Pages

Wednesday, October 3, 2012

***ဘန်ကောက်သွား တောလား***

ဘန်ကောက်သွား တောလား

ထိုင်းနိုင်ငံရဲ့ မြို့တော်ဗန်ကောက်မြို့ကြီးတဲ့၊ နတ်ပြည်တမျှ လှတယ်ဆိုပါလား?  ရောက်ချင်လိုက်တာ အရမ်းဘဲ၊ ရောက်လာခဲ့ပြီ၊ တွေ့လိုက်ပါပြီ၊ တန်ခိုးကြီးတဲ့ ဘုရားတွေကပေါ၊ အလှအပတွေကစုံ၊ အညတရလူတွေကလည်း တစ်ပုံတစ်ပင်၊ ကားတွေကလည်း လမ်းတောင်မမြင်၊ လူတွေကလည်း အမျိုးစုံသပ၊ သြချရလောက်အောင် လောကအလှတွေရောပြွမ်း အဆိုးအသွမ်းတွေကလည်း အကဲစမ်းကြ၊ မြင်သမျှက အခြယ်အသ၊ ပြောစကားကလည်း တောသားမို့လားမသိ တစ်ရွေးသားတောင် နားမလည်၊ ယောင်လည်လည် အသိတွေနဲ့
 မြင်တာကို ငါမမက်လေတော့ တိမ်တိုက်ပျောက်ကွယ် လရောင်မဲ့ညအလား၊ အတွေးကမှောက်မှား သူဋ္ဌေးအိမ်မှာ အဟုတ်မှတ်၊ တစ်ယောက်တည်း အပျော်ဇာတ်ခင်း၊ ညမင်းကို အဖော်ပြု၊ ပတ်ဝန်းကျင်ကို အံတု၊ ငွေဆိုတဲ့ အရာတစ်ခုအတွက် ငါအိမ်မက်မက်ရင်း နေ့အလင်းတွေကို အရိပ်ကင်းကင်း ဘ၀အလှခင်း အတွက် ဖြတ်သန်းခဲ့ရ၊ တနှစ်နဲ့တစ်လ တစ်နေ့ကျတော့ ဘ၀အစပေါ့။
သူငယ်ချင်းကဖုန်းဆက်၊ အပြင်ဘက်လည်း ခဏလောက်ထွက်ခဲ့၊ အစစတွက်ပြင်ဆင်၊ ဘ၀ရသတွေခံစား၊ လူတွေနဲ့ ပေါင်းပါအုံးလားဟဲ့? ငတုံးငအ ငါ့ဘဝရောက်နေပြီလား? အကြိမ်ကြိမ်ပြန်တွေး၊ လူတကာအရေး ငါပြန်လည်လှုပ်ရှား၊ စွန့်စားသင့်နေသေးသလား? လူပီသဖို့ ငါပြန်အားထုတ်၊ နောက်ကျတဲ့ အတွေးများ ခဏခေါက်ထား၊ အပြင်ကိုစသွား လိုင်းကားလည်းမသိ တက္ကဆီဆိုဝေး ဘယ်လိုတွေးရပါ့ရှင်၊ အမြင်ကသေး အတွေးကမကျယ်လေတော့ မောရပါပေါ့အခါခါ၊ မတတ်သာတော့ အကူရှာ၊ သူငယ်ချင်းက တစ်ခါတော့လာကြိုပါရဲ့၊ လိုင်းကားပေါ်တက် ဘယ်နေရာဆင်း ဘယ်လိုပေးနဲ့ သင်ပြပါရဲ့။
အသစ်အဆန်းကဖြစ် အဆင့်တန်းကလည်း မမြင့်လေတော့ မမှတ်မိ ရပ်ကြည့်နေရုံ၊ အပို့အကြိုနဲ့ အိမ်ကိုပြန် နောက်တစ်ခါကိစ္စကပေါ်ပြန် ကိုယ့်ဟန်နဲ့ကိုယ်မာန်တင်း၊   ရှိသမျှအားအင်နဲ့ ဖုန်းဆက်လို့ မေးကာထွက်လာပါရဲ့၊ လမ်းကမသိ မှတ်တိုင်လည်းမမှတ်မိ လိုင်းကားလည်းမစီးရဲ တက္ကဆီကို ရဲရဲခေါ်လို့ နေရာကို မပြောတတ်တော့ သူငယ်ချင်းကို အပူကပ် ကားဆရာကို ပြောခိုင်း ဖုန်းနဲ့ရယ်ပြောလေတော့ ကားဆရာကသိပြီပေါ့ မြန်မာရယ်လို့ လူလည်ကျမဲ့အထာ တခါတည်းသာ ပေါ်လာပါပြီ၊ နှစ်မှတ်တိုင်လောက်ခရီး ဆယ်မိုင်လောက်လောက်စီးလည်း မရောက် ကြောက်တာက တစ်မျိုး မီတာတက်တာက တစ်သွယ် ရင်ဝယ်ပူမီး ဖိစီိးလေတော့ ဆက်ပါပေါ့သူငယ်ချင်းဆီ၊ ကားဆရာဆီ ဖုန်းအပေး လမ်းအမှန်ကို ပြောပေးလေမှ အော်သိပြီသိင်္ပြီတဲ့၊ ကားဆရာရယ်.. သိလို့သာတော်သေး၊ မသိလို့ကတော့ ရှုမငြီးတဲ့အလှတရား တနေ့လုံးများ ကြည့်နေရမလားဘဲ။
နေရာလည်းရောက် မီတာဘောက်ထောက်လေတော့ နှစ်ဆယ်ခရီး နှစ်ရာနဲ့တောင်မပြီး ပေးလိုက်ရပါပေါ့ သုံးရာ၊ နောက်တစ်ခါ တက္ကဆီဆို ဝေးဝေးသွား၊ လိုင်းကားသာ စီးတတ်အောင် စွမ်းဆောင်ရပါပေါ့။ ဗန်ကောက်ဆိုတဲ့ မြို့ရဲ့အထာ တက္ကဆီနဲ့သာ လာမယ်ဆိုရင်တော့ စကားလည်းကျွမ်း အသွားလည်းကျွမ်း အထာလည်းပေါက်လေမှ တက်လို့သာစီးလေတော့၊ နို့မို့ဆို မြို့တစ်မြို့ကို အလှကြည့်နေသလို ရှိသမျှကုန်မည်ပ အသေချာ။
ဒီနေရာဒီအထာ မကြာမကြာ ဖြစ်နေကျရယ်မို့ နောင်အခါ သတိထား အသိမမှားရလေအောင် တွေ့သမျှကိုမေး ရသမျှကိုမှတ်စုပြုလို့ ဗန်ကောက်မြို့က တက္ကဆီတွေကြား လည်ပတ်အောင်သာ သွားကြပါတော့၊ တောမကျွမ်းတဲ့မုဆိုး လမ်းပျောက် စကားမကျွမ်းတဲ့ လူမျိုးခြားတစ်ယောက် ဗန်ကောက်ကတ္ကဆီ အလှည့်ပတ်အောက် လမ်းပျောက်မှာတော့ အသေချာပါဘဲ၊ ဒါကြောင့် ဘယ်နေရာ ဘယ်ဋ္ဌာနေဘဲ ရောက်ရောက် သူ့စကားသူ့အထာ သူတို့ရဲ့မာယာတွေကိုတော့ သိအောင်လုပ်ထားသင့်တယ်၊ ဘယ်သူ့ကိုမှ အပြစ်တင်လို့မရ၊ ကိုယ့်ကငအ သူ့ကငပွ ဒီလိုဘဲ စကြလေမပေါ့၊ နောက်တော့မှသာ ကိုယ်မခံရအောင် စွမ်းဆောင်ကြပါတော့၊ ဒီလိုမဟုတ်ခဲ့ရင်တော့ ဗန်ကောက်မြို့ရဲ့အလှတရား ရှိသမျှငွေအား အကုန်ထားခဲ့လို့ အဝသာကြည့်ပေတော့…. သူငယ်ချင်းတို့ရေ… တကယ့်အတွေ့အကြုံကို ပုံဖော် ရေးသားလိုက်ခြင်းပါ၊ သတိထား ဆင်ခြင်နိုင်ကြပါစေ။

No comments:

Post a Comment