Pages

Saturday, July 27, 2013

****အမျိုးမပျောက်စေ မျိုးစောင့်လေ***



လူ့အခွင့်ရေး ဦးစားပေးက
ရှေ့ရေးမြန်မာ ခက်တွေ့မှာမို့
ပညာနှင့်ယှဉ် ဥာဏ်နှင့်မြင်၍
လိုအင်ဆန္ဒ ချိုးနှိမ်ကြပြီး
မျိုးလှစေရေး ဦးစားပေးကာ
နွေးထွေးလို့သာ မျိုးစောင့်ပါ။

အမျိုးမစောင့် လူမျိုးပျောက်လိမ့်
ခေတ်နောက်လိုက်ကာ သာသနာမေ့
ဘာသာရွှေ့လို့ မြန်မာတို့တွေ
ရှေ့သို့ဆက်နေ လမ်းမှားချေက
ရေမြေကျရှုံး လူမျိုးတုံးကာ
ပျောက်ဆုံးမျိုးဆက် ဘာသာပျက်လို့
နေ့ရက်တိုင်းဟာ ကျဉ်းတန်စွာနဲ့
သေခါနောက်ဆုံး လူဖြစ်ရှုံး။

အမျိုးဘာသာ သာသနာတွက်
သံဃာတော်များ ဦးဆောင်ထားကာ
အများကောင်းကျိုး ရွက်သယ်ပိုးလို့
မျိုးရိုးစောင့်စည်း ရှေ့ခရီးတွက်
မငြီးမငြူ ပေါင်းစည်းကူလျှက်
ညီတူစုဝေး စည်းမျဉ်းရေး။

ဤသို့ဤနှယ် အတွေးကြွယ်လျှက်
မကွယ်လူမျိုး တို့မျိုးရိုးတွက်
အားကျိုးမာန်ပါ ဆောင်ရွက်တာကို
မြန်မာတို့တွေ အားပေးလေလော့
မသွေမဖောက် မျိုးကိုစောင့်လော့
ရှေ့လျှောက်ဖို့ရေး လက်တွဲပေးလော့
မျိုးရေးကိုသာ လေးစားပါလော့
ဘာသာချိုးဖောက် အကျင့်ဖျောက်လော့
မပျောက်ကွယ်အပ် တရားမြတ်တွက်
မွေးရပ်တို့မြေ ဥပဒေရေး
မသွေထောက်ခံ လမ်းကြောင်းမှန်ဖို့
ပြန်လှန်ကူလို့ မျိုးစောင့်စို့။

အမျိုးမပျောက် ခေတ်ကောင်းရောက်ဖို့
မျိုးစောင့်ဥပဒေ တည်တံ့စေရေး
တို့ပြည်သွေးချင်း လွှတ်တော်တွင်းမှ
မတ်မင်းများလည်း မေတ္တာကဲကာ
အမြဲမကွာ မျိုးစောင့်ကာဖြင့်
စာနာလို့သာ လက်ခံလာဖို့
မြန်မာများတို့ ဆုတောင်းစို့။

သာသနာ့မွေ တည်တံ့စေဖို့
တို့တွေလက်တွဲ သွေးမခွဲပဲ
တိုင်းထဲပြည်ထဲ တရားမြဲအောင်
လုပ်ဆဲလုပ်နေ ဥပဒေကို
ရေရှည်တည်ဖို့ ကြိုးစားစို့။(လရိပ်လေး)

Friday, July 26, 2013

အငိုမျက်လုံး အပြုံးမျက်နှာ

ကလင်…  ကလင်… ကလင်……
             လူခေါ်ဘဲလ်တီးသံကြီးက ဆူညံစွာဖြင့် စက်ဆုပ်ဖွယ် မြည်လာပြီ၊ မနက်၅-နာရီ အချိန်လေးပေါ့၊ 
ကျွန်မ ကုန်းရုန်းပြီး ထလိုက်တယ်၊ မျက်နှာမြန်မြန်သစ် အ၀တ်စားလဲပြီးတာနဲ့ ချက်ချင်း အလုပ် ဆင်းရတော့မှာလေ၊  နဘေးမှာ ကျွန်မဆီမနေ့ကမှ လိုက်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
 မောင်လေးကို ကျွန်မ လှုပ်နိုးလိုက်တယ်။ မောင်လေးက ကျွန်မကို “အစောကြီးဆင်းရတာလား အမ”တဲ့လေ၊ကျွန်မ မောင်လေးကို ပြုံးပြီးတော့ “ဒါထိုင်းနိုင်ငံလေ၊ သူတို့နိုင်ငံဆိုတော့ ခိုင်းတဲ့အချိန်
လုပ်ရတာပေါ့”လို့ ပြောပြီး မောင်လေးသောက်ဖို့ ကော်ဖီလေး အဆင်သင့် လုပ်ပေးထားလိုက်တယ်။
  ပြီးတာနဲ့ မောင်လေးနဲ့ ကျွန်မ အလုပ်ဆင်းသွားတယ်။ 

                ကျွန်မတို့အလုပ်က ငါးဖမ်းလှေတွေဝင်လာရင် ယောက်ျားလေးတွေက ငါးတွေကိုသယ်တင် မိန်းကလေးတွေက ကီလိုချိန်ပြီး အအေးခန်းထဲ ထည့်ရတာပါ၊ ယောက်ျားလေးတွေက တအားပင်ပန်း
ကြတယ်၊ ကျွန်မ ဒီနေ့မှ အလုပ်စဆင်းတဲ့ မောင်လေးကိုကြည့်ပြီး စိတ်မကောင်းလည်းဖြစ်မိတယ်၊
ကျွန်မအသက် ၁၄-နှစ်အရွယ်ရောက်မှ မောင်လေးကို အမေကမွေးခဲ့တာ၊ ကျွန်မကပဲ မောင်လေးကို အစစ အရာရာ ဂရုစိုက် ကျွေးမွေးခဲ့ရတယ်၊ ကျွန်မလက်ပေါ်မှာ ကြီးပြင်းခဲ့တဲ့ မောင်လေးကို ကျွန်မသားလေးလိုပဲ ချစ်ခဲ့တယ်၊ မျက်နှာတစ်ချက် အညှိုးမခံခဲ့ဘူး၊ မောင်လေးကလည်း ကျွန်မကိုဆို မျက်စိအောက်က အပျောက်မခံဘူး၊ ပြောစကားဆိုလည်း အရမ်းနားထောင်ခဲ့တယ်၊ ဘာဖြစ်ဖြစ် မောင်လေးလိုအပ်လာရင် ကျွန်မဖြစ်နိုင်အောင် ဖြည့်ဆည်းပေးခဲ့တယ်၊ ဒီလိုနဲ့ ကျွန်မမောင်လေး ကိုးတန်းရောက်လာခဲ့တယ်၊ ကျွန်မကလည်း ရွာမှာ မူလတန်းပြ ဆရာမလေးပေါ့။


          အိမ်ရဲ့စီးပွားရေးအခြေနေက တအားဆုတ်ယုတ်လာခဲ့တယ်၊ အမေကတော့ ရတာလေးနဲ့ အဆင်ပြေအောင်နေတတ်ပါတယ်၊ကျွန်မကအမေ့ကိုလည်းသနားတယ်၊ ချို့တဲ့စွာနဲ့ ကျောင်းတက်နေရတဲ့
 မောင်လေးကိုလည်း မကြည့်ရက်တော့ အမေ့ကိုခွင့်တောင်းပြီး ထိုင်းနိုင်ငံကိုထွက်လာခဲ့တယ်၊
 ကျွန်မရောက်ပြီး သုံးလေးလလောက်ပဲကြာတယ် မောင်လေးက ကျွန်မကို ဖုန်းဆက်လာတယ်
 ကျောင်းမတက်ချင်တော့ဘူး အမကိုလွမ်းတယ် အတူတူအလုပ်လုပ်ချင်တယ်တဲ့လေ။ ကျွန်မလည်း
 မောင်လေးကို အရမ်းသတိရပါတယ် ဒါပေမဲ့ ကျွန်မမောင်လေးကို ဘွဲ့ရပညာတတ်ကြီး ဖြစ်စေချင်တယ်၊ ကျွန်မမောင်လေးကို မောင်လေးရယ် ဆယ်တန်းအောင်မှ လိုက်လာနော် အခုမလာနဲ့အုံးပြောတော့
 မောင်လေးကအမေ့ကိုသနားတယ်မရယ်အမကိုလည်းလွမ်းတယ်အတူတူအလုပ်လုပ်မယ်နော် မောင်လေးကိုခေါ်နော်လို့ အကြိမ်ကြိမ်ပြောတော့ ကျွန်မရင်ထဲနဂိုကမှ မောင်လေးကိုအရမ်းလွမ်းနေတော့ ဘာမှ မတွေးတော့ဘူး ပွဲစားနဲ့ ခေါ်လိုက်တယ်၊ ဒီရောက်တော့ ကျွန်မမောင်လေးကိုကြည့်ပြီး ကျွန်မရင်ထဲ မချိအောင် 
နာကျင်ပါတယ်၊ အမေ့ကို လွမ်းတာကတစ်ဖက် မောင်လေးကို သနားတာက တစ်ဖက်နဲ့ပေါ့၊

     မောင်လေးကတော့အလုပ်ကြိုးစား လုပ်တယ်၊ အလုပ်က တအားပင်ပန်းပြီး နားချိန်မရှိလောက်အောင် ခိုင်းတယ်၊ မောင်လေးအတွက်ဆို ကျွန်မ အလုပ်မအားတဲ့ကြားက သူဋ္ဌေးမသိအောင် ပြေးပြေးလာပြီး စားစရာတွေ လာချက်ပြုတ်ပေးထားခဲ့တယ်၊ မောင်လေးကို အလုပ်ထဲမှာ တစ်ယောက်ယောက်က နှိမ်တာနဲ့ ကျွန်မအရမ်းပဲ ပြောပစ်တယ်၊ မောင်လေးအတွက်ဆို ဘာမှဂရုမစိုက်နိုင်လောက်အောင် သည်းခံစိတ်တွေ ကွယ်ပျောက်ကုန်တယ်၊ မောင်လေးကလည်း ကျွန်မကို တအားဂရုစိုက်တယ်။


        တစ်နေ့ မောင်လေးအလုပ်ပင်ပန်းတော့ တအားနေမကောင်းဖြစ်တယ်၊ သူဋ္ဌေးကလည်း အလုပ်မဆင်းနိုင်ရင် တအားရစ်တယ်၊ နားရက်လည်းမပေး အချိန်လည်း မသတ်မှတ် အချိန်ပိုကြေးကိုလည်း ပေးချင်သလောက်ပေးတယ်၊ ကျွန်မလေ မောင်လေးကို ကြည့်ပြီး ဘာလုပ်ရမလဲပဲ တွေးနေမိတယ်၊ ကျွန်မရင်ထဲမှာ အမေနဲ့မောင်လေးကလွဲရင် ဘာမှအတွေးမရှိဘူး။ 

          တစ်နေ့တော့ ကျွန်မအခွင့်အရေး တစ်ခုရလာတယ်၊ လက်ရှိ ကျွန်မလုပ်နေတဲ့သူဋ္ဌေးရဲ့ ညီမအိမ်မှာ အိမ်ဖော်တစ်ယောက်လိုတယ်၊ ကျွန်မလိုက်မယ်လို့ သွားပြောတယ်၊ မောင်လေးက ငိုတယ်၊ “အမ တကယ်သွားမှာလား”တဲ့လေ၊ ကျွန်မမောင်လေးကို ပြောလိုက်တယ် “မောင်လေး အမဒီမှာနေရင် မောင်လေးပိုပင်ပန်းမယ်၊ အမ အရင်စွန့်စားမယ်၊ အဆင်ပြေတာနဲ့ မောင်လေးကို မရရအောင် ခေါ်မယ်နော်”လို့၊ ကျွန်မ မောင်လေးရှေ့မှာတော့ ရင့်ကျက်ဟန်ဆောင်လို့ပေါ့၊ ကျွန်မရင်ထဲမှာတော့ ကိုယ်တိုင်အ၀တ်လျှော်ရတော့မယ့်မောင်လေး အစားအသောက် အဆင်မပြေဖြစ်မဲ့မောင်လေး တစ်ယောက်တစ်နေရာစီ ခွဲနေရမဲ့မောင်လေးကို မထားရက်ခဲ့တော့ တစ်ဆစ်ဆစ်နာကျင်လျက်ပေါ့။ 

     မောင်လေးက ကျွန်မကိုမှာတယ်၊ “အမ ဟိုရောက်တာနဲ့ မောင်လေးကို အမြန်ခေါ်နော်၊ အမသွားတာ မောင်လေးအတွက်လေ မောင်လေးရဲ့ ခေါ်မှာပေါ့”လို့ဖြေရင်း ဝေ့လာတဲ့မျက်ရည်ကို မောင်လေးမမြင်အောင်ပဲ ကျွန်မသုတ်လိုက်ပါတော့တယ်၊ နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်မ ဘန်ကောက်ကိုလာဖို့ ကားပေါ်အတက် မောင်လေးမျက်ရည်လေးဝဲလို့ ကျွန်မကို လိုက်ပို့ပါတယ်၊ ကျွန်မလည်း ကားထွက်တာနဲ့ တစ်လမ်းလုံး ငိုရင်းပဲ ရောက်လာခဲ့တယ်။
 
       ကျွန်မ ဘန်ကောက် သူဋ္ဌေးအိမ်ရောက်တော့  ကလေးထိန်းရတယ်၊ ကလေးလေးက ကျွန်မကို မြင်တာနဲ့ခင်တယ်၊ ထိန်းလို့ရခဲ့တယ်၊ သူဋ္ဌေးတွေက အရမ်းဝမ်းသာပြီး ကျွန်မကို အလိုလိုက်
လာကြတယ်၊ ကျွန်မအလုပ်ကို ကြိုးစားလုပ်ပေးတယ်၊ ကျွန်မ ပင်ပန်းလားရင် ကျွန်မအမေနဲ့ မောင်လေး
မျက်နှာကို မြင်ယောင်လိုက်တယ်၊ ကျွန်မ အားတင်းဖြေတယ်၊ မောင်လေးကလည်း ကျွန်မကို နေ့တိုင်း
ဖုန်းဆက်တယ်၊ “အမ မခေါ်သေးဘူးလား မောင်လေးကို ဘယ်ချိန်ခေါ်မှာလဲ”တဲ့လေ၊ ကျွန်မက “မောင်လေးရယ် မ ခေါ်ဖို့ အဆက်သွယ် လုပ်နေတယ်နော် ရအောင်ခေါ်မယ်နော်”လို့ ဖြေသိမ့်နေရတယ်၊ အဲဒီအချိန်ကြားလေးမှာ ကျွန်မသူငယ်ချင်းက ဖုန်းဆက်လာတယ်၊ ကျွန်မမောင်လေး ဆေးသုံးတဲ့
သူတွေနဲ့ ပေါင်းနေပြီ အမြန်ခေါ်လိုက်ပါတယ်။

            ကျွန်မ ရူးမတတ်ပဲ၊ ကျွန်မ ခဏလေးထားခဲ့တဲ့အချိန်လေးမှာ မောင်လေးသာ ဆေးစွဲခဲ့ရင်ဆိုတဲ့
အတွေးက ကျွန်မကို အိပ်မရအောင် နှိပ်စက်ပါတော့တယ်၊ ထိုင်းစကား မကျွမ်းကျင်တဲ့ကျွန်မ သူများဆီက စာနဲ့ရေးသင်ပြီး ကျွန်မမောင်လေးကို ခေါ်ချင်တဲ့အကြောင်း သူဋ္ဌေးကို အရဲစွန့်ပြောခဲ့တယ်၊ သူဋ္ဌေးက ကျွန်မရဲ့အလုပ်ကြိုးစားတာကို သဘောကျနေတော့ မောင်လေးကို ခေါ်တင်နိုင်ခဲ့တယ်၊ ဘန်ကောက် ရောက်တော့ မောင်လေးကို ကျွန်မအဆက်သွယ်ရခဲ့တဲ့ တစ်ဝမ်းကွဲမောင်လေးတွေနဲ့ အတူထားခဲ့တယ်၊ လိုအပ်တာ အစစအရာရာ ကျွန်မနောက်ကွယ်ကနေ လုပ်ပေးခဲ့တယ်၊ ကျွန်မအတွက်ဆို ဘာမှချန်မထားပဲကို ကျွန်မပေးဆပ်ခဲ့တယ်။ 

      တနင်္ဂနွေနားရက်တိုင်းလို ကျွန်မမောင်လေးဆီ အလည်သွားတယ်၊ မောင်လေးက ကွန်ပျူတာ ၀ါသနာ အရမ်းပါတယ်၊ ကျွန်မတွေးလိုက်တယ်၊ ကျွန်မနဲ့မောင်လေး အိမ်ပြန်ရင် ကွန်ပျူတာဆိုင်လေး ဖွင့်မယ်ပေါ့၊ မောင်လေး လိုအပ်တာအရင် လုပ်ပေးမယ်ပေါ့၊ ပြီးတော့ ကျွန်မမောင်လေးက ပဉ္စင်းလည်း မတက်ရသေးတော့ ကျွန်မမောင်လေးကို ပဉ္စင်းတက်ပေးမယ်၊ သူဖြစ်ချင်တဲ့ကွန်ပျူတာပညာလေး ရအောင်သင်ပေးမယ်လို့ ကျွန်မတွေးထားခဲ့တယ်။

   ကျွန်မကအလုပ်သမားဆိုပေမဲ့ သူဋ္ဌေးကကောင်းတော့ ခွင့်ရက်ရတယ်၊ ကျွန်မကွန်ပျူတာ သင်ခွင့်ရခဲ့တယ်၊ မောင်လေးက အားရက်သိပ်မရှိတော့ သင်ဖို့အချိန်မရှိဘူး၊ ကျွန်မမောင်လေး ကိုပြောတယ် “အမပဲ သင်လိုက်မယ်နော်၊ ပြီးရင်မောင်လေးနဲ့အတူတူ ပြန်ပြီး အိမ်မှာ ဆိုင်လေးလုပ် ရအောင်နော်”လို့ ၊ ကျွန်မကွန်ပျူတာ သင်ဖြစ်ခဲ့တယ်၊ ကျွန်မကြိုးစားသင်တယ်၊ ကျွန်မစိတ် ထဲမှာ မောင်လေးအတွက်ပဲ စတေးထားခဲ့တယ်၊ မောင်လေး ပဉ္စင်းတက်ဖို့နဲ့ ကွန်ပျူတာလေးတတ်အောင် သင်ပေးဖို့ပဲ တွေးနေမိတယ်။ 

       ကျွန်မ အဲဒီလိုအတွေးတွေနဲ့ ကြိုးစားလုပ်နေတဲ့အချိန် ကျွန်မမောင်လေးဆီ မသွားဖြစ်ခဲ့ဘူး၊ ဖုန်းနဲ့ပဲ လိုအပ်တာ ပြောဖြစ်တယ်၊ အများနဲ့ပေါင်းသင်းရင်း ကျွန်မအလှူတွေလုပ်ဖြစ်လာခဲ့တယ်၊ ဘုရားတရားကို ကျွန်မစိတ်ဝင်စားစွာ လုပ်ဖြစ်ခဲ့တယ်၊ ကျွန်မအစကဆို မောင်လေးကို ရည်းစားထားရင် ဆူတယ်၊ ကျွန်မစေတနာကို နားမလည်သလို ခံစားရတယ်၊ မောင်လေးက ရည်းစားထားတတ်လာတော့ ကျွန်မက “မောင်လေး ပဉ္စင်းမတက်ရသေးဘူးနော်၊ မိန်းမယူလို့ မရဘူး၊ ယူရင်တွေ့မယ်”ပေါ့လို့ ကျွန်မ ကြိမ်းတတ်တယ်။ 

      တစ်နေ့ မောင်လေး ဖုန်းဆက်လာတယ်။ နေမကောင်ဘူးတဲ့၊ ကျွန်မအရမ်းစိတ်ပူပြီး ဖုန်းနဲ့ပဲပြောပြီး ပိုက်ဆံလွှဲပေးလိုက်တယ်၊ မောင်လေးက စကားပြောတာနည်းလာပြီး ဖုန်းသိပ်မဆက်လာတော့ဘူး၊ ကျွန်မက “နေကောင်းလား”လို့ နောက်နေ့တွေ မေးတော့ သူ့ကို ပစ်ထားတယ် ဆိုတဲ့စကား ကို မောင်လေးက ပြောလာတယ်၊ ကျွန်မ မှင်သက်မိသွားတယ်၊ မောင်လေးရင်ထဲမှာ ခံစားနေရတာကို ကျွန်မမြင်လာတော့ ပိုပြီးစိတ်မကောင်းဖြစ်တယ်၊ ဒါပေမဲ့ ကျွန်မ ဖြေသိမ့်ပါတယ်၊ ကျွန်မစေတနာ ကို မောင်လေး နားလည်မှာပါလို့၊ ငါလုပ်နေတာ မောင်လေး အတွက် ပဲလေ၊ ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်တွေတင်းပြီး အလုပ်ရော ပညာရောကြိုးစားခဲ့တယ်၊ ဘုရားတရားကို မပြတ်လုပ်ခဲ့တယ်၊ ဘာသာရေးတွေ လုပ်ခဲ့တယ်၊ ကျွန်မစိတ်တွေ တည်ငြိမ်မှုရလာတယ်၊ ဖြစ်ပျက်တာတွေ ခွဲခွာရ တာတွေ 
မြင်လာတော့ အရာရာကို မြင်တတ်လာတယ်။ 

     ကျွန်မ မောင်လေးကို ပျော်အောင်ဖန်တီးပေးတယ်။ ဒါပေမဲ့ ကျွန်မပြောထားခဲ့တယ် “မိန်းမမယူနဲ့အုံးနော် မောင်လေး၊ ပဉ္စင်းတက်ပြီးမှ ယူနော်၊ အမေနဲ့အမကို နားလည်နော်”လို့ ကျွန်မပြောရင် “အင်း”လို့ပဲ အမြဲပြောတယ်၊ ကျွန်မလည်း မောင်လေးကို တအားယုံကြည်ထားတယ်၊ အတူတူပြန်မယ် ကွန်ပျူတာဆိုင်လေးဖွင့်မယ် အမေနဲ့ကျွန်မ မောင်လေးပဉ္စင်းတက်တဲ့ပွဲလေးမှာ ပျော်ကြမယ်ပေါ့။ 

     ဒါပေမဲ့ “လောကဓံဆိုတာ နိမ့်တစ်လှည့် မြင့်တစ်လှည့်၊  ဖြစ်ပြီးရင်ပျက်တယ်ဆိုတာ ဘယ်လို မှ ငြင်းလို့မရတဲ့ အရာ”ဆိုတာ ကျွန်မလက်ခံလိုက်ရတယ်၊ တစ်နေ့ကျွန်မ ကျောင်းသွားမယ်ဆိုပြီး အိမ်က အထွက် ကျွန်မဆီမောင်လေးဖုန်း ၀င်လာတယ်၊ “အမကို သား လာကန်တော့တာ”တဲ့၊ ကျွန်မက “အယ်... ဘယ်တုန်းကမှ မပြောဖူးတဲ့စကားပါလား အဆန်းပါလား ဘာကြောင့်ကန်တော့တာလဲ”လို့မေးတော့ “သား မိန်းမယူလိုက်ပြီ”တဲ့လေ၊ ကျွန်မမယုံသေးဘူး “နာတော့မယ်ကောင်လေး၊ လူကို ပေါက်တက် ကရ”လို့ပြောလိုက်တယ်၊ “အေးအေး ကျောင်းလာခဲ့၊ အမ စောင့်နေမယ်”လို့ ပြောပြီး ဖုန်းချလိုက်တယ်။

    ကျွန်မစိတ်ထဲမှာ တကယ်မဟုတ်ဘူး ထင်ခဲ့တယ်၊ ကျွန်မ ကျောင်းရောက်တော့ သူတို့နှစ်ယောက် ရောက်ချလာပါရော သူ့ကောင်မလေးနဲ့ အတူပေါ့၊ မောင်လေးက ကျွန်မအရင်ကလို တအားဆူမယ်ထင်ထားခဲ့တာပေါ့၊ ကျွန်မကတွေ့တော့ ရင်ထဲမှာတော့ ငိုနေလျက်ပေါ့၊ အပြင်မှာ ကျွန်မက “လာလာ အထဲဝင်လာ ဘာစားပြီးပြီလဲ ဘာတွေလိုအပ်လဲ”လို့ အဆင်ပြေအောင် ပြောပြီး ကျွန်မပြန်လွှတ်လိုက်တယ်၊နောက်တစ်ပတ်ကျတော့ ကျွန်မ မင်္ဂလာဆွမ်းကျွေးလေး လုပ်ပေးလိုက်တယ်၊ ကျွန်မ အမေ့ဆီ ဖုန်းမဆက်ရဲဘူး၊ လောလောဆယ် အမေတအားစိတ်မကောင်းမှာ စိုးတာကြောင့် ကျွန်မမြိုသိပ်ထားခဲ့တယ်၊ နောက်တစ်နေ့ အမေ့ဆီ ကျွန်မဖုန်းဆက်လိုက်တယ် “အမေ မောင်လေး မိန်းမယူလိုက်ပြီ၊ အမေစိတ်မကောင်းမဖြစ်နဲ့နော်၊ သမီးရှိသေးတယ်”လို့ပြောတော့ အမေပြောတဲ့ စကားလေးက ကျွန်မရင်ကို ပိုနာကျင်စေပါတယ်။ “သမီးရယ်.. အမေတို့ကမှ လိုတာကို မဖြည့်ပေးနိုင်တာလေ သူ့ဘ၀ကို သူရုန်းကန်တာပေါ့၊ သမီး စိတ်ချမ်းသာနေရဲ့လား”တဲ့လေ။ ကျွန်မပြန်ပြောလိုက်ပါတယ် “သမီး ပျော်နေပါတယ်အမေ”လို့ အမေအသံလေး တိမ်ဝင်လို့ ဖုန်းချလိုက်တော့တယ်၊ ဒီလိုနဲ့ပဲ ဖြေသိမ့်ရင်း သူတို့ကို ကျွန်မအတတ်နိုင်ဆုံး လုပ်ပေးခဲ့တယ်၊
ကျွန်မကြားဖူခဲ့တဲ့ စာသားလေးကို ကျွန်မပြန်ပြီး အမှတ်ရလာပါတော့တယ် “အငိုမျက်လုံး အပြုံးမျက်နှာ”ဆိုတာ ငါ့ကိုများ ရည်ညွှန်းခဲ့တာလားပေါ့၊ မောင်လေးတို့ရှေ့မှာဆို အရမးပျော်ရွှင်နေတဲ့ အမတစ်ယောက်ပေါ့၊ ရင်ထဲမှာတော့ မျှော်လင့်ချက် တစ်သီတစ်တန်းကြီး ပြိုလဲခဲ့ရတဲ့ ကျွန်မသိပ်ချစ်ခဲ့ရတဲ့ ကျွန်မမောင်လေး ကျွန်မရင်ထဲကနေ အပြီးတိုင်ထွက်သွားပြီပေါ့။ 

     မောင်လေးတို့ ကျွန်မရှေ့က ပျောက်ကွယ်သွားတော့ သက်ပျင်းလေးချပြီး ဘ၀ဆိုတာ “မျှော်လင့် တိုင်းဖြစ်မလာ ဖြစ်လာတာကို လက်ခံရတာပါလား“လို့ အသိလေး ၀င်လာမိပါတော့တယ်၊ နောက်ဆုံးတော့ ကျွန်မ အရာအားလုံးကို ထားခဲပြီး အမေ့ဆီ အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်မိပါတော့တယ်။ တစ်ချို့သောသူတွေက ပြောကြတယ် “ကံဆိုတာ လူကလုပ်တာ၊ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”တဲ့လေ။ 

    ကျွန်မကတော့ ကံကံ၏အကျိုးနဲ့ ဖြစ်ပျက်သဘောကို ဆောင်တဲ့ တရားကို လက်ခံထားမိတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ ရည်မှန်းထားထား တစ်နေ့ကျရင် ပျက်နိုင်တယ် ဆိုတာရယ် ပြောင်းလဲတတ်တယ်ဆိုတာရယ် နောက်ဆုံးတော့ ကျန်ခဲ့တာ ကိုယ်တိုင်လုပ်ယူထားတဲ့ ကုသိုလ်တရားနဲ့ အလှူဒါနတွေသာ ကိုယ့်နံဘေးမှာ သံသရာအထိပါနိုင်တယ်ဆိုတာ လက်ခံ လိုက်ပါတော့တယ်။ 

   ဘယ်အရာမဆို မမြဲခြင်းတွေက အစဉ်ရှိနေတာမို့ ကျွန်မတို့မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်သွေးသားဆွေမျိုးမိဘဇနီးမယားလင်ယောက်ျားချစ်သူအကုန်လုံးက  နောက်ဆုံးတော့ သေကွဲမကွဲရရင် ရှင်ကွဲကွဲရမှာပါပဲ ဆိုတာကိုလက်ခံပြီး သံသရာ ခရီးကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်အောင် ကုသိုလ်ရေစက် လက်နဲ့မကွာ လုပ်ဆောင်ရင်း သီလ သမာဓိနဲ့ ဘာဝနာပွားများမှသာ အမြတ်ဆုံးသော ငြိမ်းအေးရာကို ရရှိနိုင်မှာပါ လာခဲ့စဉ်က တစ်ယောက် တည်း ပြန်တော့လည်း တစ်ယောက်တည်းခရီးမှာ ဘယ်သူ့ကိုမှ အဖော်ခေါ်လို့မရတာကြောင့် အမြဲမကွာ လိုက်နိုင်တဲ့ တရားအဖော်ကို သာခေါ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဘ၀ကိုငြိမ်း ချမ်း စွာ ဖြတ်သန်းနိုင်ကြပါစေရှင်၊ ကျွန်မကတော့ သိပ်ချစ်ခဲ့တဲ့မောင်လေးကို ထားခဲ့ပြီး အိမ်အပြန် လမ်းလေး မှာ တစ်ယောက်တည်း ရီဝေစွာတွေးရင်း မြတ်စွာဘုရားရှင်ရဲ့ တရားတော် ကိုသာ ရင်ထဲမှာ အဖော် အဖြစ်ပြုရင်း မျက်ရည်ဝဲလျက် မောင်လေးကို နှုတ်ဆက်ခဲ့ရပြီပေါ့။

လရိပ်လေး
20. 06. 2013
၆လပိုင်းထုတ် "ကျောင်းသားရဟန်းပျို" စာစောင်၌ ပါရှိပြီးသားဆောင်းပါးဖြစ်သည်။

Thursday, July 18, 2013

***ထိုနေ့စွဲ (ဂျူလိုင် ၁၉)***



မိုးရိပ်ညိုညို ပြိုမလိုနဲ့
ရင်ကိုဆို့စေ မျက်ရည်ကြွေကျ
သွေးမြေခလျှက် အဆိပ်သက်ခဲ့
ရက်စက်ကြေကွဲ ထိုနေ့စွဲကို
အမြဲမှတ်ရ လွမ်းနေရကာ
တမ်းတငိုကြွေး ကဗျာရေး။

ကမ္ဘာတစ်လွှား ပြိုင်သူရှားခဲ့
သွေးသားနဲ့ရင်း သတ္တိခင်းကာ
နေမင်းပမာ ဘုန်းရောင်ဖြာလို့
ပြည်ရွာကောင်းကြိုး ကူသယ်ပိုး၍
အမျိုးစောင့်ကာ တို့မြန်မာတွက်
အာဇာနည်များ သက်ပေးသွားသည့်
သွေးများလွှမ်းပြီ ထိုနေ့ဆီကို
မျှော်ရည်ကာတွေး ငိုရသေး။

ရာသီတွေဆွေး နေ့ရက်ဝေးလည်း
သွေးကြွေးသမိုင်း ရောင်မမှိုင်းပေ
ချိန်တိုင်းရင်မှာ စွဲထင်ကာဖြင့်
မြန်မာလူထု သွေးချင်းစု၍
ယုယုယယ မေ့မရစွာ
မှတ်ကြကာဖြင့် တည်နေလင့်လျှက်
လွမ်းသင့်ငိုကြွေး နေ့ရက်လေး။

ဂုဏ်လည်းမဖက် ချစ်မငဲ့ပဲ
သွေးသက်ကုံလုံ စုကာပုံ၍
ကြုံဆုံဒုက္ခ ဖြစ်သမျှကို
ပြုံးလှလှသုံး စုကာရုံးလို့
ပြည်လုံးငြိမ်းအောင် လမ်းပြဆောင်လည်း
ကံရောင်မှိန်ညှိုး ကြမ္မာဆိုးကြောင့်
ရွှေမိုးညိုလာ နေ့ရက်မှာပင်
ဇာတာပျက်သုဉ်း အသက်ရှုံးတော့
ပြည်လုံးငိုကြွေး မျက်ရည်ထွေး။

(၆၆)နှစ်မြောက် တကယ်ရောက်လည်း
မေ့ပျောက်သူမဲ့ ရင်ထက်ဆက်၍
မပျက်ရည်စူး နေ့မြတ်ထူးကို
ကြည်နူးလျှက်သာ ဦးခိုက်ပါသည်
ရောက်ရာဌာန ဘုံဘ၀မှ
လမ်းစချပျိုး ဇာနည်မျိုးတို့
မညှိုးဂုဏ်တွေ လန်းဆန်းဝေကာ
တိုင်းပြည်အတွက် ဂုဏ်ယူလှည့်ပါ
နေ့ရက်မြတ်မှာ ထူးခြားစွာ။

လရိပ်လေး (18 .7 .2013)

Saturday, July 6, 2013

****အဖေသို့တမ်းချင်း**




မဏ္ဍိုင်ပြိုလဲ ထိုရက်စွဲတွင်
နင့်နဲနာကျင် စွဲရစ်
ထင်ခဲ့
မကြင်ကြမ္မာ ကံစေတာမို့
ခိုရာမဲ့စေ အရိပ်ခြွေကာ
အဖေဝေးရာ လှမ်းလေပြီ။

ပခုံးပေါ်ထမ်း မမောပန်းပဲ
ဆော့တမ်းကစား ကြည်စယ်အားနှင့်
ပျော်ပါးရက်တွေ လွမ်းသက်စေတော့
အဖေရိပ်သွင် ပြန်မြင်ချင်သေး
တွေးထင်ရေးရေး မျက်ရည်ထွေး။

အိပ်ရာဝင်စဉ် ရှေးပုံပြင်လေး
ကြင်ကြင်နွေးနွေး ပြောပြထွေးသိပ်
မွှေးမွှေးပေး၍ နှိုင်းမဲ့စိတ်ဖြင့်
မှေးမှိတ်စေတာ အဖေသာမို့
စက်ယာဆောင်နန်း လွမ်းရိပ်သန်း။

ဘ၀လမ်းစ ရုန်းကန်ရတော့
ဖြစ်ကြပျက်ကြ မာန်မာနကြား
သောကပွားချိန် တမ်းတနေမိ
အဖေရှိလျှင် ပူကင်းစင်ဝေး
ရွှေရင်ငြိမ်းမှာ အသေချာမို့
လွမ်းရခါခါ တိုးတိတ်စွာ။

ဘယ်သို့ဘယ်ပုံ ပြီးပြည့်စုံလည်း
မကုံလုံတာ ဖေ့မေတ္တာမို့
ရင်မှာမှန်းဆ တမ်းတတဖြင့်
ပြုရကုသိုလ် အဖုံဖုံကို
ဘယ်ဘုံဌာန ရောက်ရာမှသာ
အမျှရစေ ပေးငှဝေသည်
အဖေသာဓု ခေါ်စေသော်ဝ်။(လရိပ်လေး) (6 .7 .13)