Pages

Sunday, April 21, 2013

***ပင်လုံစိတ်***



ဗိုလ်ချုပ်အောင်ဆန်း ဂုဏ်ရောင်လွှမ်းချိန်
တောင်တန်းပြည်မ သွေးစည်းရဖို့
ပြည့်ဝစိတ်ထား မေတ္တာအားနှင့်
လေးစားဖွယ်ရာ ပြုလုပ်တာကြောင့်
မြန်မာပြည်ဟာ သွေးစည်းလာ။

ရှေးကစဉ်လာ မှတ်တမ်းမှာကား
ပြည်သာစေရေး ၀ိုင်းဝန်းတွေး၍
စုဝေးညီညာ ကြိုးစားကာဖြင့်
ဘာသာလူမျိုး ဂုဏ်ရောင်တိုးအောင်
အားကြိုးမာန်တက် ဆောင်ရွက်ခဲ့။

အခုချိန်မှာ အမုန်းသာပွား
မေတ္တာရှားပါး အတ္တများဖြင့်
ခွဲခြားဘာသာ ပြဿနာကို
ဖွေရှာပြစ်တင် မာနယှဉ်ကာ
မဆင်ခြင်ပဲ သွေးကွဲလာ။

ရန်ကိုရန်နှင့် ထပ်၍ဆင့်ကာ
မသင့်တင့်ပဲ မာန်စောင်ကဲလျှင်
သွေးကွဲပျက်စီး အငြိုးမီးသာ
မငြီးလောင်ကျွမ်း ပြည်ရွာလွှမ်းကာ
ငြိမ်းချမ်းမေတ္တာ ဆိပ်သုန်းမှာ။

လူရယ်ဖြစ်လာ ဒီကမ္ဘာမှာ
မေတ္တာရောင်ပြန် ရှိမြဲမှန်မို့
နည်းဟန်မူရာ တည့်မတ်စွာဖြင့်
ညီညာဖျဖျ ပြုလုပ်မှသာ
လှပပြည်ရွာ စိုပြည်မှာ။

လူသာချင်းသာ ကိုယ်ချင်းစာ၍
ကြင်နာလို့သာ ဖေးမကာပင်
မကွာအိုးအိမ် တို့ရွာမြေတွက်
စိတ်နေမြင့်မား သွေးစည်းအားဖြင့်
ကြိုးစားလို့သာ တို့မြန်မာများ
မြန်စွာလေးထား ကြိုးစားသွား။.....(လရိပ်လေး)(21 .4 .2013)

Friday, April 19, 2013

***အချစ်မှာအတ္တပါးပါးလေး ဖြစ်ဖို့တော့လိုတယ်***



အချိုမြိန်ဆုံး အသီးတွေကိုပဲ ချပျိုးမိတာပါ
ဒါပေမဲ့ အဆိပ်တွေကိုပဲ ကိုယ်တိုင်ပြန်သောက်နေရ
ငွေ ဆိုတာ မာန်မာနရဲ့မျိုးစေ့လား သို့သော်..
နားလည်မှုကိုတော့ ၀ယ်ယူလို့ မရနိုင်ပါဘူး.
အတ္တကိုပဲ ခံတွင်းတွေ့ နေရင်
သိမ်မွှေ့ခြင်းကို ကျောခိုင်းရလိမ့်မယ်။

ချစ်ခြင်းကို သတ်သူဟာ အမုန်းဆိုတဲ့ကြမ်းကျုပ်သူ များလား
ပျံ့လွင့်ခြင်းကို ပွေ့ဖက်ထားနေသမျှ
ကြေကွဲခြင်းနဲ့နှစ်ပါးသွားကနေရဦးမှာပေါ့
ရာသီတွေကို မျှောချထားရင်း နောင်တတွေကို
တစ်ခွက်ပြီးတစ်ခွက် ဆက်သောက်လိုက်မိ
အမှန်တရားဆိုတာ ကျကွဲတတ်တယ်လား။

ရယူမှုတိုင်းမှာ လောဘကို နန်းတင်ထားရင်
နှလုံးသား ပလ္လင်ထက်မှာ အသည်းစားကဗျာရှင်
အလွမ်း အက္ခရာလေးပဲ မင်းမူနေလိမ့်မယ်
အာဇာနည်တွေရဲ့တေးသွားတိုင်းမှာတောင်
ကျရှုံးခြင်းသံစဉ်တွေ စိုးမိုးရသေးတာပဲလေ။

မနုဿထောင်ချောက်ထဲမှာ ယစ်မူးချင်ရင်
အပြင်အဆင်က အသူရာထက် နက်ဖို့ လိုမယ်
ဝေဒနာကို ချောင်ပိတ်ထားရင် ဖြူစင်မှုကို နှုတ်ဆက်လိုက်ပါ
ချစ်ခြင်းတရားအတွက်တော့ သွေးအေးသတ္တ၀ါတစ်ကောင်ကို
ရင်ခွင်မှာ ပိုက်ထားဖို့ လိုလိမ့်မယ်။

အလွမ်းပြင်ဆင်ချက် ဆိုတဲ့ စာကြောင်းက
အလွမ်းကို ဥပေက္ခာ မပြုနိုင်ပါဘူး။
ဘုရားပြီးသွားရင် ငြမ်းဖျက်ရတယ် ဆိုပေမဲ့
အချစ်ပြီးရင်တော့ အလွမ်းကို ဖက်ထားရဦးမှာပဲလေ
အမှားဝင်္ကပါ မှာ နိဂုံးမချချင်ရင် အရာအားလုံးကို
နှလုံးသား အမိန့်အောက်မှာ ဒူးထောက်ရလိမ့်မယ်
အချိန်မလွန်ခင်လေးမှာ နားလည်မှုဆိုတာလေးကိုတော့
စားသုံးတတ်အောင် လေ့ကျင့်ရဦးမယ်..။.

Thursday, April 18, 2013

လွမ်းရစ်ရာသီ မိုးစက်သီ







ဝဿန်ချိန်ခါ မိုးရိပ်လာသော်
မှိုင်းကာညှို့ညှို့ လွမ်းရင်ဆို့ပြီ
စို့စို့မျက်ရည် မိုးစက်သီသို့
ဘယ်ဆီဘယ်လမ်း ရော်ရီမှန်းလို့
တမ်းတမ်းတတ လွမ်းရသည်.

မိုးတဖွဲဖွဲ ဝေ့ဝေ့သဲလျှင်
ရင်ထဲစွဲထင် ချစ်ခဲ့စဉ်ကို
ပြန်မြင်လာမိ ဖြေမညှိသာ
တွယ်ငြိကာပင် လွမ်းစိတ်ဝင်သည်
နာကျင်ခြင်းသာ စိုးမိုးပြီ.

မိုးသက်လေပြင်း ရိုက်ခတ်ဆင်းတော့
ချစ်ခြင်းဝေဆူ ကူမဲ့သူဝေး
ရင်ပူအတွေး လေပြေထွေးလည်း
လွမ်းရေးသာငင် စိတ်မရွှင်ပဲ
စမ်းသွင်ပုလဲ မျက်ရည်ဝဲ။

ရာသီမိုးကုန် ဥသြပျိုတို့
တေးဆိုသိမ့်ချိန် လွမ်းဆိပ်ပြေ၍
ချစ်တွေဝေလျက် မေတ္တာသက်ကာ
ရင်ထက်ဒဏ်ရာ ငြိမ်းစေ့ငှာဖြင့်
သစ္စာဆုခြွေ မိုးသက်သေ။


***အတာနွေဦး***



တောင်တန်းကြ်ီးနဲ့ပင်လယ်ပြာ
ဝိုင်းရံကာတဲ့ တို့တောရွာ
နွေဂိမာန် အတာတန်ခူး
ဥသြလေးက တေးသီကြူး။

ခါနွေနှောင်းစ သင်္ကြန်ခါ
မိုးလေးတဖြောက်ဖြောက်ရွာ
ပိတောက်တွေ ရွှေရည်လူး
အတာဟောင်းကြူး လတန်ခူး။

အိုးစည်ဗုံမောင်း သံသာစွာ
ညီညီညာညာ တီးကြဆိုကြ
ဖော်ရွှေလှတဲ့ ပျိုမေတွေ
သိမ်သိမ်မွေ့မွေ့ ရေကစားနေ
ကလေးများလည်း ပျော်ရွှင်မြူး
ကြည်နူးစရာ နှစ်သစ်ကူး။

အလှထူးတဲ့ ပျိုမေတွေ
ပန်းပိတောက်တွေဝေ
ဆံထုံးမှာ ပန်ဆင်ထား
ယဉ်ကျေးလှ တယ်တအား
ပါးမို့မို့က သနပ်ခါးတွေ
ရေစိုကွက်ကြား လှလို့နေ
လူပျိုလေးတွေ နောက်ပြောင်ကာ
ချစ်တာကြိုက်တာ ပြောကြဆိုကြ
အပျိုအအို သူတို့မရွေး
တာရေသွန်းပေး ကြည်စယ်သေး။

တူးပို့ တူးပို့ တေးသံသာ
မဏ္ဍပ်တိုင်းမှာ ဖွင့်လို့သာ
အလှူဒါနတွေ ပေါင်းစုလုပ်ကြ
အမျိုးဘာသာ ဓလေ့ရိုးရာ
သင်္ကြန်ခါမှာ ၀ိုင်းကာထိန်းလျက်
အေးငြိမ်းစေတာ တို့မြန်မာပဲ။

နှစ်ဟောင်းကုန်ရာ နှစ်သစ်မှာ
အခါတော်နေ့ကို သတ်မှတ်ကာ
သက်ကြီးရွယ်အို ဘိုးဘွားများ
ဥပုဒ်စောင့်ကာ မေတ္တာပွား
ကလေးများလည်း ရိုသေစွာ
မိဘဆရာ ကန်တော့တာ
ထူးခြားစွာ နှစ်သစ်ကူး
အသွင်ထူးတဲ့ လတန်ခူး။

အဝေးရောက်နေ မိတ်ဆွေတွေ
သင်္ကြန်ချိန်မှာ ပျော်ကြစေ
ပြုလုပ်သမျှ ဒါနများ
ထပ်တူညီမျှ ရစေသား
နှောင်နှစ်သင်္ကြန်ချိန် ပြန်ဆုံစေ
စေတီဦးမှာ တောင်းဆုခြွေ
လွမ်းလွမ်းဆွေးဆွေး ကဗျာရေး
သင်္ကြန်ရေမွှေး စိမ့်စိမ့်အေး။......(လရိပ်လေး)

***ဘုန်းရောင်ရွှေဝါ မြတ်သံဃာ***



ကမ္ဘာတစ်လွှား ဘာသာခြားကြား
ဥာဏ်အားရယ်ပို ဂင်းနစ်ကိုချိုး
စာဆိုသံဃာ အာနန္ဒာသို့
မဟာလူသား ထူးထူးခြားခြား
ဘုရားသားတော် ဆရာတော်။

အများအကျိုး ရွက်သယ်ပိုးကာ
အမျိုးဘာသာ သာသနာတွက်
ပညာဓမ္မ တရားပြ၍
ဖွင့်ဟမြက်ဆို ကျေးဇူးပိုသူ
နှိုင်းဆိုမဲ့ရာ မြတ်သံဃာ။

မျိုးဖျက်တွေကြား ရဲဝံ့အားဖြင့်
မနားမနေ တပည့်တွေတွက်
မသွေမစောင်း ဆရာကောင်းလို
ခညောင်းမေတ္တာ ပေးဆပ်ကာကွယ်
ထိလာရန်စွယ် ဥာဏ်နှင့်ဖယ်။

လက်နှိပ်စက်ငယ် တစ်လုံးရယ်နှင့်
နယ်ပယ်ဓမ္မ ကျယ်ပြန့်လှအောင်
ဘ၀နေ၀င် မသေခင်ထိ
တွေးမြင်စိတ်ကူး အသိထူးကို
ရည်စူးဘာသာ သာသနာတွက်
စာနာထောက်ကာ ချန်ရစ်ရှာသည်
မြတ်လှသံဃာ ပေတကား။.......(လရိပ်လေး) (18 .4 .2013)

Saturday, April 13, 2013

(မြန်မာ့ရိုးရာသင်္ကြန်ခါ နှင့် ထိန်းသိမ်းသင့်သော ချစ်စရာယဉ်ကျေးမှုများ)




နိုင်ငံတစ်ခု ဒေသတစ်ခု စီမှာ  သမိုင်းများ ရိုးရာဓလေ့များ ထူးခြားစွာရှိနေတတ်ကြပါသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင်လည်း ထူးခြားယဉ်ကျေးသည့် ရိုးရာဓလေ့များစွာရှိခဲ့ပါသည်။အခါတော်နေ့များ ဆယ့်နှစ်လရာသီပွဲတော်များကိုလည်း လအလိုက် နေ့အလိုက် မြန်မာ့ရိုးရာဓလေ့များကိုထိန်းသိမ်းရင်း အစဉ်အလာမပျက်ကျင်းပခဲ့ကြပါတယ်။ လူတိုင်းရင်ထဲမမေ့မပျောက်အမြဲရှိသလို ပျော်ရွှင်မှုပေါင်းဆုံရာ
ယဉ်ကျေးအသိမ်မွေ့ဆုံးရိုးရာဓလေ့လေးကိုဖော်ကြူးပုံဖော်ပေးလေ့ရှိတဲ့ အတာကြူးတဲ့ လတန်ခူး ဆိုတဲ့
သက်ြန်အချိန်ခါလေးကတော့ အထူးခြားဆုံး အမွန်မြတ်ဆုံးပါပဲ။

Friday, April 12, 2013

သင်္ကြန်ရိုးရာ



ဗြဟ္မာ့ဦးခေါင်း အလှည့်ပြောင်းချိန်
နှစ်ဟောင်းရယ်ပြို နှစ်သစ်ကြိုလို့
မှတ်ဆိုရေးကြ သင်္ကန္တဟု
လှပနွေခါ ပျော်စရာချိန်
မြန်မာတွေရဲ့ ရိုးရာပေ။

ပိတောက်ဝါ၀ါ ပွင့်ဖတ်လွှာနဲ့
နွေခါတေးဆို ဥသြပျိုတို့
ဆီးကြိုပွေ့ဖက် သင်္ကြန်ရက်ဝယ်
မိုးစက်လေးတွေ ဖြန်းပက်စွေသေး
တာရေသွန်းအေး ချစ်ဖွယ်လေး။

ကြည်နူးဆွတ်ပျံ့ နွေရနံ့တွေ
ရှင်းသန့်စိုပြေ ရာသီနွေဝယ်
တို့မြေတို့ရွာ အေးချမ်းသာလို့
တီးကာဗုံမောင်း ရေတွေလောင်းရင်း
စုပေါင်းပျော်ရွှင် ချိန်ခါပင်။

ရေသဘင်ပွဲ ပျော်ရွှင်နွှဲရင်း
ပြောင်းလဲချိန်ခါ နှစ်ကုးမှာဖြင့်
ဝေယျာဝေစ္စ ဇီဝိတနှင့်
ပြုကြဒါန စိတ်ထားလှတွေ
တွေ့ရလေတာ သင်္ကြန်ခါ။

ဆယ့်နှစ်လမှာ တစ်ကြီမ်သာဆုံ
ပျော်ရာစုဝေး နှစ်သစ်လေးမို့
ယဉ်ကျေးဖြူစင် စိတ်ကောင်းဝင်၍
နှစ်စဉ်မပျက် ထိန်းသိမ်းလျက်သာ
ရှေ့ဆက်သင့်တာ သင်္ကြန်ပါ။