Pages

Tuesday, December 31, 2013

*** new year စိတ်ကူး***








 

သက္ကရာဇ်တွေ မြေခရင်း
နှစ်သစ်ကို နန်းတင်လိုက်ရပေမဲ့
သတ်ဖြတ်ခြင်းတွေ နန်းမကျသေးပါလား။

ပညာအသိများရောင်းစား ခဏတာလေး
ထိုင်ခွင့်ရဖို့ နှစ်ဟောင်းကို သေမိန့်ကျစေချင်တဲ့သူတွေ
သေမင်းကိုတော့ အံတုလို့ရမယ်မထင်။

ပစ္စုပ္ပန်မှာ မာယာသုံး
သူတလူ ငါတမင်း ၀ါဒတွေစစ်ခင်း
ကြိုမမြင်နိုင်ခြင်းကို အသက်သွင်း
၂၀၁၅ကိုမှ ချက်ချင်း ခုန်ကျော်ချင်နေသူများ
၂၀၁၄ နှစ်သစ်အရသာကို ခံစားလို့မှတတ်ပါရဲ့လို့
မိုက်မိုက်မဲမဲ တွေးလိုက်သေး။

စိတ်ကူးနဲ့ ရေးချယ်ထားလိုက်တယ်
နှစ်သစ်မှာ ဘယ်သူ ထိုင်ထိုင်
ဘယ်သူရပ်ရပ် စိတ်ဓာတ်သန့်သန့်ထားပြီး
မြန်မာပီသဖို့ ကြိုးစားမယ်ပေါ့။

လရိပ်လေး (မောင်းမကန်)
(၃၁ . ၁၂ .၂၀၁၃)

Wednesday, December 25, 2013

***** မှောင်*****



သမုဒယနှောင်ဖွဲ့
ရစ်နွှယ်ခဲ့တဏှာ အမှောင်မှာ
သံသရာ ဆုံးစေအုံးကွယ်
ရွှင်ပြုံးကာ ချစ်နေလိုက်ရင်း
မိုက်တွင်းနက်တုန်း။

ရုန်းမထွက်သာ
မာယာနွံနစ်ပါလို့
အချစ်သာ ကမ္ဘာထင်
နှစ်လွှာရင် အသည်းထက်မှာ
စွဲမက် မမုန်း။

လရိပ်လေး(မောင်းမကန်)
(၂၄ . ၁၂ .၂၀၁၃ )

Thursday, December 19, 2013

***ရင်ပြိုစေသော မိုး***



အားကစားမှာပြော
ဘောလုံးတဲ့လေး။
ရွှေမြန်မာတွေ သွေးနဲ့ရေးကာ
ကြွေးကြော်တဲ့တေး။

နိုင်ငံလုံးသည်ချိန်ခါ
တက်ကြွစွာအားပေး။
မြန်မာရယ် သိက္ခာဆုံးလို့
ရှုံးပြန်ပြီလေး။

အားကစားမယ်တွေ
ရေမြေတွက်တွေး။
ခြေပဂိုး အကြိမ်ကြိမ်သွင်းလို့
တင်းခံလိုက်သေး။

မမြင်ရက်ပါ
နာကျင်လှသေး။
အရည်ချင်းမှာ သာပေမဲ့လည်း
ချိနှဲ့ကြမ္မာ မျက်နှာမွှဲရယ်မို့
လွဲရတဲ့ ဗိုလ်လုပွဲကြောင့်ကွယ်
ဆောင့်အောင့်ငိုကြွေး။

လရိပ်လေး(မောင်းမကန်)
(၁၉ .၁၂ .၂၀၁၃ )

***နှောင်း ဆန္ဒ***



ဆောင်းလေပြေလေး ၊ စိမ့်စိမ့်အေး၍
ဖက်ထွေးလို့သာ ၊ကျီစယ်ပါလျှက်
သူလာနှုတ်ဆက် ချစ်ဟန်စွက်။

ဆောင်းသဇင်လေး ၊ ရနံ့မွှေး၍
ဖြုဖွေးလို့သာ ၊ ဆင်းတင့်စွာဖြင့်
သူလာနှုတ်ဆက် ကေသာထက်။

ငှက်တေးသံလေး ၊ ချိုကြည်အေး၍
ဆိုတေးဖွဲ့ကာ ၊ သံစာစာဖြင့်
သူလာနှုတ်ဆက် ဆောင်းနံနက်။

ဆောင်းလေပြေနှင်း ၊ သဇင်သင်း၍
သီချင်းသံသာ ၊ နှုတ်ဆက်ပါလည်း
သည်းညှာချစ်မှူး ၊ ထားရစ်ဖူးသည့်
ဆောင်းဦးချိန်ခါ ၊ ပြန်ရောက်လာတော့
ရင်မှာဖြေခက် လွမ်းနေလျှက်။

လရိပ်လေး(မောင်းမကန်)
(၁၈ .၁၂ ၂၀၁၃)

***ပြစ်ရယ်မမြင် ချစ်စေချင်***



မြန်မာ့ဘောလုံး တကယ်ရှုံးတော့
စိတ်နှုံးနွမ်းလျ နာကျင်ရ၍
ဖြေရလည်းခက် နေရခက်။

မြန်မာမြန်မာ အော်ဟစ်ကာဖြင့်
ညီညာဖြဖြ အားပေးကြလည်း
ရှုံးရလို့လေ မျက်ရည်ဝေ။

နည်းပြလေလား အသင်းသားလား
ငြင်းပွားလို့လေ ဝေဖန်နေလည်း
တို့မြေသိက္ခာ ကျဆင်းရှာပြီ
မြန်မာအားကစား ဒီလိုလား။

အရှုံးများသာ ရင်ဆိုင်လာရ
မြန်မာများတွေ စိတ်နွမ်းကြေ၍
မဖြေသာပဲ ရရာဆွဲကိုင်
တလွဲယိုင်တာ ပြစ်မရှာပဲ
စာနာကဲကာ နားလည်ပါ။

မျှော်လင့်ချက်များ ယိမ်းယိုင်သွား၍
အားပေးမှုများ နည်းလမ်းမှားတာ
အများမြင်ဝယ် မတင့်တယ်လည်း
ပြစ်ဘယ်မမြင် မြန်မာပင်မို့
အစဉ်ဖေးမ ခွင့်လွှတ်ကြ။

လရိပ်လေး (မောင်းမကန်)
(၁၇ .၁၂ .၂၀၁၃)

Tuesday, December 17, 2013

***မြင်လှည့်စမ်းပါ တို့မြန်မာ***



ဆီဂိမ်း မြန်မာ
သာပါစမေး။
ညီညာစွာ ပေါင်းစည်းတာမို့
ကမ္ဘာမှာ တုဖက်ကင်းကာ
ဝင်းပလှသေး။

အားကစားပြိုင်
နိုင်ပါစမေး။
ရွှေတံဆိပ် ပိုင်ဆိုင်လို့
နိုင်ငံ့ဂုဏ်သွေး။

ရှုလှည့်ပါနော်
ခေါ်ချင်လှသေး။
ဖော်ရွှေတဲ့ ပြည်မြန်မာမှာ
စံတင်စရာ လှပဂေးမို့
ပြေးမြင်လှည့်လေး။

လရိပ်လေး(မောင်းမကန်)
(၁၅ .၁၂ ၂၀၁၃)

***ဆောင်းလ***



ဆောင်းဦးစခါ
ဖြူစင်စွာ သဇင်သင်း။

နှင်းစက်ရယ်ဖြာ
လေပြေပါ သွဲ့သွဲ့ညှင်းတော့
မွှေးလိုက်လေခြင်း။

လရိပ်လေး (မောင်းမကန်)
(၁၂ .၁၂ .၂၀၁၃)

***လွမ်းရိပ်***



ဆောင်းဝဿန်ခါ
ပင်လယ်ပြာ ကမ်းခြေစပ်မှာ
လမ်းလျှောက်မိရာ။

နှင်းစက်မှုံလွှာ
အေးစိမ့်ကာ ငွေ့ရည်လူး။

ကြင်ဖူးသူ ပျို့ငယ်ကျွမ်းကို
လွမ်းမိအထူး။

လရိပ်လေး(မောင်းမကန်)
(၉ .၁၂ .၂၀၁၃ )

Sunday, December 8, 2013

***အဖြေမရှိတဲ့ ပုစ္ဆာ***



ပေါင်း နုတ် မြောက် စား မကျွမ်းကျင်တော့
ဘ၀ညီမျှခြင်းက
မသိကိန်းပဲ အစားထိုးနေရ။

မြင်ကွင်းက ကျယ်လိုက် ကျဉ်းလိုက်
မျက်လုံးကမွဲတာလား
ချိန်ဆမှုပဲ လွဲတာလား
ဦးနှောက်ထဲ မရေရာ။

ရှေဆက်သွားမလား နောက်လှည့်လေမလား
လမ်းခုလတ်မှာ အနာဂတ်ကေ၀၀ါး
ဘ၀ကောက်ကြောင်းတွေမှား
အသိတွေ အမှောင်ကျခဲ့ရ။

မသိကိန်းရဲ့ တန်ဖိုး
ဘ၀နဲ့ရင်းကာ တွက်ချက်တော့
တည်ကိန်း မဲ့နေသမျှ
ကစဥ့်ကလျားတွေ နဲ့က။

မြင်ရက်နဲ့ မျက်ကန်းဖြစ်
ကြားရက်နဲ့ နားမှာတစ်
ပြောချင်ရက် ဆွံ့အလို့
ဘယ်သူ့ကြောင့် ဘာကြောင့်။

ပုစ္ဆာဆိုတာ အဖြေရှိပေမဲ့
မိုးခါးရေ သောက်သူများ
သူတို့ရဲ့ အမှန်တရားက
အခုထိ အဖြေမရှိ။

လရိပ်လေး (မောင်းမကန်)
(7 .12 .2013)

****တို့တောရွာ****



ပျိုလေးတို့ရွာ
တောင်ခြေမှာ
သာယာလှပ ငြိမ်းချမ်းစွ။

ရွာအ၀င်လမ်း
အုန်းပင်တန်း
စိမ့်စမ်းရေကျ စိမ်းမြမြ။

ငှက်များတွန်ကြူး
စိတ်ကြည်နူး
ရွာဦးအလှ တင့်တယ်စွ။

တောင်ပေါ် ထိပ်ဖျား
စေတီများ
တည်ထားခဲ့ကြ သပ္ပါယ်လှ။

ရွာတောင်ဘက်ခြမ်း
ရေပူစမ်း
နတ်နန်းတမျှ ဆန်းကြယ်လှ။

ရွာနောက်ဘက်မှာ
ပင်လယ်ပြာ
တံငါလုပ်ကြ ၀မ်းရေးရ။

ရွာအလယ်နား
ဈေးတည်ထား
ခန့်ညားလှပ ဂုဏ်ရှိစွ။

ရွာသူတွေလည်း
စကားဝဲ
နားထဲကြားရ ချစ်မ၀။

မြို့နဲ့လည်းနီး
လမ်းခရီး
မညည်းညူရ ဆင်ပြေစွ။

နတ်ရွာလို့ပင်
တင်စားချင်
စာပင်ရှုံးရ တို့ရွာလှ။

ရွာအမည်မှန်
တင့်ပေဟန်
မောင်းမကန်လို့ မှည့်ထားပြန်။

အလည်လာပါ
ဖိတ်ခေါ်တာ
တို့ရွာဓလေ့ တို့ဓလေ့။

လရိပ်လေး (မောင်းမကန်)
(၆ .၁၂ .၂၀၁၃)

***အမေ့အားမာန်***



ဗန်းလေးငယ်ငယ်
ဈေးရောင်းဖို့ ခေါင်းထက်တွယ်
စောင်းလျှက်ရွက်သယ် ။

သမီးငယ် ကျောင်းတက်ဖို့
တွေးဖက်လို့ကွယ်။

မျက်နှာမယ် ပြုံးရိပ်ကြွယ်
ပန်းနှယ်လန်းဆန်း။

လမ်းတကာ လှည့်ကာသွားလို့
အားမာန်နဲ့လှမ်း။

လရိပ်လေး(မောင်းမကန်)
(၃ . ၁၂ .၂၀၁၃)

***သောက၏ဆန္ဒ***


တဏှာနွံနစ်
ချစ်ကျွန်ဖြစ်
စွဲရစ်အတ္တ ပူလောင်လှ။

ချစ်စိတ်မွှန်လျှင်
မှန်မမြင်
စွဲခင်မောဟ ဗျာများရ။

ချစ်အားကုန်လျှင်
မုန်းစိတ်ဝင်
ရွှေရင်ပူလှ လွမ်းဆိပ်ရှ။

ချစ်လည်းမခင်
လွမ်းစိတ်စင်
ကိုယ်ပင်ဖြစ်ရ ခုဘ၀။

လရိပ်လေး(မောင်းမကန်)
(၁ .၁၂ .၂၀၁၃)