Pages

Tuesday, January 13, 2015

****ချစ်မဲ့ည****


ပန်းပွင့်ကိုခင် ကေသာဆင်၍
ပန်ချင်ပါလျက် အခူးခက်။

လရောင်လင်းဖြာ ကြယ်ကြွေပါလည်း
မြင်သာမြင်လျက် အဖမ်းခက်။

ညမွှေးပန်းလေး စိမ့်စိမ့်မွှေးလည်း
လွမ်းရေးနှိပ်စက် အနမ်းခက်။

နှစ်ကိုယ်တူယှဉ် ချစ်စမ်းချင်လည်း
မကြင်ခွဲလျက် သူရက်စက်။

လရောင်အောက်မှာ ပန်းနံ့သာဖြင့်
ကြင်နာဖက်ထွေး ချစ်ရည်သွေးလို့
ချစ်တေးကိုဆို မေတ္တာပိုကာ
ကြွေရာကြယ်လေး ကြည့်ကာငေးလျက်
ချစ်ရေးကိုငင် နေလိုက်ချင်လည်း
သခင်အဝေး ပုန်းရှောင်ပြေး၍
မုန်းတေးလေးပဲ ထားခဲ့သည်။

လရိပ်လေး( မောင်းမကန်)
(၁၃ . ၁ .၂၀၁၄)
http://layeiklay.blogspot.com/

Saturday, January 3, 2015

***မြင်းမိုရ်ဦးသို့ ကန်တော့ပန်း***




ကမ္ဘာတခွင် နှိုင်းမယှဉ်သာ
များရှင်လူသား ထွဋ်မြတ်ထားရာ
စွမ်းအားရှင်ဟာ အမေပါ။

ပန်းကိုမချိုး ပန်းကိုပျိုးသူ
ချစ်တိုးဖက်ထွေး ရင်နှစ်သွေးကို
သေဘေးမမှု မေတ္တာစု၍
ပြုစုပေးတာ အမေပါ။

သက်သွေးအပ်နှင်း ဘ၀ရင်း၍
ချစ်ခြင်းကရုဏာ နည်းစုံစွာဖြင့်
ကြင်နာနွေးထွေး ဘ၀ရေးကို
လမ်းရွေးပေးတာ အမေပါ။

မရှိဝမ်းစာ မဲ့ဥစ္စာနှင့်
နေရာခက်ခဲ ကြုံဆုံလဲလေ
စိတ်ဇွဲမကျ နည်းလမ်းပြလျက်
များလှပညာ ရစိမ့်ငှာလျှင်
ရှာဖွေခဲ့တာ အမေပါ။

သားသမီးများ အောင်မြင်သွားက
စိတ်အားတက်ရှာ ကြည်နူးစွာနှင့်
ကမ္ဘာတခွင် ယှဉ်မမြင်ဘု
စံတင်ဂုဏ်ယူ အောင်လံထူလျက်
ကြည်ဖြူခဲ့တာ အမေပါ။

တစ်ရပ်တစ်ကျေး ဘ၀ရေးကြောင့်
ရင်သွေးများက ခွဲခွါကြ၍
ဝေးမှနေလျက် ဝတ်ပျက်ကွက်လည်း
ထွေးယှက်မေတ္တာ စေတနာဖြင့်
ကြည်သာညွတ်ပြောင်း ပန်ဆုတောင်းလျက်
နေ့ရက်ကုန်တာ အမေပါ။

စကားပြောလို ဖုန်းခေါ်ဆိုက
ရင်ဖိုလှိုက်မော ငိုသံနှော၍
စိတ်ဇောလှုပ်ရှား သမီးသားကို
အားရ၀မ်းသာ ကျန်းမာပါစ
မြန်စွာမေးတာ အမေပါ။

ဝေမွှေးကြွေမွှေး ခရေလေးလို
ဖြူဖွေးမေတ္တာ ပေးဝေကာဖြင့်
နေသာလရောင် မဲ့အမှောင်သို့
လင်းရောင်ပေးတာ အမေပါ။

ဝသုန်မြေကြီး ပြိုပျက်စီးကာ
ရေမီးတောတောင် ခန်းခြောက်လောင်၍
လူ့ဘောင်ခန်းဝါ ပျက်သုဉ်းပါလည်း
မေတ္တာစေတသိက် အေးမြရိပ်တွင်
ထွေးသိပ်စေတာ မေ့မေတ္တာမို့
“မဟာမိခင် မြင်းမိုရ်ရှင်”ဟု
ခေါ်တွင်လို့ပင် တင်စားချင်။

ပညာရှင်များ ပုံတင်စားလည်း
စွမ်းအားပိုင်ရှင် မြတ်မိခင်ကို
မယှဉ်နိုင်သား အမေ့အားမို့
ရေးထားမှတ်တမ်း ကဗျာလမ်းဖြင့်
ရည်မှန်းရိုကျိုး လက်စုံမိုး၍
ချစ်ပျိုးသက်သေ မွေးမေမေကို
ဝေးမြေမှပင် ကန်တော့ပန်းဆင်။

လရိပ်လေး(မောင်းမကန်)
10. 12. 2014