဒီနေ့ လောကအလင်း အဖွဲ့အစည်းမှ
ဦးဆောင်ပြုလုပ်ပေးတဲ့
သင်တန်းဆင်းလက်မှတ်ပေးအပ်ပွဲ ပြီးဆုံးခဲ့ပြန်ပြီ။

လက်မှတ်ပေးရတာထက် သူတို့နဲ့အတူတူ
ပညာတွေအပြန်အလှန် မျှဝေသုံးသပ်ပြီး
အဖြေထုတ်ရတာ အရမ်းပျော်မိတယ်။

သင်တန်းအတွေ့အကြုံတွေက
သူတို့အတွက် တကယ်ထိရောက်မှုရှိပြီး 
ဘဝရဲ့တိုးတက်ရာအစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း
ပြန်လည်ကြားသိရလို့ ကျေနပ်မှုတွေက
အတိုင်းထက်အလွန်ပါပဲ။

သင်တန်းပြီးဆုံးတဲ့အထိ ကူညီဆောင်ရွက်ပေးသော
ထားဝယ်လယ်ပေါ်ကျောင်းဆရာတော် ဦးသုန္ဒရ
ကိုချစ်ဇော်ဦး၊ ကိုမင်းသူရ၊ ကားဆရာ ကိုငြိမ်းချမ်း၊
အစစအရာကူညီပေးကြသော
သင်တန်းသား၊ သင်တန်းသူများ အားလုံးကို
လေးစားကျေးဇူးတင်လျက်ပါ။

လရိပ်လေး (မောင်းမကန်)
8.12.2016
http://layeiklay.blogspot.com/