Pages

Monday, September 8, 2014

* နိုင်ငံဂုဏ်ရည် မဂ္ဂဇင်း နဲ့ “မချိအလွမ်း” ဆိုတဲ့ ကဗျာလေး *

ထိုင်းနိုင်ငံကနေ မြန်မာပြည် ပြန်ရောက်တဲ့ ညနေမှာ ရင်ထဲက တကယ့်ခံစားချက်လေးကို ရင်ဖွင့်ရေးသားလိုက်တဲ့ “မချိအလွမ်း” ဆိုတဲ့ ကဗျာလေး နိုင်ငံဂုဏ်ရည် မဂ္ဂဇင်းမှာ ပါလာတယ်။ စာမူခနဲ့ မဂ္ဂဇင်း စာအုပ်လေးက ကျွန်မရင်အစုံကို လှုပ်ရှားစေရုံမက ပီတီတွေ လွှမ်းစေခဲ့တာပေါ့။

မြန်မာဂန္ထဝင် ကဗျာလေးနဲ့ နိုင်ငံဂုဏ်ရည် မဂ္ဂဇင်းမှာ ထုတ်ဖော်ခွင့်ရလို့ ပျော်ရွှင်ရင်းနဲ့ ကျွန်မကို ကဗျာရေးနည်း ကူညီ သင်ကြားပေးတဲ့ ဆရာ/ဆရာမများနဲ့ သူငယ်ချင်း မိတ်ဆွေများကို ကျေးဇူးအရမ်းတင်ပါတယ်။ ဒါကြောင့်မို့ ဆရာ/ဆရာမများကို ဂုဏ်ပြုရင်း မဂ္ဂဇင်းစာအုပ်လေးကို တင်လိုက်ပြီရှင့်၊ ကြွားတာလည်း ပါတာပေါ့နော်။

အားလုံးကို လေးစားလျှက် ..

လရိပ်လေး(မောင်းမကန်)
၎. ၉. ၂၀၁၄

- - - - - - - - -

***မချိအလွမ်း***

မြင်ချင်ပါလျက်
မြင်ဖို့ခက်
ဆိပ်သက်နေ့စွဲ မီးနှယ်ကဲ။

ကြားချင်ပါလျက်
ကြားရခက်
ခွန်းဆက်ခြွေမှာ စောင့်လို့သာ။

ဆုံချင်ပါလျက်
ဆုံရခက်
မှေးစက်မျက်လွှာ သူ့ရိပ်သာ။

မေ့ချင်ပါလျက်
မေ့ရခက်
ရင်ထက်ဒဏ်ရာ နှိပ်စက်လာ။

မလွမ်းချင်လည်း
လွမ်းနေဆဲ
စိတ်ထဲသိမ့်သိမ့် မျက်ရည်ဝဲ။

မဝေးချင်လည်း
ဝေးနေမြဲ
သည်းထဲမှာပဲ ဒဏ်ရာကဲ။.....

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/