Pages

Thursday, January 31, 2013

***မေ့မရသော နေ့စွဲတစ်ခု***



မွေးနေ့သခင်
ကျေးဇူးရှင်
ရွှေရင်သိမ့်မျှ ချစ်လှတယ်။
ရာထူးဂုဏ်ဝါ
မမက်ပါ
စိတ်နေ စိတ်ထား မြတ်လှတယ်။

ပြည်သူတွေတွက်
ရဲရင့်လျှက်
အသက်ပေးလို့ စွန့်ခဲ့တယ်။
အတ္တမာန
ခ၀ါချ
မိန့်မှာစကား ထားခဲ့တယ်။

သွေးစက်နီရဲ
တကယ့်ဇွဲ
သည်းထဲစွဲအောင် ပြခဲ့တယ်။
သမိုင်းမော်ကွန်း
တစ်ခေတ်ထွန်း
မယွန်းနေနှယ် တောက်ပတယ်။

ဆယ်သုံး ဖေဖော်ဝါရီ
ရောက်တော့မည်
ရော်ရီမှန်းလို့ လွမ်းလှသည်။
မျိုးကောင်းဇာနည်
ဖွားရာသီ
ရောင်နီသစ်ဆီ လှမ်းလို့ရည်။
ပြည်ထောင်စုပန်း
မြဲရွှင်လန်း
လက်ဆင့်ကမ်းလို့ မမေ့သည်။...(လရိပ်လေး)

Tuesday, January 29, 2013

***တည်စေမည့် သစ္စာ***



လှိုင်းထလေဆန် ကြိမ်ကြိမ်ဖန်၍
ရေဒဏ်မိုးဒဏ် တိုက်ခိုက်ပြန်လည်း
အားမာန်မကျ လမ်းစရအောင်
စိတ်ကဆောင်ကျဉ်း ဘ၀လင်းအောင်
စိတ်ရှင်းရှင်းဖြင့် ချီတက်မည်။

မလိုမုန်းထား အတ္တများကြား
ဖောက်ပြားလော်လီ လောဘမှီ၍
အညီဟောက်တွေ ဖက်တွယ်နေလည်း
မသွေမပျက် တရားဖက်ကာ
ရှေ့ဆက်လို့သာ ကောင်းရာရှာမည်။

ငါ၏ဘ၀ မလှပပဲ
ဒုက္ခကြုံလည်း မလျှော့ဇွဲဖြင့်
စွဲမြဲယုံကြည် အားသစ်ချီကာ
မာန်ဖီခြင်္သေ့ သားကောင်တွေ့သို့
မထိတ်မလန့် စိတ်သန့်သန့်ဖြင့်
မရပ်တန့်ပဲ ရှေ့ဆက်မည်။

အလင်းစမဲ့ မှောင်မိုက်ခဲ့လည်း
ငါ့ရဲ့စိတ်ထား ပြောင်းမသွားအောင်
အားထားစေရာ ငါ့စိတ်သာမို့
မှန်စွာကျင့်သုံး ဘ၀ဆုံးထိ
မူထုံးသိအောင် ငါစွမ်းဆောင်၍
ကောင်းအောင်ကောင်းကျိုး ငါမြတ်နိုးစွာ
ကြိုးကြိုးစားစား လုပ်ဆောင်သွားမည်။

ငါသာသေခဲ့ ဘ၀ပျက်လည်း
ငါ့ရဲ့မေတ္တာ စေတနာတွေ
ကမ္ဘာလောက ဤဌာနတွင်
ဝင်းပထင်ကျန် ဆက်ရှင်သန်အောင်
စိတ်မှန်စွာနဲ့ ပေးဆပ်ခဲ့မယ်
ငါ့ရဲ့သစ္စာ တည်စေသား။.....(လရိပ်လေး)

Monday, January 28, 2013

***အလွမ်း အမြူတေ***



တသိမ့်သိမ့်တုန်
ချစ်ငွေ့လှုံကာ

ဆံချည်မှုန်မျှ
နေချင်လှလည်း

ဝဲဂယက်နှယ်
သောကကြွယ်၍

ဌာနေရယ်ခြား
ကြမ္မာအားငယ်
ဘ၀ရယ်ကြောင့်

လွမ်းဆိပ်သောက်ကာ
လွမ်းနေပါသည်

လွမ်းစာစီကုံး
လွမ်းသူ့ပြုံးကို

လွမ်းအားပိုကာ
မျှော်နေတာမို့

အလွမ်းတို့သာ
တည်ပါစေသား။.....(လရိပ်လေး)

Saturday, January 26, 2013

***မွေးမေ တမ်းချင်း***



ကျွမ်းရင့်အသည်း
လွမ်းဝေ့၀ဲလို့
မျက်ရည်စို့ကာ
တမ်းတပါတယ်
အမေရယ်။

ဘယ်ပန်းချီရေး
စာမူသွေးလည်း
မရောင့်ရဲနိုင်
တုပမှိုင်ငေး
အရှုံးပေးရ
မေမေ့လှတွေ
မြင်ယောင်နေမိ
လွမ်းပါဘိလေ
အမေရေ။

ဘယ်ချိန်ဘယ်ခါ
ပြန်လို့သာဆုံ
ဘယ်သို့ကြုံမယ်
ရင်ခုန်ကွယ်ဆွေး
စိုးရိမ်တွေး၍
ရင်ထဲနင့်နာ
မွေးမြေရာသို့
လွမ်းလို့တေးသီ

ပန်းချီချယ်မှုန်း
အမေ့ပြုံးကို
ဖူးလိုလှသည်
စိတ်ကရည်လျှက်
ထွေးပွေ့ရှိုက်ငမ်း
မေမေ့နမ်းလေး
နွေးလို့သာထင်
ရခဲ့ချင်ရဲ့
တမ်းတလျှက်လေ
ဝေးသောမြေမှာ
ဆွေးစိတ်ဖြာသည်
မွေးမေမာ၍
အေးစေသား။....(လရိပ်လေး

Friday, January 25, 2013

***တုနှိုင်းမဲ့ မေမေ***






မေမေ့မေတ္တာ ၊ နှိုင်းဆိုရာမဲ့
ဝမ်းကြာတိုက်ဝယ် ၊ လူမမယ်ခင်
သွယ်သွယ်ကြုံရ ၊ ၀ဋ်ဒုက္ခကို
ရွှန်းမြလနှယ် ၊ စိတ်မှန်းရွယ်၍
ကာကွယ်စောင့်ရှောက် ၊ လူလားမြောက်အောင်
မကြောက်သေဘေး ၊ ရင်မှသွေးကို
အလေးခံကာ ၊ လွယ်ရရှာသည်
ကြင်နာဝေဖြာ မေ့မေတ္တာ။

မွေးဖွားသန့်စင် ၊ လူဖြစ်စဉ်ဝယ်
သိမြင်အပ်ရာ ၊ တတ်ပညာကို
ညွှန်ကာသင်ပြ ၊ ဘ၀လှရာ
ဆုံးမရှာသူ ၊ အမေဟူကား
သွင်တူလမင်း ၊ ငွေရောင်ဆင်းနှင့်
ထွန်းလင်းတောက်ပ ၊ အေးမြလှ၍
စမ်းကျရေနှယ် မေတ္တာသွယ်။

အရွယ်ရောက်လာ ၊ အချစ်ရှာ၍
အိမ်ရာထောင်ထား ၊ ခွဲခွါသွားလည်း
ပွားများမေတ္တာ ၊ ဆုတောင်းကာဖြင့်
လာရာမျှော်မှန်း ၊ စိတ်မှာတမ်းတ
အလွမ်းမျက်ရည် ၊ ကြိတ်၍သီကာ
မမှီနိုင်ရာ ၊ ပြိုင်သူသာရှုံး
မှန်ရာဖွဲ့ထုံး မေမေ့ပြုံး။

အနန္တဂိုဏ်းဝင် ၊ ကျေးဇူးရှင်ပင်
ဂုဏ်အင်မြတ်စွ ၊ မေမေ့လှသည်
နေစပျောက်ကွယ် ၊ မှောင်သည့်နယ်လည်း
ညှိုးရော်မနွမ်း ၊ မေတ္တာပန်းဝေ
လန်းဆန်းနေမှာ ၊ အစဉ်သာမို့
မကွာရိုကျိုး ၊ စဉ်ရှိခိုးမည်
မြတ်နိုးတည်လျက် သမီးတွက်။.......(လရိပ်လေး)

ပြာသိုလပြည့်နေ့ အမေများနေ့ကို ဂုဏ်ပြုလျှက် အမေ့ကိုလွမ်းရင်း (တုနှိုင်းမဲ့ မေမေ) ကဗျာလေးကို ရေးသားတင်ပြလိုက်တာပါ။ အမေအားလုံးကို သားသမီးတိုင်း ချစ်ကြပါစေ။

***နေထိပန်းလေးများ***


တိတ်အကြောင်း
မကောင်းခဲ့တာလား….
ဝမ်းရေးပူဆာ မနေသာ
ဖွေရှာကာ ဗန်းကိုင်ရောင်းရတယ်
သနားစိတ်ရယ်ပွား။

ဆိုးလှတဲ့ ကြမ္မာများ
လောက၀ယ် ပညာမဲ့ကာ
ကံစေရာ ခံနေရတာလား
တွေးလို့သာ ရင်မှာမကောင်းလှတယ်
ဖြစ်ရလေအား။

နောင်အခါ ဘ၀တွေလှစေအား
စေတနာရယ် တကယ်ထား
ကူညီကာ မေတ္တာပေးလို့ကွယ်
ဖေးမစို့လား။.......(လရိပ်လေး)

***နံနက်ချိန်ခါ တို့တောရွာ***



တို့တောရွာ နံနက်ခင်း
အဆင်းရယ်တင့် လှတွေစုံ
ပြောပြမကုန် တကယ်ထူး
ကျေးငှက်ငယ်မြူးပါလို့
လယ်ပြင်မှာ စပါးတွေစိမ်းလို့ရယ်
ယိမ်းနွဲ့ကာလှပုံက ဆန်းလှတယ်လေး။

ရွာဦးကျောင်းက
ကိုရင်တွေ ဆွမ်းခံထွက်ပေ
စိမ်းရွှေရွှေ စပါးပင်တွေကြား
ဘုန်းကျက်သရေ တင့်ပေအားတယ်
ဘုရားသာသနာ ဆက်ကာထိန်းလို့ရယ်
မြတ်လှတယ်လေး။

ပျိုလေးတို့အိမ်နား
ရောက်လို့သာလာတော့မယ်
ဆွမ်းလောင်းကြကွယ်
သာသနာရယ်ကြုံကြိုက်တုန်း
ဖြူစင်စွာ ကုသိုလ်တိုးရအောင်
တူတူဆုံစုကာလောင်းကြမယ်
ဝမ်းမြောက်ဖွယ်လေး။......(လရိပ်လေး)

Thursday, January 24, 2013

နောက်ကျတတ်တဲ့ကျွန်တော် နဲ့ သူရဲ့ဥပေက္ခာ _________________________________



ခပ်နက်နက် ကောင်းကင်ထက်က
ကြယ်စင်တွေကြားထဲ မင်းပုံရိပ်ကို
ကောက်ကြောင်းဆွဲလို့.........

ငါ့ရင်ခုန်သံ လှိုင်းထန်နေခိုက်
ခပ်ပျစ်ပျစ် အလွမ်းတွေကိုမျိုချလိုက်တယ်.....

အဲ့ဒီအချိန်မှာ အချစ်နတ်သမီးနဲ့စီချင်းထိုးလို့
အဘယ် နတ်ဆိုးက ငါ့နှလုံးသားကို
ကျိန်စာ တိုက်ခဲ့တာလည်း..........

တစက်စက် ကျလာတဲ့ နှလုံးသွေးတွေမြေခ
အဲ့ဒီညမှာ........ ငါ့ရင်ထဲ
မင်းရဲ့ ဥပေက္ခာ စကားလုံးတွေ
မိုးအဖြစ် ထပ်ထပ်ပြီး ရွာချတယ်...............

ငါတို့နှစ်ယောက်ရဲ့လမ်းမှာ
မှောင်နက်မည်းမည်း
မိုးတွေလည်းသည်းခဲ့ဘူးတယ်။

သံသယအရိုင်းတွေနဲ့
မင်းယုံကြည်ချက်ယိုင်လဲခဲ့တာ ငါ့အမှာလား။

တကယ်ဆိုရင်
နင်ဟာ
ကော်ဖီအမှတ်နဲ့ ခပ်ပျင်းပျင်းဖျော်စပ်ခဲ့တဲ့အဆိပ်တစ်ခွက်

နင့်အတွက်ချစ်တက်ခြင်းဆိုတာ
ငါကိုယ်တိုင်ရေးစပ်ပြီး
ခေါင်းစဉ်မတပ်ရသေးတဲ့ကဗျာတစ်ပုဒ်။

စကားလုံးဆိုတာ ဗုံးမဟုတ်ပေမယ့်
တစ်ခါတရံ
ရင်ဘတ်ကို ထိမှန်ပေါက်ကွဲတက်တယ်ဆိုတာ သေချာရဲ့.။

ဟင်းလင်းပြင်ထဲ ၀ှက်ထားလိုက်တဲ့
မင်း ကို ပေးချင်တဲ့ ငါ့နှလုံးသားလေး
အခုတော့ မြူခိုးတွေ ငွေ့ငွေ့ အောက်မှာ
ကွယ်ဖျောက်လိုက်ရ တဲ့ အဖြစ်.............

တွေးကြည့်လိုက်တိုင်း လွဲခဲ့ရတဲ့
ချစ်ဦးပုံပြင်တွေနောက်
ငါလည်း အခု ခပ်သွက်သွက်လိုက်ပြီး
ဒဏ္ဍာရီ မဆန်အောင် သရုပ်ဖော်လို့
ခပ်ထက်ထက် စကားလုံး မြှားတွေအောက်
ငါ့ နှလုံးသားကို ချခင်း.........
နောက်တစ်နေ့ ဆက်ရန်အတွက်
နေ၀င်ချိန်ကို စောင့်ရဦးမှာလား.............

အဲဒီမိုးသည်းညမှာ
မာန နဲ့ယက်လုပ်ထားတဲ့ မနက်ဖန်များစွာအတွက်
အဲဒီစကားလုံးတွေ ငါသုံးမိခဲ့တယ်ဆိုရင်
ငါ့အတွက် နင့်ချစ်တက်ခြင်းမှာ
သည်းခံ ရနံ့တွေကင်းနေမှာသေချာရဲ့။

ခုတော့ ဆောင်းမဲ့
နှင်းမဲ့ဘန်ကောက်ညထဲ
ငါ ခေါင်းစဉ်မတပ်တတ်တော့တဲ့ကဗျာတစ်ပုဒ်
ကော်ဖီအမှတ်နဲ့ စိတ်တိုင်းကျ ဖျော်စပ်ထားတဲ့ အဆိပ်ပြင်းပြင်းတစ်ခွက်
ဖျက်ရာကင်းတဲ့ တို့နှစ်ယောက်အိပ်မက်ကောက်ကြောင်း
ငါ စာလုံးမပေါင်တက်တော့ဘူးကွယ်။

တွေ့ဆုံခြင်းနိဒါန်းအစမှာကိုက
ငါက နောက်ကျနေတဲ့ ကောင်
နင်......မသိချင်ယောင်ဆောင်နေလိုက်ပါ.............

လေတံခွန် & လရိပ်လေး

***ကိုယ်တိုင် ထုဆစ်ခြင်း***


အချိန်တွေသေဆုံးကုန်ပြီ
မျက်ရည်သမုဒ္ဒရာခမ်းလုလု
လွမ်းထုထည်သိပ်သည်းခြင်းဆတစ်ရာ။

လမင်းရေ
အေးမြခြင်းမာယာနဲ့
ဆန်ကာတင်ရွေးခဲ့တဲ့ ချစ်ခြင်းသောက
ချော်ရည်ပူတွေသွန်ချလို့
ကျောက်ခေတ်ဆန်ဆန် မှတ်တမ်းပြုခဲ့ပါ။

ငါက
ဆောင်းနှင်းငွေ့ရည် ခံချင်တာ
သေရာပါတံဆိပ်ခတ်ပြီး
မီးပင်လယ်ကို ရဲရဲဖြတ်လျှောက်နေမိပြီ။....(လရိပ်လေး)

***ဇရာ ၏ နိဂုံး***



အိုမင်းမစွမ်း
သားရောင်နွမ်း၍
လန်းဆန်းစိတ်တွေ
မြေခလေပြီ။

ဆေးသားပန်းချီ
ရေးမမှီအား
သမီးသားနဲ့
ပျော်ခဲ့ရက်တွေ
ကျန်ခဲ့လေပြီ။

စွမ်းလှခွန်အား
လှတရားတွေ
ရွတ်တွကြေမွ
ဇရာပြ၍
ကံစေရာနောက်
တကောက်ကောက်ဖြင့်
တရွေ့ရွေ့သာ
လိုက်ရရှာပြီ။

မမြဲခြင်းတရား
မာနများနှင့်
အလှပတွေ
စုဝေးနေလည်း
အိုခြင်းမြဲကာ
သေရမှာက
သဘာဝမို့

လုံ့လထုတ်ကာ
ဘာဝနာပွား
မေတ္တာထား၍
သေမည့်နေ့ကို
စောင့်ကြိုလျာထား
အသင်လူသား။......(လရိပ်လေး

**တူနှစ်ကိုယ် မေတ္တာ***



ချစ်မိလေသည်

သစ္စာရည်ထုံး၊မြတ်နိုးဆုံးမို့

မမုန်းမေတ္တာ၊ရင်ထက်အက္ခရာ

သံသာခွင်၌၊ရွှင်ပျော်မဆုံး

ကြင်နာဆုံးနှင့်၊ကမ္ဘာဆုံးတိုင်

တွဲလက်ခိုင်ယှက်၊လျှောက်လျက်နေချင်

သွယ်ကြိုးငင်သည်

ရွယ်ကိုးခွန်းဟ မောင့်မမ...။



ခွန်းဆင့်ခြွေသည်

မေတ္တာသီကုံး၊ကြင်နာထုံး၍

မမေ့ဆယ်ကမ္ဘာ၊မောင့်သစ္စာကို

ရင်လွှာမှာဖူး၊ရွှင်ကြည်နူး၍

သံသရာဆက်၊တွဲခိုင်ယှက်ကာ

လိုက်ဖို့မေပြင်၊ချစ်နေချင်သည်

သိစေချင်လှ ခွန်းတုန့်ဟ...။



သစ္စာခြွေရည်

သက်ဝေသီထား၊မှာစကားကြောင့်

ရွှင်အားစိတ်ဘ၀င်၊လန်းရွှင်နှလုံး

မေတ္တာထုံး၍၊ပျော်မဆုံးရင်

စိတ်ကူးစဉ်၌၊ပီတိယှက်သန်း

နာဂတ်လမ်းမျှော်၊ပုံရိပ်ဖော်ကြည့်

ပျော်နေမိသည်

ဖော်ဆွေရှုမ၀ မောင့်မမ...။



ယုံစားလေသည်

ချစ်ခွန်းဖွဲ့သီ၊မေတ္တာရည်ထား

မေ့သက်ထား၏၊မျက်နှာသွင်ပြင်

ကြင်ကြင်မွေ့မွေ့၊ရွှေရင်ပွေ့ကာ

ပျော်မွေ့နှလုံး၊ကြည်ရွှင်ပြုံးစ

နမ်းလှလှဖြင့်၊ခယဖူးခြွေ

ချစ်ရွှန်းဝေသား၊ပျော်စေအားမည်

ဘုန်းဆွေလူလှ အေးစေပါ့။



ပုံးထားလေသည်

မေတ္တာသီပန်း၊ချစ်ခရီးလမ်း၌

တူလှမ်းလိုက်လာ၊မောင့်သက်လျာကို

ချစ်ကြည်ညိုစွဲ၊ရွှေရင်သဲနှင့်

ရှေ့ထဲလျှောက်ကာ၊ဆူးခရောင်းလာစေ

မှုပါလေပါ့၊တားစီးပြ၍

ရှေးကမှတ်တမ်း၊ချစ်သူ့လမ်းထွင်

ဗယ်လ်တိုင်းရင်၌၊နားခိုမှေးစက်

ချစ်ပန္နက်တင်၊သစ္စာစဉ်သား

ယုံလင့်အားဟု၊ထားဆုပန်ရည်

မောင့်မဟေသီ

ဘေးမည်မခ အေးစေပါ့...။



ဆုံးသက်ရည်သည်

သစ္စာချည်ထုံး ၊ ချစ်ကြည်ပြုံးကာ

မောင်လှမ်းဌာနေ ၊ ဆူးခရောင်းမြေခ

လျှောက်လှမ်းရလည်း ၊ မပြောင်းဘယ်ခါ

ချစ်ကြည်သာ၍ ၊ မောင့်ရင်ခွင်နွေး

ခိုဝင်မှေးစက် ၊ ချစ်မပျက်ပေ

ချစ်ခွန်းခြွေ၍ ၊ ဗယ်လ်တိုင်းဒေး

စံပြုတေးဆို၊သံသာအိုတိုင်

မယိမ်းယိုင်သည်

အေးခိုင်ကြည်၍ ငြိမ်းစေပါ့....။

Nat Mauk & လရိပ်လေး

Saturday, January 19, 2013

''ညှို့ချက်မိတဲ့ အချစ်ရဲ့သားကောင်''


ဆောင်းလေပြေရဲ့ ရနံ့တချို့နဲ့
ချစ်သူအတွက်ဆိုပြီး
ကျွန်တော်ဟာ.... ကဗျာလှလှတစ်ပုဒ်ကို...
နင့်နင့်သီးသီးနဲ့...ရင်မှာ ခြယ်မှုန်းတယ်

ဝေ့သီကြွေကျလာတဲ့
ပုလဲမျက်ရည်အောက်
နှလုံးသွေးဆေးစက်တွေနဲ့
ရသစုံပန်းချီကားတစ်ချပ်
အသည်းတဆတ်ဆတ်တုန်ရင်း
အဆုံးသတ်လိုက်တယ်။

တိတ်တခိုးနဲ့ လွမ်းနေသူရင်မှာ
စွယ်တော်ရွက်တွေ...လွင့်ကြွေလို့
ဆံနွယ်တွေကို အလှဆုံးဖြန့်ကျက်ထားလှဲ့
ဘယ်အခါမှ...မတည်ရှိဖူးသေးတဲ့ အချစ်စစ်တစ်ခုနဲ့
အလွမ်းတွေ...အဆွေးတွေကို
ဝေါကနဲပဲ...ရွာသွန်းချတယ်


အခွင့်မရပဲ ချစ်ပြခဲ့တဲ့
ခပ်ညံ့ညံ့ဇာတ်ရုပ်က အမှတ်တမဲ့မို့
ရင်အစုံကိုဓားထက်ထက်နဲ့ခွဲ
အလွမ်းမိုးတွေသည်းစေခဲ့တယ်။

အလွမ်းတွေဝေတဲ့ မနက်ခင်းတိုင်း...
ဒီရာစုနှစ်ရဲ့....
မြို့ပြအောက်ခြေမှာ...
ကျွန်တော်ကိုယ်တိုင်မြှုပ်နှံခဲ့တဲ့....
ချစ်ခြင်းတစ်စုံရှိတယ်....

သေအံ့မူးမူးတောင်
အချစ်ဆူးလေးကို
မနှုတ်ရက်ချင်ဘူး
ရမ္မက်လူးလို့ အချစ်ရူးဆိုတဲ့
ပညတ်ချက်ကို တစ်ရှိုက်မက်မက်
မိုက်မိုက်မဲမဲ အသက်မြဲနေသမျှ
စခန်းချထားလိုက်တယ်။

ရင်ခွင်တစ်စုံကို
ပန်းချီကားတချပ်လို
မင်းစုတ်ချက်တွေနဲ့
အလိုရှိသလိုအသုံးပြုလိုက်ပါ၊၊


ပန်းချီကားလေးအသက်ဝင်လာပါရဲ့….ချစ်သူ
အလွမ်းအဆွေးတွေရောင်စံ
သောကတွေချောင်ခိုရင်း
ချစ်ခြင်းဆိုတဲ့အရာ အမုန်းစုတ်ချက်နဲ့ပဲ
သရုပ်ပျက်သွားခဲ့တယ။်

ကွေးညွတ်တဲ့နှုတ်ခမ်းတစ်စုံမှာတွယ်ညိမိတဲ့...
စိတ်ဝိဥာဉ်ငါက.....
အလွမ်းဥယျာဉ်ထဲပန်းပျိုးမိသူ ..
.ဖြစ်နေပြီလားကွယ်...
နေ့နေ့ညည တစ်သသနဲ့...
ဲအဲ့ဒီတစ်ညမှာဧဒင်ဥယျာဉ်ကြီးထဲ...
ချစ်သူတွေပျော်ပွဲဆင်နွှဲကြလိမ့်မယ်

ရွှန်းလက်တောက်ပတဲ့ မျက်ဝန်းတစ်စုံက
တစ်စစပဲ့ကြွေအောင် ညှို့ချက်ပြင်းတယ်
ချစ်ခြင်းကိုစစ်မခင်းခဲ့ပေမဲ့
ဒီပွဲမှာ ငါက ဗျတ္တလိုပဲ ယုံမှတ်မှားလို့
အသေသတ်ကစားပွဲမှာ အချစ်သားကောင်
ဖြစ်ခဲ့ရတယ်…………ချစ်သူ။



written by၊၊ ၊၊Layeik Lay ( လရိပ်လေး)& Yan Aung Moe (ကိုရန်လေး)

***ရင်ခုန်သံ၏တမ်းချင်း***


♥ အဲဒီနေ့ . . .
အပြစ်လေး မသမ်းစေပဲ
အချစ်သွေး လွမ်းပါစေ. . . ။

ဆန်းလေတဲ့ အမြစ်
ဒီရင်ကို တွယ်မိလေတော့
ချစ်တယ်ဆိုတဲ့စကား သူ ကြားနိုင်မှာလား..။

♥ ဒီနေ့လေးလား…ကို
အတူဆုံချိန် လျှောက်မဲ့လမ်း
မြူတစ်မှုန်စာတောင် မသမ်းစေဘူး
အချစ်နမ်းတွေပဲ လွှမ်းစေမယ်နော်
အထုးခြား ရူးသွပ်စေခဲ့တဲ့
အချစ်ရက်မှာ အနှစ်တစ်ရာမက
အချစ်ကိုစာသလို့ ချစ်တယ်ဆိုတာပဲ
နားစိုက်ထောင်မယ်....ကို။

♥ရင်ကိုချွေးသိပ် တစ်ရေးအိပ်ဘို့
နှလုံးကိုရင်း ပခုံးကို ခင်းပေးမယ်

အချစ်ဗိဗ္မာန်နန်းတော်ထက်
အုပ်စိုးလို့စံပျော်
မော်ကာ ပြုံးထား
ဒို့ နှစ်ဦး ကြား
အမှားတွေများ ကင်းစေသား..။

♥အချစ်ငွေ့တွေနဲ့ထွေးသိပ်မဲ့
ကို့ နှလုံးသားချစ်သံစဉ်အောက်မှာ
အပြုံးတွေယှက်ကူး ကြင်နာကြည်နူးရင်း
ဖြူစင်ခြင်းသက်သေကို ထာဝရလှစ်ခြွေပြမှာပါ….ကို

♥အလွမ်းတွေစေခဲ့မိလို့ အနမ်းတွေပို
ထို မေတ္တာဆူး ရင်လှစ်ကာ တူးလေတော့
အချစ်ဖူးတို့ ဖူးဝေရော့..။

ဦးစွာပန်ခူး မေတ္တာဖူးကို
သည်းဦးသခင် ပန်ဆင်ပါ။

ဆံထိပ်မှာထား မေတ္တာတရား
အချစ်များစွာ ရှိစေတာမို့
သံသရာများ အလွမ်းအားဖြင့်
တိုးလို့သာမျှော် ချစ်သူခေါ်
ရှိနေရာအရပ် မပျက်မကွက်
ဆက်ဆက်လာခဲ့မယ်..။

♥မေ့ရင်ခွင်ဦးမှာ သစ္စာဖူးလို့
ကို့ အချစ်ဆူးလေးပဲ
စူးနစ်နေစေမှာပါ။
အဦးအဖျား မေတ္တာကို
အချစ်ကမ္ဘာမှာ စာတင်ခဲ့တဲ့
ဗယ်လင်တိုင်းထက်ပိုစေလို့
အချစ်ညရင်ခုန်သံကို
အမှတ်တရလေးအဖြစ်
ဗယ်လင်တိုင်းဒေး ညမှာ
အတူနားဆင်ကြရအောင်လား………ကို။

ပန်းသီးတစ်လုံးကို စားသုံးခြင်း



♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥♥


ဧဒင်ရယ်
အာဒံရယ် .. ဧ၀ရယ် ..
တူနှစ်ကိုယ်တည်ဆောက်ခဲ့သော ဥယျာဉ်
ထိုစဉ်က သစ္စာ မလိုဘူး ၀တီ
မေတ္တာမည်သော ပလိန်း တစ်ခွက်နဲ့
နှစ်ဆယ့်တစ် ရာစုမှာတော့
အစိမ်းသက်သက် သောက်လို့မရဘူး
ဒို့ နှစ်ယောက်လျှောက်မယ့် ခရီးလမ်း
ဖ၀ါးမှာ ဖိနပ် မလိုဘူး ၊
ရင်ဘတ်ထဲမှာ သစ္စာပဲလိုတယ် ၀တီ ။

မောင်
မောင်ပြောတဲ့ အာဒံရယ် ဧ၀ရယ်
ဧဒင်ရယ်ကို အားကျလို့မဟုတ်ပါဘူး
ခေတ်သစ် ရှင်မွေးလွန်းနဲ့ မင်းနန္ဒာလို
အလွမ်းတွေနဲ့
ရေမြေခြားတဲ ဘ၀လည်း မဖြစ်ချင်ဘူး
အချစ်ကို ဘာညာလို့လည်း မောင့်လို
ဝတီ ဘာသာ မပြန်တတ်သေးဘူး မောင် ။

အထုံဝါသနာအရမှ
မဟုတ်ခဲ့တာပဲ .. မရယ်
လုံ့လတွေသန္ဓေမတည်ဖြစ်ပဲ
ရင်ဘတ်ခြင်း ချပ်ပင်ထိုး
story တွေမလိုအပ်ခဲ့ပါပဲ
မက မောင့်ရဲ့သင်္ကေတဖြစ်နေခဲ့တယ်

မောင် ကံကြမ္မာအရလား
ဆန္ဒတွေကြောင့်လား
ရင်ချင်းအပ် နှလုံးသားချင်းနီးစပ်လို့
ဖွင့်ဟခဲ့တဲ့ ချစ်စကားက
မနဲ့မောင်ရဲ့ ( Valentine Day )
အမှတ်တရ အချစ်သင်္ကေတပေါ့မောင်။

ဒီဘဒ္ဒ ကမ္ဘာကြီးထဲမှာ
မောင်က ရုပ်ဝတ္ထုတစ်ခုဆို
ဝတီက မောင့်စိတ်ကူးတွေကို
စွဲငင်ထားတဲ့ ကမ္ဘာမြေ
မောင်က နေကြာတစ်ပွင့်ဆို
ဝတီက ဟိုးးအမြင့်က ငြို့ငင်နေသော သူရိန်နေ
မောင်က လှိုင်းလေးသာဆို
ဝတီက တဖျတ်ဖျတ် လှုပ်ခတ်စေသော လရောင်
ဝတီက မြောက်အရပ်ဆို
မောင်က သံလိုက်အိမ်မြှောင်
ဒိထက် အချစ်ကို ပုံဆောင် ထပ်ဖွဲ့ပြရင်
အာဒံတစ်ယောက် မဲ့သွားမှာ စိုးလို့
( Valentine Day ) ညမျိုးမှာ
တိုးတိုးလေးပဲ ပြောပြတော့မယ် ၀တီ ။

မောင်
မောင့် နှလုံးအိမ်လေးရဲ့
ချစ်ခြင်း ပြဇာတ်တစ်နေရာမှာ
( ၀တီသာ တန်ခိုးရှင် တစ်ယောက် ဖြစ်မယ်ဆိုရင် )
မောင့်ရဲ့ ရင်ထဲမှာ အချစ်တွေကို
သစ္စာနဲ့ အတူ ဖန်ဆင်းပြီး ထည့်ပေးချင်တယ်
ဒီလို ( Valentine Day ) ညမှာပါ့
ကော်ဖီခါးခါးလေးနဲ့
မောင့်ရဲ့ နွေးထွေးတဲ့ မေတ္တာတွေ အကြောင်းကို
အတွေးနက်နေရမယ် ဆိုင်ရင်ပဲ
မောင့် မေတ္တာက
ဝတီ အတွက်တော့ လုံလောက်နေပါပြီ ။

လရိပ်ရဲ့ဖြန့်ကျတ်မှုအောက်
တစ်ယောက်နဲ့တစ်ယောက်
အကြင်နာတွေပစ်ပေါက်ကြရင်း
ဒီလို ( Valentine Day ) ညက
အနံ့အရသာလက်ဖျားခါရတဲ့
မောင့်အတွက်ပေါ့ ..
အဟာရဖြစ်တဲ့ ဆောင်းတစ်ခွက်
မ အချစ်တွေနဲ့ချက်ပြုတ်ထားခဲ့လို့ပါ ။

ဆုံးအံ့မထင်တဲ့
ကောင်းကင်ပြာအောက်
မောင်နဲ့မ အနမ်းတွေခြွေချရင်း
နှစ်တစ်ရာမမေ့သာအောင်
ချစ်ကမ္ဘာလေးစတည်လို့
ဒီလို ( Valentine Day ) ညတိုင်း
မောင့်မေတ္တာ အချစ်စခန်းလေးမှာပဲ
မွှေးပျံ့ပျံ့ချစ်သင်းရနံ့လေးနဲ့
ထွေးဖက်လို့နေလိုက်ချင်တယ် မောင် ။





ချစ်သူများနေ့မှာ
( ကျနော်တို့လိုပဲ )
ချစ်တတ်သူတွေ အားလုံးပဲ ပျော်ရွှင်ကြည်နူးကြပါစေး)
ဝေးသူတိုင်းလဲ နီးလို့ ၊ နီးသူတိုင်းလည်း အဆင်ပြေကြပါစေး)



( ဝေယံမောင်မောင် ♥ လရိပ်လေး ) + ( နွေဦးမောင်မောင် ♥ နေ၀တီ )

လ ကာင်္ ဒီ ပ ကို ပုံ ဖော် ကြ သူ များ



•••••••••••••••••••••••••••••••

တိုင်း သူ ပြည် သား
လူ အ များ တို့ ..

ရေ မြေ့ သ နင်း ၊ ပြည့် ရှင် မင်း ၏
သ တင်း ရာ ဇ ၊ ခံ ယူ ကြ လော့
အ ဌ စ န္ဒာ ၊ လေး စ င်္ကြာ ကို
အ င်္ဂါ သုံး တန် ၊ စွမ်း တ မံ က
နန်း စံ မင်း တက် ၊ သီ တာ့ လက် ကို
တွဲ လျက် ပျော် စံ ၊ ဖူး စာ မှန် မို့
အ မြန် တက် ချီ ၊ ခု နှစ် ပြည် က
မင်း ညီ မင်း သား ၊ ဗိုလ် ပါ များ ရယ်
ခ စား ရောက် ရှိ ကြ စေ သော် - ၀် -

လှ ခေါင် ထိပ် ဖျား ၊ မ ဖု ရား အား
အ ကျွန် ရာ မ ၊ ဘ ၀င် ကျ ကာ
ဆွံ့ အ တွေ ဝေ ၊ ဖူး စာ ပေ လား
စိတ် နေ ထူး ခြား ၊ နှ လုံး သား က
မှောက် မှား လို့ ပင် ၊ ချစ် ဆိပ် ငင် ၍
လေး တင် ညှို့ က ၊ အ နိုင် ရ လျှင်
နှ မ သီ တာ ၊ မောင့် သက် လျာ အား
ရင် ၀ယ် ထား ခွင့် ၊ ရ စေ သော်။

ငါဟဲ့ညီတော် .. ငါညီတော်တည်း
နောင်တော်ခွန်းအား .. စွမ်းပကားကို
တုပနိုင်ငြား .. ညီမင်းသားတည့်
လက္ခဏငယ် .. ခွန်းအားကြွယ်ငြား
စွမ်းပကားတို့ .. နောင်တော်မင်းအား
နှိုင်းမှီးငြားလည်း .. မရီးသီတာ
ကြည့်အထာကို .. သေချာရိပ်မိ
စိတ်ကသိလျှင် .. တင်လျှင်ရနိုင်
လေးညို့တိုင်ကို .. မဲ့ဟန်ကိုပြ
မြေစိုက်ချ၍ .. မရီးသီတာ
နောင်တော်ရာတို့ .. နန်းရာပျော်ကြောင်း
မေတ္တာလောင်းသည် ..
ငြိမ့်ညောင်းသာယာအေးစေသောဝ် .... ။

ဒ ဿ ဘီ လူး ၊ စွယ် ပြူး ပြူး နဲ့
ဗိုလ် မှူး မင်း သား ၊ မင်း တွေ ကြား မှာ
မင်း သား ရာ မ ၊ မြင် စဉ် က ပင်
ရွှင် ပြ ကြည် သာ ၊ မယ့် ဖူး စာ သို့
ရင် မှာ ဆ န္ဒ ၊ မယ့် ဆ န္ဒ ဖြင့်
သီ တာ ကျ မ ၊ ဆု ပန် သ ကာ
ခန်း ၀ သို့ မျှော် ၊ စိတ် ၀ယ် ပျော် တယ်
မောင် တော် ... လေး တင် နိုင် စေ သော် ။

အ ချစ် သီ တာ ၊ ငါ့ သီ တာ ပဲ
သီ တာ သက် ထား ၊ ငါ့ သက် ထား ပဲ
ငါ့ အား ခံ ခု ၊ သင် မ လု နဲ့
ယှဉ် တုဖက်ပြိုင် ၊ ငါသာ ပိုင်မယ်
မနိုင် နောက်ဆုတ် ၊ ၀င်မရှုပ်နဲ့
အို မနုဿ ၊ မင်း ရာမ ရယ်
ဒဿ ငါ့ဘုန်း ၊ မီးသို့ ဟုန်းလို့
အ ရှုံး ဆု လာဘ် ၊ သင် မ မက် နဲ့
မင်း ဒ ဿ ဘုန်း ၊ ငါ့ လက် ရုံး နဲ့
သိမ်း ကျူံး ပြီး နောက် ၊ ကြင် ရာ မြှောက် မယ်
ကြောက် တတ် သူ တွေ ပြေး စေ သော် ။

ရ မ္မက် ဇော ဖြာ ၊ ဒ ဿ မာ ယာ
စိတ် မှာ သိ လည်း ၊ မောင့် အ သည်း ရှင်
ညို မည်း ဟန် ဆင် ၊ မျက် နှာ သွင် ကြောင့်
သ မင် နောက် ပါး ၊ လိုက် မိ မှား ကာ
စိတ်ထားယုတ်လှ ၊ မင်းဒဿနှင့်
ရာ မ အ ကျွန် ၊ မေ တ္တာ လွန် ၍
ပြည် ရွာ သိန်း ခို ၊ မီး ရှို့ ဖြို မယ့်
ထို ထို သ တ္တိ ၊ ကျွန် ချစ် မိ သော
အ ကျွန့်မေ တ္တာ ၊ ကျွန့် သ စ္စာ ကြောင့်
ဖူး စာ မ ပျက် ဆက် စေ သော် ။

မှော်ရုံဟေဝန် .. တောရဂုံနှိုက်
သမာမှုကင်း .. ရေသောက်ဆင်းသည့်
သမင်အလှ ... ရင်ဝကျ၍
ပူဆာနေငြား ... နှမအားလျှင်
ဖမ်းပေးမယ်ထား ... နောင်တော်သွားသော်
မရီးသီတာ .. တိတ်လန့်ဗျာများ
စောင့်ရှောက်ထားစဉ် ... နောက်ကလိုက်သွား
သူ့အားထားခဲ့ .. နားဝယ်မဝင်
တွင်ငြင်းလေသော် .. မရီးသီတာ
ပြောရက်တာများ .. ရင်ဘတ်ခါးသည်
သူ့အား သိမ်းပိုက်ကြံနေသလော ?
မရီးသီတာ .. ခါးသီးပါ၏
ပြစ်မှားမိငြား .. စိတ်ထားရှိက
မိုးကြိုးသွားကျ .. မြေအောက် ခ စေ
ကျိန်စာချမိ .. ရင်မှရှင်း၍
မဖောက်သစ္စာ .. ဆိုရဲပါသည်
သံသယများရှင်းစေသောဝ်

မောင် တော် ရာ မ ၊ ယှဉ် မ ရ လို့
ညဉ် က ကောက် ကျစ် ၊ ဒ ဿ ညစ် ရေ
အ ချစ် မ ပါ ၊ မယ့် သက် လျာ ရဲ့
သ စ္စာ ငုံ ဖူး ၊ မေ တ္တာ ဦး ကို
ဖူး ဝေ ပွင့် ပန်း ၊ လှမ်း မ တဲ့ လား ?
လှမ်း ဖို့ ရွယ် စူး ၊ ခူး မ တဲ့ လား ?
ခူး လို့ ခြွေ ချ ၊ ရ မ တဲ့ လား ?
ရ လို့ ပိုက် ထွေး ၊ မွှေး မ တဲ့ လား ?
မွှေး တဲ့ ဘ ၀ ၊ မြေ သာ ခ မယ်
ဒ ဿ ဘီ လူး ၊ တ ဏှာ ရူး ရယ်
သ စ္စာ စူး လို့ ရူး စေ သော် ။

အ ချစ် သီ တာ ၊ ရက် စက် နိုင် လွန်း
ဒဿ နှ လုံး ၊ ဘယ့်တွက်မုန်းသည်
မုန်းလည်း ဆက်ချစ် ၊ ရှူံးလည်း ချစ်မည်
သီ တာ နတ် ပန်း ၊ ရ အောင် လှမ်း မည်
စိတ် ၀ယ် ကြမ်း လည်း ၊ အ သဲ နု သည်
နု သည့် အ သဲ ၊ ကွဲ ကြေ ခဲ့ သော
ဒဿ မာန ၊ ငါ့ မာ န သည်
နှ မ သက် လျာ ၊ ခင် သီ တာ ၏
ခြေ မှာ ၀ပ်ဆင်း ၊ အ သက် နှင်း ပြီ
ချစ် ခြင်း ငယ် ပြိုင် ၊ ငါ မနိုင်လည်း
ခိုင် မြဲ သ စ္စာ ၊ ငါ့ မေ တ္တာ သည်
က မ္ဘာဆက် တိုင်း တည် စေ သော် ။


( ဒဿ= မိုးပြေး ) ၊ ( ရာမ = လရိပ်လေး )
( လက္ခဏ = ဝေယံမောင်မောင် ) ၊ (သီတာ = နွေဦးမောင်မောင် )

Wednesday, January 16, 2013

***လှပန်းဝေဆာ မောင်းမကန်ရွာ***


တောင်တန်းပြာများ ၊ ဝိုင်းရံထား၍
မြေသားဆီတက် ၊ ခက်လက်ဝေဖြာ
ရွာအဝင်လမ်း ၊ အုန်းခြံတန်းနှင့်
စိမ့်စမ်းတောင်ရေ ၊ စီးဆင်းနေသည်
တောင်ခြေရွာလေး ၊ စိမ်းစိုအေး ။

တောင်ပေါ်ထိပ်ဖျား ၊ စေတီများနှင့်
ဝင့်ကြွားသပ္ပါယ် ၊ နတ်ဘုံနှယ်သို့
စိတ်ဝယ်ခံစား ၊ ထင်မှတ်မှား၍
ငှက်များတေးချို ၊ လှအားပိုသည်
စာဆိုထိုင်ငေး ၊ ရွာကလေး ။

ရွာမြောက်ဘက်ခြမ်း ၊ ရေပူစမ်းသို့
ကြွလှမ်း၍လာ ၊ ဆွေသဟာဖြင့်
ရွာ၌ဧည့်စည် ၊ သာယာသည်မို့
ရွင်ကြည်နှလုံး ၊ ပျော်မဆုံးလျက်
ချစ်ထုံးရှည်တာ ၊ တို့တောရွာ ။

သာယာစည်ကား၊ ရွာနောက်ဖျားဝယ်
ဆေးသားပန်းချီ ၊ ရေးမမှီသည့်
နေခြည်ဆည်းဆာ ၊ ရွှန်းပစွာဖြင့်
ရေပြာကမ်းက၊ ရှုတိုင်းလှတော့
လွမ်းရပါသေး၊ တို့ရွာလေး။....(လရိပ်လေး)

**လွမ်းစေတမာန်**



ရွှေကျေးငယ်ရေ ၊ တနယ်ပြည်မှ
ငယ်ကချစ်ဖူး ၊ မေ့သဲဦးကို
စူးစူးနစ်နစ် ၊ ချစ်တဲ့အကြောင်း
ထပ်လောင်းပြောရန် ၊ လေဆန်လှန်၍
မှန်မှန်ပျံကာ သွားပါလေ ။

ရွှေကျေးငယ်ရေ ၊ ဝေးတမြေ၌
ဆောင်းလေသော့ရမ်း ၊ ပန်းများနှင်းစို
အချမ်းပိုပြီ ၊ မောင့်ကိုလွမ်းလို့
ကိုယ်နွမ်း စိတ်ပူ ၊ ချစ်သဲဖြူ ထံ
သူပြန်လာဖို့ မှာပါလေ ။

ရွှေကျေးငယ်ရေ ၊ တမြေ လူကြား
သွားလာ နေ့ည ၊ မောင့်ဘဝ၌
မကျစိတ်ဇွဲ ၊ အားမာန်မြဲလျက်
လူလဲကျန်းမာ ၊ စိတ်ချမ်းသာရေး
မေတ္တာပေးကြောင်း ပြောပါလေ ။

ရွှေကျေးငယ်ရေ ၊ မေ၏ အမှာ
ခွန်းခြွေလွှာကို ၊ သေချာပြောကြား
မောင့်အား သိ၍ ၊ မေ့ထံ ပြန်ကြား
မောင့်စကားကို ၊ မှတ်သား မမေ့
တစ်နေ့ မဆိုင်း ၊ လေစုန်လှိုင်းဖြင့်
တို့တိုင်း တို့ပြည် ပြန်ခဲ့လေ ။......(လရိပ်လေး)

Friday, January 11, 2013

***လွမ်းလှပါသည် လယ်ကွင်းဆီ***



မိုးစက်မြေလူး၊၀ဿန်ဦးဝယ်

မြူးတူးခုန်ပေါက်၊ လယ်ကွင်းလျှောက်ကာ

ဖားကောက်လို့ပျော်၊ လွမ်းကာမျှော်မိ

မော်မော်ကြွားကြွား၊ စိမ်းရောင်လွှားကာ

ငွားငွားစွင့်စွင့်၊ လှအားတင့်၍

ပင်မြင့်တက်လာ၊ စပါးမှာမူ

ဘယ်ညာနွဲ့ယိမ်း၊ လေမှာတိမ်း၍

စိမ်းစိမ်းရင့်ရင့် လှရက်သည်။..

Wednesday, January 9, 2013

***ကျွမ်းမြေ့အလွမ်း***


အတွေ့ခက်လေတော့
နီးရက်တွေကြုံဖို့ရေး
အခါခါတွေး ရင်မှာနာ
မခံသာ ဖြေရာမဲ့
လွမ်းလျှက်သာငို။

မိုးစက်ပမာ မျက်ရည်ဝေ့သီလို့
အသည်းလှိုက်စားနာကျင်
ဖြေမရွှင် နေထိငြိုးတဲ့ပန်းလိုပါ့

နွမ်းလျမရွှင်....။

ချစ်ချင်းရယ်ပို သစ္စာဆိုကတိတွေက
သွေမပျက်ပါ

ရင်ထက်မှာ အစဉ်ရှိသော်လည်း
မိုးရိပ်လွှာ
မှိုင်းညှို့ကာ ဆွေးစေအားတယ်....ကွယ်
လွမ်းရက်ကိုနှင်း။

***ကြမ္မာအောက် လမ်းပျောက်သူများ***



ရက်စက်လှပေ
ကြမ္မာလေလား
ဘ၀များက
နုံခြာလှပေ
နေရလေတဲ့
တဲအိုပျက်ငယ်
ပညာရယ်ဝေး
စားသောက်ရေးခက်
သနားလျှက်သာ
မြင်ရတာမို့
ရင်မှာဆို့ကာ
စာကဗျာရေး
ကူညီပေးချင်
စိတ်အားရွှင်လည်း
အခက်ခဲကြောင့်
မပေါက်ရောက်သေး
ရောက်မည့်ရေးကို
တောင်းဆုဆိုကာ
အဝေးကသာ
နေရရှာ၍
ရင်နာလှပြီ
ဖြေမဆည်သို့။.....(လရိပ်လေး)

***ငြိမ်းစေချင်***




ပြည်သူတွေအတွက်
ငြိမ်းချမ်းရေးတဲ့လား
လွဲမှားတဲ့အယူအဆ
မခယချင်တဲ့အတ္တ
အချင်းသတ်ကြ
မောဟ ဒေါသတွေ ခင်းပြ
လောကကိုအပြစ်မြင်
စစ်ကိုပဲ အကြိမ်ကြိမ်ဆင်။

ကြားကနေလူတန်းစား
အားထားစရာမဲ့
အပျက်ပျက်နဲ့
နှာခေါင်းသွေးထွက်
သွေးစက်တွေမြေခလို့
ငတ်မွတ်တဲ့ဘ၀ရောက်
နေစရာပျောက် စားစရာရှား
ဘ၀များကို သွေးသားနှယ်ထား
ကိုယ်ချင်းစာသနားလို့
အချင်းချင်းသတ်စားနေတဲ့
စစ်မီးရယ် အမြန်ငြိမ်းပါစေသား။....(လရိပ်လေး)

***ထမင်းရှင်များ***



ရွှံ့နွံ့တွေထဲ နေ့ရက်မပျက်
မိုးသက်လေထန် ဒုက္ခခံကာ
လယ်ယာစပါး အထွက်များအောင်
အားထုတ်ကြိုးစား အများပြည်သူ
မပူမပင် နေ့စဉ်စားဖို့
ဝိုင်းလို့စုထား အင်အားများဖြင့်
ရိုးသားလှစွာ လုပ်ကြရှာတဲ့
လယ်ယာလုပ်သူ သူတို့ခမျာ
စားရသည်ကား မလောက်မငှ
ဆင်းရဲလှစွာ နေရပါလည်း
မလျှော့ဇွဲနဲ့ ပြုံးမပျက်ပဲ
ရုန်းမထွက်ချင် လယ်မြေကိုခင်
တကယ်ပင်မို့ ငါတို့တတွေ
မေတ္တာဝေ၍ ဖေးမလို့သာကူပါလေ။.

***မောင်လေး သို့***





မောင်လေးရေ.....

ရေမြေရယ်ခြား ၊ တိုင်းတစ်ပါးမှာ
စကားရယ်ချို ၊ နှမပျိုကို
ရင်ဖိုလှိုက်မော စိတ်မနှောဖြင့်
ချစ်ဇောဟုန်ပွား ရမ္မက်အားနှင့်
ဖောက်ပြား၍ဖြင့် မနေနှင့်။

မူးယစ်စေကာ မျိုးစုံပါသည့်
တွေ့ရာဆေးခြောက် ဘိန်းရှူသောက်စား
ရှက်ကြောက်မထား လူမိုက်များနှယ်
ပျော်ပါးမဆုံး အချိန်ဖြုန်းကာ
လူမုန်းများအောင် မလုပ်နှင့်။

ငါကားယောက်ျား မာန်တွေထား၍
အများသူငါ မြူဆွယ်လာက
သာယာမှုထား မိတ်ပေါင်းမှားကာ
ရမ်းကားစိတ်ဝင် မဆင်ခြင်ပဲ
နှားထင်သွေးရောက် မမြောက်နှင့်။

နေ့နဲ့ညမှား လုပ်အားများနှင့်
စေစားနာခံ မခြေငံလည်း
ပြန်လှန်မရဲ အံကိုခဲကာ
ဆင်းရဲကြီးစွာ လုပ်ရတာကို
စိတ်မှာနာလည်း ကြိုးစားဇွဲဖြင့်
မြင့်ကဲရောက်အောင် ကြံဆောင်လေ။

ဝမ်းရေးလည်းလှ ပညာရက
မိဘရပ်ဌာန် အမြန်ပြန်လို့
နိုင်ငံကောင်းကျိုး စုသယ်ပိုးကာ
အမျိုးဂုဏ်ဆောင် ဇာနည်မောင်လို
ပြောင်မြောက်အောင်သာ ကြိုးစားပါ။.....(လရိပ်လေး)


Monday, January 7, 2013

***အလွမ်းရတု***


 
***အလွမ်းရတု***

အဆုံးသတ်ခဲ့ပြီ
ဖြူလွှလွှ သမုဒယ
ဟန်ဆောင်မှုတွေနဲ့
အရောင်ဖျက်လို့
ဒဏ္ဍာရီဆန်ဆန် ဒဏ်ခတ်လိုက်တယ်။

ပန်းပျိုးခဲ့တာပါ
ရင်အစုံကိုပူရုံပဲ...၊
ရာသီတွေငိုကြွေး
အခွင့်သာခိုက်လေး
အလွမ်းနဲ့
တံတားထိုးပေးထားလိုက်တယ်။

ရစ်မူးမိတဲ့ တဏှာ
မဖြေသာလည်း
စေရာမဲ့ နှောင်ကြိုး
ဆက်ထုံးကြိုးငြိ
ချစ်မိမိန်းမရိုင်း အရူးတစ်ပိုင်းပေါ့။

ထားခဲ့တဲ့ကတိ ၊မှားမိသည့် သမုဒယ
မာယာလှလှ ချေဖျက်၊ချစ်ခဲ့ရက်တွေ
လေအဝေ့မှာ ကြွေ
ကန္တာလေလို အနေခက်
မမေ့ရက်တာ စက္ကန့်တိုင်း။

ဆုံစည်းခွင့်မလိုပါဘူး
နာကျင်ဖူးတဲ့ဒဏ်ရာ
အဖန်တစ်ရာနာလည်း
သံသရာရှေ့ဆက်
လွမ်းရက်အင်္သချေ
ကျွမ်းမြေ့ကြေကွဲ
တမ်းတဆဲပါ……ချစ်သူ။.....(လရိပ်လေး)

Friday, January 4, 2013

*****တောင်တန်းပြာ နှင့် အလွမ်းသစ္စာ*****


အိုဘယ့် .. မြန်မာ ၊ ရွှေမြန်မာတို့
ညီညာ ထလော့ ၊ နိုးထ တော့လေ
ဖျော့ဖျော့ မှိန်မှိန် ၊ နေသူရိန်ကို
တိမ်မျှင် တိမ်ပုပ် ၊ ဖုံးကာ အုပ်သို့
မျိုးယုတ် ရန်စွယ် ၊ အန္တရာယ်တွေ
သွေဖယ် ပပျောက် ၊ ဒီ နေ့ရောက်ဖို့
သွေးသောက် နွယ်ရင်း ၊ မျိုးသည်မင်း
လက်ချင်း ခိုင်ခိုင် တွဲသင့်ပြီ။.....(နွေ ဦး မောင် မောင်)

တိုင်းရေးပြည်ရာ အဖြာဖြာကို
မှန်စွာလုပ်ဆောင် ဂုဏ်ရောင်ပြောင်မြောက်
အမှောင်ကိုခွင်း အရောင်လင်းအောင်
အချင်းချင်းပင် ရန်သူထင်သည့်
မစင်စိတ်ထား အတ္တများကို
နောက်ပါးချန်ခဲ့ နေ့သစ်တွက်ကို
မာန်နဲ့ချီတက် မငဲ့သက်ဘေး
သွေးနဲ့ရေးကာ ပြည်မြန်မာတွက်
ပေါင်းကာစုစည်း လုပ်သင့်ပြီ။.....(လရိပ်လေး)

အမျိုးဘာသာ ၊ သာသနာ အတွက်
ထမ်းရွက် ကျေပွန် ၊ မောင့်တာဝန်မို့
မြေပြင် သတ်ကွင်း ၊ စစ်တလင်းမှာ
စီးချင်းတိုက်ပွဲ ၊ မောင် ဆင်နွှဲရင်း
ရဲသော် မသေ ၊ သတ္တိတွေနဲ့
ရွက်ကြွေ နှင်းဖွေး ၊ မိုး မရွေးပဲ
သွေးချင်းနီလျှက် ၊ မောင် ချီတက်
လွမ်းရက်တွေလည်း နည်းခဲ့သည်။.....(နွေ ဦး မောင် မောင်)

မေ့အသည်းရှင် စစ်မြေပြင်တွင်
မခင်အလွမ်း သတ္တိစွမ်းနှင့်
ထုံမွှမ်းစစ်ဆင် ပြည်ရေးငင်ကာ
သာသနာတွက် မပျက်ကွက်အောင်
အသက်အိုးအိမ် မငဲ့လေပဲ
မသွေစိတ်ထား စွမ်းပကားကို
လေးစားစိတ်ဝင် လွမ်းနေချင်လည်း
အစဉ်ဆုတောင်း မေတ္တာလောင်း၍
မပြောင်းဘယ်ခါ ထားသစ္စာဖြင့်
ကြင်နာလျှက်သာ ချစ်နေမည်။.....(လရိပ်လေး)

တောတောင် စိမ့်စမ်း ၊ လမ်းကြမ်းကြမ်းမှာ
အလွမ်းတစ်ဝက် ၊ ယမ်း တစ်ချက်နဲ့
တမ်းလျှက် မျှော်ဆွေး ၊ လွမ်းစာရေးဖို့
မတွေးအားသာ ၊ မောင့်သက်လျာရယ်
ရင်မှာ ဆန္ဒ ၊ ထပ်တူကျသော
လှပ ငြိမ်းချမ်း ၊ ပြည်တစ်ဝှမ်း နဲ့
စွမ်းဆောင်ဇာနည် ၊ အောင်ပွဲချီမှ
မယ့်ဆီ မောင်လှမ်းလာတော့မည် ။.....(နွေ ဦး မောင် မောင်)

ယမ်းငွေ့တွေဆမ်း ခရီးကြမ်းမှာ
မလွမ်းအားပဲ သွေးရဲရဲဖြင့်
စွဲမြဲချီတက် လွမ်းရေးခက်ကာ
ရတက်ပူမီး စိတ်ဖိစီးလည်း
မငြီးမငြူ ရန်မူသူကို
အားယူတိုက်ဖျက် ရှေ့သို့ဆက်၍
ငြိမ်သက်ငြိမ်းချမ်း ပြည်တစ်ဝှမ်းဝယ်
စွမ်းရည်ထုတ်ပြ အောင်ပွဲရမှ
လွမ်းသမျှကို ရင်ဖွင့်ဆို၍
မောင့်ကိုချစ်အား ပိုတော့မည်။.....(လရိပ်လေး)

ရှေးခေတ် ဗိုလ်အောင်ဆန်းနှင့်တကွ မြန်မာ့စစ်သည်တော်သားကောင်းများကို ( ၆၅ ) နှစ်မြောက် လွတ်လပ်ရေးနေ့ နှင့် အတူ ဤကဗျာလေးဖြင့် ဂုဏ်ပြုအပ်ပါသည် ။

Thursday, January 3, 2013

***ပျော်ရွှင်ပါစေ မြန်မာပြည်***


နှစ်သစ်ချိန်ခါ ပြည်မြန်မာဝယ်
သာယာမှုပေါင်း ဝေစည်လောင်းကာ
ခညောင်းမေတ္တာ ငြိမ်းချမ်းစွာဖြင့်
ညီညာဖြဖြ အေးမြစိုပြေ
စမ်းကျရေလား ငြိမ်းစေသား။

စိတ်ဝမ်းတွေလွဲ သွေးချင်းကွဲကာ
အမြဲရန်မူ စစ်မီးပူသည့်
ရန်သူလိုထား အမျိုးသားတွေ
ခွဲခြားဆက်ဆံ နှိပ်စက်ခံစား
ဒုက္ခများစွာ ပျောက်ပျက်ပါ၍
စဉ်သာစုစည်း ငြိမ်းစေသား။

သယံဇာတ ပေါကြွယ်ဝ၍
များလှစပါး သီးနှံများနှင့်
ရေများပြည့်ဝ တောတောင်လှနှင့်
မျှတရာသီ မြန်မာပြည်ကြီး
မဟီတိုင်အောင် လှစေသား။

လူသားချင်းသာ ကိုယ်ချင်းစာ၍
စာနာထောက်ထား ခေါင်းဆောင်များနှင့်
ဘုရားသံဃာ သာသနာတွေ
ရောင်ဝါထွန်းပ နှစ်သစ်လှကို
အေးအေးမြမြ ရောက်စေသား။....(လရိပ်လေး)

***ဝေးလွင့်ခြင်း***



ပျိုးမချခင်ကတော့ ရိုးမမှာငိုသံတွေဆူညံနေပါရဲ့
မိုးဝဿန်ကို ဘယ်တော့မှ မညာခဲ့မိဘူး
စိုစိုရွှဲလို့တစ်ရှိုက်မက်မက်လေး ငါထွေးပွေ့ခဲ့တာပါ။

သွေးတစ်စက်ရဲ့ ဒဏ္ဍာရီကို အတိတ်ခြေရာလို
မေ့ရက်ချင်ပေမဲ့ တေးသွားတစ်ပုဒ်လိုအလွတ်ရနေပြီ
စီးမျောရင်း ဝေးလွင့်နေရတာ ကမ္ဘာပျက်လုလု
ရင်ခုန်သံ စည်းချက်မှန်နေတယ်။

မြစ်တစ်စင်းရဲ့ မာယာကို ဟန်ပါပါ မြတ်နိုးလိုက်တာ
အငိုက်မိတဲ့ ကဗျာတစ်ပုဒ် ခပ်သုတ်သုတ်လေး
လွမ်းနေလေရဲ့ မှတ်တမ်းမဲ့တဲ့ ကျရှုံးခြင်း သိမ်မွေ့ခြင်း
တွေနဲ့ ပြုံးနေတယ်။

တိမ်ပြိုခဲ့တာ မိုးစက်တွေဖြစ်တည်ဖို့ဆိုရင်
တွယ်ငြိခဲ့မိတဲ့နှလုံးသား အကျဉ်းစံဘ၀ မတောင့်တပဲရလိုက်တာ နင့်ရဲ့မာယာမပါတဲ့ ပြုစားမှုအောက်မှာ နုနုလှလှလေး အသုံးတော်ခံလိုက်လို့ပါ………ချစ်သူ။

ဆုံဆည်းခြင်းဆိုတာကို အငမ်းမရတမ်းတနေပေမဲ့
ပန်းလှလှတွေမြင်ရရုံ နမ်းရှိုက်ခွင့်မဲ့တဲ့ ဥယာဉ်မှူးဘဝ
အလွမ်းခါးခါးတွေပဲ စက္ကန့်တိုင်းအချိန်ညှိနေကြတယ်
ဝေးလွင့်ခြင်းဆိုတာကို ကမ္ဘာ့အပြင်ဘက်မှာ
ကျောက်ချတားချင်တယ်……… ချစ်သူ။.....(လရိပ်လေး)

****စတုတ္ထမြင့်မိုရ်****




ပန်းပျိုးတဲ့လက် စုတ်ပေဖြတ်လည်း
မငဲ့ဘ၀ ရသမျှဖြင့်
ကြောင့်ကြကင်းတိပ် မေတ္တာရိပ်မှာ
ပျော်မွေ့စရာ တတ်ပညာကို
သင်ကာလမ်းပြ ဘ၀လှအောင်
စွမ်းဆောင်စေတာ အဖေပါ။

ဘ၀ခရီး ကြိမ်ပုံမီးနှယ်
တွေ့ကြုံဝယ်လည်း ရင်ဆိုင်ရဲကာ
မာန်တင်းကာဖြင့် အံတုဖတ်ပြိုင်
နှင်းအပ်ပိုင်စေ ဘ၀နွေထဲ
ကြိုးကုတ်ခဲ၍ ကိုယ်နှင့်အသက်
နှင်းအပ်ပေးထား သမီးသားတွက်
လေးစားဖွယ်ရာ ဂရုဏာနှင့်
ရဲရဲရင့်ရင့် ဟို...အမြင့်ကို
တင်မြှောက်ပေးတာ အဖေပါ။

ဘာသာတရား အလေးထား၍
ပွားများမေတ္တာ စေတနာနှင့်
အရာရာကို အသိပိုအောင်
ပြောဆိုဆုံးမ ရှေ့လမ်းပြကြယ်
နေရာဝယ်လည်း သူအမြဲရှိ
ဆောင်မကြည့်တာ အဖေပါ။

အဖေ့မေတ္တာ နှိုင်းတုရာမဲ့
ကြင်နာခဲ့၍ မမေ့စိတ်ဝယ်
အရိပ်နှယ်ဖြင့် တစ်ရစ်ရစ်တိုး
တွယ်တာကိုးစိတ် ရင်ထဲသိပ်ကာ
နှစ်ရက်ကြာအောင် မပြစ်မမုန်း
ရစ်ချည်ထုံး၍ ချစ်ကြည်နှလုံး
မြဲရွှင်ပြုံးကာ နေချင်ပါလည်း
ကံကြမ္မာညှိုး ရေစက်မိုးက
ခေါက်ရိုးကျိုးကာ ရက်စက်ရှာပေါ့
ဘ၀ကာခြား ထားခဲ့သွားပြီ။

ရင်နာကြေကွဲ လွမ်းလျှက်ပဲလေ
နေ့ရက်တိုင်းမှာ ပို့မေတ္တာဖြင့်
ရောက်ရာဘုံဘ၀ ထိုဌာနမှာ
ပျော်ရွှင်နိုင်စေ တောင်းဆုခြွေသည်
ခါတွေမလပ် ဘယ်မပျက်ပေါ့
အဖေသုဂတိ လားပါစေ။....(လရိပ်လေး)