Pages

Wednesday, March 25, 2015

"အလွမ်းသင်္ကြန်"


ပိတောက်ရွှေဝါ လွှမ်းခြုံကာဖြင့်
ချိန်ခါသင်္ကြန် နှစ်ကူးဟန်ကို
အားမာန်နဲ့ပင် ပျော်လိုက်ချင်လည်း
ပိုင်ရှင်မဲ့စေ ဒီနှစ်နွေကြောင့်
လွမ်းစွေရတယ် သင်္ကြန်ရယ်။


လရိပ်လေး(မောင်းမကန်)
25. 3. 2015
http://layeiklay.blogspot.com/

*** မညှိုးပန်းသွင် ဆရာသခင် ***


ရနံ့ကြူသင်း ပန်းအဆင်းနှင့်
ချစ်ခြင်းမေတ္တာ မွှေးပြန့်ပါသော
ဆရာအစစ် ပန်းတစ်ပွင့်။

အမြစ်ခိုင်မာ ပန်းပွင့်လာအောင်
စာနာပေးလျက် ရှေ့ဆက်တက်ရေး
လမ်းဆက်ပေးတာ သည်ဆရာ။

စာပေကိုတွေး စာကိုရေးက
နွေးထွေးမေတ္တာ ရောယှက်ကာဖြင့်
ကျရာလမ်းမှ လမ်းညွှန်ပြ၍
လှပစာဆင် ရေးစေချင်သော
ရွှေစင်အသွင် ဆရာသခင်။

လရိပ်လေး ( မောင်းမကန် )
23 - 3 - 2015
http://layeiklay.blogspot.com/

Wednesday, March 18, 2015

***အဆိပ်သင့်လွမ်း***

အနေဝေးပေမဲ့
အနေမစိမ်းချင်ပါဘု
ရှောင်တိမ်းကာ သခင်ထားသော်လည်း
ရွက်များကြွေ လေအဝှေ့မှာလ
မှာပါးစေ စကားပါလေမလားရယ်လို့
ချစ်အားဖြင့် ခါခါမျှော်။


မျှော်သာမျှော် မပေါ်လာသည့်
မကြင်သာ ချစ်သခင်ကို
လွမ်းရစ်တဲ့ ဝေဒနာ
မခံသာ ဖြေစရာရှားတာမို့
စိတ်အားငယ်မှုတွေနဲ့
နွေကန္တာအလယ် လွမ်းစိတ်ကဆော်။ ။
လရိပ်လေး (မောင်းမကန်)
18. 03. 2015
http://layeiklay.blogspot.com

***အထီးကျန်အလွမ်း***


လွမ်းပွင့်တွေဝေ နွမ်းရစ်ခွေလျက်
ရှောင်သွေသူအား မျှော်သော်ငြားလည်း
သူကားမလာ စိမ်းကားတာမို့
ရင်နာကျိုးကြေ ကျွမ်းရင့်နွေ။

ကြိတ်မဖြေသာ ချစ်ဒဏ်ရာမို့
စက်ရာနန်းထက် မျက်ရည်စက်ဖြင့်
ထွေးယှက်၍သာ နေရရှာသည်
ဘယ်ခါများမှ ဆုံတွေ့ရဟု
တမ်းတနေမိ လွမ်းနေ၏။
နောင်သောအခါ လူဖြစ်လာက
ချစ်နဲ့ဆုံရာ ချစ်ကမ္ဘာမှာ
နှစ်လွှာချစ်သဲ တူယှဉ်တွဲ၍
မခွဲမခွာ နေလိုပါကြောင်း
သစ္စာမှန်းရည် ဆုတောင်းမည်။
လရိပ်လေး(မောင်းမကန်)
06. 03. 2015
http://layeiklay.blogspot.com