Pages

Friday, February 28, 2014

လရိပ်လေး(မောင်းမကန်) ရဲ့  apk

Jo Khamsan ရဲ့ လက်ဆောင်

လရိပ်လေး(မောင်းမကန်) offline နှင့်online များတွင် ဖတ်ရှုနိုင်ပါကြောင်း
offline နှင့်online များတွင် ဖတ်ရှုနိုင်ပါကြောင်းအားပေးလိုက်ကြပါအုံး သူငယ်ချင်းတို့ရေ
http://khunkhamsan.blogspot.com/2013/10/blog-post_30.html
ကဗျာဆရာမလေး လရိပ်လေးရဲ့ ကဗျာပိုစ့်များandroide ဖုန်းများတွင်ဖတ်ရှုအားပေးရန်
apkလေးအားဒေါင်းယူနိုင်ပါပြီ။ အောက်တွင် ဒေါင်းရန်လင့်လေး ပေးထားပါတယ်။
အားပေးလိုက်ကြပါအုံး သူငယ်ချင်းတို့ရေ
http://khunkhamsan.blogspot.com/2013/10/blog-post_30.html

***လွမ်းသင့် ဒဏ်ရာ***

မဖြေသာ ဝေဒနာ
ချန်ခဲ့ပါတဲ့ ချစ်ဒဏ်ရာ။

ရိပ်ပမာ နှိပ်စက် ကလူတာမို့
ရင်ဆူကျွမ်းငြိ လွမ်းမိခါခါ။

မုန်းစမပါ သည်းလွှာမှာ
စွဲမက်စွာ ချစ်ဖူးခဲ့တာမို့
ရစ်မူးကာလွမ်း။

ချစ်နွမ်းကာ ပစ်ခွာရစ်ပေမဲ့
ချစ်လျက်ပင် ပြစ်မမြင်ရက်သူမို့
စိတ်အစဉ်ရယ် သူ့ဆီပဲမှန်း။

လရိပ်လေး(မောင်းမကန်)
(၂၈ . ၂ . ၂၀၁၄ )

Thursday, February 27, 2014

***ကာရန်သီကုံး ကဗျာထုံး***

ခြေခံမကျ ၊ နည်းမလှလည်း
တွေးရသမျှ ၊ စာစီချ၍
ရသစုံစွာ ၊ ပေးချင်တာမို့
ကဗျာကိုရေး ၊ စာပေတွေး၏
အားပေးသူများ ပျော်စေသား။

ကာရန်ကဗျာ ၊ ရေးသောခါဝယ်
ခေတ်ခါနောက်ကျ ၊ ရှေးကျလှဟု
ပြောကြကဲ့ရဲ့ ၊ နောက်ပြောင်ခဲ့လည်း
မရွဲ့မစောင်း ၊ လမ်းမပြောင်းပဲ
ရှေးဟောင်းကဗျာ ရေးလျှက်သာ။

မြန်မာမှာမွေး ၊ မြန်မာသွေးမို့
အရေးအသား ၊ မဆန်းပြားပဲ
ရိုးသားစွာပင် ၊ ကာရန်ဆင်၍
အစဉ်မပျက် ၊ ကဗျာသက်သွေး
ရှေ့ဆက်မွေးချင် အတွေးဝင်။

ရှေးဆရာများ ၊ ကာရန်အားဖြင့်
ရေးသားလို့ထား ၊ အထင်ရှားမို့
စိတ်အားမငယ် ၊ အားသစ်ကြွယ်၍
ဝင့်ထယ်ကဗျာ ၊ တင့်တယ်လာအောင်
ကောင်းရာရှာတွေး ဆက်လက်ရေး။

ကဗျာဟူသည် ၊ ကာရန်ညီမှ
စာစီသီကုံး ၊ ဖတ်မဆုံးဟု
ရှေးသုံးစကား ၊ မှတ်သားထားကာ
လေးစားလို့သာ ၊ ရေးသားတာမို့
ဘယ်ခါမပြောင်း ကာရန်လောင်း။

မြန်မာကဗျာ ၊ ပျင်းစရာဟု
ပြောလာပါလည်း ၊ ရှေးဆရာများ
ကဗျာများကို ၊ လေးစားပို၍
စိတ်ကိုပြင်ဆင် ၊ မြဲပျော်ရွှင်ကာ
နေ့စဉ်မပျက် ရေးသားလျှက်။

ကဗျာကိုတင် ၊ စာကိုမြင်၍
တင်မြင်ချက်ပေး ၊ ဝေဖန်ရေးသည့်
အားပေးမိတ်ဆွေ ၊ စာချစ်လေသော
စာပေသမား ၊ ပေါင်းသင်းများအား
လေးစားလျက်သာ ၊ ဤကဗျာကို
တန်ဆာဆင်ကာ ၊ ရေးခဲ့ပါ၍
စာနာလို့သာ ဖတ်ကြပါ။

လရိပ်လေး(မောင်းမကန်)
(၂၇ . ၂ .၂၀၁၄)

Wednesday, February 26, 2014

***နွေဦး အလွမ်း***


သဇင်ရယ်မွှေး ၊ ငွေနှင်းဖွေးသည့်
ချမ်းအေးရာသီ ၊ ကုန်လေပြီမို့
နွေဆီသို့ကူး ၊ ဥသြမြူးကာ
ကြည်နူးစရာ ၊ သည်ချိန်ခါမှာ
လွမ်းလာမိပြီ ချစ်ဦးဆီ။

နွေရဲ့ပန်းချီ ၊ လိုက်မမှီအောင်
တေးသီမဆုံး ၊ ချစ်ပန်းကုံးသို့
ချစ်ပြုံးဝေဆာ ၊ ချစ်ခဲ့ပါသည့်
နှစ်လွှာကူးစေ ၊ ချစ်ပန်းဝေရာ
ခါနွေဦးဝယ် လွမ်းစိတ်ကြွယ်။

နွေဦးအလှ ၊ စိမ်းစိုမြလည်း
ဝေးကချစ်သူ ၊ မေ့သည်းအူကို
ကြည်ဖြူချင်သေး ၊ စိတ်အတွေးကြောင့်
ပူဆွေးစိတ်ဝင် ၊ လွမ်းရေးငင်၍
နွေဝင်ဦးစ စိတ်မရွှင်ပြ။

နွေရိပ်သို့ပူ ၊ ရင်ထဲဆူလည်း
သည်းအူပြုန်းမျှ ၊ ချစ်ခဲ့ရသူ
ဘ၀သခင် ၊ ချစ်သည်းရှင်ကို
နွေရင်အလား ၊ ပူစိတ်ပွား၍
လွမ်းအားပိုကဲ မျက်ရည်ဝဲ။

နွေမှာချစ်ဖူး ၊ နွေလေရူးလို
စိတ်ကူးနဲ့ပျော် ၊ ချစ်ခဲ့သော်လည်း
မွေ့လျော်ခွင့်ဝေး ၊ ရင်နင့်ဆွေး၍
ဖော်ဝေးငှက်နှယ် ၊ ချစ်ပျက်ပြယ်ကာ
နွေလယ်ရက်မှာ ၊ ကျန်ခဲ့တာမို့
ရင်နာဆဲပါ နွေဦင်္းခါ။

လရိပ်လေး (မောင်းမကန်)
(၂၆ . ၂ . ၂၀၁၄)

***သတိ လောဘသားကောင် များသို့***

မှန်တရားတွေ ချစား
ရိုးသားခြင်းများ ပြာကျ
မြေကြီးက သွေးရဲရဲနီ
စာစီလို့မှမကောင်း
သမိုင်းကြောင်းကို ခေါင်းစဉ်လွှဲတဲ့ခေတ်။

ဇာတ်တူသား စားသူများ
တီဗွီဖန်သားပြင်မှာ တိုက်ပုံတကားကားနဲ့
ပြည်သူ့ဘက်တော်သား ဆိုပါလား
ငိုချင်စရာ ပျက်လုံးထွားတဲ့ ခေတ်။

လက်ခံပေးပါ လက်ခံပေးပါ ဆိုတဲ့
သွားတဖြဲဖြဲ ကမ္ဘာကျော်
သူတောင်းစားများ
မြန်မာ့ ပလက်ဖောင်းမှာ
တံဆိပ်ကိုယ်စီနဲ့ ခြေစိုက်တော့မဲ့ ခေတ်။

ဥာဏ်မမှီတဲ့ ငမွဲများ
နင်းပြားဖြစ်ပြီးရင်းဖြစ်
အော်သူကအော် တိုက်သူကတိုက်
နေရာ တစ်ခုရဖို့
အသက်ပေါင်းများစွာ စတေး
ကိုယ့်သွေးကိုယ် ပြန်သောက်ကြတဲ့ ခေတ်။

ခေတ် ကို မြူဆွယ်ရင်း
ကိုယ့်အရိပ်ကို မဆန်းစစ်
သွေးညစ်တွေပဲ ထပ်ထပ်သွင်း
မိမြန်မာပြည်ကြီး အသက်ငင်နေပြီ
စနစ်ကိုပြင်မလား အကျင့်တွေပြင်မလား
တွေးဖြန့်ကျက်လို့ သမိုင်းသစ်အတွက်
သတိကပ်ကြတော့….လောဘသားတို့။

လရိပ်လေး (မောင်းမကန်)
(၂၅ . ၂ .၂၀၁၄ )
ဓာတ်ပုံကို အင်တာနက်မှ ကူးယူထားပါသည်။

ဆရာသို့ ကန်တော့ပန်း

ဆရာပြန်လာတဲ့ အချိန်ပိုင်းလေးမှာ ဘုရားတွေ အတူတူ လိုက်ဖူးရင်း စာပေဟောပြောပွဲလည်း တက်ခွင့်ရခဲ့တယ်။ အဖေ တစ်ယောက်လိုရော ဆရာတစ်ယောက်လိုရော ဂရုစိုက်ပေးခဲ့တဲ့ဆရာ့ကို သမီးတစ်ယောက်လို တပည့်တစ်ယောက်လို စိတ်ထားနဲ့ ကန်တော့ခွင့်ရခဲ့ပါတယ် ဆရာ။

ကျွန်မ နှစ်ရှည်လများ တမ်းတနေရတဲ့ အချိန်လေးကို ခဏလေး ပိုင်ဆိုင်ခွင့်ရခဲ့တယ်.။ ကျွန်မ ဘ၀ရဲ့စာပေ ကျေးဇူးရှင်အဖြစ် အသက်ရှင်နေသရွေ့ လေးစားနေမှာပါ ဆရာ။ ဖေ့ဘုတ်ကနေ ဆုံတွေ့ခဲ့ရပေမဲ့ တကယ့်သားသမီး အရင်းလို မေတ္တာထားပေးတဲ့ ဆရာ့ကို ကျွန်မ ဘယ်လို စကားလုံးတွေနဲ့ နှိုင်းဆပြီး ကျေးဇူးတင်ရမှန်းတောင် မသိတော့ပါဘူး ဆရာ။

ဒီနေ့(February 24) ဆရာပြန်မယ်တဲ့လေ၊ ကျွန်နှုတ်မဆက်ပါဘူး ဆရာ နှုတ်ဆက်တယ်ဆိုတာ လမ်းခွဲမယ့်သူတွေပါ။ ဆရာနဲ့ သမီး ဘယ်တော့မှ လမ်းမခွဲဘူး။ လူချင်းမတွေ့ပေမဲ့ စိတ်ချင်း အမြဲတမ်း ဆက်သွယ်နေမှာ ပါဆရာ။ ကျွန်မ စိတ်တွေတင်းထားပြီး နှုတ်မဆက်ဖြစ်အောင် ထိန်းထားရင်း မျက်ရည်တော့ ကျမိပါတယ် ဆရာ။ ဒါကြောင့် ဆရာနဲ့ သမီးတို့ အတူရိုက်ထားတဲ့ ဓာတ်ပုံလေးကို တင်လိုက်မိပြီး ဆရာသို့ ကန်တော့ပန်းဆင်လိုက်ပါတယ် ဆရာ။

ဆရာ့တပည့်မလေး

လရိပ်လေး (မောင်းမကန်)
(၂၄ . ၂ .၂၀၁၄ )

Sunday, February 23, 2014

မဟာနန္ဒာကန် အမှတ်တရ



မဟာနန္ဒာကန်သည် ရွှေဘိုမြို့ ၏ အထင်ကရ နေရာများတွင် တစ်ခုအပါအဝင် ဖြစ်သည်။ ရွှေဘိုမြို့သည် စစ်ကိုင်းတိုင်းအတွင်းရှိ မြို့ဖြစ်ပြီး မြန်မာတို့၏ နောက်ဆုံးမင်းဆက်ဖြစ်သည့် ကုန်းဘောင်ခေတ် ၊ ကုန်းဘောင်မင်းဆက်၏ စတင်ရာဒေသ အဖြစ်ကျော်ကြားပေသည်။ လက်ရှိတွင် စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်ရုံးစိုက်ရာမြို့များ အနက် တစ်မြို့လည်းဖြစ်သည်။

ကုန်းဘောင်မင်းဆက်၏ ပထမဆုံး နန်းစိုက်ရာမြို့ဖြစ်သည့်အတွက် မြို့အမည်မှာလည်း ၅ မျိုးတိတိရှိပေသည်။ မူလရွာအဖြစ်ရှိစဉ်က အမည်ဖြစ်သည့် မုဆိုးဘို(မုဆိုးဖို)၊ ရွှေဘို ၊ ရန်ကြီးအောင် ၊ကုန်းဘောင်၊ ရတနာသိင်္ဃ တို့ဖြစ်သည်။ ထိုအမည်များကို အောက်ပါ ကဗျာအတိုင်း အလွယ်မှတ်သားနိုင်သည်။

ရန်ကြီးအောင်၊ ကုန်းဘောင်ခ
ငါးမည်ရ ပြည်ရွှေဘို
မုဆိုးဘို ရန်ပြိုတဲ့ နာသိင်္ဃ(ရတနာ သိင်္ဃ)
ဘိုးတော်ဒေသ။

အထင်ကရ နေရာများ

နန်းတော်ရာ
အောင်မြေ
မဟာနန္ဒာကန်
ကာဘိုးဆည်
သဖန်းဆိပ်ဆည်

ဘုရားပုထိုးများ

မြို့ထောင့်စေတီ(မော်ဓောမြင်သာစေတီ)
ချမ်းသာကြီး ချမ်းသာရစေတီ (မြို့ခံလူများကမူ ဘုရားဟုသာခေါ်ကြသည်။)
ရွှေတန်ဆာစေတီ
ရွှေချက်သိုစေတီ
နိဗ္ဗာန်ဆိပ်ဦးစေတီ
ရွှေသိမ်တော်ဘုရား(သို့မဟုတ်) သံဃာ့အောင်မြေဘုရား

http://www.shwebo.net/ မှ သတင်းအချက်အလက်များ ရယူပါသည်။

***အတိတ် နဲ့ ပစ္စုပ္ပန်***


တို့ပြည်မှာလေ
ရတနာတွေ ရောင်ဝါဝင်းလို့
မြစ်အင်းနဲ့ တောတောင်သွယ်
လယ်ယာတွေ လွန်ပေါများ
စပါးတွေ တောင်ပုံလားလေ
ပေါများခဲ့ပေ။

တို့ပြည်မှာလေ
သာသနာတွေ ရွှေရောင်ဆင်းနဲ့
ဘေးကင်းလို့ ငြိမ်းချမ်းစွာ
ပြည်မြန်မာ မြို့နယ်ဝှမ်း
ကုသိုလ်လမ်း ဝေဝေဆာ
သာယာခဲ့ပေ။

ခုချိန်မှာလေ
ရတနာတွေ ပြည်ပသွင်း
မြစ်အင်းတွေ ခြောက်သွေ့ဆင်းလို့
ဘေးကင်းတဲ့ သာသနာ
ပူလောင်ကာ ယိုပျက်ယွင်း
အချင်းချင်းတွေ သတ်ဖြတ်ရင်း
လယ်ကွင်းတွေ သိမ်းပိုက်ခြင်းကြောင့်
ဆင်းရဲလေခြင်း။

ပြစ်ကင်းတဲ့ ပြည်မြန်မာ
သာသနာနဲ့ ငြိမ်းချမ်း
ဘေးမသန်းဖို့ ဆိုရင်လေ
ချိန်မလွန်ခင် သွေးမကွဲပါပဲ
လက်တွဲကာ တူညီအားတွေနဲ့
မသွေတမ်း ပေါင်းစည်းကူလို့
ကြည်ဖြူစွာ သွေးသက်နှင်းကာဖြင့်
တင်းလို့ဖြေရှင်း။

လရိပ်လေး (မောင်းမကန်)
(၂၃ .၂ .၂၀၁၄)

Wednesday, February 19, 2014

နွားကျောင်းသားလေး


ရွာရှေ့ကညောင်ညိုရိပ်
နွားကျောင်းသားလေးတေးဆိုအိပ်
စားကြက်ခင်းမှာ နွားတို့ပျော်
နွားကျောင်းသားလေး တေးတကြော်ကြော်

ပြုံးပျော်ကာ ပုလွေမှုတ်
နေမင်းကြီးကို အဖက်မလုပ်
ချိုကြည်အေးတဲ့ ပုလွေသံ
တောတန်းလေးထိညံ
စီစီညံတဲ့ ငှက်အသံများ
ပုလွေသံအောက်ပျောက်လို့သွား

နေဝင်လုလုမိုးချုပ်ပြန်
နွားတို့ရှိရာပြေးရပြန်
တစ်ကောင်မကျန်ပြေးကာစု
နွားကျောင်းသားလေး သူ့အမှု။

လရိပ်လေး (မောင်းမကန်)
(၁၅ .၁၁ .၂၀၁၃)

အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နန်းတော်သို့

တတိယမြန်မာနိုင်ငံတော်ကို တည်ထောင်ခဲ့တဲ့ အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ နန်းတော်သို့ အလည်တစ်ခေါက် ရောက်ခဲ့တယ်။




 မြန်မာ့ ရှေးဟောင်းနန်းတော်ကြီးကို မြင်လိုက်ရတာ ကြည်နူးလိုက်တာ ပြောပြမတတ်ပါပဲ။ မှတ်တမ်း ကျောက်စာတွေရော အလောင်းမင်းတရားကို မြေမြုပ်ခဲ့တဲ့နေရာတွေရော ဓာတ်ပုံတွေ ရိုက်လာခဲ့တာ မမောတန်းပါပဲ။


ခေတ်မှီတဲ့ နည်းပညာတွေနဲ့ ပုံဖော်ထားတဲ့ မြို့သစ်တွေ ဘယ်လောက်လှလှ ရှေးဟောင်းလက်ရာ နန်းတော်ရဲ့ အလှက ဘယ်လိုမှယှဉ်လို့ မရအောင် တင့်တယ်နေတုန်းပါပဲ။ ရှေးဟောင်းမြို့ကြီးတွေ ခေတ်ရေစီးကြောင်းအောက်မှာ မပျောက်ကွယ်ပါစေနဲ့လို့ ဆုတောင်းလိုက်မိပါရဲ့။


ရွှေမန္တလေး အမှတ်တရ



မန္တလေးမြို့က အရမ်းကို သဘောကောင်းပြီး ချစ်စရာကောင်းတဲ့ မခင်စန်းမြင့်နဲ့အတူ အမှတ်တရ

မန်းလေးသူ မန်းလေးသားတွေ သဘောကောင်းလိုက်တာ အံ့သြလောက်ပါရဲ့ရှင်။ အဲဒါတောင် အချိန်မရလို့ စုံအောင်လိုက်မပို့ရလို့ဆိုပြီး အားနာလို့တဲ့လေ ဖုန်းဆက်ပြီး ပြောလာသေးတယ်။ အရမ်းကို သဘောကောင်းတဲ့ အမကို ခင်ခွင့်ရလို့ အရမ်းပျော်ခဲ့ပါတယ်။

မန်းလေးမြို့သူ မြို့သားတွေရဲ့ စိတ်ထားကောင်းမွန်မှုကိုလည်း အထင်းသားမြင်တွေ့ခဲ့ရလို့ အရမ်းပျော်ခဲ့ရပါတယ်။

နောက် အချိန်ရမှ သွားပြီးမွှေလိုက်အုံးမယ်။
အခုတော့အလွမ်းပြေ ပုံလေးတင်လိုက်ပြီ မ ရေ။

Monday, February 17, 2014

“ပန်းခတ္တာ၏ လွမ်းပီတိ” (ဇာတ်သိမ်းပိုင်း)

ကျောင်းဖွင့်စက ကလေးများကြား အတော်လေး သည်းခံသင်နေကြရသော မိုးလေးနှင့်ခတ္တာ ကလေးများကြား ပျော်နေပြီဖြစ်သည်။ ခတ္တာဆိုလျှင် သူ့အတန်းရော ကျန်သည့်အတန်းမှကလေးများကိုပါ ဂရုစိုက်ကူသင်ပေးသည်။ လိမ္မာ အောင်ပြောပြ ပုံပြင်လေးပြောပြနှင့် မျက်နှာတွင် အပြုံးဝေဆာနေတတ်သည်။ မိုးလေးလည်း စိတ်ပျက်ခြင်းများပျောက်ပြီး ကလေးများကို သံယောဇဉ် ဖြစ်လာသည်။ တစ်ရက်တွင် မိုးလေးတို့နှစ်ယောက် ကျောင်းသို့အလာ လမ်းဖြတ်အကူး ကလေးတစ်ယောက် ကဗျာ အော်ဆိုနေသံကြားလိုက်ရသည်။

“ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတန်ဝင့်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း။”

ကလေးစာဆိုသံကြားရ၍ ကြည်နူးလို့မဆုံးခင် မရှေးမနှောင်းတွင် နားထဲ ဆူးစူးသလို ဝင်လာသည့် အသံတစ်ခုကြားလိုက်ရသည်။

“ဟဲ့ နင်စာကျက်တာ ထမင်းမစားရဘူး၊ ကလေးငိုနေတာ လာကြည့်ထား၊ တော်ကြာ နင့်အဖေ လှေဝင်လာတော့မယ်၊ တကတည်းတော် သူတို့စာကများ ထမင်ကျွေးတာ ကျနေတာပဲ”

မိုးလေးနှင့်ခတ္တာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မကြားသလို ခပ်သွက်သွက် ကျောင်းဆီသို့ သုတ်ခြေ တင်ခဲ့ရသည်။ ကျောင်းရောက်ချိန်တွင် ခတ္တာက

“မိုးလေး ငါတို့ ဒီတိုင်းနေလို့တော့ မဖြစ်ဘူး၊ ရွာကမိဘတွေ ပညာရေးနဲ့ပတ်သက်ပြီး နားလည်လာအောင် စည်းရုံးမှရမယ်”

“ဘယ်လိုလုပ်ချင်လို့လဲ ငါနားမလည်ဘူးနော်၊ နင်ခိုင်းရင် လုပ်ပေးမယ်လေ”

“ငါတို့ ရွာထဲသွားပြီး မိဘတွေနဲ့ ရင်းနှီးအောင်လုပ်မယ်၊ ပြီးရင်ကလေးတွေ ပညာရေးအကြောင်းပြောပြ စည်းရုံးမယ်၊ နင်သဘောတူလား”

ခတ္တာအမေးကို မိုးလေး မနက်က စကားသံကိုပြန်ကြားယောင်ရင်း မ၀ံ့မရဲဖြင့် ခေါင်းညိတ်လိုက်သည်။ ခတ္တာက မိုးလေးနှင့်မတူ စာအုပ် တအားဖတ်သည်။ မိုးလေးကိုလည်း စာဖတ်ဖို့ပြောသည်။ မိုးလေးက စာဖတ်ပျင်းသည်။ ဒီနေ့မှ ခတ္တာက ထူးထူးဆန်းဆန်းထပ်ပြောလာသည်။

“နင် ဒီစာအုပ်လေး ဖတ်ကြည့်ပါလား၊ အရမ်းကောင်းတယ်၊ ငါဖတ်တဲ့အချိန်တိုင်း မျက်ရည်ကျတယ် သိလား၊ အရမ်းလည်း ခံစားရတယ်၊ နင်ဒီစာအုပ်လေးဖတ်ပြီးရင် ဒီကျောင်းက ကလေးတွေရယ် ဒီရွာလေးနဲ့ ဒီကျောင်းလေးကို ပိုချစ်တတ်လာမယ်လို့ ငါထင်တယ်” ဆိုပြီး အတင်းပေးလာသည်။ မိုးလေးယူကြည့်လိုက်ရာ ၁၉၇၈-ခုနှစ်တွင် စာပေဗိမာန် ပထမဆုနှင့် ၁၉၈၀-ခုနှစ်တွင် အမျိုးသားစာပေဆုရရှိထားသော လယ်တွင်းသားစောချစ်၏ ပန်းမြိုင်လယ်ကဥယျာဉ်မှူး ဆိုသည့်ဝတ္ထုစာအုပ်လေး ဖြစ်နေသည်။ ခေါင်းစဉ်လေးမြင်သည်နှင့်ပင် စာဖတ်ပျင်းသော မိုးလေး တအားစိတ်ဝင်စားသွားသည်။ စာအုပ်လေးကို ဆက်ဖတ်လိုက်ရာ မိမိတို့အဖြစ်နှင့် တိုက်ဆိုင်နေသဖြင့် လက်ကမချနိုင်ပဲ အပြီးထိ ဖတ်ဖြစ်သွားသည်။ မိုးလေး ဖတ်ပြီးသောအခါ ခတ္တာတစ်ယောက် စိတ်ထားပြောင်းလဲသွားတာ ဒီလို စာအုပ်များ ဖတ်ခြင်းကြောင့်ဆိုတာ သိလိုက်ရသည်။ ၀တ္ထုတွင် ဆရာတစ်ယောက်၏ မေတ္တာ၊ စေတနာ၊ အနစ်နာခံမှု၊ အနစ်နာခံမှုကြောင့်ရလာသည့်ပီတိ၊ အများလေးစားမှု၊ ကျောင်းသားများနှင့် ကျောင်းဆရာကြား မွန်မြတ်သောမေတ္တာ မိဘများ၏စေတနာကို အထင်းသားမြင်ခဲ့ရသည်။ စာပေအသိကြောင့် ကျောင်းနှင့်ရပ်ရွာ၊ ကျောင်းသားများ၏ ကောင်းကျိုးကို အတတ်နိုင်ဆုံး ခတ္တာနှင့်လက်တွဲ လုပ်ဆောင်မည်ဟု မိုးလေး တစ်ထိုင်တည်း ဆုံးဖြတ်လိုက်သည်။

* * *

စမ်းလှမ်းရွာတွင် ပင်လယ်လုပ်သားများသည် ညနေ သုံးနာရီခန့်တွင် ငါးဖမ်းထွက်ကြသည်။ မနက်အရုဏ်တက် ချိန်ကစပြီး လှေများအသီးသီး ၀င်လာကြသည်။ လှေဝင်လာလျှင် ငါးများကို ပိုက်ကွန်မှ မိသားစုများက ၀ိုင်းကူဖြုတ်ကြရသည်။ မိုးလေးနှင့်ခတ္တာ ပင်လယ်ဘက်ဆင်းပြီး ငါးများ ကူဖြုတ်ပေးကြသည်။ ကလေးများက သူတို့လှေဆီကနေ “ဆရာမ ကျွန်မတို့လှေကိုလာ၊ ကျွန်တော်တို့လှေကိုလာ” ဟု အလုယက်ဝိုင်းခေါ်ကြသည်။မိုးလေးတို့ တစ်ရက်တည်းနှင့် အရမ်းပျော်သွားသည်။ နေ့တိုင်းသွားပြီး ကူလုပ်ပေးကြသည်။ မိဘများလည်း အစရက်ပိုင်းတွင် ထူးဆန်းသလို ကြည့်ကြသေးသည်။ နောက်ရက်များကြမှ အကုန်လုံးနှင့် ရင်းနှီးသွားသည်။ မိုးလေးတို့ကို မိသားစုလိုဆက်ဆံလာသည်။ ကျောင်းတက်ချိန်နီးသည်နှင့် ကလေးများအားကျောင်းကို အမြန်ပြန် လွှတ်လာကြသည်။

ညဘက်ဆို ရွာကလူကြီးတချို့ မိုးလေးတို့ဆီလာပြီး စကားပြောကြသည်။ စကားပြောသည့်အချိန်တွင် ခတ္တာက “သူငယ်ငယ်က တအားဆင်းရဲခဲ့ပြီး သူ့အမေက ဆရာမလေးလုပ်စေချင်ကြောင်း၊ သူကိုယ်တိုင်က ၀ါသနာမပါပဲ ဘွဲ့ယူရန်အတွက်သာ လုပ်ခဲ့ကြောင်းပြောပြသည်။ အခု စာအုပ်များဖတ်ရင်း စိတ်ထားပြောင်းသွားပြီ ဒီရွာမှာပျော်နေပြီ မပြန်တော့ဘူး”ဟု ရီစရာလုပ်၍ ပြောနေတတ်သည်။ “သူလည်း အတူတူပဲ ဒီရွာလေးကိုချစ်နေပြီ”ဟု မိုးလေးဘက်လှည့်ပြီး ခတ္တာက ထည့်ပြောတတ်သေးသည်။ မိုးလေးက စကားနည်းသူဖြစ်၍ ပြုံး၍နားထောင်နေလိုက်သည်။ နောက်ပိုင်းတွင် ရွာသူရွာသားများ တဖြေးဖြေးနှင့်ပြောင်းလဲလာပြီး ကျောင်းအတွက် လိုအပ်သည်များကို အလေးထားကူညီလာကြသည်။ မိုးလေးတို့လုပ်ဆောင်မှုကိုလည်း ၀ိုင်းဝန်းချီးကျူးလာကြသည်။ ခတ္တာသည် စာအုပ်မ၀ယ်နိုင်သည့် ကလေးများကို စာအုပ်များ ၀ယ်ပေးသည်။ ကျန်းမာရေးကအစ အလေးထားကူညီပေးသည်။

တစ်ရက်တွင် မိုးလေးအတန်းက ကလေးတစ်ယောက် စာသင်ရင်း အဖျားတက်လာသည်။ မိုးလေး ပျာပျာသလဲဖြင့် “ခတ္တာရေ ဒီမှာ ကလေးတစ်ယောက်အဖျားတက်နေလို့ လာပါအုံး”ဟုခေါ်လိုက်သည်။ ခတ္တာ အပြေးလာသည်။ ကလေးက ကိုယ်တအားပူနေသည်။ ဆရာကြီးကလည်းမရှိ၊ ကျောင်းကိစ္စဖြင့် မြို့တက်သွားသည်။ ကလေးကို ရေပတ်တိုက်ပေးပြီး ကိုယ်အပူသက်သာအောင် လုပ်ပေးကြသည်။ ခတ္တာက ကလေးအိမ်ကို ပြန်လိုက်ပို့ပေးသည်။ ခဏပဲကြာသည် ခတ္တာ ပြန်လာသည်။

“မိုးလေးရေ ဘယ်လိုလုပ်ကြမလဲ”

“ဟေ…ဘာဖြစ်လို့လဲ”

“ကလေးအိမ်မှာ ဘာဆေးမှမရှိဘူး၊ ဆေးက မြို့တက်ဝယ်မှရတာတဲ့ဟ၊ ဒီမှာက မြန်မာဆေးမီးတိုလေးပဲ ရှိတာတဲ့၊ ကလေး မသက်သာမှာ ငါစိုးရိမ်နေတယ်ဟာ”

ခတ္တာ စိတ်မကောင်းစွာ လာပြောပြသည်။ မိုးလေးအံ့သြနေသည်။ ခတ္တာတစ်ယောက် ကျောင်းက ကလေးများအပေါ် သားသမီးအရင်းလို သဘောထားနေသည်ကို မြင်ရခြင်းကြောင့်ဖြစ်သည်။ ကျောင်းပိတ်ရက်တွင် ကလေးများနှင့် ဘုန်းကြီးကျောင်းတွင် အလှူသွားလုပ်သည်။ ဝေယျာဝစ္စများ သွားလုပ်ကြသည်။ ကလေးများသည် မိုးလေးထက် ခတ္တာကို ပိုချစ်ကြသည်။ မိုးလေးလည်း ကျေနပ်သည်။ ခတ္တာ ကလေးများကို သားသမီးလို ချစ်၍ ကလေးများက ပြန်ချစ်ကြတာ မုဒိတာ ဖြစ်မိသည်။

ဆရာကြီး မြို့က ပြန်လာသည်။ သတင်းထူးတစ်ခု ပါလာသည်။ စတုတ္ထန်းမှတစ်ယောက် ထူးချွန်စာမေးပွဲ ၀င်ရောက်ယှဉ်ပြိုင်ရမည်။ ထူးချွန်သောကလေးကို ရွေးချယ်ပြီး အကောင်းဆုံးသင်ပေးရမည်ဖြစ်သည်။ ခတ္တာ မိုးလေးကို လာတိုင်ပင်သည်။

“မိုးလေး ကူစမ်းပါအုံး ထူးချွန်အတွက်လေ”

“အေးလေ ကူမှာပေါ့ နင်ဘယ်သူ့ကိုရွေးသင်မှာလဲ”

“နိုင်နိုင်ကိုလေ”

“ဟယ် ရလို့လား မသန်မစွမ်းနဲ့”

“ရတာပေါ့၊ ငါ့အတန်းမှာ သူကအတော်ဆုံးလေ၊ လက်ရေး တအားလှတာ နင်လဲသိသားနဲ့ ”

“အေးပါ၊ ဒါပေမဲ့ တောင်ကျော်ပြီး သွားရမှာလေ ဘယ်လိုသွားနိုင်မှာလဲ”

“နေစမ်းပါဟာ၊ ငါသူ့အဖေကို ဆရာကြီးနဲ့တိုင်ပင်ပြီး သွားပြောပြကြည့်မယ်၊ အဆင်ပြေရင် သူ့အဖေနဲ့သွားမယ်လေ၊ ကျန်တာ ငါ့တာဝန်ပေါ့၊ သူ့အဖေက လိုက်ပို့ပေးရင်ရပြီဟာ၊ ဒါမှ ကလေးပညာရေးတိုးတက်မှာပေါ့”

အားပါးတရ မိုးလေးကိုပြောသည်။

ခတ္တာတစ်ယောက် စိတ်ကူးဖြင့် တက်ကြွနေသည်။ ညနေကျောင်းဆင်းချိန် ခတ္တာ ဆရာကြီးကိုခေါ်ပြီး နိုင်နိုင်အိမ်သို့ လိုက်သွားသည်။ တစ်နာရီလောက်ကြာမှ ခတ္တာပြန်လာပြီး မိုးလေးကို လှမ်းခေါ်သည်။ မျက်နှာကို ကြည့်ကတည်းက ခတ္တာအဆင်ပြေပြီးပြန်လာမှန်း သိနေလည်း မသိသလိုနေလိုက်သည်။ သူထပ်ခေါ်သည်

“မိုးလေး မိုးလေး ဟာ.. မထူးဘူးဟယ် ဒီမှာ မောနေပြီ”

“ဘာလဲဟ အေးဆေးလည်းမနားရဘူး” ဟု မိုးလေးနောက်လိုက်သည်။

“ဟာ.. နောက်မှနားစမ်းပါ၊ ၀မ်းသာစရာပြောမလို့လေ၊ နိုင်နိုင့် အဖေက လက်ခံတယ်သိလား၊ သူ့သားက မသန်စွမ်းလေးမို့ ဆရာမ သင်ပေးတာတောင် ကျေးဇူးတင်လှပြီတဲ့၊ မဖြစ်ဖြစ်အောင်လိုက်ပို့မယ်တဲ့၊ ငါပျော်လိုက်တာဟာ၊ ငါကြိုးစားသင်ပေးမယ်၊ ငါ့သားနိုင်နိုင် ထူးချွန်ဆုရအောင်ကို ကြိုစားခိုင်းမှာသိလား”

ခတ္တာတစ်ယောက် ရေပက်မ၀င်အောင် ကြည်နူးစွာပြောနေသည်။ ခတ္တာ၏ ပီတိမျက်နှာလေးကို ငေးကြည့်ကာ

“မိုးလေးလည်းထပ်တူပျော်ပါတယ် ခတ္တာရယ် နားပါအုံး” ပြောရင်း မိုးလေး ခတ္တာကို အတင်းနားခိုင်းရသည်။

ဒီနေ့ လကုန်ဖို့တစ်ရက်အလို၊ ဆရာကြီး လခထုတ်ရန် မြို့တက်မည်။

“ဆရာမတို့ရေ.. ကျွန်တော် မနက်ဖြန် လစာထုတ်သွားမယ်၊ဘာမှာကြမလဲ” ခတ္တာက

“ဆရာကြီး ကျွန်မမှာစရာရှိလို့ပါ”

“အင်း ဘာမှာမလို့လဲ ဆရာမ”

“ကျွန်မလစာထဲက တစ်ဝက်ကို မြို့ရောက်ရင် အင်္ဂလိပ်ဆေးတွေ ကျန်းမာရေးဆရာနဲ့ သေချာမေးပြီး ၀ယ်ခဲ့ပေးပါ”

“ဘာလုပ်မလို့လဲဆရာမ”

“ဒီရွာက ကလေးရော၊ လူကြီးရော နေမကောင်းရင် ဆရာဝန်လည်းမရှိ ဆေးလည်းမရှိ မြန်မာဆေးမြီးတိုလေးပဲ သောက်နေကြရတာလေ ဆရာ၊ ကူနိုင်တာလေး ကူချင်လို့ပါဆရာ”

မိုးလေး တကယ်အံ့သြရပြန်ပါပြီ။ “ခတ္တာရယ် နင်အဲလောက်တောင် ဒီရွာလေးကို ချစ်နေပြီကိုး”လို့ စိတ်ထဲကနေ ရေရွတ်လိုက်သည်။

ဆရာကြီးမြို့မှ ပြန်ရောက်လာသည်။ ဆေးများနှင့်အတူ သတင်းတစ်ခုလည်း ပါလာပြန်သည်။ ခတ္တာအတွက် အဝေးသင်ဖြေရမည့် သတင်းဖြစ်သည်။ “ဆရာမ သွားဖြေမှာလား”ဟု ဆရာကြီးက မေးသည်။ ခတ္တာ ဆရာကြီးကို ဘာမှပြန်မဖြေပဲ ငေးနေသေးသည်။ ပြီးမှ “ဆရာကြီး ကျွန်မ မဖြေချင်တော့ဘူး၊ ရာထူးမတက်ချင်ဘူး၊ ဒီကျောင်းလေးမှာပဲ တစ်သက်လုံး စာသင်သွားမယ်၊ ဘွဲ့မလိုတော့ပါဘူး ဆရာကြီးရယ်”ဟုပြန်ပြောသည်ကို မိုးလေးကြားရပြန်သည်။ ခတ္တာလစာထုတ်တိုင်း လစာတစ်ဝက်ပဲကျန်သည်။ ရွာသူရွာသား နေမကောင်းဖြစ်လျှင် မြို့ကဆရာညွှန်ကြား လိုက်သည့်အတိုင်း ဆေးပေးသည်။ အိမ်တိုင်ရာရောက် လိုက်ကူညီပေးသည်။ ထူးချွန်ဖြေမည့် နိုင်နိုင်ကိုလည်း စာများ ဖိသင်ပေးသေးသည်။ ခတ္တာပင်ပန်းနေသည်ကို မကြည့်ရက်၍ မိုးလေးလည်း တတ်နိုင်သည့်ဘက်က လိုက်ကူပေးသည်။

ထူးချွန်သွားမဖြေခင် နိုင်နိုင်အား ခတ္တာက “သားလေးနိုင်နိုင် စာကြိုးစားနော်၊ ထူးချွန်ဆုရရင်လေ ဆရာမနဲ့မြို့ တက်ပြီး ဓာတ်ပုံတွေ အများကြီးရိုက်မယ်နော်” ခတ္တာတစ်ယောက် ငယ်ငယ်ကတည်းက အရုပ်ဆိုးလို့ဆိုပြီး ဓာတ်ပုံမရိုက် သည်ကို မိုးလေးသိသည်။ တကယ်တမ်းတွင် ခတ္တာက အရုပ်မဆိုးပါ။ ကြည့်ကောင်းပါသည်။ ဆံပင်ကတင်ပါးကျော်သည်။ အရပ်မြင့်သည်။ ပါးချိုင့်လေးနှင့်ချစ်စရာကောင်းသည်။ သို့သော် အလှမပြင်ပေ။ လူမလှရင်နေပါစေ စိတ်ထားလှရင်ရပြီဟု ပြောတတ်သေးသည်။ အရုပ်ဆိုးသည်ဟု သူ့ဘာသာ လက်ခံထားခြင်းဖြစ်သည်။ အခု ရုပ်ဆိုးမလေး ပီတိဖုံးလို့ ဓာတ်ပုံရိုက် မည်ဟု ပြောတာကို မိုးလေးကြားဖူးပြီဖြစ်သည်။

* * *

ထူးချွန်သွားဖြေရမည့် နေ့ရောက်လာသည်။ ခတ္တာတစ်ယောက် တက်ကြွနေသည်။ အစောကြီး အိပ်ရာထသည်။ နိုင်နိုင်ကို သူ့အဖေက ထမ်းထားရင်း ခတ္တာကိုလာခေါ်သွားသည်။ ညနေခြောက်နာရီလောက် ခတ္တာ ခြေထောက်ထော့နဲ့ ထော့နဲ့ဖြင့်ပြန်လာသည်။

“ဟယ်ခတ္တာ ဘာဖြစ်လာတာလဲ၊ ခြေထောက်မှာလည်း သွေးတွေနဲ့ပါလား”ဟု မိုးလေးစိုးရိမ်တကြီးမေးလိုက်သည်။ ခတ္တာက “ဘာမှမဖြစ်ပါဘူးဟာ၊ တောင်တက်လမ်းမှာ ငုတ်ထိုးမိတာ နည်းနည်းလေးပါ”

“ဟုတ်လို့လား ခတ္တာရယ်၊ တစ်ခုခုဖြစ်ရင် ဒီရွာမှာ လောလောဆယ် ကျန်းမားရေးမှူးတောင် မရှိဘူးနော် သတိထားအုံး”

“ရပါတယ် နည်းနည်းလေးပါ”

“အေးပါသက်သာရင်ပြီးရော၊ ဒါနဲ့ ကလေးစာမေးပွဲအခြေနေက ဘယ်လိုလဲ”

“အားလုံးအိုကေတယ် သိလား၊ ငါပြန်စစ်တာ အကုန်မှန်တယ်၊ နိုင်နိုင်ကို ရစေချင်တယ်ဟာ၊ မသန်စွမ်းလေးဆိုတော့ ပိုရစေချင်တာ၊ ငါလေ ရင်ခုန်နေတယ်သိလား၊ နိုင်နိုင်သာထူးချွန်ဆုရရင် ငါ့ကြိုးစားရကြိုးနပ်တာပေါ့၊ ရွာလည်း နာမည်ရမယ်၊ ပညာရေးကို ပိုပြီးစိတ်ဝင်စားလာမယ်၊ ဆရာကြီးကိုလည်း ရွာက ပိုပြီးလေးစားကြမယ်လို့ ငါထင်တယ၊် နိုင်နိုင် အောင်မြင်ပါစေ လို့ငါဆုတောင်းတယ် မိုးလေးရယ်”

ခတ္တာရင်ထဲ ဒီရွာ ဒီကျောင်း ဒီကလေးများကို တကယ့် စစ်မှန်သည့်မေတ္တာစိတ်ဖြင့် သံယောဇဉ်ကြိုး တစ်ချောင်း ချည်နှောင်သွားပြီဟု မိုးလေး မှတ်ချက်ချလိုက်သည်။

ထိုညတွင် မိုးလေးနှင့် ခတ္တာ နိုင်နိုင်အကြောင်း ရွာအကြောင်းပြောပြီး အိပ်ပျော်သွားကြသည်။ မနက်အိပ်ရာနိုးချိန် ခတ္တာခြေထောက် နည်းနည်းရောင်နေတာကိုတွေ့ရသည်။ ခတ္တာက ပင်လယ်ကမ်းခြေဆီသွားဖို့ပြင်ဆင်နေသည်။

“ဟယ် ခတ္တာ ခြေထောက်နာနေတယ်လေ မလိုက်နဲ့တော့ ငါပဲသွားလိုက်မယ်”

“ဟာ မရဘူး ငါပျင်းတယ် ကလေးတွေနဲ့ ငါးအတူကောက်ရတာပဲပျော်တယ်”

မိုးလေး ပြောမရမှန်းသိနေ၍ ငြိမ်နေလိုက်သည်။ ခတ္တာခြေထောက်နာနေလည်း နေ့တိုင်းပင်လယ်ကမ်းခြေဆီသွားပြီး ငါးကူကောက်ပေးသည်။ ကျောင်းတက်မပျက်ခဲ့ပေ။ ကျောင်းပိတ်ရက်တစ်ရက်တွင် ကလေးများကိုခေါ်ပြီး ဘုန်းကြီးကျောင်း၌ မြက်ခင်းများသွားရှင်းကြသည်။ ဝေယျာဝစ္စလုပ်ကြသည်။ ခြေထောက်နာနေသည်ကိုလည်း သိပ်အလေးမထားပေ။ ရွာထဲမှာ ဘယ်သူဘာဖြစ်တယ်ဆိုပြီး သတင်းကြားလျှင် ခတ္တာ မိုးလေးကို ခေါ်ပြီးသွားပြန်ပြီ။

“ခတ္တာရယ် နားနားနေနေလည်းနေပါအုံး လုပ်တာလည်းလုပ်တာပေါ့ နင့်ခြေထောက်အနာလည်း ဂရုစိုက်အုံးလေ”

“ဟာ…ရပါတယ် အနာသေးသေးလေးကိုများ ထည့်ပြောနေသေး”

“အေး..နင်လုပ်နေနော် ဖြစ်လာမှ ငါမပြောချင်ပါဘူး နင်ပဲခံရမှာနော် စေတနာနဲ့လည်းပြောရသေး”

မိုးလေး ပွစိပွစိ ပြောနေလိုက်သည်။ ခတ္တာက ဘာမှပြန်မပြော သူလုပ်ချင်တာကို ဆက်လုပ်သည်။ တစ်ပတ်လောက် ကြာပြီး ညနေပိုင်းကျောင်းဆင်းချိန်

“မိုးလေး…..မိုးလေး”

“ဘာလဲ ခတ္တာ ပြောလေ”

“ငါ့ခြေထောက် ရောင်ပြီးတအားကိုက်လာတယ် ဒီနေ့နေရတာ တမျိုးလေးပဲသိလား”

“ဟယ်…ဟုတ်လား ခြေထာက်နာအနာကြီးနဲ့ ဟိုသွား ဒီသွားလုပ်နေတာကိုး အညှော်မိပြီပေါ့ အစကတည်း ကပြောတာကိုလက်မခံဘူး နင်တော့လေ တတ်လည်းတတ်နိုင်တယ်” ပြောသာပြောသည် မိုးလေးမနေနိုင်

“ဒါဆိုရေစောစောချိုး ထမင်းစားပြီးရင် အကိုက်ခဲပျောက်ဆေးလေးသောက်လိုက်နော်”

မိုးလေး ခတ္တာအတွက် စိတ်ပူပြီး လိုအပ်တာလုပ်ပေးလိုက်သည်။ ခတ္တာကို ဆေးတိုက်ပြီး နှစ်ယောက်စလုံး အစောကြီးအိပ်လိုက်ကြသည်။

ညဥ့်လယ်လောက်ရောက်ချိန်တွင် မိုးလေးအိပ်ပျော်နေရာမှ ညည်းသံသဲ့သဲ့လေးကြားရ၍ ထကြည့်လိုက်ရာ ခတ္တာ ကိုယ်ခြစ်ခြစ်တောက်ပူပြီး ညည်းနေသည်။ ညကြီးသန်းခေါင်ဖြစ်နေ၍ မိုးလေး ဘယ်သူ့ကို အော်ခေါ်ရမှန်းမသိဖြစ်နေသည်။ ရေပတ်တိုက်ပေးထားလိုက်သည်။ ခတ္တာညည်းသံ ခဏလေးပျောက်လိုက် ညည်းလိုက်နှင့် တညလုံးဖြစ်နေသည်။ မိုးလေး စိတ်ပူပြီး ခတ္တာကိုပြုစုရင်း မိုးလင်းသွားသည်။ မိုးလင်းလင်းချင်း ဥက္ကဌ အိမ်ဘက်ပြေးပြီး မိုးလေးအကျိုးအကြောင်း ပြောပြတော့ အိမ်နားကလူကြီးများပါ လိုက်လာကြသည်။ ဥက္ကဌက မြို့ကိုပို့ရန်ပြောသည်။ ခတ္တာက ခေါင်းအတင်းခါသည်။

“သူငယ်ချင်းရယ် မြို့တက်ရအောင်နော် ရွာကလူကြီးတွေလိုက်ပို့မှာ ငါလည်းလိုက်မယ်လေနော်”

မိုးလေးပြောလည်း ခတ္တာလက်မခံပေ။ ပြောမရသဖြင့် ဥက္ကဌက ရွာကလူသုံးယောက်ကိုလွှတ်ပြီး မြို့ကဆရာဝန်ကို သွားပင့်ခိုင်းလိုက်သည်။ အနီးနားမှ လူကြီးများလည်း ဆေးမြီးတိုများယူလာပြီး ခတ္တာခြေထောက်က အနာကို လာလိမ်းပေးကြသည်။ ခတ္တာ ညည်းလိုက် မညည်းလိုက်နှင့် မှေးနေသည်။ မိုးလေးတို့ စိတ်ပူပြီး ထိုင်စောင့်နေစဉ် ဆရာကြီးနှင့် နိုင်နိုင်တို့သားအမိ ရောက်လာသည်။

ဆရာကြီးက ၀မ်းသာအားရဖြင့်

“ဆရာမ ခတ္တာရေ၊ မြို့ကဈေးသည်လာလို့ သတင်းကောင်းပါလာတယ်။ နိုင်နိုင်ထူးချွန်ဆုရတယ်ဗျ ရုံးက သတင်းပို့လိုက်တယ်”

ဆရာကြီးက ပြောရင်း အိမ်ပေါ်တွင် လူအများကြီးနှင့် ခတ္တာ အိပ်ရာထဲလှဲနေသည်ကိုမြင်ပြီး တအားအံ့သြသွားသည်။

“ဘယ်လိုဖြစ်တာလဲဗျ” မိုးလေးကို မေးသည်။

“ခတ္တာ မြို့တက်တုန်းက တောင်ပေါ်လမ်းမှာ ငုတ်ထိုးမိတာ ဆရာ၊ ဘာဆေးမှမထိုးပဲ ပြန်လာတယ်။ အခုတော့ ကြည့်ပါအုံးဆရာရယ်” မိုးလေး ပြောရင်းမျက်ရည်ဝဲတက်လာသည်။ “ဟာ…ကျွန်တော့်ကိုလည်း ဘာမှမပြောပါလား နေ့တိုင်းလည်းကျောင်းတက်နေတယ်ဆိုတော့ အဲလောက်ဖြစ်မယ်လို့မထင်ဘူး စိတ်မကောင်းလိုက်တာဗျာ”

“ဆရာမ နိုင်နိုင်ဆုရတယ်ဗျ”

ဆရာကြီးက ထပ်ပြောမှ ခတ္တာမျက်လုံးလေးပွင့်လာပြီး ဆရာကြီးအား စကားပြန်ပြောသည်။

“ကျွန်မ ဆရာမလုပ်တာဟာ ဘွဲ့တစ်ခုရဖို့ ငွေလိုလို့၊ အမေမသေခင်က ဆရာမလုပ်ပါလို့ မှာခဲ့လို့ လုပ်ဖြစ်ခဲ့တာဆရာ၊ ကျွန်မဒီရွာကိုရောက်ပြီးမှ တန်ဖိုးရှိတဲ့ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး”ဆိုတဲ့ ၀တ္ထုတစ်အုပ်ဖတ်ဖြစ်ခဲ့တယ်။ အဲဒီဝတ္ထုလေးက ပေးတဲ့ အသိကြောင့် ကျွန်မစိတ်ထားပြောင်းခဲ့တယ်။ အမေဘာကြောင့် ဆရာမလုပ်စေချင်သလဲ ဆိုတာကိုနားလည် လာခဲ့တယ်။ ဆရာမဘ၀ကို တန်းဖိုးထားတတ်လာတယ်။ ကျွန်မဒီရွာနဲ့ ဒီကျောင်းလေးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်စိတ်လည်းဖြစ်ခဲ့တယ်။ ဒါကြောင့် ကျွန်မတတ်နိုင်သလောက် လုပ်ပေးခဲ့တာပါ။ နိုင်နိုင်ဆုရတာ သိရတော့ ကျွန်မ အရမ်းပျော်တယ်ဆရာ၊ ကျွန်မသေပျော်ပြီဆရာ ပြောမှားဆိုမှားရှိခဲ့ရင် ခွင့်လွှတ်ပေးပါ ဆရာကြီးနဲ့အားလုံးကို တောင်းပန်ပါတယ်” အားယူပြီးပြောနေသည်။ထိုနောက် နိုင်နိုင်ဘက်လှည့်ပြီး

“သား စာဆက်ကြိုးစားနော်၊ ဆုယူရင် ဓာတ်ပုံလှလှလေးရိုက်လာနော်”

ပြောနေစဉ် ခတ္တာ တကိုယ်လုံး တောင့်တင်းလာသည်။ အသက်ရှူသံပြင်းလာသည်။ ပါးစပ်လည်းဟ၍ မရပဲဖြစ်လာသည်။ မိုးလေး ခတ္တာ၏လက်ကို ဆွဲကိုင်ထားပေးစဉ် ဝေဒနာကို ကြိတ်မှိတ်ခံစားနေသေးသည်။ နာရီဝက်လောက်ကြာသည်နှင့် တက်သလိုဖြစ်လာသည်။ နောက်ဆုံးတွင် သူချစ်သည့်အရာအားလုံးကို နှုတ်ဆက်ထားခဲ့ပြီး လောကကြီးထဲမှ ခတ္တာ ထွက်ခွါသွားတော့သည်။

မြို့ကဆရာဝန်ရောက်လာသည်ကို ခတ္တာမစောင့်နိုင်တော့ပေ။ ဆရာဝန်ရောက်လာချိန် ဆရာဝန်ပြောချက်အရ ခတ္တာတစ်ယောက် မှေးခိုင်ပိုးဝင်၍ သေဆုံးခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ မိုးလေး ယူကြုံးမရဖြစ်မိသည်။ ခတ္တာ အများအတွက်သာဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်အလေးမထားခြင်းကိုလည်း ရင်နာမိသည်။ ခတ္တာ ငြိမ်ကျသွားချိန်တွင် ခတ္တာကိုလှုပ်နှိုးပြီး နိုင်နိုင်က

“ဆရာမ ကျွန်တော်ဆုရရင် ဓာတ်ပုံတွေ အများကြီးရိုက်မယ်ဆို၊ ဆရာမ အခု သားဘယ်သူနဲ့ရိုက်ရမှာလဲ၊ မေမေ ဆရာမကိုခေါ်ပေးလေဗျာ၊ သားတို့ဓာတ်ပုံအတူတူရိုက်မယ်လေ”

ပြောပြောပြီးငိုရာ လူကြီးများပါ မနေနိုင်ပဲ မျက်ရည်ကျပြီးဝိုင်းငိုကြသည်။

“ဆရာမရယ် ကျွန်မသားလေး မသန်စွမ်းကို တော်စေချင်လို့ ဆရာမ အသက်ပေးပြီးသင်ပေးသွားလားရှင်၊ ဘယ်လိုဖြေရမှာလဲရှင်”

နိုင်နိုင်အမေကလည်းပြောပြီးငိုသည်။ ဆရာကြီးက

“ဆရာမရယ် ဆရာမစေတနာကို တစ်ရွာလုံးနားလည်နေကြပါပြီဗျာ ပညာရေးအတွက် လမ်းညွှန်ရင်းပေးဆပ်ခဲ့ တာလားဗျာ”

ယူကြုံးမရသောလေသံဖြင့် ပြောသည်။ ဥက္ကဌကလည်း

“မြို့ကဆရာဝန်ကို အချိန်မှီမပင့်ပေးနိုင်ခဲ့တာ ခွင့်လွှတ်ပါ ဆရာမရယ်”

ပြောရင်းမျက်ရည်ဝဲနေသည်။ မိုးလေးလည်း ဘယ်လိုမှဟန်မဆောင်နိုင်ပဲ

“ငါ့ကို ထားခဲ့ပြီလား သူငယ်ချင်းရယ်” ခတ္တာကိုယ်လုံးလေးကို ဖက်ပြီးချုံးပွဲချငိုလိုက်မိသည်။

ဆိုးတူကောင်းဖက် သူငယ်ချင်းခတ္တာ ခုလိုဖြစ်သွားသည်ကို ယူကြုံးမရဖြစ်သော်လည်း သူ၏ အမျိုးဘာသာ သာသနာ အပေါ် တာဝန်ကျေမှုများ ကျေးရွာအပေါ်သိတတ်မှုများနှင့် တပည့်တစ်ယောက်အတွက် ပေးဆပ်သွားခြင်းကို မိုးလေး ဂုဏ်ယူနေမိသည်။ ခတ္တာတစ်ယောက် နိုင်နိုင်နှင့်အတူ သူစိတ်ကူးထားသလို ဓာတ်ပုံများရိုက်ပြီး ပျော်မသွားနိုင် တော့ပေ။ မိုးလေး ခတ္တာအတွက်တွေးကာ ၀မ်းနည်းနေမိသည်။ မနက်ဖြန်ခါ အလောင်းမြေမြှုပ်ခါနီးတွင် ဆရာကြီးကလုပ်ရ သည့်ထုံးစံအတိုင်း “ဒီကျောင်းနှင့် ဆရာမခတ္တာ ဘာမှမသက်ဆိုင်တော့ပါဘူးဆိုသည့်” အမိန့်ပြန်တမ်း စာကို ဖတ်ကြားပေ လိမ့်မည်။ ထိုအချိန်တွင် သူငယ်ချင်းခတ္တာတစ်ယောက်တည်း တမလွန်ကနေ “လွမ်းမျက်ရည်ဝေ့သီရင်း နိုင်နိုင်အတွက် ပီတိ ဖြစ်နေမလား”၊ “မျက်ရည်ဖြိုင်ဖြိုင်ကျပြီး လုပ်ရက်လေခြင်း”ဟု နာကျည်းစွာ ငိုကြွေးနေမလားဆိုသည်ကို အတွေးဖြင့်မြင် ယောင်ကာ မိုးလေး၏ပါးပြင်ပေါ်သို့ မျက်ရည်များသာ တလိမ့်လိမ့် စီးဆင်းနေပါတော့သည်။

* * *
လရိပ်လေး (မောင်းမကန်)

“ပန်းခတ္တာ၏ လွမ်းပီတိ”


“မိုးလေးရေ……. မိုးလေး”

ခပ်ဝေးဝေးမှ အော်ခေါ်သံ ကြားနေရသည်။ အသံကြားသည်နှင့် သူ၏ကျောင်းနေဖက် သူငယ်ချင်း ခတ္တာဖြစ် မည်ဆိုသည်ကို သိလိုက်သည်။ မနက်စာစားပြီး အိမ်ရှေ့တွင်ထိုင်နေစဉ် မိုးလေး အသံကြားရာဘက်သို့ ကြည့်လိုက်သည်။

ခတ္တာတစ်ယောက် လက်ထဲတွင် စာအိတ်လေးကိုင်ပြီး မိုးလေးဆီ ဝမ်းသာအားရ ပြေးလာနေသည်။ အနားရောက်သည်နှင့် ခတ္တာက အမောတကောဖြင့်

“မိုးလေး….. မိုးလေး…….”

“ခတ္တာရယ်… ဖြေးဖြေးပြောပါဟယ်၊ ဘာဖြစ်လာတာလဲ၊ နင်ကလုပ်လိုက်ရင် အလန့်တကြားချည်းပဲ”

“မဟုတ်ပါဘူးဟာ ငါပျော်လို့ပါ”

“အင်း… ဘာတွေများ ပျော်စရာရှိလို့လဲ၊ ထီပေါက်လာလို့လား၊ ပြောပါအုံး”

“ဒီမှာလေ၊ အလုပ်ခန့်စာ ကျလာပြီလေ၊ နင်ရော ငါရော တစ်ကျောင်းတည်း အတူတူကျတယ်ဟဲ့ သိလား”

“ဟယ်… ဘယ်ကျောင်းကို ကျတာလဲ”

မိုးလေး ထူပူသွားသည်။ မိုးလေးနှင့် ခတ္တာ ဆယ်တန်းအောင်ပြီးကတည်းက အလုပ်လျှောက်ထားခဲ့သည်။ အလုပ်မရခင် ရွာကမူလတန်းကျောင်းတွင် လုပ်အားပေးနေကြသည်။ မိုးလေးသည် သူငယ်ချင်းခတ္တာကို ခင်၍သာ ဆရာမအလုပ်ကို အတူတူလျှောက်ထားခြင်း ဖြစ်သည်။ ဆရာမအလုပ်ကို ၀ါသနာမပါပေ။ အဝေးကြီးသွားရမည်ကို စိုးရိမ်စိတ်ဖြင့် ခတ္တာလက်ထဲက အလုပ်ခန့်စာကို ယူကြည့်လိုက်သည်။ သွားရောက်တာဝန်ထမ်းဆောင်ရမည့်နေရာသည် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ မူလတန်းကျောင်း ဖြစ်နေသည်။

မိုးလေး မျက်လုံးများ ပြာဝေသွားသည်။ မိုးလေးတို့ရွာသည် ထားဝယ်မြို့နှင့် ဆယ်မိုင်ခန့်သာဝေးသည်။ ထိုက်သင့်သလောက်လည်း စည်ကားသည်။ ခရီးလမ်းပန်းလည်း အဆင်ပြေသည်။ စမ်းလှမ်းရွာသို့ မိုးလေးတို့ရွာမှ သွားမည်ဆိုပါက ထားဝယ်ကို ကားဖြင့်သွားရမည်။ ထိုမှတဆင့် လောင်းလုံးမြို့ကို ဆက်သွားရမည်။ လောင်းလုံးမှစမ်းလှမ်းသို့ ကားလမ်း၊ လှည်းလမ်းမရှိ၊ တောင်ကိုကျော်၍ ခြေလျင်သွားရမည့်ရွာ၊ အတွေးနှင့်ပင် မိုးလေး စိတ်ညစ်သွားသည်။ ခတ္တာသည် တကယ့်အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်ပမာပျော်နေသည်။

အမှန်ဆို ခတ္တာဘ၀ကသနားစရာကောင်းသည်၊ ခတ္တာတွင် အဖေရော အမေရောမရှိတော့ပေ။ ဒေါ်လေး အထောက်အပံ့ဖြင့် ဆယ်တန်းအောင်ခဲ့သည်။ ဘွဲ့တစ်ခုရအောင် ဆရာမလုပ်၍ ရသည့်လစာနှင့် အဝေးသင်ဖြေရန် ဆုံးဖြတ်ထားသူဖြစ်သည်။ ခတ္တာအတွက်တွေးပြီး မိုးလေးပျော်နေသော်လည်း ရင်ထဲ ကြောက်သလိုလို ရှိနေသည်။

“မိုးလေး ဘာဖြစ်သွားတာလဲ”

အနားကပ်မေးလိုက်သည့် ခတ္တာအသံကြားမှ မိုးလေး အသိပြန်ဝင်လာပြီး

“ဘာမှမဖြစ်ပါဘူးဟာ၊ အိမ်နဲ့ခွဲရမှာဆိုတော့ ဝမ်းနည်းသလိုလို ခံစားရလို့ပါ” ဟု ဖြေလိုက်မိသည်။

“ဟာ… ဖြစ်စရာလား၊ ငါတို့က ပညာနဲ့ အမြင့်မြတ်ဆုံး အလုပ်ကို လုပ်မှာလေ၊ အတွေ့ကြုံလည်း ရတာပေါ့၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမယ်နော်… နော်”

ခတ္တာက ပခုံးဖက်ပြီး ပြောလာသဖြင့် “အင်းပါ” ဟု မိုးလေး ခေါင်းညိတ်လိုက်ရပြန်သည်။

* * *

မေလ ၂၈ရက် ၁၉၉ဝ…….

မိုးလေးနှင့်ခတ္တာ အထုပ်အပိုးများဖြင့် လောင်းလုံးမြို့သို့ နေ့လယ် ၁၂ နာရီကျော်လောက်ရောက်သည်။ မိုးလေးတို့ လောင်းလုံးရောက်သည်နှင့် စမ်းလှမ်းရွာသားများ လာကြိုနေကြသည်။ အထုပ်အပိုးများကို ကူသယ်ပေးကြသည်။ မိုးလေးက တောင်တက်လမ်းများ မြင်ကတည်းက စိတ်ပျက်သွားသည်။ ခတ္တာကမိုးလေးနှင့်မတူ ရွာသားများနှင့် ဖော်ရွေစွာ စကားပြောပြီး သမင်ပျိုမလေးနှယ် တက်ကြွနေသည်။ တောင်တက်လမ်းရောက်သောအခါ ရွာသားတစ်ယောက်က မိုးလေးကို

“ဆရာမလေး.. ပင်ပန်းနေပြီလား ကျွန်တော်တို့ရွာက မြို့နဲ့အလှမ်းဝေးလို့ မလာချင်ကြဘူး ဆရာမရယ်၊ ဆရာမတို့ လာတာကို တအား ကျေးဇူးတင်နေတာ ဆရာမ ပင်ပန်းရင်ပြောနော်၊ နားနားပြီးသွားမယ်”

သူတို့ အားကိုးတကြီး ပြောတာကြားရသောအခါ မိုးလေးအမော ပြေသွားပြန်သည်။ တစ်နာရီနီးပါး ပင်ပန်းစွာ လျှောက်လိုက်ရသည်။ ရောက်ပြီ... မိုးလေးတို့ နေရမည့်အိမ်။ အိမ်ပေါ်ရောက်သည်နှင့် ဧည့်ခန်းတွင် လူကြီးသုံးယောက် စောင့်နေကြသည်။

“လာလာ.. ဆရာမတို့ မောလာပြီလား၊ ကျွန်တော်တို့ စောင့်နေတာကြာပြီ အိမ်ပေါ်ကြွပါခင်ဗျာ”

ဖော်ဖော်ရွေရွေပဲ ခေါ်ကြသည်။ မိုးလေးကြည့်လိုက်သည် အရပ်ထောင်ထောင်မောင်းမောင်းနှင့် ဥပတိရုပ်သန့်သန့် အသက်သုံးဆယ်ကျော်လောက် ရှိမည်ထင်သည်။ သူကစတင်ပြီး

“ကျွန်တော်က ဒီရွာကျောင်းက ဆရာကြီး ဦးစိုးမြင့်ပါ”

“သူက ဥက္ကဌ ဦးစိန်မောင်းပါ”

“ဟိုဘက်က အတွင်းရေမှူး ဦးထွန်းပါ” ဆိုပြီး မိတ်ဆက်ပေးသည်။

“ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ်ရှင်။ ကျွန်မက ခတ္တာပါရှင်၊ သူကတော့ မိုးလေးပါရှင်”

ခတ္တာက သွက်လက်စွာ ပြန်လည်မိတ်ဆက်လိုက်သည်။ ဆရာကြီးက

“ဆရာမတို့ နေရေး စားရေးအကုန်လုံးကို ဥက္ကဌတို့အိမ်က တာဝန်ယူထားပါတယ်၊ လိုအပ်တာရှိရင် ကျွန်တော့်ကိုလည်း ပြောလို့ရပါတယ်။ ကျောင်းကိစ္စက မနက်ဖြန်ကျောင်းရောက်မှ တိုင်ပင်ကြတာပေါ့၊ ဆရာမတို့လည်း ပင်ပန်းလာတယ် နားလိုက်ပါအုံးခင်ဗျာ” နှုတ်ဆက်ပြီး အသီးသီးပြန်ကုန်ကြသည်။ နေရမည့်အိမ်နှင့် ကျောင်းက နီးနီးမို့ တော်သေးသည်။ ဥက္ကဌမိသားစုက လိုလေသေးမရှိ လုပ်ပေးထားကြသည်။

မိုးလေးတို့ ပစ္စည်းများနေရာချပြီးသောအခါမှ ဘေးဘီဝဲယာကို ကြည့်မိသည်။ ရွာကလေးသည် အလွန်သာယာလျှက် နေချင်စဖွယ်လေးဖြစ်နေသည်။ တောင်ခြေကနေ ရွာစလာပြီး တစ်မိုင်နီးနီးခန့်တွင် သဲသောင်ပြင်လေး ဖြစ်သွားသည်။ သဲသောင်ပြင်၏တောင်ဘက်တွင် ပင်လယ်ကမ်းခြေ၊ မြောက်ဘက်တွင် တောစပ်လေး တည်ရှိသည်။ ရွာကို အထဲပိုင်းနှင့် အပြင်ပိုင်းဆိုပြီး ခွဲခြားထားသည်။ မိုးလေးတို့ စာသင်ရမည့်ကျောင်းက ရွာအပြင်ပိုင်းတွင်ဖြစ်သည်။ ဈေးသေးသေးလေးလည်း ရှိသည်။ မိုးလေးနှင့်ခတ္တာ ရွာအနေထားကိုကြည့်ပြီး အရမ်းပျော်နေမိသည်။

* * *

ဇွန်လ ၁-ရက်၊ ကျောင်းစဖွင့်သည့်နေ့။

မိုးလေးနှင့်ခတ္တာ ကျောင်းသို့ စောစောသွားကြသည်။ ဆရာကြီးလည်း အစောကြီးရောက်နေသည်။ ကျောင်းသား တစ်ယောက်မှ မရှိသေးပါ။ ဆရာကြီးက တစ်ကျောင်းလုံးတွင် ကျောင်းသားဦးရေ ၅ဝ-လောက်ပဲ ရှိကြောင်း ပြောသည်။ သူငယ်တန်းမှ စတုတ္ထတန်းထိ အတန်းငါးတန်းကို ခွဲယူရန်ပြောသည်။ ခတ္တာက သူငယ်တန်းနှင့် စတုတ္ထတန်းယူလိုက်သည်။ မိုးလေးက ပထမတန်းနှင့် ဒုတိယတန်းယူလိုက်သည်။ ဆရာကြီးက ရုံးအလုပ်များနှင့် လစာသွားထုတ်ရသဖြင့် တတိယတန်း ကိုယူရန် ဆုံးဖြတ်လိုက်ကြသည်။ ၉နာရီထိုးပြီ ကျောင်းတက်ခေါင်းလောင်း ထိုး၍မရသေးပေ။ ကျောင်းသားတစ်ယောက်မှ ရောက်မလာခြင်းကြောင့် ဖြစ်သည်။ “ဘာကြောင့်မလာကြတာလဲ” မိုးလေး တွေးနေစဉ် ခတ္တာက

“ဆရာကြီး ကျောင်းသားတွေကဘယ်ချိန်မှ ကျောင်းလာတက်တာလဲ ဆရာကြီး”ဟုမေးလိုက်သည်။

“ဒီလိုပါပဲဗျာ၊ ဒီရွာက တံငါရွာလေ၊ လှေဝင်ပြီး ငါးရောင်းလို့ရမှ ဆန်ဝယ်ကြရတာ၊ ဒီရွာက ဘာမှမထွက်ဘူး ဆရာမ၊ ငါးများများရလာရင် ဒီမှာရောင်းလို့မရဘူး တောင်ကိုကျော်ပြီး လောင်းလုံးမြို့ပေါ်မှာ သွားရောင်းရတာ၊ မြို့ကဈေးသည်တွေ ကလည်း တောင်ကိုကျော်ပြီး ဆန်တွေ ဟင်းသီးဟင်းရွက်တွေ ဒီမှာလာရောင်းကြတယ်။ ကလေးတွေက မိဘပြန်လာတာကို စောင့်နေရင်း ကလေးထိန်းနေရတာ ဆရာမ၊ အားတဲ့ချိန်မှ ကျောင်းကိုပြေးလာကြရတာ၊ ကျွန်တော်လည်း အစကပြောပါ သေးတယ်။ ဒါပေမဲ့ သူတို့ဘဝလေးတွေက တကယ်သနားစရာဖြစ်နေလို့ သူတို့လာတဲ့ချိန်မှ စောင့်ပြီးသင်ပေးရတယ် ဆရာမရယ်” ဆရာကြီးက ရွာအခြေနေနှင့် ကျောင်းအခြေနေကို ရှည်လျားစွာ ရှင်းပြသည်။

စာသင်ဖို့ အားခဲထားသည့် ခတ္တာတစ်ယောက် မျက်နှာမကောင်းပေ။ မိုးလေးက ဘာမှမပြောချင်သဖြင့် ခတ္တာကိုပဲ ဘယ်လိုလဲဆိုသည့်သဘောဖြင့် ကြည့်လိုက်သည်။ ဆရာကြီးက စိတ်ရင်းကောင်းသည်။ ရွာကလည်း ချစ်ကြသည်။ ဆရာကြီးက အေးဆေးစွာပြောဆိုတတ်ပြီး မိုးလေးတို့ကို မောင်နှမအရင်းလိုနေရန်၊ ကျောင်းအတွက်လိုအပ်သည်ကို တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ဆောင်ပေးရန် ပြောသည်။ ကလေးများနှင့် မိဘများအပေါ်လည်း သည်းခံနားလည်ပေးဖို့ တောင်းဆိုလာသည်။ မိုးလေးတို့က တတ်နိုင်သလောက်ကူပါ့မည်ဟု ကတိပေးကြသည်။

ဆရာကြီးနှင့် စကားပြောနေရင်း ၁၀-နာရီထိုးခါနီးကျမှ ကလေးများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ တစ်ချို့တွင် အဖြူအစိမ်းလည်းမရှိ၊ လွယ်အိတ်လည်း လူတိုင်းတွင်မရှိ၊ စာအုပ် ကိုင်သူကိုင်၊ သင်ပုန်းလေးကိုင်သူကိုင်ဖြင့် တဖြေးဖြေး လူစုံလာသည်။ အတန်းနေရာများကို ဆရာကြီးနှင့် ခတ္တာကပင် နေရာချပေးသည်။ မိုးလေးက ကလေးများကို နေရာချပေးသည်။ ကျောင်းက အခန်းခွဲထားခြင်း မရှိပေ။ တစ်တန်းနှင့်တစ်တန်း ကျောင်းသားအားလုံးကို မြင်နေရသည်။ အတန်းက ငါးတန်း ဆရာက သုံးယောက် ဒီဘက်အတန်းကိုသင်လျှင် ဟိုဘက်အတန်းကို စာရေးခိုင်းထားရသည်။ ဒီကစာသင်နေလျှင် ဟိုဘက်က ရန်ဖြစ်ပြန်သည်။ ခတ္တာနှင့် မိုးလေး တော်တော်လေးကြိုးစား သင်ကြရသည်။

မိုးလေးက “ဒီတိုင်း ဆက်သင်နေရမယ်ဆို ငါတော့သေမှာပဲ၊ ကလေးတွေက ညစ်ပတ်တာနဲ့ ဆိုးတာနဲ့ စိတ်ပျက်ပါတယ်” လို့ ညည်းလိုက်မိသည်။ အိမ်ပြန်ချင်စိတ်လည်းတဖွားဖွား ဖြစ်လာသည်။ ခတ္တာက

“မိုးလေးရယ် စိတ်ရှည်စမ်းပါဟယ်၊ ကလေးတွေ သနားပါတယ်၊ ငါတို့သင်မပေးရင် ဘယ်သူသင်ပေးမှာလဲဟာ” ပြောလာသဖြင့် မိုးလေးစိတ်လျှော့ လိုက်ရပြန်သည်။

* * *

ကျောင်းဖွင့်ပြီး ဒုတိယနေ့။

ခတ္တာက သူငယ်တန်းတွင် ဝလုံးရေးနည်း သင်နေသည်။ “သားတို့သမီးတို့ မရေးတတ်တဲ့သူ ဆရာမဆီလာ” ကလေးများ အပြေးလေးထွက်လာကြပြီး “မီး မရေးတတ်ဘူး၊ သားလည်း မရေးတတ်ဘူး”နှင့် ဆူညံစွာ ပြောရင်း ခတ္တာနား ဝိုင်းအုံနေကြသည်။ ခတ္တာ တစ်ဦးချင်းကို လက်ထပ်ပြီး သင်ပေးနေသည်။ ခတ္တာ၏စိတ်ရှည်မှုကို မိုးလေးစိတ်ထဲက ချီးကျူးလိုက်မိသည်။ ထိုအချိန်တွင် မောင်တူးဆိုသည့် ကောင်လေးသည် ထွက်လဲမထွက်လာ ရေးလည်းမရေးပဲ ထိုင်နေသဖြင့် ခတ္တာက “ဟဲ့ ကလေး၊ ဘာလို့ မရေးတာလဲ ထစမ်း”လို့ လှမ်းအော်နေသည်။ ကလေးက မျက်ရည်ကျပြီး အသားများ တဆတ်ဆတ် တုန်နေသည်။ မိုးလေးလည်း ခတ္တာအော်သံကြားသဖြင့် လှမ်းကြည့်လိုက်ချိန်တွင် ခတ္တာက ကလေးဆီ အပြေးကလေးသွားပြီး “ကလေး ဘာဖြစ်တာလဲ” အလန့်တကြား ပွေ့ချီကာ မေးနေတာ တွေ့ရသည်။ “ဟယ်.. ခုနက သူပဲအော်ပြီး ခုတော့ သူ မဟုတ်တာကြနေတာပဲ” မိုးလေး ရေရွတ်လိုက်သည်။ ကလေးနှင့်ခတ္တာ အကြာကြီး စကား ပြောနေသည်။ မိုးလေး ပထမတန်းစာသင်ပြီး ကြည့်လိုက်ရာ ဘယ်လိုချော့လိုက်သည်မသိ မောင်တူး စာရေးနေသည်။ ခတ္တာ စတုတ္ထတန်းကို တစ်ခါထပ်သင်နေပြီ ဖြစ်သည်။

စတုတ္ထတန်းတွင် အတန်းသား ၈-ယောက်ပဲ ရှိသည်။ အထူးခြားဆုံးက နိုင်နိုင်ဆိုသောကောင်လေး ဖြစ်သည်။ နိုင်နိုင်၌ လက်နှစ်ဖက်လုံးတွင် လက်ချောင်းများမရှိသလို ခြေထောက်တစ်ဖက်တွင်သာ ခြေချောင်းများရှိပြီး တစ်ဖက်က အရိုးပျော့လေးလို ဖြစ်နေသည်။ မိုးလေးနှင့်ခတ္တာ မြင်ကတည်းက အံ့သြနေသည်။ မိုးလေးက ကိုယ်သင်ရမည့် အတန်းမဟုတ်သဖြင့် ဘာမှမမေးပဲနေသော်လည်း ခတ္တာ စာစသင်လျှင် ဒီကလေး ဘယ်လိုရေးမလဲသိလိုသောကြောင့် စောင့်ကြည့်နေခဲ့သည်။ ကလေးက စာရေးသည့်အချိန် လက်ချောင်းမရှိတဲ့ လက်သီးဆုပ်နှစ်ဖက်ဖြင့် ခဲတံကို ညှပ်၍ရေးသည်။ မနေနိုင်သဖြင့် မိုးလေးသွားကြည့်သည်။ လက်ရေး ၀ိုင်းစက်နေသည်။ ခတ္တာက ပျော်နေသည်။ သူ့ကလေးက မသန်ပေမဲ့ စွမ်းပါသည်ဆိုပြီး ကြွားချင်သည့်သဘောဖြင့် မိုးလေးကို ပြုံးပြီးကြည့်လိုက်သည်။

ခတ္တာစာသင်ပြီး ခဏနားနေချိန် မိုးလေးမမေးပဲ မနေနိုင်သဖြင့် မေးကြည့်လိုက်မိသည်။

“ခတ္တာ ခုနကလေးက တအားကြောက်နေတာ ဘာဖြစ်တာလဲ”

“အင်း.. ငါမပြောတတ်သေးဘူး၊ သူ့အကြောင်းမှ မသိသေးတာ၊ ညနေ သူ့အိမ်လိုက်ပြီး အခြေနေသွားစုံစမ်း လိုက်မယ်၊ မိဘတွေရဲ့အပြုအမူနဲ့ ဆိုင်မယ်ထင်တယ်၊ သူ့ကိုကြည့်ရတာတစ်ခုခုခံစားနေရသလိုပဲ၊ စာရေးဖို့ခေါ်တာနဲ့ အသားတဆတ်ဆတ်တုန်နေတာ၊ မနည်းချော့မော့ထားရတယ်”

ညနေကျောင်းဆင်းချိန် မောင်တူးအိမ်သို့ မိုးလေးတို့ လိုက်သွားကြသည်။ အိမ်တွင် သူ့အမေရှိနေသည်။ သူ့အမေက “ဟယ် ဆရာမတို့လာတယ်၊ ဘာကိစ္စလဲဆရာမ၊ ထိုင်ပါရှင်” ဆိုပြီး ဖျာခင်းပေးရင်း မိုးလေးတို့ဘေးနား ကျုံ့ကျုံ့လေး လာထိုင်သည်။

ခတ္တာက “အဒေါ် မောင်တူးက ဘာလို့ တအားကြောက်တတ်တာလဲ၊ စာသင်ပြီး စာရေးခိုင်းတဲ့ချိန် တအားကြောက်ပြီး အသားတဆတ်ဆတ်တုန်နေတယ်၊ ကျွန်မ အတော်လေး ချော့မော့ထားရတယ်”ဟု စကားစလိုက်သည်။ သူသိလိုသည်များကိုလည်း မေးနေသည်။

မောင်တူးအမေက “ဆရာမရယ်… ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါပဲရှင်၊ ဒါပေမဲ့ ဆရာမ မေးတော့လည်း ပြောပါ့မယ်ရှင်၊ သူ့အဖေက အရက်တအားသောက်တာ ဆရာမ၊ အရက်သောက်လာတိုင်းလည်း ကျွန်မကို တအားရိုက်တယ်။ ကလေးကိုလည်း အခန်းထဲမှာ တံခါးပိတ်ထားတတ်တယ် ဆရာမ၊ အဲလိုအမြဲလုပ်နေတော့ ကလေးက သူ့အဖေကိုရော လူတွေကိုပါ ကြောက်တတ်သွားတာပါ။ ကျွန်မလည်းသူ့အဖေကို မပြောရဲလို့ ဒီတိုင်းပဲ နေနေရတာပါ ဆရာမရယ်၊ ဆရာမတို့ပဲ ကလေးကို အဆင်ပြေအောင် သင်ပေးပါရှင်”လို့ မျက်နှာညှိုးညှိုးဖြင့် ခတ္တာကို ပြန်ပြောနေသည်။

ခတ္တာကို မိုးလေးကြည့်လိုက်စဉ် ခတ္တာဘာမှမပြောပဲ ငိုင်နေသည်။ ခဏကြာမှ ခတ္တာက မေးလိုက်ပြန်သည်။

“သူ့အဖေက ဘယ်ချိန်ပြန်လာတာလဲ အဒေါ်”

“ပြန်ရောက်ခါနီးပြီ ဆရာမ”

“ကျွန်မ ခဏစောင့်မယ်နော်”

“ရပါတယ် ဆရာမ”

ခတ္တာက ဆက်စောင့်နေသည်။ မိုးလေးက ခတ္တာဘာများ ဆက်လုပ်မလဲလို့ စောင့်ကြည့်ရင်း ထိုင်နေသည်။ မိုးလေးက ခတ္တာနှင့်မတူ စာသင်စရာရှိတာသင် ဆရာကြီးခိုင်းလျှင် လုပ်ပေး ခတ္တာနှင့် အဖော်လိုက်ပေးကာ အချိန်ကုန်နေ တတ်သည်။ အခုမိုးလေးရှေ့တွင် ခတ္တာ၏လုပ်ဆောင်မှုများကိုမြင်ရသောအခါ ထူးခြားနေသလားဟု ထင်နေမိသည်။ တအောင့်လေးအကြာတွင် လူတစ်ယောက်ယိုင်ထိုးယိုင်ထိုးဖြင့် အိမ်ဘက်သို့လျှောက်လာသည်။ မောင်တူးအဖေ ဖြစ်မည်ဆို သည်ကို မိုးလေး ခန့်မှန်းမိသည်။ အိမ်ပေါ်သို့ မနိုင့်တနိုင်ဖြင့်တက်လာသည်။ မိုးလေးနှင့်ခတ္တာကို မြင်လျှင် ပျာပျာသလဲဖြင့် အမူးပြေသွားသည့်အလား ကိုယ်ကိုမတ်လိုက်ပြီး “ဆရာမတို့ ဘာလာလုပ်တာလဲဗျာ၊ ကျွန်တော့်သား မောင်တူး ဆိုးလို့လာ တိုင်တာလား” ဟုမေးသည်။

ခတ္တာက “ ခဏထိုင်ပါအုံးရှင်၊ ကျွန်မ ပြောစရာရှိလို့ပါ၊ မောင်တူးဆိုးလို့လာတိုင်တာမဟုတ်ပါဘူးရှင်၊ စာသင်ရင် တအားကြောက်နေလို့ အကျိုးကြောင်းသိချင်တာနဲ့ လိုက်လာခဲ့တာပါ၊ သူ့အမေပြောပြတာနဲ့ မောင်တူး ဘာကြောင့်အဲဒီလိုဖြစ်တယ်ဆိုတာ သိရလို့ ဦးလေးကို ကျွန်မစောင့်နေတာပါရှင်၊ ဦးလေးက အဖေပဲဟာ မောင်တူးကို ကျွန်မထက် ပိုချစ်လိမ့်မယ်လို့ ထင်ပါတယ်ရှင်၊ ကျွန်မက အဖေမရှိတော့ပေမဲ့ အဖေ့မေတ္တာကို နားလည်းပြီသားပါ၊ ဦးလေးလည်း ချစ်တယ်ဆိုရင် မောင်တူးရှေ့ရေးအတွက် အလေးထားစေချင်ပါတယ်ရှင်။ မောင်တူးကို တအားသနားလို့ပါ၊ မိဘတွေရဲ့ဂယက်ကြောင့် ကလေးဘ၀ကို အညွန့်မတုံးစေချင်လို့ပါ၊ ဖြစ်နိုင်ရင် မောင်တူးကို ချော့မော့ပြီး မကြောက်အောင် မိဘတွေကို ချစ်တတ်လာအောင် ဂရုစိုက်ပေးပါလားရှင်၊ ဦးလေးအရက်သောက်ရင်လည်း အလွန်အကျွံမသောက်ပဲ မောင်တူးအတွက်မြင်ယောင်ပြီး ဆင်ခြင်ပါလို့ ကျွန်မတောင်းပန်ပါရစေရှင်၊ ဒါမှလည်း ဒီကလေးက စာတတ်လာမှာပါ ဦးလေးရယ်”

ခတ္တာက ရှည်လျားစွာ ရှင်းပြ ဖြောင့်ဖျရင်း ပြောနေသည်။ ကလေးအဖေက ဘာမှပြန်မပြောပဲ ငြိမ်သက်နေပြီး တော်တော်ကြာမှ

“ဆရာမရယ် ကျွန်တော် ဆင်ခြင်ပါ့မယ်ဗျာ၊ ဆရာမကတောင် ကျွန်တော့်ကလေးအပေါ် စေတနာထားနိုင်သေးရင် ကျွန်တော်ပိုထားရမှာပေါ့ဗျာ”

မိုးလေး ရင်ကိုဖိထားမတတ် ထိန့်လန့်နေစဉ် ခတ္တာကို မောင်တူးအဖေပြန်ပြောသည့်စကားကိုကြားလိုက်ရမှ သက်ပြင်းချနိုင်သည်။ ခတ္တာက အောင်နိုင်သူအပြုံးဖြင့် မိုးလေးလက်ကို တင်းတင်းလေးဆုပ်ကိုင်လိုက်သည်။ နောက်နေ့ များတွင် မောင်တူး ကျောင်းရောက်လျှင်စာရေးသည်။ သူငယ်ချင်များနှင့်လည်း ဆော့တတ်လာသည်။

* * *
ဆက်ရန် ...

မန္တလေးသို့

တန်ဖိုးမဖြတ်နိုင်သော စာပေရသကို ပေးမျှဝေခဲ့တဲ့
ကျွန်မရဲ့ ကျေးဇူးရှင် ဆရာတက္ကသိုလ် ဘုန်းကြွယ်
ဆရာကတော်ဒေါ်အေးသီတာ တို့နဲ့ မန္တလေးသို့အသွား
February 13
မန္တလေးက ဒေါင်းလန်းကြီး ထမင်းဆိုင်မှာ
ဆရာတက္ကသိုလ်ဘုန်းကြွယ်၊ ဆရာကတော်ဒေါ်အေးသီတာ၊
ဆရာလှဖေ၊ မခင်စန်းမြင့်တို့နဲ့အတူ
February 14

***မေ့မရ ဆုံး တစ်ဆယ့်သုံး***

တို့ဗမာ သခင်မျိုးဟေ့
ဇွဲယှဉ်နှိုး ကြွေးကြော်ကာ
ပြည်သူကျိုးရှာ။

ရိုးသားစွာ သတ္တိမွေးပါလို့
သွေးရဲတဲ့ ဇာနည်ဘွားဟာဖြင့်
ဖေဖော်ဝါရီ ဆယ့်သုံးမှာ
ထူးခြားဆုံး မွေးဖွားလာ။

ဇာနည်သွေး ဖွားမြင်လာ
အများရင်မှာ ရက်မြတ်ဆုံး ။

ပြည်သူတွေ ရင်ဝယ်သိမ်းလို့
ကိန်းဝပ်တည် သည်ဆယ့်သုံး။

လရိပ်လေး(မောင်းမကန်)
(၁၃ . ၂ .၂၀၁၄ )

***အရိပ်မဲ့ မီး***


“လမ်းခွဲမယ်”
နာဂစ်ထက်ပြင်း တဲ့ သူ့စကား
နှလုံးသား ရင်ပြင် တစ်ခုလုံးမှာ
သွေးမျက်ရည် ပြည့်ဖုံးသွားပြီ။

စစ်မကြေငြာခင် ဒူးထောက်နေသူကိုမှ
အမုန်းမြှားနဲ့ ပစ်ခွင်းရက်သူ…ရေ
ရင်ခွင်မြို့ရိုးမှာ မျက်ရည်တာကျိုးပြီ။

ဝတ်ရည်ကုန်ဆုံးနေတဲ့
ပန်းပွင့်ကို ပွင့်ဖတ်တစ်ခုစီခြွေ
ရိုးတံကို ရိုက်ချိုးရက်သူ…ရေ
သက်ဆက်နေသမျှ
နောင်တလို့ ကမ္ဗည်း မထိုးရက်ပါဘူး။

ဆန်တက်လို့မရတဲ့ မြစ်တစ်စင်းလို
အတိတ်ကို ခပ်ပြင်းပြင်းလေခွာချရင်း
အချစ်ရဲ့ ဥပဒေမဲ့အလွမ်းကို
ရဲရဲကြီး ခံယူလိုက်ပါ့မယ်.။

လရိပ်လေး (မောင်းမကန်)
(၁၂ .၂ .၂၀၁၄)

***စိမ်း***



အမုန်း မစွေပါ
ခွန်းခြွေလွှာ သူ့စကားမှာ။

မှောက်မှားကာ နားဝင်ချိုလို့
ပျိုမေရင်တွင်း ချစ်ခြင်းပိုလာ။

လေအနှော့မှာ ဖြင့်
ပြေလျော့လာ သူ့ချစ်ခြင်းတွေ
ဆန်းစစ်ဖွေ ခက်သေး။

ရတက်မအေး ပူဆွေးပါလည်း
ချစ်ရေးမှာ ကြမ္မာငင်တာမို့
သခင်ရယ် စိမ်းပါလှည့်လေး။

လရိပ်လေး(မောင်းမကန်)
(၁၀ . ၂ .၂၀၁၄)

Friday, February 7, 2014

“အငိုမျက်လုံး အပြုံးမျက်နှာ” အတွဲ(၁) အမှတ်(၁၀) တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် မှ


ကလင်… ကလင်… ကလင်……
လူခေါ်ဘဲလ်တီးသံကြီးက ဆူညံစွာဖြင့် စက်ဆုပ်ဖွယ် မြည်လာပြီ၊ မနက်၅-နာရီ အချိန်လေးပေါ့၊
ကျွန်မ ကုန်းရုန်းပြီး ထလိုက်တယ်၊ မျက်နှာမြန်မြန်သစ် အ၀တ်စားလဲပြီးတာနဲ့ ချက်ချင်း အလုပ် ဆင်းရတော့မှာလေ၊ နဘေးမှာ ကျွန်မဆီမနေ့ကမှ လိုက်လာပြီး နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတဲ့
မောင်လေးကို ကျွန်မ လှုပ်နိုးလိုက်တယ်။ မောင်လေးက ကျွန်မကို “အစောကြီးဆင်းရတာလား အမ”တဲ့လေ၊ကျွန်မ မောင်လေးကို ပြုံးပြီးတော့ “ဒါထိုင်းနိုင်ငံလေ၊ သူတို့နိုင်ငံဆိုတော့ ခိုင်းတဲ့အချိန်
လုပ်ရတာပေါ့”လို့ ပြောပြီး မောင်လေးသောက်ဖို့ ကော်ဖီလေး အဆင်သင့် လုပ်ပေးထားလိုက်တယ်။
ပြီးတာနဲ့ မောင်လေးနဲ့ ကျွန်မ အလုပ်ဆင်းသွားတယ်။

ကျွန်မတို့အလုပ်က ငါးဖမ်းလှေတွေဝင်လာရင် ယောက်ျားလေးတွေက ငါးတွေကိုသယ်တင် မိန်းကလေးတွေက ကီလိုချိန်ပြီး အအေးခန်းထဲ ထည့်ရတာပါ၊ ယောက်ျားလေးတွေက တအားပင်ပန်း
ကြတယ်၊ ကျွန်မ ဒီနေ့မှ အလုပ်စဆင်းတဲ့ မောင်လေးကိုကြည့်ပြီး စိတ်မကောင်းလည်းဖြစ်မိတယ်၊
ကျွန်မအသက် ၁၄-နှစ်အရွယ်ရောက်မှ မောင်လေးကို အမေကမွေးခဲ့တာ၊ ကျွန်မကပဲ မောင်လေးကို အစစ အရာရာ ဂရုစိုက် ကျွေးမွေးခဲ့ရတယ်၊ ကျွန်မလက်ပေါ်မှာ ကြီးပြင်းခဲ့တဲ့ မောင်လေးကို ကျွန်မသားလေးလိုပဲ ချစ်ခဲ့တယ်၊ မျက်နှာတစ်ချက် အညှိုးမခံခဲ့ဘူး၊ မောင်လေးကလည်း ကျွန်မကိုဆို မျက်စိအောက်က အပျောက်မခံဘူး၊ ပြောစကားဆိုလည်း အရမ်းနားထောင်ခဲ့တယ်၊ ဘာဖြစ်ဖြစ် မောင်လေးလိုအပ်လာရင် ကျွန်မဖြစ်နိုင်အောင် ဖြည့်ဆည်းပေးခဲ့တယ်၊ ဒီလိုနဲ့ ကျွန်မမောင်လေး ကိုးတန်းရောက်လာခဲ့တယ်၊ ကျွန်မကလည်း ရွာမှာ မူလတန်းပြ ဆရာမလေးပေါ့။

အိမ်ရဲ့စီးပွားရေးအခြေနေက တအားဆုတ်ယုတ်လာခဲ့တယ်၊ အမေကတော့ ရတာလေးနဲ့ အဆင်ပြေအောင်နေတတ်ပါတယ်၊ကျွန်မကအမေ့ကိုလည်းသနားတယ်၊ ချို့တဲ့စွာနဲ့ ကျောင်းတက်နေရတဲ့
မောင်လေးကိုလည်း မကြည့်ရက်တော့ အမေ့ကိုခွင့်တောင်းပြီး ထိုင်းနိုင်ငံကိုထွက်လာခဲ့တယ်၊
ကျွန်မရောက်ပြီး သုံးလေးလလောက်ပဲကြာတယ် မောင်လေးက ကျွန်မကို ဖုန်းဆက်လာတယ်
ကျောင်းမတက်ချင်တော့ဘူး အမကိုလွမ်းတယ် အတူတူအလုပ်လုပ်ချင်တယ်တဲ့လေ။ ကျွန်မလည်း
မောင်လေးကို အရမ်းသတိရပါတယ် ဒါပေမဲ့ ကျွန်မမောင်လေးကို ဘွဲ့ရပညာတတ်ကြီး ဖြစ်စေချင်တယ်၊ ကျွန်မမောင်လေးကို မောင်လေးရယ် ဆယ်တန်းအောင်မှ လိုက်လာနော် အခုမလာနဲ့အုံးပြောတော့
မောင်လေးကအမေ့ကိုသနားတယ်မရယ်အမကိုလည်းလွမ်းတယ်အတူတူအလုပ်လုပ်မယ်နော် မောင်လေးကိုခေါ်နော်လို့ အကြိမ်ကြိမ်ပြောတော့ ကျွန်မရင်ထဲနဂိုကမှ မောင်လေးကိုအရမ်းလွမ်းနေတော့ ဘာမှ မတွေးတော့ဘူး ပွဲစားနဲ့ ခေါ်လိုက်တယ်၊ ဒီရောက်တော့ ကျွန်မမောင်လေးကိုကြည့်ပြီး ကျွန်မရင်ထဲ မချိအောင်
နာကျင်ပါတယ်၊ အမေ့ကို လွမ်းတာကတစ်ဖက် မောင်လေးကို သနားတာက တစ်ဖက်နဲ့ပေါ့၊

မောင်လေးကတော့အလုပ်ကြိုးစား လုပ်တယ်၊ အလုပ်က တအားပင်ပန်းပြီး နားချိန်မရှိလောက်အောင် ခိုင်းတယ်၊ မောင်လေးအတွက်ဆို ကျွန်မ အလုပ်မအားတဲ့ကြားက သူဋ္ဌေးမသိအောင် ပြေးပြေးလာပြီး စားစရာတွေ လာချက်ပြုတ်ပေးထားခဲ့တယ်၊ မောင်လေးကို အလုပ်ထဲမှာ တစ်ယောက်ယောက်က နှိမ်တာနဲ့ ကျွန်မအရမ်းပဲ ပြောပစ်တယ်၊ မောင်လေးအတွက်ဆို ဘာမှဂရုမစိုက်နိုင်လောက်အောင် သည်းခံစိတ်တွေ ကွယ်ပျောက်ကုန်တယ်၊ မောင်လေးကလည်း ကျွန်မကို တအားဂရုစိုက်တယ်။

တစ်နေ့ မောင်လေးအလုပ်ပင်ပန်းတော့ တအားနေမကောင်းဖြစ်တယ်၊ သူဋ္ဌေးကလည်း အလုပ်မဆင်းနိုင်ရင် တအားရစ်တယ်၊ နားရက်လည်းမပေး အချိန်လည်း မသတ်မှတ် အချိန်ပိုကြေးကိုလည်း ပေးချင်သလောက်ပေးတယ်၊ ကျွန်မလေ မောင်လေးကို ကြည့်ပြီး ဘာလုပ်ရမလဲပဲ တွေးနေမိတယ်၊ ကျွန်မရင်ထဲမှာ အမေနဲ့မောင်လေးကလွဲရင် ဘာမှအတွေးမရှိဘူး။

တစ်နေ့တော့ ကျွန်မအခွင့်အရေး တစ်ခုရလာတယ်၊ လက်ရှိ ကျွန်မလုပ်နေတဲ့သူဋ္ဌေးရဲ့ ညီမအိမ်မှာ အိမ်ဖော်တစ်ယောက်လိုတယ်၊ ကျွန်မလိုက်မယ်လို့ သွားပြောတယ်၊ မောင်လေးက ငိုတယ်၊ “အမ တကယ်သွားမှာလား”တဲ့လေ၊ ကျွန်မမောင်လေးကို ပြောလိုက်တယ် “မောင်လေး အမဒီမှာနေရင် မောင်လေးပိုပင်ပန်းမယ်၊ အမ အရင်စွန့်စားမယ်၊ အဆင်ပြေတာနဲ့ မောင်လေးကို မရရအောင် ခေါ်မယ်နော်”လို့၊ ကျွန်မ မောင်လေးရှေ့မှာတော့ ရင့်ကျက်ဟန်ဆောင်လို့ပေါ့၊ ကျွန်မရင်ထဲမှာတော့ ကိုယ်တိုင်အ၀တ်လျှော်ရတော့မယ့်မောင်လေး အစားအသောက် အဆင်မပြေဖြစ်မဲ့မောင်လေး တစ်ယောက်တစ်နေရာစီ ခွဲနေရမဲ့မောင်လေးကို မထားရက်ခဲ့တော့ တစ်ဆစ်ဆစ်နာကျင်လျက်ပေါ့။

မောင်လေးက ကျွန်မကိုမှာတယ်၊ “အမ ဟိုရောက်တာနဲ့ မောင်လေးကို အမြန်ခေါ်နော်၊ အမသွားတာ မောင်လေးအတွက်လေ မောင်လေးရဲ့ ခေါ်မှာပေါ့”လို့ဖြေရင်း ဝေ့လာတဲ့မျက်ရည်ကို မောင်လေးမမြင်အောင်ပဲ ကျွန်မသုတ်လိုက်ပါတော့တယ်၊ နောက်တစ်နေ့ မနက်ရောက်တော့ ကျွန်မ ဘန်ကောက်ကိုလာဖို့ ကားပေါ်အတက် မောင်လေးမျက်ရည်လေးဝဲလို့ ကျွန်မကို လိုက်ပို့ပါတယ်၊ ကျွန်မလည်း ကားထွက်တာနဲ့ တစ်လမ်းလုံး ငိုရင်းပဲ ရောက်လာခဲ့တယ်။

ကျွန်မ ဘန်ကောက် သူဋ္ဌေးအိမ်ရောက်တော့ ကလေးထိန်းရတယ်၊ ကလေးလေးက ကျွန်မကို မြင်တာနဲ့ခင်တယ်၊ ထိန်းလို့ရခဲ့တယ်၊ သူဋ္ဌေးတွေက အရမ်းဝမ်းသာပြီး ကျွန်မကို အလိုလိုက်
လာကြတယ်၊ ကျွန်မအလုပ်ကို ကြိုးစားလုပ်ပေးတယ်၊ ကျွန်မ ပင်ပန်းလားရင် ကျွန်မအမေနဲ့ မောင်လေး
မျက်နှာကို မြင်ယောင်လိုက်တယ်၊ ကျွန်မ အားတင်းဖြေတယ်၊ မောင်လေးကလည်း ကျွန်မကို နေ့တိုင်း
ဖုန်းဆက်တယ်၊ “အမ မခေါ်သေးဘူးလား မောင်လေးကို ဘယ်ချိန်ခေါ်မှာလဲ”တဲ့လေ၊ ကျွန်မက “မောင်လေးရယ် မ ခေါ်ဖို့ အဆက်သွယ် လုပ်နေတယ်နော် ရအောင်ခေါ်မယ်နော်”လို့ ဖြေသိမ့်နေရတယ်၊ အဲဒီအချိန်ကြားလေးမှာ ကျွန်မသူငယ်ချင်းက ဖုန်းဆက်လာတယ်၊ ကျွန်မမောင်လေး ဆေးသုံးတဲ့
သူတွေနဲ့ ပေါင်းနေပြီ အမြန်ခေါ်လိုက်ပါတယ်။

ကျွန်မ ရူးမတတ်ပဲ၊ ကျွန်မ ခဏလေးထားခဲ့တဲ့အချိန်လေးမှာ မောင်လေးသာ ဆေးစွဲခဲ့ရင်ဆိုတဲ့
အတွေးက ကျွန်မကို အိပ်မရအောင် နှိပ်စက်ပါတော့တယ်၊ ထိုင်းစကား မကျွမ်းကျင်တဲ့ကျွန်မ သူများဆီက စာနဲ့ရေးသင်ပြီး ကျွန်မမောင်လေးကို ခေါ်ချင်တဲ့အကြောင်း သူဋ္ဌေးကို အရဲစွန့်ပြောခဲ့တယ်၊ သူဋ္ဌေးက ကျွန်မရဲ့အလုပ်ကြိုးစားတာကို သဘောကျနေတော့ မောင်လေးကို ခေါ်တင်နိုင်ခဲ့တယ်၊ ဘန်ကောက် ရောက်တော့ မောင်လေးကို ကျွန်မအဆက်သွယ်ရခဲ့တဲ့ တစ်ဝမ်းကွဲမောင်လေးတွေနဲ့ အတူထားခဲ့တယ်၊ လိုအပ်တာ အစစအရာရာ ကျွန်မနောက်ကွယ်ကနေ လုပ်ပေးခဲ့တယ်၊ ကျွန်မအတွက်ဆို ဘာမှချန်မထားပဲကို ကျွန်မပေးဆပ်ခဲ့တယ်။

တနင်္ဂနွေနားရက်တိုင်းလို ကျွန်မမောင်လေးဆီ အလည်သွားတယ်၊ မောင်လေးက ကွန်ပျူတာ ၀ါသနာ အရမ်းပါတယ်၊ ကျွန်မတွေးလိုက်တယ်၊ ကျွန်မနဲ့မောင်လေး အိမ်ပြန်ရင် ကွန်ပျူတာဆိုင်လေး ဖွင့်မယ်ပေါ့၊ မောင်လေး လိုအပ်တာအရင် လုပ်ပေးမယ်ပေါ့၊ ပြီးတော့ ကျွန်မမောင်လေးက ပဉ္စင်းလည်း မတက်ရသေးတော့ ကျွန်မမောင်လေးကို ပဉ္စင်းတက်ပေးမယ်၊ သူဖြစ်ချင်တဲ့ကွန်ပျူတာပညာလေး ရအောင်သင်ပေးမယ်လို့ ကျွန်မတွေးထားခဲ့တယ်။

ကျွန်မကအလုပ်သမားဆိုပေမဲ့ သူဋ္ဌေးကကောင်းတော့ ခွင့်ရက်ရတယ်၊ ကျွန်မကွန်ပျူတာ သင်ခွင့်ရခဲ့တယ်၊ မောင်လေးက အားရက်သိပ်မရှိတော့ သင်ဖို့အချိန်မရှိဘူး၊ ကျွန်မမောင်လေး ကိုပြောတယ် “အမပဲ သင်လိုက်မယ်နော်၊ ပြီးရင်မောင်လေးနဲ့အတူတူ ပြန်ပြီး အိမ်မှာ ဆိုင်လေးလုပ် ရအောင်နော်”လို့ ၊ ကျွန်မကွန်ပျူတာ သင်ဖြစ်ခဲ့တယ်၊ ကျွန်မကြိုးစားသင်တယ်၊ ကျွန်မစိတ် ထဲမှာ မောင်လေးအတွက်ပဲ စတေးထားခဲ့တယ်၊ မောင်လေး ပဉ္စင်းတက်ဖို့နဲ့ ကွန်ပျူတာလေးတတ်အောင် သင်ပေးဖို့ပဲ တွေးနေမိတယ်။

ကျွန်မ အဲဒီလိုအတွေးတွေနဲ့ ကြိုးစားလုပ်နေတဲ့အချိန် ကျွန်မမောင်လေးဆီ မသွားဖြစ်ခဲ့ဘူး၊ ဖုန်းနဲ့ပဲ လိုအပ်တာ ပြောဖြစ်တယ်၊ အများနဲ့ပေါင်းသင်းရင်း ကျွန်မအလှူတွေလုပ်ဖြစ်လာခဲ့တယ်၊ ဘုရားတရားကို ကျွန်မစိတ်ဝင်စားစွာ လုပ်ဖြစ်ခဲ့တယ်၊ ကျွန်မအစကဆို မောင်လေးကို ရည်းစားထားရင် ဆူတယ်၊ ကျွန်မစေတနာကို နားမလည်သလို ခံစားရတယ်၊ မောင်လေးက ရည်းစားထားတတ်လာတော့ ကျွန်မက “မောင်လေး ပဉ္စင်းမတက်ရသေးဘူးနော်၊ မိန်းမယူလို့ မရဘူး၊ ယူရင်တွေ့မယ်”ပေါ့လို့ ကျွန်မ ကြိမ်းတတ်တယ်။

တစ်နေ့ မောင်လေး ဖုန်းဆက်လာတယ်။ နေမကောင်ဘူးတဲ့၊ ကျွန်မအရမ်းစိတ်ပူပြီး ဖုန်းနဲ့ပဲပြောပြီး ပိုက်ဆံလွှဲပေးလိုက်တယ်၊ မောင်လေးက စကားပြောတာနည်းလာပြီး ဖုန်းသိပ်မဆက်လာတော့ဘူး၊ ကျွန်မက “နေကောင်းလား”လို့ နောက်နေ့တွေ မေးတော့ သူ့ကို ပစ်ထားတယ် ဆိုတဲ့စကား ကို မောင်လေးက ပြောလာတယ်၊ ကျွန်မ မှင်သက်မိသွားတယ်၊ မောင်လေးရင်ထဲမှာ ခံစားနေရတာကို ကျွန်မမြင်လာတော့ ပိုပြီးစိတ်မကောင်းဖြစ်တယ်၊ ဒါပေမဲ့ ကျွန်မ ဖြေသိမ့်ပါတယ်၊ ကျွန်မစေတနာ ကို မောင်လေး နားလည်မှာပါလို့၊ ငါလုပ်နေတာ မောင်လေး အတွက် ပဲလေ၊ ဖြစ်အောင်ကြိုးစားမယ်လို့ စိတ်တွေတင်းပြီး အလုပ်ရော ပညာရောကြိုးစားခဲ့တယ်၊ ဘုရားတရားကို မပြတ်လုပ်ခဲ့တယ်၊ ဘာသာရေးတွေ လုပ်ခဲ့တယ်၊ ကျွန်မစိတ်တွေ တည်ငြိမ်မှုရလာတယ်၊ ဖြစ်ပျက်တာတွေ ခွဲခွာရ တာတွေ
မြင်လာတော့ အရာရာကို မြင်တတ်လာတယ်။

ကျွန်မ မောင်လေးကို ပျော်အောင်ဖန်တီးပေးတယ်။ ဒါပေမဲ့ ကျွန်မပြောထားခဲ့တယ် “မိန်းမမယူနဲ့အုံးနော် မောင်လေး၊ ပဉ္စင်းတက်ပြီးမှ ယူနော်၊ အမေနဲ့အမကို နားလည်နော်”လို့ ကျွန်မပြောရင် “အင်း”လို့ပဲ အမြဲပြောတယ်၊ ကျွန်မလည်း မောင်လေးကို တအားယုံကြည်ထားတယ်၊ အတူတူပြန်မယ် ကွန်ပျူတာဆိုင်လေးဖွင့်မယ် အမေနဲ့ကျွန်မ မောင်လေးပဉ္စင်းတက်တဲ့ပွဲလေးမှာ ပျော်ကြမယ်ပေါ့။

ဒါပေမဲ့ “လောကဓံဆိုတာ နိမ့်တစ်လှည့် မြင့်တစ်လှည့်၊ ဖြစ်ပြီးရင်ပျက်တယ်ဆိုတာ ဘယ်လို မှ ငြင်းလို့မရတဲ့ အရာ”ဆိုတာ ကျွန်မလက်ခံလိုက်ရတယ်၊ တစ်နေ့ကျွန်မ ကျောင်းသွားမယ်ဆိုပြီး အိမ်က အထွက် ကျွန်မဆီမောင်လေးဖုန်း ၀င်လာတယ်၊ “အမကို သား လာကန်တော့တာ”တဲ့၊ ကျွန်မက “အယ်... ဘယ်တုန်းကမှ မပြောဖူးတဲ့စကားပါလား အဆန်းပါလား ဘာကြောင့်ကန်တော့တာလဲ”လို့မေးတော့ “သား မိန်းမယူလိုက်ပြီ”တဲ့လေ၊ ကျွန်မမယုံသေးဘူး “နာတော့မယ်ကောင်လေး၊ လူကို ပေါက်တက် ကရ”လို့ပြောလိုက်တယ်၊ “အေးအေး ကျောင်းလာခဲ့၊ အမ စောင့်နေမယ်”လို့ ပြောပြီး ဖုန်းချလိုက်တယ်။

ကျွန်မစိတ်ထဲမှာ တကယ်မဟုတ်ဘူး ထင်ခဲ့တယ်၊ ကျွန်မ ကျောင်းရောက်တော့ သူတို့နှစ်ယောက် ရောက်ချလာပါရော သူ့ကောင်မလေးနဲ့ အတူပေါ့၊ မောင်လေးက ကျွန်မအရင်ကလို တအားဆူမယ်ထင်ထားခဲ့တာပေါ့၊ ကျွန်မကတွေ့တော့ ရင်ထဲမှာတော့ ငိုနေလျက်ပေါ့၊ အပြင်မှာ ကျွန်မက “လာလာ အထဲဝင်လာ ဘာစားပြီးပြီလဲ ဘာတွေလိုအပ်လဲ”လို့ အဆင်ပြေအောင် ပြောပြီး ကျွန်မပြန်လွှတ်လိုက်တယ်၊နောက်တစ်ပတ်ကျတော့ ကျွန်မ မင်္ဂလာဆွမ်းကျွေးလေး လုပ်ပေးလိုက်တယ်၊ ကျွန်မ အမေ့ဆီ ဖုန်းမဆက်ရဲဘူး၊ လောလောဆယ် အမေတအားစိတ်မကောင်းမှာ စိုးတာကြောင့် ကျွန်မမြိုသိပ်ထားခဲ့တယ်၊ နောက်တစ်နေ့ အမေ့ဆီ ကျွန်မဖုန်းဆက်လိုက်တယ် “အမေ မောင်လေး မိန်းမယူလိုက်ပြီ၊ အမေစိတ်မကောင်းမဖြစ်နဲ့နော်၊ သမီးရှိသေးတယ်”လို့ပြောတော့ အမေပြောတဲ့ စကားလေးက ကျွန်မရင်ကို ပိုနာကျင်စေပါတယ်။ “သမီးရယ်.. အမေတို့ကမှ လိုတာကို မဖြည့်ပေးနိုင်တာလေ သူ့ဘ၀ကို သူရုန်းကန်တာပေါ့၊ သမီး စိတ်ချမ်းသာနေရဲ့လား”တဲ့လေ။ ကျွန်မပြန်ပြောလိုက်ပါတယ် “သမီး ပျော်နေပါတယ်အမေ”လို့ အမေအသံလေး တိမ်ဝင်လို့ ဖုန်းချလိုက်တော့တယ်၊ ဒီလိုနဲ့ပဲ ဖြေသိမ့်ရင်း သူတို့ကို ကျွန်မအတတ်နိုင်ဆုံး လုပ်ပေးခဲ့တယ်၊
ကျွန်မကြားဖူခဲ့တဲ့ စာသားလေးကို ကျွန်မပြန်ပြီး အမှတ်ရလာပါတော့တယ် “အငိုမျက်လုံး အပြုံးမျက်နှာ”ဆိုတာ ငါ့ကိုများ ရည်ညွှန်းခဲ့တာလားပေါ့၊ မောင်လေးတို့ရှေ့မှာဆို အရမ်းပျော်ရွှင်နေတဲ့ အမတစ်ယောက်ပေါ့၊ ရင်ထဲမှာတော့ မျှော်လင့်ချက် တစ်သီတစ်တန်းကြီး ပြိုလဲခဲ့ရတဲ့ ကျွန်မသိပ်ချစ်ခဲ့ရတဲ့ ကျွန်မမောင်လေး ကျွန်မရင်ထဲကနေ အပြီးတိုင်ထွက်သွားပြီပေါ့။

မောင်လေးတို့ ကျွန်မရှေ့က ပျောက်ကွယ်သွားတော့ သက်ပျင်းလေးချပြီး ဘ၀ဆိုတာ “မျှော်လင့် တိုင်းဖြစ်မလာ ဖြစ်လာတာကို လက်ခံရတာပါလား“လို့ အသိလေး ၀င်လာမိပါတော့တယ်၊ နောက်ဆုံးတော့ ကျွန်မ အရာအားလုံးကို ထားခဲပြီး အမေ့ဆီ အပြီးပြန်ဖို့ ဆုံးဖြတ်လိုက်မိပါတော့တယ်။ တစ်ချို့သောသူတွေက ပြောကြတယ် “ကံဆိုတာ လူကလုပ်တာ၊ မဖြစ်နိုင်ဘူးဆိုတာ မရှိဘူး”တဲ့လေ။

ကျွန်မကတော့ ကံကံ၏အကျိုးနဲ့ ဖြစ်ပျက်သဘောကို ဆောင်တဲ့ တရားကို လက်ခံထားမိတဲ့ ဗုဒ္ဓဘာသာဝင်တစ်ယောက်အနေနဲ့ ဘယ်လောက်ပဲ ရည်မှန်းထားထား တစ်နေ့ကျရင် ပျက်နိုင်တယ် ဆိုတာရယ် ပြောင်းလဲတတ်တယ်ဆိုတာရယ် နောက်ဆုံးတော့ ကျန်ခဲ့တာ ကိုယ်တိုင်လုပ်ယူထားတဲ့ ကုသိုလ်တရားနဲ့ အလှူဒါနတွေသာ ကိုယ့်နံဘေးမှာ သံသရာအထိပါနိုင်တယ်ဆိုတာ လက်ခံ လိုက်ပါတော့တယ်။

ဘယ်အရာမဆို မမြဲခြင်းတွေက အစဉ်ရှိနေတာမို့ ကျွန်မတို့မြန်မာဗုဒ္ဓဘာသာဝင်တွေအနေနဲ့ ကိုယ့်သွေးသားဆွေမျိုးမိဘဇနီးမယားလင်ယောက်ျားချစ်သူအကုန်လုံးက နောက်ဆုံးတော့ သေကွဲမကွဲရရင် ရှင်ကွဲကွဲရမှာပါပဲ ဆိုတာကိုလက်ခံပြီး သံသရာ ခရီးကို ငြိမ်းချမ်းစွာ ဖြတ်သန်းနိုင်အောင် ကုသိုလ်ရေစက် လက်နဲ့မကွာ လုပ်ဆောင်ရင်း သီလ သမာဓိနဲ့ ဘာဝနာပွားများမှသာ အမြတ်ဆုံးသော ငြိမ်းအေးရာကို ရရှိနိုင်မှာပါ လာခဲ့စဉ်က တစ်ယောက် တည်း ပြန်တော့လည်း တစ်ယောက်တည်းခရီးမှာ ဘယ်သူ့ကိုမှ အဖော်ခေါ်လို့မရတာကြောင့် အမြဲမကွာ လိုက်နိုင်တဲ့ တရားအဖော်ကို သာခေါ်ဆောင်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ဘ၀ကိုငြိမ်း ချမ်း စွာ ဖြတ်သန်းနိုင်ကြပါစေရှင်၊ ကျွန်မကတော့ သိပ်ချစ်ခဲ့တဲ့မောင်လေးကို ထားခဲ့ပြီး အိမ်အပြန် လမ်းလေး မှာ တစ်ယောက်တည်း ရီဝေစွာတွေးရင်း မြတ်စွာဘုရားရှင်ရဲ့ တရားတော် ကိုသာ ရင်ထဲမှာ အဖော် အဖြစ်ပြုရင်း မျက်ရည်ဝဲလျက် မောင်လေးကို နှုတ်ဆက်ခဲ့ရပြီပေါ့။

လရိပ်လေး
20. 06. 2013

အတွဲ(၁) အမှတ်(၁၀) တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် မှ

အင်တာဗျူး

Friendship & Me
Media & Advertising မှ
Layeik Lay အား လရိပ်လေးရဲ့  ကဗျာများအကြောင်း
အင်တာဗျူးနေစဉ် (11. 01. 2014 စနေနေ့)
 

ကိုရဲ(ဥက္ကာမြေ) ရဲ့ အမှတ်တရ လက်ဆောင်


ကျနော့်သူငယ်ချင်း
ကဗျာဆရာမလေး လရိပ်လေး(မောင်းမကန်) သို့  —

Ye Win

မသဲမကွဲ


စိတ်တော့မရှိနဲ့ ........၊
ကဗျာဆရာ၊ စာရေးဆရာနဲ့ အရက်သမား
ရောနေတယ်။
အနုပညာရှင်နဲ့ သဘင်သည် ဖက်ခွက်စား
ရောနေတယ်။

ခေါင်းဆောင်နဲ့ ဆရာလုပ်ချင်တဲ့သူ
ရောနေတယ်။
နိုင်ငံရေးသမားနဲ့ ပေါ်ပြူလာဖြစ်ချင်တဲ့သူ
ရောနေတယ်။

မီဒီယာနဲ့ ဂျာနယ်ရောင်းကောင်းအောင် လုပ်တဲ့သူ
ရောနေတယ်။
သတင်းထောက်နဲ့ သတင်းနောက်လိုက်
ရောနေတယ်။

ဦးဆောင်သူနဲ့ ဦးအောင် နေရာယူထားသူ
ရောနေတယ်။
သူတော်ကောင်းနဲ့ တိုက်ပုံအကျီဝတ်ထားသူ
ရောနေတယ်။

ပရဟိတနဲ့ 'ကြော်' 'ညာ' ဆိုင်းဘုဒ်
ရောနေတယ်။
စိတ်တော့ မရှိနဲ့
'ကျီး' နဲ့ 'ဒေါင်း' ရောနေတယ်။

မောင်လှမျိုး(ချင်းချောင်းခြံ)

***ပွင့်ဦး***



ကြင်နာ မြစ်တစ်စင်း
ချစ်ခြင်းရဲ့ အလင်္ကာ။

မေတ္တာရောင် လက်ကမ်းလို့
ချစ်ပန်းတို့ ပွင့်ဖူးလာ။

နှစ်လွှာသည်း ရစ်မူးကာ
ချစ်ဦးသာ ဖြစ်စေကြောင်း။

ပန်းသက်သေ ညောင်ရေလောင်း
ခွန်းခြွေ ဆုတောင်း။

လရိပ်လေး (မောင်းမကန်)
(၅ .၂ .၂၀၁၄)

Monday, February 3, 2014

***သရုပ်မှန်***


အပြစ်ကို ဖော်ထုတ်နေရုံနဲ့
စနစ်တစ်ခုကို မပြောင်းလဲနိုင်သလို
ငါမှငါ သူမှသူ
ငြင်းခုံနေရုံနဲ့ ငြိမ်းချမ်းရေးသရဖူက
နေရာရမတဲ့လား။

အမြစ်ကို တူးဆွနိုင်မှ
အဆိပ်ပင် ပြုန်းမှာ။
အသစ်လိုက အဟောင်းဖယ်
နောင်တတရား နောက်ကျမှ
အသိလာမပြနဲ့။

ကမ်းလက်ကိုချည်း မခုံမင်ပဲ
ပေးဆပ်ဖို့ကို သတိရပါ။
ကမ္ဘာကျော်ဖို့ မလိုပါဘူး
ကျရာအခန်းမှာ ကတတ်ဖို့လိုတယ်။

တောင်ကြီးလဲ ဖ၀ါးအောက်
လှိုင်းကြီးလည်း လှေအောက်တဲ့
ဘာကြီးတွေပဲ ဖြစ်ဖြစ်
သေရင် မြေအပို မရလောက်ပါဘူး။

အကြမ်းအရမ်း အစုံကခဲ့ပြီးပြီမို့
ဇာတ်သိမ်းမှာ မင်းသမီးလေး
ပြုံးပါစေ။

လရိပ်လေး (မောင်းမကန်)
(၁ . ၂ .၂၀၁၄ )

စာအုပ်ဈေးပွဲတော်

မော်ဒယ်နဲ့ အပြိုင် :)
@ Myanmar Event Park – MEP ခန်းမ
 စာအုပ်တွေ သွားမွှေရင်း မော်ဒယ်နဲ့ အပြိုင် ရိုက်ခဲ့တဲ့ ပုံလေးပါ 



တေးရေး တေးဆို အရိုး နဲ့ အမှတ်တရ
@ Myanmar Event Park – MEP ခန်းမ

ဆရာမ ဝါဝါ ထင်လင်း နဲ့ အမှတ်တရ
@ အကြီးဆုံး စာအုပ်ဈေးပွဲတော် Myanmar Event Park – MEP ခန်းမ



စာရေးဆရာမ သန္တာကျော်နဲ့အမှတ်တရ 
စိတ်ထားဖြူစင်ပြီး အရမ်းခင်ဖို့ကောင်းတဲ့ စာရေးဆရာမလေးပါ

 

  
ဇန်နဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိ Reader Channel နဲ့ ပူးပေါင်းပြီး ရှင်စောပုလမ်းက Myanmar Event Park – MEP ခန်းမမှာ အကြီးဆုံး စာအုပ်ဈေးပွဲတော် ဖြစ်ပါတယ်။ အဲဒီပွဲမှာ တင်မိုးလွင်၊ နန်းခင်ဇေယျာ၊ နန်းဆုကေဆွမ်၊ အရိုး၊ ကျားပေါက်၊ နိုင်ဇော် (Lazy Club) တို့ရဲ့ ဟောပြေမှုတွေ ပါပါတယ်။

ဇန်နဝါရီလအတွင်း စာအုပ်ဈေးပွဲတော် သုံးကြိမ် ကျင်းပမည်လို့ သိရပါတယ်။

မြန်မာနိုင်ငံ စာပေထုတ်ဝေသူနှင့် ဖြန့်ချိသူများအသင်းက ကြီးမှူးပြီး ၂၀၁၄ ခုနှစ် ဇန်နဝါရီလအတွင်း ရန်ကုန်မြို့တွင် စာအုပ်ဈေးပွဲတော် သုံးကြိမ် ကျင်းပမည် ဖြစ်ပါတယ်။

“ဇန်နဝါရီ ၁၇ ရက်မှ ၂၀ ရက်အထိ မင်းဓမ္မလမ်းမှာရှိတဲ့ MCC ခန်းမမှာ Second Mega Expo 2014 Expo နဲ့ ပူးပေါင်းပြီး စာအုပ်ဈေးပွဲတော် ကျင်းပခဲ့ပါတယ်။

ဇန်နဝါရီ ၂၅ ရက်ကနေ ၂၈ ရက်အထိမှာ Reader Channel နဲ့ ပူးပေါင်းပြီး ရှင်စောပုလမ်းက Myanmar Event Park – MEP ခန်းမမှာ အကြီးဆုံး စာအုပ်ဈေးပွဲတော်အဖြစ် ကျင်းပပါမယ်။ အဲဒီပွဲမှာ တင်မိုးလွင်၊ နန်းခင်ဇေယျာ၊ နန်းဆုကေဆွမ်၊ အရိုး၊ ကျားပေါက်၊ နိုင်ဇော် (Lazy Club) တို့ရဲ့ ဟောပြေမှုတွေ ပါပါတယ်။

နောက်တစ်ပွဲကိုတော့ တော်ဝင် မိသားစု ကုမ္ပဏီရဲ့ စာပေမြှင့်တင် လူ့စွမ်းအင် ဆုပေးပွဲနဲ့အတူ တော်ဝင်စင်တာမှာ စာအုပ်ဈေးရောင်းပွဲကို ဇန်နဝါရီ ၃၁ ရက်ကနေ ဖေဖော်ဝါရီ ၂ ရက်အထိ ကျင်းပသွားမှာ ဖြစ်ပါတယ်။

စာအုပ်ဈေးရောင်းပွဲများနှင့် ပတ်သက်ပြီး ဦးသိမ်းစိုး သီဟရတနာစာပေ ဖုန်း-၀၉၅၀၃၈၀၆၅၊ ဒေါ်ဝိုင်း (ကံကော်ဝတ်ရည်စာပေ) ဖုန်း-၀၉၅၁၂၇၄၉၃ တို့ထံ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါကြောင်း ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁၆ ရက်နေ့ထုတ် Popular News ဂျာနယ်မှာ ဖော်ပြထားပါတယ်။