Pages

Monday, January 23, 2017

***အတ္တနှင့် မေတ္တာ***

အများအတွက်ပေးဆပ်ထားသည်ဟု ကြွေးကြော်နေသူများသည်
တစ်ဦးတစ်ယောက်အတွက်လည်း
ထည့်တွက်ပေးတတ်ရပါမည်။

တစ်ဦးချင်းကောင်းမှ အများကောင်းပေလိမ့်မည်။
နေရာရယူခြင်းနှင့် နေရာပေးခြင်း၏
ကွာခြားချက်ကား အတ္တနှင့် မေတ္တာကို
ဖော်ပြသောအညွှန်းကိန်းတစ်ခုဖြစ်သည်။

လရိပ်လေး မောင်းမကန်
23.1.2017
http://layeiklay.blogspot.com/

***ဘဝကြားက မယ့်သစ္စာ***


ခါးမှန်းသိရက်နှင့် ဝါးခဲ့ဖူးသည်။

လိမ်မှန်းသိရက်နှင့် ယုံကြည်ပေးခဲ့ဖူးသည်။

စော်ကားမှန်းသိရက်နှင့် နားလည်ပေးခဲ့ဘူးသည်။

မလာမှန်းသိရက်နှင့် မျှော်ခဲ့ဖူးသည်။

မဆုံနိုင်မှန်းသိရက်နှင့် တွယ်ငြိခဲ့ဖူးသည်။

ငိုချင်ပါရက်နှင့် ပြုံးပြခဲ့ဖူးသည်။

ဟန်ဆောင်မှုမှန်းသိပါရက်နှင့် လက်ခံနေမိသည်။

ကျ့န်မပျော်ပါသည် လူပီသနေပြီ။
မည်သည့်အရာကိုမျှ မပေးဆပ်နိုင်သော်ငြား
တစ်ဦးတစ်ယောက် ကျ့န်မကြောင့်
ပျော်ရွှင်သွားစေချင်သည့် စိတ်ထားသည်
ကျွန်မ၏ သစ္စာတရားဖြစ်ပါစေသားလို့
ဆုတောင်းလျက် သေခြင်းတရားကို
လှမ်းမျှော်ကြည့်နေပါတော့မည်။

လရိပ်လေး မောင်းမကန်
23.1.2017
http://layeiklay.blogspot.com/

Sunday, January 22, 2017

***မေ့ပါရစေ***

တွယ်ငြိချစ်ခြင်း သည်ရင်တွင်းမှ
အပ်နှင်းသစ္စာ လွမ်းကဗျာတွေ
တိတ်မှာချန်ရစ် မေ့ပါရစေ။

မိတ်ဆွေများကြား နားလည်ထားလည်း
လွဲမှားစိတ်တွေ ထားခဲ့လေလျက်
အမုန်းဖြစ်တာ မေ့ပါရစေ။

ပေးဆပ်ဖို့သာ တွေးနေပါလည်း
ရောက်ရာရပ်နေ တပည့်တွေကို
ဝေးနေချိန်တိုင်း မျက်ရည်ဝိုင်းမတတ်
လွမ်းရတာတွေ မေ့ပါရစေ။

ကြင်နာချစ်ခြင်း တကယ်ကင်း၍
မြစ်တစ်စင်းနှယ် စီးဆင်းသွယ်လျက်
ရယ်မောခြင်းတွေ မေ့ပါရစေ။

ချစ်မုန်းလွမ်းဖယ်
ဤဘဝဝယ် မေ့ပျောက်လွယ်သည့်
ကျောက်ဆစ်နှလုံးသား ဖြစ်ပါရစေ။

လရိပ်လေး (မောင်းမကန်)
၂၁.၁.၂၀၁၇
http://layeiklay.blogspot.com/

Friday, January 20, 2017

*** ရေရှည် လူမှုဆက်ဆံရေး***


 
လူတစ်ဦးချင်းဖြစ်စေ၊ အများနှင့်ဖြစ်စေ
ဆက်ဆံမှုအကြား ကျေးဇူးတရားများ၊ လေးစားမှု၊
နားလည်မှုဟူသည်ရှိကြ၏။

သို့သော်ထိုအကြောင်းတရားများအပေါ် အခြေခံပြီး
မပြောသင့်သောစကားများပြောခြင်း၊လေးစားမှုမဲ့ခြင်း၊
စော်ကားခြင်းများကိုကား ရှောင်သင့်ပေသည်။

သို့မှသာ လူမှုဆက်ဆံရေးတွင် ပျော်ရွှင်ခြင်း
ငြိမ်းချမ်းခြင်းများ ရေရှည်တည်လိမ့်မည်။

လရိပ်လေး (မောင်းမကန်)
၂၀.၁.၂၀၁၇
http://layeiklay.blogspot.com/

***အလောင်းတော်ကဿပ ရောက်အမှတ်တရ***


ဒီနေ့ အလောင်းတော်ကဿပ ရောက်အမှတ်တရ
ရွှေဘိုသင်တန်းအပြီး မချိုနဲ့သူငယ်ချင်းအဖွဲ့က 
လိုလေသေးမရှိစီစဉ်ပြီးလိုက်ပို့ပေးတာကြောင့်
 နေမကောင်းတဲ့ကြားကအားတင်းပြီး လိုက်သွားတော့လည်း 
ဘုရားဖူးခဲ့ရတာကြည်နူးမိပါတယ်။

ကျွန်မဆုတောင်းဖြစ်ခဲ့တယ်။
အခုလိုဘုရားဖူးရင်း ပြုလုပ်ခဲ့ရသော ကုသိုလ်အစုစုတို့ကြောင့် 
ပညာရေးပရဟိတဖောင်ဒေးရှင်းတစ်ခု တည်ထောင်ပြီး 
အများအကျိုးဆောင်ရွက်ကာ
အမေ့ကျေးဇူးဆပ်ရင်း သာသနာပြုနိုင်သော
အမျိုးသမီးကောင်းဖြစ်ပါစေလို့။

လရိပ်လေး(မောင်းမကန်)
၂ဝ.၁.၂၀၁၇
http://layeiklay.blogspot.com/
 

***မြင့်မြတ်စိတ်ထားရှိသည့် မိန်းမ***

မြင့်မြတ်သောစိတ်ထားရှိသည့် မိန်းမဟူသည်
မိမိချစ်သော ယောကျာ်းတယောက်ကို
နေရာယူမှုမရှိပဲ အသိပညာနှင့်ယှဉ်လျက်
လူပုံအလယ်တွင် မားမားမတ်မတ်ရပ်တည်နိုင်ရန်
နောက်ကွယ်မှ ပံ့ပိုးနိုင်စွမ်းရှိရမည်။


လရိပ်လေး(မောင်းမကန်)
၁၉.၁.၂၀၁၇
http://layeiklay.blogspot.com/

Thursday, January 19, 2017

***ကျွန်မမှားများမှားလေမလား***

မသေချာနိုင်သော မနက်ဖြန်အတွက်
တွေးမိတိုင်း ကျွန်မအားချစ်သောသူ
ကျွန်မအား မုန်းသောသူအားလုံး
ပျော်ရွှင်ကျန်းမာဖို့ ဆုတောင်းနေမိသည်။

သေခြင်းတရား၏ တည်မြဲခြင်းကိုနားလည်ပြီး
လူကိုလူဟုမြင်တတ်လျင်
လူတိုင်းငြိမ်းချမ်းမည်ထင်မိသည်။

အတ္တများခွာချလျက် အကောင်းမြင်စိတ်မွေးပြီး
မုဒိတာစိတ်များထားကြပါက
လောကကြီးသာယာမည်ဟု ထင်မိသည်မှာ
ကျွန်မမှားများမှားလေမလား

လရိပ်လေး (မောင်းမကန်)
၁၈.၁.၂၀၁၇
http://layeiklay.blogspot.com/

***ခရေပန်းအား စံတင်ထား***

သည်ပန်းခရေ နွမ်းကြေနေလည်း
မွှေးစေရနံ့ သင်းပျံ့ပျံ့။

ခရေပန်းအား စံတင်ထားလျက်
ရုန်းကန်လှုပ်ရှား ဘဝကြားဝယ်
တွေ့ကြုံခံစား အနာတရများလည်း
စိတ်အားထက်စွာ အများတွက်တာဟု
မေတ္တာထား၍ ရှေ့ဆက်မည်။

လရိပ်လေး (မောင်းမကန်)
၁၈.၁.၂၀၁၇
http://layeiklay.blogspot.com/
 

Monday, January 16, 2017

***အချစ် အမုန်း အလွမ်း***

ရွှေဘိုမြေ၏ အအေးဓာတ်သည်
သိမ်မွေ့နူးညံ့သော လေပြေကိုသယ်ဆောင်လာလျက် 
အလွမ်းကို ပေါက်ဖွားပေးသည့်အလား

နှလုံးသားတစ်နေရာတွင် အမည်မသိသော
ခံစားမှုသည် တိုးတိတ်စွာနေရာယူလေသည်။

အပြင်ကမ္ဘာတွင် ရင့်ကျက်ဟန်ဆောင်လျက်
အတွင်းကမ္ဘာတွင် မွန်းကျပ်ခြင်းများအား
မြှုပ်နှံထားရသည်။

အချစ်အားမျက်ကွယ်ပြုရက်သော်လည်း
အလွမ်းကိုမူ စက္ကန့်တိုင်း သိမ်းထားနေမိသေးသည်။

ကျွန်မ အချစ်ကိုမုန်းသည်။
သို့သော် အလွမ်းကိုချစ်သည်။

လရိပ်လေး (မောင်းမကန်)
၁၆.၁.၂၀၁၇
http://layeiklay.blogspot.com/

Saturday, January 14, 2017

***ကမ်းလင့်စေချင်***


တစ်ပွင့်တည်းပေမဲ့
အတင့်ရဲစွာနဲ့
သခင့်အသည်းတစ်နေရာမှာ
ခိုဝင်နားခွင့်ရချင်သေးတာမို့
မနွမ်းခင်ချိန်လေးမှာ
လှမ်းဆွတ်လှည့်လေး။

လရိပ်လေး (မောင်းမကန်)
၁၅.၁.၂၀၁၆
http://layeiklay.blogspot.com/

***စည်း***


မွှေးပျံ့အဆင်း ရနံ့သင်းလျက်
အချင်းပြည့်စုံ ပန်းဖူးငုံအား
ဆုံစဉ်ခဏ တဏှာကြွ၍
လှပပျက်စေ ခြွေရစ်လေသော်
အသရေပျက်ကာ နွမ်းလိမ့်မှာ။

တည်ကြည်အဆင်း ယုံကြည်ခြင်းနှင့်
မာန်ကင်းလှပ မိန်းမလှအား
ခဏဆုံစဉ် ချစ်ကျွမ်းဝင်လျက်
ကြင်နာမဲ့စွာ စည်းပျက်ပါလျင်
စိတ်မှာနွမ်းကာ လမ်းပျောက်မှာ။

ပန်း၏အဆင်း လူအချင်းကို
သန့်ရှင်းဂုဏ်တွေ ပိုင်ဆိုင်စေဖို့
မသွေမဖောက် စည်းတွေစောင့်လျက်
မှောက်မှာခြင်းကင်း အသိသွင်းလျင်
လက်ငင်းကောင်းကျိုး ရမယ်ထင်။

လရိပ်လေး (မောင်းမကန်)
၁၄.၁.၂၀၁၆
http://layeiklay.blogspot.com/

***ထူးထူးခြားခြား အမှတ်တရလက်ဆောင်။***


တပည့်လေး ဟိန်းဇင်ရဲ့ ထူးထူးခြားခြား အမှတ်တရလက်ဆောင်။

ဆရာမပုံကို ဖေ့ဘုတ်ကနေယူပြီး
ကိုယ်ပိုင်ချွေးနဲစာလေးနဲ့ ပြုလုပ်ထားတာရယ်
ရှေးဆန်ဆန် ဘောင်လေးကွပ်ထားလေးပြီး
အံ့အားသင့်အောင် လက်ဆောင်ပေးတာမို့
တကယ်ဝမ်းသာမိတယ်။

စိတ်ကူးကောင်းပြီး တွေးတတ်တာလေးကို
ပိုလေးစားကာ ပိုချစ်မိတယ်။

ဆရာမပျော်သလို ဘဝတစ်သက်တာလုံးမှာ
ပျော်ရွှင်မှုရရှိရင်း အောင်မြင်မှုပန်းတိုင်ကို လွယ်ကူချောမွေ့စွာလျှောက်လှမ်းနိုင်ပါစေနော်။

လရိပ်လေး (မောင်းမကန်)
၁၄.၁.၂၀၁၇
http://layeiklay.blogspot.com/

***GYB & SYB Training***


ILO အသိအမှတ်ပြု
GYB & SYB Training အစရက်လေးမှာ

Business Idea တစ်ခုထွက်ဖို့အတွက်

Self analysis , Enviromental analysis and

Structure Brain stroming course များကို

လက်တွေ့လုပ်ငန်းများနှင့် ချိတ်ဆက်ဆွေးနွေးစဉ်

အားပါးတရ တင်ဆက်နေလိုက်ကြတာ ကျေနပ်ပီတိဖြစ်မိပါရဲ့ရှင်။

အသက်ရှင်သမျှကာလပတ်လုံး အများနောက်ကွယ်က
မထင်မရှား ပံ့ပိုးနိုင်သူတစ်ယောက်သာ ဖြစ်ရပါလို၏။

လရိပ်လေး (မောင်းမကန်)
၁၄.၁.၂၀၁၇
http://layeiklay.blogspot.com/
 

***အဖြေမဲ့ ပုစ္ဆာ***


လျှပ်တပြက်ယုယမှုကြား
မဝံ့မရဲ မျက်လွှာချ
မျက်ဝန်းတစ်စုံကို
မခို့တရို့လေး ကြည့်မိမှ
ရလဒ်တစ်ခုက အထင်အရှား။

တဒင်္ဂအတွင်း
ကမ္ဘာသစ်တစ်ခုတွက်
သတ္တိတွေမွေးဖွား
သင်္ကေတတစ်ခုအတွက်
ရူးသိပ်မှုများစွာနှင့်
လှတရားက ပြိုင်ဘက်ရှား။

အတိတ်မလို
အနာဂတ်မလို
သူသာရှိ ပြီးပြည့်စုံ၏။

ဒါလား "အချစ်"

လရိပ်လေး (မောင်းမကန်)
၁၃.၁.၂၀၁၇
http://layeiklay.blogspot.com/

Thursday, January 12, 2017

***လရောင်ကြားက အလွမ်းမြစ်ဖျား***

လရောင်အလှ မြင်လေသမျှ
လွမ်းရတိတ်ဆီ ဖြေမဆည်။

သည်ချိန်လရိပ် အေးမြလိမ့်လည်း
စိမ့်စိမ့်ရင်ထဲ လွမ်းရိပ်ကဲလျက်
စွဲလမ်းစိတ်သာ ပိုကဲလာ။

လရောင်ဖြာကျ ညအလှဝယ်
ဖြစ်ရဝဋ်ကြွေး ကုန်စဉ်ဝေးလျက်
နွေးထွေးရင်ခွင် ခိုဝင်ချင်လည်း
မခင်သူဝေး ရှောင်ခွာပြေး၍
လွမ်းရေးဆင့်ကာ ကြေကွဲလာ။

နောင်သောအခါ လမင်းသာလျင်
နှစ်မွှာချစ်သဲ တူယှဉ်တွဲလျက်
မခွဲမခွာ နေရပါလို
တောင်းဆုဆိုတာ သိစေလို။

လရိပ်လေး (မောင်းမကန်)
၁၂.၁.၂၀၁၇
http://layeiklay.blogspot.com/

***ရွှေဘိုမြေသို့***

ပန်းပွင့်စေဖို့ ပန်ပျိုးခွင့်တွက်
ဇွဲနှစ်လျက်လာ ထွက်ခဲ့ပါပြီ
ကမ်းလင့်လို့ပင် ကြိုစေချင်။
 
ILO အသိအမှတ်ပြု စီးပွားရေးသင်ရိုး
GYB & SYB Training အတွက် ခရီးစထွက်ပြီ။

လရိပ်လေး(မောင်းမကန်)
၁၂.၁.၂၀၁၇
http://layeiklay.blogspot.com/
 

***အမေ့ဂုဏ်***

နှိုင်းဖွဲ့မကုန် အမေ့ဂုဏ်သည်
ဝသုန်မြေကြီး ပြိုပျက်စီးလည်း
တစ်ထီးတစ်နန်း စံမြန်းလျက်သာ
တည်နေလိမ့်မှာ အမှန်ပါ။


စာပေပေါင်းစုံ နှိုင်းဖွဲ့ဆိုလည်း
ထိုထိုစာများ မေ့မေတ္တာကြားဝယ်
ဝပ်တွားခယ ရိုကျိုးရလျက်
ရှုံးကြလေမှာ အသေချာ။

အမေ့မေတ္တာ အမေ့ရောင်ဝါသည်
ကမ္ဘာတလွှား ယှဉ်နိုင်းအားမဲ့
ချစ်များပြည့်ဝေ ပျော်ရွှင်စေသလို
အမေများ သည်နေ့ပျော်ပါစေ။

လရိပ်လေး (မောင်းမကန်)
၁၂.၁.၂၀၁၆
http://layeiklay.blogspot.com/

***ကူသူမဲ့ သစ္စာ***

 
အများပျော်စေဖို့ ကြိုးစားနေရင်း
နားထောင်သူမဲ့သည့် စကားလုံးများအား
နှလုံးသားတစ်နေရာမှာ မြှပ်နှံထားရသည်။

ဖြစ်သင့်တာကို လုပ်နေပါလျက်
မဖြစ်ချင်တာတွေကြုံရသောအခါ
တိတ်တဆိတ်ဖြေသိမ့်ရင်း
ကြိတ်မှိတ်ငိုခဲ့ရသည်။

အများပျော်မယ်ဆို ငိုပါရစေ။
အများတိုးတက်မယ်ဆို ပေးဆပ်ပါရစေ။
အများငြိမ်းချမ်းမယ်ဆို ဘဝကိုစတေးပါရစေ။

ကျွန်မ၏ပေးဆပ်မှုနှင့် ကြုံသောသူများသည်
ထာဝရငြိမ်းချမ်းလျက် အနာဂတ်လှပပါစေ။

ဤမှန်သောသစ္စာ တည်ခဲ့ပါမူ
သေခါကျလျင် တရားယှဉ်လျက်
စင်ကြယ်သီလ ကျင့်ကြံရကာ
ဘဝလားရာ ကောင်းပါရစေ
တမ်းတကာလေ တောင်းဆုချွေ။

လရိပ်လေး (မောင်းမကန်)
၁၁.၁.၂၀၁၇
http://layeiklay.blogspot.com/

Wednesday, January 11, 2017

***ဝဋ်ကြွေးရှိလျင် ကျေစေချင်***


တဏှာဝဋ်ကြွေး ဘဝပေးမှ
လွတ်ငြိမ်းခွင့်သာ ရချင်ပါလည်း
မလွတ်နိုင်ရာ သည်ကြမ္မာဝယ်
တဝဲလည်လည် နာကျင်သည်။

ဝဋ်ကြွေးတုံ့တင် ရှိပါလျင်လည်း
ရင်ကွဲတမျှ ခံခဲ့ရသည့်
ဒုက္ခဆင်းရဲ ဘဝမွဲလျက်
ဇွဲဖြင့်ပြုရ မြတ်ဒါနကြောင့်
လွတ်ရပါလို တောင်းဆုဆိုသည်။

ခုဘဝတွင် လူဖြစ်စဉ်လည်း
ချစ်ခင်သူများ ကောင်းစေငြားဖို့
တွေးများဖြင့်သာ ပေးဆပ်ပါမည်
စိတ်မှာတည်လျက် မျက်ရည်ကြားမှ
အားတင်းလျက်သာ ရှေ့ဆက်မည်။

လရိပ်လေး (မောင်းမကန်)
၁၁.၁.၂၀၁၆
http://layeiklay.blogspot.com/

Tuesday, January 10, 2017

***မုဒိတာစိတ်ထားရန်***

လူအများစုသည်
မိမိအောက်နိမ့်ပါးသူများအား
ကူညီပေးရန် ဝန်မလေးသော်လည်း

မိမိထက်သာလွန်သူအား
မုဒိတာစိတ်ထားရန်အတွက်ကား
တကယ်ဝန်လေးတတ်ကြသည်။

လရိပ်လေး (မောင်းမကန်)
9.1.2016
http://layeiklay.blogspot.com/

*** ပန်းပျိုးသူလား ပန်းခြွေယူသူလား***

ဖြူစင်သူတိုင်းသည်
ရယူခြင်းအတွက် မေ့လျော့နေတတ်၍

အတ္တကြီးသူတိုင်းသည်
ရယူခြင်းဖြင့် အချိန်ကိုကုန်ဆုံးစေသည်။

ပန်းတိုင်းသည်
ဖူးပွင့်ရန် ခက်သော်လည်း
ခြွေယူရန်ကား လွယ်ကူလှသည်။

ကိုယ်သည် ပန်းပျိုးသူလား
ပန်းခြွေယူသူလား တွေးနေမိသည်။

လူ့ဘဝစက္ကန့်တိုင်း အနှစ်သာရရှိရန်
မျှော်လင့်ခြင်းကင်းသော
ပန်းပျိုးသူဖြစ်ဖို့ ကြိုးစားရန် အားယူနေမိသည်။

ထိုသို့အကြံအောင်မြင်ရန်
ကျွန်မသည် တဏှာချစ်ခြင်းကင်းချင်ပါသည်။

လရိပ်လေး (မောင်းမကန်)
8.1.2016
http://layeiklay.blogspot.com/

Friday, January 6, 2017

***ပွင့်လင်းရိုးသားခြင်း***

ပွင့်လင်းရိုးသားခြင်းသည်
တခါတရံလူမှုဆက်ဆံရေးအကြား
အမြင်တစ်မျိုးဖြစ်စေသလို
တခါတရံ မိတ်ပျက်စေတတ်သည်။

လရိပ်လေး (မောင်းမကန်)
6.1.2016
http://layeiklay.blogspot.com/

***စိတ်အဆင်း***


တဏှာစိတ်သွင်း ထိုချစ်ခြင်းကြောင့်
ရင်တွင်းပူမီး လောင်ဖူးသည်။

အတ္တစိတ်သွင်း မာနအဆင်းကြောင့်
ရင်တွင်းလောင်မြိုက် ခဲ့ဖူးသည်။

မုဒိတာကင်း မနာလိုခြင်းကြောင့်
ရင်တွင်းနာကျင် ခဲ့ဖူးသည်။

အမှန်ပွင့်လင်း မရှိခြင်းကြောင့်
လက်ငင်းမိတ်ဆွေ ပျက်ဖူးသည်။

တရားစိတ်သွင်း နေထိုင်ခြင်းကြောင့်
ရင်တွင်း ငြိမ်းချမ်းခဲ့ဖူးသည်။

ဖြစ်ပျက်ခဏ ဤဘဝတွင်
တွေ့သမျှအား စိတ်ခံစားက
အမှားကိုတွေး အမှန်ဝေးမည်။

စိတ်ငြိမ်းချမ်းတာ လိုချင်ပါမူ
ရင်မှာမှတ်သား မြတ်တရားသာ
ပွားများတော့မည် စိတ်ကရည်။

မနက်ဖြန်သာ သေဆုံးပါလျင်
အသင်တို့ ဘာကိုလုပ်မည်နည်း။

လရိပ်လေး (မောင်းမကန်)
၅.၁.၂၀၁၆
http://layeiklay.blogspot.com/