Pages

Tuesday, October 30, 2012

သံသရာအတွက် အလှပြင်



ဘဝဆိုတာ ပြိုင်ပွဲတစ်ခုလား
ဒါဆိုရင်တော့ ဒိုင်မလိုဘူး
အနိုင် အရှုံးအတွက် စီးချင်းထိုးဖို့အသင့်ပဲ။

လောကဓံမာယာနဲ့ ကံကြမ္မာလှည့်ကွက်က
ငါ့အတွက်တော့ ခပ်ညံ့ညံ့ပြိုင်ဘက်လောက်
အရေးမပါဘူး။

ကိုယ့်ရာဇဝင် ကိုယ်တိုင်ရေးချင်ခဲ့တဲ့ငါ
အလစ်ချောင်းပြီးတော့ ချုံခိုမတိုက်ဘူး
မျက်နှာချင်းဆိုင်ခုတ်ပြီး ရာဇဝင်တွင်စေမှာ
အသက်လောင်းကြေးနဲ့စိန်ခေါ်ထားမှတော့
ဘဝစစ်မြေပြင်က သွေးခင်းရလည်း
ပြုံးမပျက် ဝိညာဉ်ထွက်တဲ့အထိ
ရှေ့ဆက်တိုက်ရမှာပဲ။

အဆင်းမလိုဘူး အချင်းပဲလိုတယ်
အတက်မရရင်အကျပေါ့
ဘာမှကြောက်စရာမလိုဘူး။

ငိုပြီးရင်ရီရမှာပဲ
ရှင်သန်ခြင်းနောက်ကွယ်က သေဆုံးခြင်းပဲ
ဘဝတိုက် ပွဲရဲရဲပဲနွဲမယ်ကွာ။

အသိပညာ ချပ်ဝတ်တန်ဆာနဲ့
ဆင်ခြင်တုံတရား လက်ခမောင်းခတ်
ထိုးနှက်ချက်တိုင်းရဲ့ အနိဋ္ဌာရုံမြင်ကွင်းကို
ငါအမှောင်ချလိုက်တယ်။

ရာဇဝင်မရိုင်းချင်တော့ ကံကြမ္မာဆိုးသုတ်သင်
မုန်တိုင်းဆင်တဲ့ သောကပင်လယ်ပြင်ကို
မြက်မစားတဲ့ခြင်္သေ့မင်း လှည့်ဆင်းပြီးအရေးမလုပ်တော့ဘူး။

အပြန်တစ်ရာမက အဖန်ဖန်ထလို့ 
ဥာဏ်တွေနဲ့ခြယ်သ ပကာသနပယ်ချလို့
သံသရာအတွက်ပဲ အလှပြင်တော့မယ်ကွာ။

လပြည့်ညသို့


ညအလှက
လမင်းနဲ့ခြယ်သ ကြယ်စုံမှသာယာပေမဲ့
မိုးမင်းနှိပ်စက် ရာသီစက်ကွင်း အလင်းမဲ့တော့
အဆင်းမတင့် ညှင်းသွဲ့သွဲ့နဲ့ ပျင်းရက်စရာပါ။
အလင်းတစ်ချက်အတွက် ဘဝတစ်ခုလုံးပျက်သုဉ်းလောက်တယ်
မိုးရိပ်တွေကညိုလေ ရင်အစုံကပြိုလုမတတ် နာကျင်လေပါပဲ။

ကြယ်ရောင်မလင်း အဖော်ကင်းတာ လမင်းအပြစ်မဟုတ်ပါဘူး
ဘဝအဆင်းမလှတဲ့ အညတရငါ့ဘဝကြောင့်ရယ်ပါ။
အမှောင်ညမှာ လရိပ်ဖြာစေချင်တော့
စောင်းတစ်လက်နဲ့ တေးဆက်နေမိသေးတယ်။
အစိုးမရတဲ့ရာသီ အခါမမှီ လွမ်းနေတော့
ဌာနီပြည်ကြီးပဲဝေးတော့မပေါ့။

တိတ်တခိုးနဲ့ကြိတ်ငို လွမ်းအားတွေပိုနေမိတော့
ဆွေးရိပ်ပျောက်လုလု ရစ်မူးနေမိတဲ့
ဆောင်းဦးညလေးကို တမ်းတမိပါလေစ။

စောင့်မျှော်ရက်တွေကုန်ဆုံး အလွမ်းတွေပျက်သုဉ်းလို့
တိတ်တခိုးမျှော်ကိုးနေမိတဲ့ ရင်ထဲကိုစူး
အသစ်ထူးဖြစ်စေမဲ့ လမင်းရဲ့အဆင်း
အသွင်ဆန်းလေးကို မြင်စမ်းတော့မယ်
မနက်ဖြန်ည သီတင်းကျွတ်ရဲ့ လပြည့်ည။

Monday, October 29, 2012

လရိပ်လေးရဲ့လပြည့်ည



မိုးတစ်ညရဲ့ အေးစက်စက်အရသာ
လမပါတဲ့ညချမ်း ဝေးခဲ့တဲ့လင်းလက်ခြင်းဒြပ်ထု
မြေမခချင်ပေမဲ့ ကြေမွနေတဲ့အသည်းကဆွတ်ပျံ့ပျံ့
ဇာတ်မျောတွေနဲ့အိပ်မောကျလို့
သဘာဝကျတဲ့လပြည့်ညကို မြင်ချင်နေခဲ့။

ဘဝပေးကမလှ ပညတ်တဲ့အရာက လရိပ်တဲ့
နေမင်းကကူ အရိပ်ယူလို့
မြင်သူတွေငေး ပျော်ရွှင်မှုတွေပေးရပါရဲ့
အသွင်မတူတဲ့ဇာတ်လမ်း မှတ်တမ်းမပြုချင်တော့
မိုးမပြိုခင်လေးတော့ လပြည့်ညကို မြင်ချင်နေခဲ့။

ကံကြမ္မာကို အသက်သွင်း ရင်ထဲကချဉ်ခြင်းအတွက်
အမြင်မဆန်းတဲ့ ညအလွမ်းတွေနဲ့
ဒဏ်ရာတွေကုစား မှိုင်းညှို့ရီဝေနေတဲ့
ညတရားကိုထားခဲ့လို့ ရမ္မက်ပန်းတွေချွေချရင်း
လပြည့်ညကို မြင်ချင်နေခဲ့။

အဆင့်သင့်လို့ ပြေပြစ်ခြင်းတွေ စာစီကုံး
ဘဝအရှုံးတွေလက်နက်ချ
နွေညရဲ့အိပ်စက်ခြင်းတွေနိုးထလို
ငါ့ဘဝရဲ့ ကြိုးတစ်စက ယဲ့ယဲ့လေးပြုံးပြတော့
မနက်ဖြန်ဆိုတဲ့ အရိပ်အောက်က မသွေ့ခြောက်တော့တဲ့
ညတစ်ညက လရိပ်လေးရဲ့လပြည့်ညပေါ့။

အချစ်ဦးသို့ …



ပုရစ်ဖူးတဲ့ ဒီနှစ်ဦးမှာ
နင်ဟာ ငါ့အတွက်
အဖြစ်ထူးတဲ့ အချစ်ဦးပါဟာ
ချောက်သွေ့နေတဲ့ ငါ့ရင်ခွင်ကို
ကမ္ဘာပြုမိုး ရွာသွန်းသလိုမျိုး
ငါ့ရင်တွေ ပြိုကျခဲ့တာ နင်မမြင်ခဲ့ဘူးနော်။

နက္ခတ် တာရာတွေကဘဲ
အသွားအလာမမှန်လို့ပဲလား?
ကမ္ဘာကြီးပျက်စီးသလိုမျိုး
ပျော်ဝင်သွားခဲ့ရတဲ့ ငါအချစ်တွေဟာ
မင်းနဲ့ကျမှ ဆင်ဆာဖြတ်ခံလိုက်ရတာပါ။

လောကရဲ့ ဖြစ်ပျက်ပေမယ့်
သောကရတက်ပွေကာ လွမ်းခဲ့ရမယ်ဆိုတာ
ငါမထင်ခဲ့မိတာ အမှန်ပါ။

မယဉ်ပါးတတ်သေးတဲ့ ငါ့နှလုံးသားကို
နင် သုံး မှ သုံးပါ့မလားလို့
 တိုးတိုးတိက်တိက်နဲ့ စိုးထိပ်လို့မှ မဆုံးခင်
Plain ဂိုးတွေသွင်းပြီး နင် နင်း ချေရက်တယ်နော်။

မနေခဲ့ချင်ပေမယ့် …
ကြွေခဲ့ရတဲ့ ငါ့နှလုံးသားကတော့
နေမတတ်အောင်ပါဘဲဟာ။

 နေမင်းကြောင့်  (မြေ၀ယ်နှင်းကာ)
ကြွေဆင်းခဲ့ရတဲ့ နှင်းပွင့်လေလို့
သေစေရန် နင် ညွှန်းစေချင်သလား?
သေတာကိုမှ နင် ကျေနပ်ခဲ့ရင်တော့
အချစ်ဦးရယ်…မေ့မူးအောင်နှင်း……

..

Saturday, October 27, 2012

မောင်သိပါစေ



မဘဝမှာ တကယ်တော့
မောင့်ရဲ့အကြည့်တစ်ချက်နဲ့တင်
အငိုက်မိခဲ့တာပါမောင်။

မိုးပျိုမှာ တော့ မကြောက်
မြေပျိုမှာ ကြောက်တဲ့သူလို
ခြေလွှာချရမှာတောင်
စိုးထိပ်လို့ နေမိတယ်  မောင်။

မေရုကို စုဒ်ထိုးလို့ မှင်ရေသမုဒ်နဲ့
ကောင်းကင်ကို ဆေးခြယ်ရင်တောင်
အရုပ်မဖြစ်ခဲ့တဲ့ သူပါ။

မောင့်ရှေ့ကို လှမ်းရောက်ခဲ့တာတောင်
ဆွံအအ သွားတာက
ဘယ်လိုအမှုမျိုးပါလဲ မောင်။

ထိုင်နေရင် အကောင်းသား
ထသွားမှ ကျိုးမှန်းသိဆိုသလို
မောင့်ကိုတွေ့ရင် မရဲ့အသိစိတ်တွေက
အလိုလို ဝေဝါးသွားခဲ့ရတယ် မောင်။

အဆင်သ့င်ပေမယ့် မပြင်မိတဲ့ မ..အဖြစ်တွေက
ရင်ကိုမချိအောင် လွမ်းမဲ့အဖြစ်ဆိုတာ
မသိခဲ့ရိုး အမှန်ပါ..မောင်။

မောင်ရယ် …..
အခုတော့ ကြင်ဖော်တစ်စုနဲ့
မောင်ပျော်ရက်ပြီနော်….။

ရက်စွဲတွေနဲ့ တစ်ချက်မလွဲ မှတ်ခဲ့ပေမယ့်
မောင်က ရက်စက်ခဲ့တယ်နော်
ပန္နက်စွဲခဲ့တဲ့အသဲက မောင့်အတွက်ပါ။

ရည်ရွယ်ဘူးတဲ့ အချစ်ဖူးတွေက
အခုတော့လေ..
မောင့်အတွက် နိုးစက်တစ်ခုလို
အနှောက်ယှက်တဲ့လားကွယ်။

အရင်မလိုခဲ့ပေမယ့် မောင်ကတော့လေ
လေတံခွန်လို အတင်းရုန်းလို့
ငြင်းချင်တုံးပါလား မောင်ရယ်…။

မောင်..မသိမ်းချင်ပေမယ့်…
အပိုးမကျိုးတတ်သေးတဲ့ မ  နှလုံးသားကတော့
မောင်ရယ်…ပျိုးပီးရင်းပျိုး ဆိုးပီးရင်းဆိုးလို့ပါပဲ။

တိတ်တခိုးချစ်

                                            


ညအဆင်းကို လမင်းလေးက
ထွေးဖက်လင်းလက်စေခဲ့သလို
ရုတ်တရက်တွေ့ခဲ့တဲ့ နင့်ရဲ့အပြုံးတစ်ချက်
အလင်းမဲ့တဲ့ ငါ့ရင်ခွင်ကို
တိုးသဲ့သဲ့လေး လှုပ်နှိုးလို့
ချစ်ကြိုးရမ္မက်တွေ ဝေစေတယ်။

မိုးအုံနေတဲ့ နေ့ခင်းမှာ
ရုတ်တရက် ထလင်းတဲ့နေမင်းလို
နင့်ရဲ့အကြည့်တစ်ချက်က
အရိပ်မဲ့တဲ့ ငါ့ရင်ခွင်ကို
အကြင်နာသွန်းဖြိုးလို့ မေတ္တာမိုးတွေရွာ
 နှလုံးသားတစ်နေရာစာမှာ
အချစ်သဒ္ဓါတွေ ဝေစေခဲ့တယ်။

နွေဦးကိုယစ်မူးစေတဲ့
တေးသီငှက်လေးရဲ့ ဆိုညဉ်းသံလေးလို
နင့်ရဲ့စကားသံလေးက ဆွံ့အနားမကြားတဲ့
ငါ့နှလုံးသားကို အချစ်တေးသွားလေးနဲ့
ချော့သိပ်နိုးထစေခဲ့တယ်။

အမြတ်တနိုးနဲ့ အချစ်တွေပျိုးချင်ပေမဲ့
နင့်ရင်ခွင်ဦးမှာ ဖူးပြီးသားအချစ်ပန်းက
ပွင့်လန်းနေတော့ အရူးအမူးလေးပဲ
ဝေးဝေးကနေ ဆွေးဆွေးလေးငေးလို့
တိတ်တခိုးလေး ချစ်နေတော့မယ်ကွယ်။

လရိပ်လှ



အေးမြကြည်ရွှင်
ကြည်လင်ဝင်းဝါ
လမျက်နှာကို
ငေးလို့ မဝ
လရိပ်လှ။

ဝင်းစိုလင်းလဲ့
ပြစ်မျိုးမဲ့စင်
လင်းလဲ့ပိုမို
လသခင်ကို
ဆွေးလို့မဝ
လရိပ်လှ။

ရွှေဝါဟန်ပန်
ရွှေဆင်းဟန်ပို
ရွှေလိုရဲရင့်
ဝင့်နွဲ့ဆင်းပ
လရိပ်လှ။

လင်းထိန်ပဝင်း
ရွှေမြဆင်းနှင့်
ကင်းစင်မိုးတိမ်
မမှိန်တောက်ပ
လင်းစွကမ္ဘာ
သာယာဆောင်စွ
လရိပ်လှ။

ပြည်သာအောင်



ရင်ဝယ်ထားပါ ကိုယ်ချင်းစာလို့
စာနာသနား အကြင်နာထား
ငါသာမာန အစဉ်ချလို့
ရင်မှမေတ္တာ လှိုင်လှိုင်ဖြာလျှက်
ပြည်သာအောင်ပဲ လုပ်ကြပါ။

ဒေါသကိုထိန်း အတ္တငြိမ်းစေ
အတွေးတွေစု ချစ်ခြင်းပြုကာ
လူထုအကျိုး စုသယ်ပိုးလို့
အမျိုးဘာသာ သာသနာငဲ့
ပြည်သာအောင်ပဲ လုပ်ကြပါ။

အမျိုးရယ်ပျက် သမိုင်းဖျက်မဲ့
ရက်စက်သူအား  အလေးထားကာ
အင်အားစုဝေး အသက်သွေးနဲ့
မနှေးချီတက် စိတ်ဓာတ်ထည့်ကာ
ပြည်သာအောင်ပဲ လုပ်ကြပါ။

ရှေးကအမွေ မပျက်စေဖို့
တွေဝေစိတ်တွေ မထားလေပဲ
မသွေအနှစ် တည်စေရစ်အောင်
မလစ်ဉာဏ်ဆောင် ဂုဏ်ရှိန်ရောင်နှင့်
ပြည်သာအောင်ပဲ လုပ်ကြပါ။

Friday, October 26, 2012

တစ်ခန်းရပ်ဇာတ်လမ်း



မာယာ အတ္တတွေ နဲ့အလှဆင်
လောဘ မောဟ ဝတ်ရုံခြုံလို့
မာနနဲ့ ကကြိုးသွယ်
တဏှာလိုက်ကာဖွင့်ဟ
လောကဆိုတဲ့ ပွဲခင်းဇာတ်သဘင်
လှမ်းအ၀င်မှာတော့ ရသစုံတေးသံစဉ်တွေနဲ့
အငို အလွမ်း ချစ်ခန်းတွေ ရောယှက်
ခင်းဆက်တဲ့ဇတ်လမ်း တင့်ဆန်းပေမယ့်…

အပြင်အဆင်က မထူးခြား
သောကမီးရောင်အောက်မှာ  သြချရလောက်အောင်
ဟန်ဆောင်လို့ကကြိုးတွေကြောင့် မျက်ရည်ကျသူကကျ
ပြုံးသူကပျော်  မဲ့သူကမုန်း
အဆုံးသတ်ကိုမျှော်ကိုး
 စိတ်အမောတွေနဲ့ တွေဝေ
 ဇာတ်လမ်းမှာနစ်မျောပျော်ဝင်လို
မှုန်ဝါးဝါးလွင့်ပျံ့နေကြတယ်။

ပဏာမဘဝ ယိမ်းအလှနဲ့စ
ဖြစ်ပျက်ခြင်းတွေကို တေးဆိုဖြေသိမ့်
အတိတ် ပစ္စုပ္ပန် အနာဂတ် တစ်ခန်းရပ်ဇာတ်လမ်း
 ဟာသနဲ့ခဏတွေ့  လွမ်းဆွေးနဲ့ဇာတ်သိမ်းလို့
ဘဝရဲ့ညတညကို ဟန်ဆောင်မှုမျိုးစုံနဲ့
ဖွဲ့နွဲ့ကာကပြတော့ အိပ်ပျက်ဒဏ်ခံလို့
                                           မိုးအလင်းပဲ ကြည့်လိုက်တယ်။

ဇာတာညံ့ခဲ့တဲ့ နှလုံးသား






လွမ်းဆွတ်ခြင်းတွေအနည်ထိုင်
နာကျင်ကြေကွဲခြင်းက ပြင်းရှရှ ၀ိုင်တစ်ခွက်လို
စပ်ဖျင်းဖျင်းအခံရခက်တဲ့ နင့်ရဲ့ချစ်ချင်းကို
နွေဦးမှာယစ်မူးမိတဲ့ တေးသံစဉ်လေးလို
ချိုမြမြလေး နားဝင်ချိုလို့
အဦးအဖျားလေး ရူးသွားစေတယ်။ (လရိပ်လေး)

သတိရခြင်းအမောဖောက်မှုက
အိမ်မက်လိုသန္ဓေတည်ပြီး
နူးညံ့မှုမရှိတဲ့ မင်းရဲ့လှုပ်ရှားဟန်
လေပြေမဆန်တဲ့ရှတတစကားသံက
ငါ့ကို အရူးဖြစ်စေခဲ့တယ်… (Romeo Soe)

ငါ့နှလုံးအိမ်မှာ အချစ်ဆိုတာ
နှင်းစက်လေးတွေလိုအငွေ့ပျံ
ခရေလိုမြေခ ဆေးစက်စွန်းထင်းတဲ့
ပန်းချီကားတစ်ချပ်လို အဝေးလွင့်မဲ့
ကျိန်စာများသင့်ခဲ့လေသလား။ (လရိပ်လေး)

ငါ့ဇာတာမှာ အချစ်ဆိုတာ
မြေပေါ်ချနင်းတဲ ဖိနပ်တစ်ဖက်နဲ့
ကံကြမ္မာကိုရေးဖွဲ့သတဲ့
ဘယ်လောက်ရယ်မောဖို့ကောင်းလိုက်သလဲ… (Romeo Soe)

လွမ်းနေရလည်းရှိပါစေတော့
အကြင်နာတွေ မပေးအပ်နိုင်တော့မှ
နင်ရဲ့အဝေးတနေရာမှာ
ငါ့ရဲ့အတွေးအိမ်မက်တွေကို
ကျိန်စာတိုက်ပြီး ယဇ်ပူဇော်ဖို့
စတေးလိုက်တော့မယ်ကွာ။ (လရိပ်လေး)

အရှုံးဆိုလဲ ရှိပါစေတော့
သံယောဇဉ်ခြုံ မလုံခြုံတော့မှ
သူထွက်ရာအရပ်မှာ
ငါ့အိမ်မက်ကို ဂူသွင်းသဂြိုလ်လိုက်တယ်……(Romeo Soe)

နေမ၀င် ***ဘ၀***




အဆင်မပြေလိုက်ပုံများ
ကျွန်တော့် အတွက် နေ့တိုင်း ပြဿဒါးကြီးပဲလား
နဂါးခေါင်းလှည့်တဲ့ဘက် ရောက်ရောက်နေတဲ့ငါ
အလင်းတစ်စ မ၀င်းပ ဘူး မှတ်တယ်
ငါနေတာက မာယာတွေများတဲ့
လက်ယာတောင်ကျွန်းမှာ ကျိုးနွံစွာ စံနေရတယ်....(Lay Da Khon)


နာကျင်လိုက်ပုံများ
ငါ့အတွက်ကအလွဲကြီးပဲလား
လုပ်ဇာတ်နဲ့စွဲချက်တင် ဘ၀တရားသူကြီးရဲ့
လက်အောက်စံဝင် အမှန်ကိုမဖော်ဝံ့
ရေမရှိတဲ့ကန်ထဲက ငါးလိုလူးလွန့်ရင်း
စပ်ဖျင်းဖျင်းနဲ့ ဘ၀မှုခင်းရဲ့ဖြေရှင်းချက်ကို
ဖြစ်ပျက်တွေထည့်ထားတဲ့
အကျဉ်းလှောင်အိမ်ထဲကစောင့်နေရတယ်။ (လရိပ်လေး)


မိုးခါးရေတွေ မျိုချထားတဲ့ လူတွေကြည့်ရင်း
ဘ၀အတွက် နေ၀င်ချိန်တွေ အောက်
ငါ့ဘ၀ငါလျှောက်ဖို့အတွက် မိုးခါးရေတစ်ပေါက်
ငါလိုက်ကောက်ချင်နေတဲ့ အတွေး ........
အနောက်တောင်မုတ်သုန်လေနီကြမ်းအောက်
နောင်တတွေလည်း အကြိမ်ကြိမ် လှောင်ရီကြတယ်
ရှုံးနိမ့်မှု့တွေနဲ့ ရင်ဆိုင်နေရတဲ့ဘ၀ပေမယ့်
ပညတ်/ပရမတ်တွေအောက် မှာကြိုးစား
ငါအမိုက်တရားတွေ ဘယ်တော့မှ မကျင့်ထားဘူးကွယ်….(Lay Da Khon)


စည်းဘောင်တွေကျော် အတ္တတွေနဲ့မော်ကြွား
ပကာသနနာမ်စားတွေသုံး အလဲထိုးတတ်တဲ့
ငွေဂုဏ်ခင်လူတန်းစားတွေကြား ငါ့ဘ၀တစ်ထောက်နားဖို့
အားမာန်တွေနဲ့စစ်ခင်း အမှန်တရားဆိုတဲ့ လမ်းကျဉ်းလေးက
ခေတ်ဆိုတဲ့ စက်ယန္တရားအောက်မှာ အကြိမ်ကြိမ်လဲပြိုပေမဲ့
ကာရံညှိလို့မရတဲ့ ဘ၀ကိုအံတုလို့ မဝေးတော့တဲ့ပန်းတိုင်ဆီ
လှမ်းချီမဲ့ငါ့ရဲ့အသိတရားတွေကိုစေစား ခံစားချက်တွေချနင်း
ဘ၀အလင်းအတွက် လောကဓံစစ်တလင်းမှာ
ဘယ်တော့မှ နောင်တဆိုတာကို လှည့်ပြန်မကြည့်ဘူး။ (လရိပ်လေး)
 

** တူနှစ်ကိုယ် သစ္စာ **



စိတ်အစဉ်မှာ နှစ်လိုဖွယ်ရာ
ရစ်တွယ်တာလျှက် သခင့်အတွက်
နှလုံးသွေးစက် နှင်းဆက်အပ်ရင်း
ချစ်ခြင်းခိုဝင် အပြစ်ကင်းစင်
သိုးငယ်အသွင် ပေးဆပ်ကြင်လျှက်
ဘ၀ထပ်တူ ကြည်ဖြူအဆင်း
ငွေနှင်းပုံနှယ် ဖြူစင်လွှလွှ
ချစ်ပါရစေ။ (လရိပ်လေး)

မေတ္တာသန့်ရှင်း၊ ငြိမ်းအေးခြင်းနှင့်
ထုံသင်းမွှေးပျံ့၊ သင်းရနံ့တို့
ရှင်းသန့်ထုဆစ်၊ ရင်မှဖြစ်သော
အချစ်ဥယျာဉ်၊ သင့်တွက်ပင်မို့
တွေးမြင်စိတ်မှာ၊ ဆက်သပါသည် . . .။ (ရင်နင့်သူ)

ချစ်ပန်းချီရေး နှလုံးသားလေး
မှုန်းချယ်ပေးကာ အသည်းသက်တွေ
ထည့်သွင်းပုံဖော် သခင်ပျော်ဖို့
ရင်မှာရည်စူး အချစ်ဖူးနဲ့
အနှစ်တူးဖော် စောင့်စားမျှော်လျှက်
ဘ၀သော်ခြား မဆုံငြားလည်း
အသက်ပေးကာ ချစ်ပါရစေ။ (လရိပ်လေး)

ရဲရင့်တည်ငြိမ်၊ နှစ်လုံးအိမ်မှ
အရှိန်ရင့်သန်၊ သတ္တိမှန်ဖြင့်
 ဖွဲ့လျှက်ဖန်ဆင်း၊ ဥာဏ်အလင်းနဲ့
တည်ခင်းစောင့်ရှောက်၊ ရန်မရောက်ဖို့
မျက်မှောက်သစ္စာ၊ ပေးအပ်ပါသည်။ (ရင်နင့်သူ)

အေးမြလန်းရွှင် စမ်းအသွင်နှင့်
ရင်မှပြင်းပြ ချစ်တစ်စကို
သခင်လိုရာ ပန်ဆင်သဖို့
အစေခံနှယ် ရွယ်ရည်မော်ဖူး
ပျော်မြူးစေချင် မေတ္တာအရှင်
ဧကန်ပင်မို့ သံသရာဘဝ
ကျင်လည်နေသမျှ နားလည်ပေးဆပ်
နူးညံ့ခြင်းဖြင့် အပြစ်ကင်းစွာ
ချစ်ပါရစေ။ (လရိပ်လေး)

မိုးမြေသက်သေ၊ မေတ္တာစေရာ
ငှက်ရွှေမောင်နှံ၊ ဘ၀ဂ်ညံအောင်
ရည်သန်ကျူးရင့်၊ သစ္စာတင့်သော
ဘုန်းမြင့်စိတ်အား၊ ချစ်စိတ်ထားဖြင့်
ရိုးသားပေါင်းဖက်၊ ထာဝရအကြောင်းဆက်စေမည်. . . ။ (ရင်နင့်သူ)

Thursday, October 25, 2012

စည်းလုံးခြင်းရဲ့ အင်းအား


လောကမှာ လူရယ်လို့ ဖြစ်လာပြီဆိုတာနဲ့ ဖြစ်ပြီးရင် ပျက်တတ်တယ်ဆိုတာကို လက်ခံကြတယ်။ ဒါပေမဲ့ ဖြစ်ပြီး ပျက်တတ်တယ်ဆိုတဲ့ စကားက သေခြင်းတရားကို ဖော်ညွှန်းတရားပြနေခြင်းပါ။ ယခု လက်ရှိနိုင်ငံတော်အတွက်ကတော့ ပျက်ပြီး ပြန်ဖြစ်လာအောင် လုပ်ဆောင်ရမှာ ဖြစ်တယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာ သာသနာအတွက် လူမျိုးအတွက် အဓိက လိုအပ်ချက်တွေ ရှိနေတယ်။ အဲဒါကတော့ အာဇာနည်ပီသတဲ့ မျိုးချစ်စိတ်ပဲ။ မျိုးချစ်စိတ်ရှိခြင်း၊ စည်းလုံးညီညွတ်ခြင်း၊ ဆိုတဲ့စကားလုံးလေးတွေက အရာအာလုံးရဲ့ ထိပ်ဆုံးကို ပို့ပေးနိုင်တယ်။
ကျွန်မတို့ မြန်မာတွေဟာ

ချိုပေါ့ကျ..တစ်ခွက်



ဟိုရင်တစ်ခါ ဖြစ်စဉ်ခါက
ခိုဝင်ခစား ကြင်နာများနဲ့
ယုယထွေးယှက် ရင်ခွင်ထက်မှာ
ငြိုငြင်ကင်းမဲ့ ပျော်ရွင်ခဲ့၏။

သြော်… ခုတော့ငါ့မှာ
ဘယ်ဝဋ်ကြမ္မာ စီရင်သလဲ
အသဲကနာ ရင်ကဆာနဲ့
ဟိုးတွေးဒီတွေး တရေးရေးနှင့်
ထင်နိုးမြင်နိုး မရွင်တိုးလို့
လှည့်စားစိတ်ဝင် ဘဝင်လှုပ်ခတ် အဟုတ်မှတ်လို့
ကနေ့လည်း ချိုပေါ့ကျ တစ်ခွက်သောက်အုံးမယ်..

ဇီဝဇိုးပမာ စေတနာ


ရေပြင်ပြာပြာ အဏ္ဏဝါဝယ်
တန်ဆာဆင်လျှက် ကျောက်ဆောင်ထက်ဖျား
ပေါက်ဖွားနားခို အာခေါင်စိုမှ
ထားသိုအာစေး ထုတ်အန်ထွေးကာ
ရစ်ထွေးထုဆစ် အသိုက်ဖြစ်အောင်
အနှစ်ဆောင်ထား အထူးခြားဆုံး
ပျံလွှားငှက်မျိုး ဇီဝဇိုး။

ထိုငှက်နားလှုံ အသိုက်မြုံကား
အစုံရသာ ထူးခြားကာဖြင့်
များစွာလူသား အကျိုးများအောင်
ဆေးဝါးပုံနှယ် အကြောင်းသွယ်တော့
လူ့ဝယ်ခွန်အား စွမ်းပကားက
ဆန်းပြားအသွင် လှသွေးယှဉ်ကာ
အစဉ်အားကိုး ဇီဝဇိုး။

ငှက်ငယ်အသွင် လောကတွင်ကား
အစဉ်ကြိုးစား လူသားများတွက်
ခွန်အားထည့်ပေး တိုးတက်ရေးကို
အတွေးသစ်ဆန်း စာပေလမ်းဖြင့်
တက်လှမ်းစေချင် တကယ်ပင်မို့
တွေးထင်စုပုံ သွေးစက်ခြုံကာ
နှစ်လိုစွာပင် ပေးဆပ်ချင်သည်
အစဉ်ရွယ်လျှက် စာပေအတွက်။

အလွမ်းတွေခင်းထားတဲ့ အချစ်လမ်း



အတိတ်ရဲ့ ဟိုးတစ်ဖက်မှာ
ကျန်ခဲ့တဲ့ ပျော်ရွှင်ခြင်း
အလွမ်းကြိုးသီဖို့
ကြွေကျတဲ့ မြေခမဲ့ချစ်ခြင်း
နှလုံးသားစစ်တလင်းမှာ
အသည်းခင်းကစားခဲ့ပြီ။

သက်ပြင်းတဲ့ချစ်ခြင်း
မုန်တိုင်းလိုရိုက်ခတ်
သည်းထန်တဲ့လွမ်းစိတ်
ချုပ်နှောင်ခြင်း သမုဒယ
ရင်နဲ့အမျှ ထပ်တူကျလို့
အချစ်လမ်းက အလွမ်းတွေခင်းတော့မှာလား။

အစားထိုးမရ လှစ်ဟထားရစ်
နှောင်တွယ်ရစ်တဲ့ နှလုံးသားမှာ
အေးစက်တဲ့သွေးစက်ကပုံစံတကျ
နေရာယူ လာသူကိုရန်မူ
အမုန်းတံခွန်စိုက်ထူနေတော့မှာလား။

မဆီမဆိုင်ဝင်လာတဲ့ နာကျည်းချက်
ဝေဝါးတဲ့ သံသယတွေ မနာလိုမင်းစေခိုင်းတဲ့
သဝန်တိုခြင်းဆိုတဲ့ သစ္စာရှင်အမတ်
အမုန်းစေညွှန်ရာ နာခံတဲ့ ရက်စက်ခြင်း
အာဏာပါးကွက်သား အတိမ်အနက်မရှိ
စီရင်မှတော့ အလွမ်းနိဂုံးနဲ့ အဆုံးစီရင်ရပြီပေါ့။

အချစ်စေရာ အကြင်နာလမ်းခင်းချင်ပေမဲ့
ရာသီမမှန်တဲ့သံသယမိုးကအငြိုးနဲ့ရွာမှတော့
မေတ္တာနဲ့အချောကိုင်မဲ့ အချစ်လမ်းက
အမုန်းလွှမ်းတဲ့ ခရောင်းလမ်းနှယ်
ကြေမွကြမ်းတမ်း အလွမ်းရောင်တွေနဲ့ ကျွမ်းရပြီပေါ့။