Pages

Wednesday, October 11, 2017

***စကားလုံးများ***

စေတနာဘယ်လောက်ကောင်းကောင်း
ပါးစပ် အပြောမကောင်းလျှင် မိတ်ပျက်တတ်၏။

မရှိဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲတတ်သော်လည်း
နှိမ်ချဆက်ဆံသည့် အကျင့်ရှိလျှင် ထိုသူသည်
ကိုယ်ချင်းစာစိတ်ရှိသည် မမည်။

ပါးစပ်မှထွက်ကျလာသော စကားလုံးများသည်
စိတ်ဆန္ဒကြောင့်သာ ဖြစ်တည်၏။

အများအတွက် အလုပ်လုပ်နေသူများသည်
ပါးစပ်အပြောကို အရင်ပြင်သင့်ပေသည်။

လရိပ်လေး (မောင်းမကန်)
6.8.2017
http://layeiklay.blogspot.com

***အခက်***

မြူနှင်းဆိုင်းရာ
တောင်ပေါ်မှာ
လမ်းရှာခက်မည်သာ။

မှောင်ကိုကြိုက်ကာ
လင်းမရှာ
သွားရာခက်မည်သာ။

လရိပ်လေး (မောင်းမကန်)
5.8.2017
http://layeiklay.blogspot.com

***တန်ဖိုး***

တန်ဖိုးဆိုသည့်အရာကို နားမလည်၊
တန်ဖိုးထားမှုကို မသိသောသူ အနားမှ
တန်ဖိုးရှိသူများ အလိုလိုပျောက်ကွယ်သွားလေ့ရှိသည်။

လူသားတိုင်းကို စိတ်ရင်းအမှန်ဖြင့်
တန်ဖိုးထားတတ်လျှင်
တန်ဖိုးရှိသူများ ထိုသူအနား
အလိုလိုရောက်လာပေလိမ့်မည်။

တန်ဖိုးထားမှုဆိုသည့်အရာသည်
တခါတရံ၌ မိမိတို့၏
အပြောအဆိုနှင့်လုပ်ရပ်တို့ကြောင့်
ပျက်စီးသွားတတ်သည်။

လရိပ်လေး(မောင်းမကန်)
4.8.2017
http://layeiklay.blogspot.com

**တွေးတစ်စ***


ရှုပ်ထွေးပွေလီ
ဥာဏ်မမီ
ရောင်နီဝေးလျက် မှောင်လိမ့်မည်။

အမှန်ထောက်ပြ
ဥာဏ်ရှိက
မှောင်မှလင်းသို့ ရောက်လိမ့်မည်။

လရိပ်လေး (မောင်းမကန်)
3.8.2017
http://layeiklay.blogspot.com

***သတိ***

ငါသာသိတတ် ငါသာမြတ်လျက်
အတ္တငါစွဲ ယုံကြည်ကဲသော်
စိတ်ထဲဘဝင် တော်လှထင်၍
မြင်သမျှလူ မတတ်သူဟု
ငြူစူစိတ်သာ ဝင်လိမ့်မည်။

စကားပြောလျှင် မဆင်ခြင်ပဲ
ထင်မြင်သမျှ နှိမ်ချလို့သာ
ဆက်ဆံပါမူ ခံရသူမှာ
ငြူစူစိတ်သာ ဝင်လိမ့်မည်။

စာပေရေးခါ မသေချာပဲ
အက္ခရာမှား စော်ကားလိုငြား
စိတ်ထားဖြင့်သာ ရေးသားပါမူ
စာဖတ်သူမှာ စိတ်မသက်သာလျက်
စိတ်မှာနာကျင် ပေလိမ့်မည်။

လူသားချင်သာ စာနာပါလျင်
ငါမည်အတ္တ ရှောင်ဖယ်ကြလျက်
မျှတရေးသား ပြောစကားကို
သတိထားဖို့ လိုပေမည်။

လရိပ်လေး (မောင်းမကန်)
1.8.2017
http://layeiklay.blogspot.com

***ပညာဒါန ပီတိ***


ရိုးသားဖြူစင်လွန်းတဲ့ အခမဲ့ပညာဒါနကျောင်းလေးမှာ
မိဘ၊ ဆရာ၊ ကျောင်းသားကျောင်းသူလေးတွေကို
ပညာဒါန မျှဝေခွင့်ရလို့ ပီတိဖြစ်မိပါတယ်။

ရွှေဘို ရထားဘူတာလေးဘေးမှာ ဈေးရောင်းရင်း
ဘဝကို ရုန်းကန်ကာ သားသမီးတွေကို ပညာတတ်ဖြစ်စေချင်တဲ့

မိဘတွေနဲ့ ပရဟိတ စိတ်အပြည့်ဖြင့် ပညာဒါနမျှဝေပေးနေသော
ဆရာ ဆရာမများ၊ ပရဟိတကျောင်းလေးကို စေတနာသန့်သန့်နဲ့ 

တည်ထောင်ထားတဲ့ ဦးဝင်းကျော်နဲ့
ဆရာလှမျိုးထွန်းကို လေးစားမိပါတယ်ရှင်။


ဘဝကို ရိုးရှင်းစွာ ဖြတ်သန်းခွင့်ရပြီး
အမေနဲ့ ဆရာသမားများကို ကျေးဇူးဆပ်ခွင့်ရလို့
အတိုင်းမသိပျော်ရွှင်မိပါတယ်ရှင်

ရွှေဘိုမြို့သူမြို့သားများအားလုံးကို
ကျေးဇူးတင်လျက်

လရိပ်လေး (မောင်းမကန်)
31.7.2019

***အရသာအရှိဆုံး အောင်မြင်မှု***

အရသာအရှိဆုံး အောင်မြင်မှုသည်
မိမိတတ်သည့် ပညာကို မိမိအရည်အချင်းနှင့်
သင့်တော်သည့်နေရာတွင်
မျှဝေခွင့်ရရှိခြင်းပင်ဖြစ်သည်။

လရိပ်လေး (မောင်းမကန်)
31.7.2017

***အချစ်ရှာ အလွမ်းတွေ့***

အချစ်ကဗျာ ရေးချင်ပါလည်း
ပစ်ခွာမုန်းပြေး ချစ်နှင့်ဝေးလျက်
ဆွေးရိပ်ဗျာပါ လွမ်းရတာမို့
သည်ကဗျာမှာ အလွမ်းသည်သာ
ဦးတည်ရေးစရာ ဖြစ်ဖြစ်လာ။

ချစ်အကြောင်းရေး ချစ်ကြောင်းတွေးလျက်
နွေးထွေးမေတ္တာ ချစ်ကဗျာတွက်
ဘယ်မှာအချစ်စစ် ရှာရပါ့။

လရိပ်လေး (မောင်းမကန်)
27.7.2017
http://layeiklay.blogspot.com/

Tuesday, October 10, 2017

***လူတော်များကြောင့် လူကောင်းများပျက်စီးရသည်***

လူတော်များ၍ လူကောင်းရှားနေသော
သည့်ခေတ်တွင် လူတစ်ယောက်အား အပေါ်ယံကြည့်ကာ
လေးစားခြင်းကို မပြုသင့်။

မနေ့က စာရေးဆရာမကြီး ကြူကြူသင်းက
စာပေဟောပြောပွဲတစ်ခုတွင် ယောက်ကျားဖြစ်စေ
မိန်းမဖြစ်စေကိုယ်ကျင့်သိက္ခာကအရေးကြီးကြောင်း
ပြောသွားသည်။ 


ဆရာမကြီးက အတွေ့အကြုံတစ်ခုကို ထည့်သွင်းပြောခဲ့သည်။
လူတစ်ယောက်ကို ဆရာတစ်ယောက်လို စာပေပညာရှင်တစ်ယောက်လို သူ၏လုပ်ရပ်ကောင်းများကို အဝေးကမြင်ရကြားရသည်နှင့် လေးစားခဲ့ဖူးကြောင်း။
တကယ့်ဒိတ်ဒိတ်ကြဲပွဲကြီးတစ်ခုတွင် ထိုလူနှင့်ဆုံသောအခါ
တကယ့်အမှန်ဖြစ်သည့် သူ၏ကိုယ်ကျင့်သိက္ခာကို မြင်လိုက်ရသည်၌ အံ့ဩလျက်မှင်သက်မိသွားကြောင်း။

ကျွန်မသည်လည်း ထိုသို့ကြုံတွေ့ခဲ့ဖူးသည်။

အခုခေတ်ကျ့န်မအပါဝင် မိန်းကလေးအများစုသည်
လူမှုရေးအတွက် တွင်ကျယ်စွာလုပ်နေသော
လူတော် ပုရိသများကို အတော်လေးလေးစားစားဂုဏ်ယူကြသည်။

ထိုထဲတွင် အခုလက်ရှိထွက်နေသောသတင်းများအရ
လူတော်များသည် လုပ်ရပ်ကိုဘန်းပြပြီး
ကိုယ်ကျင့်သိက္ခာကို အလွဲသုံးစားလုပ်လာကြသည်ကို
ဖတ်ရှုသိရှိရသည်။

လူတော်များကြောင့် မိန်းကလေးများ
ဘဝပျက်သွားသည့် သတင်းများလည်းကြားရသည်။
လူတော်များကြောင့် လူကောင်းများပျက်စီးရသည်။
လူတော်များသည် တော်နေရုံနှင့်မရပဲ လူကောင်းများဖြစ်ရန်လိုနေပေပြီ။

မိမိအရေးပါအရာရောက်မှုကို လူသိစေချင်သောစိတ်ဖြင့်
လုပ်ဆောင်နေပြီး လူမှုပတ်ဝန်းကျင်ကိုရော
အများတကာ၏ကိုယ်ကျင့်သိက္ခာကို
စော်ကားဖျက်ဆီးနေသော လူတော်ကြီးများ
လူကောင်းမြန်မြန်ဖြစ်ပါစေ။

လရိပ်လေး(မောင်းမကန်)
27.7.2017
http://layeiklay.blogspot.com/