Pages

Saturday, April 13, 2013

(မြန်မာ့ရိုးရာသင်္ကြန်ခါ နှင့် ထိန်းသိမ်းသင့်သော ချစ်စရာယဉ်ကျေးမှုများ)




နိုင်ငံတစ်ခု ဒေသတစ်ခု စီမှာ  သမိုင်းများ ရိုးရာဓလေ့များ ထူးခြားစွာရှိနေတတ်ကြပါသည်။ ကျွန်မတို့မြန်မာနိုင်ငံတွင်လည်း ထူးခြားယဉ်ကျေးသည့် ရိုးရာဓလေ့များစွာရှိခဲ့ပါသည်။အခါတော်နေ့များ ဆယ့်နှစ်လရာသီပွဲတော်များကိုလည်း လအလိုက် နေ့အလိုက် မြန်မာ့ရိုးရာဓလေ့များကိုထိန်းသိမ်းရင်း အစဉ်အလာမပျက်ကျင်းပခဲ့ကြပါတယ်။ လူတိုင်းရင်ထဲမမေ့မပျောက်အမြဲရှိသလို ပျော်ရွှင်မှုပေါင်းဆုံရာ
ယဉ်ကျေးအသိမ်မွေ့ဆုံးရိုးရာဓလေ့လေးကိုဖော်ကြူးပုံဖော်ပေးလေ့ရှိတဲ့ အတာကြူးတဲ့ လတန်ခူး ဆိုတဲ့
သက်ြန်အချိန်ခါလေးကတော့ အထူးခြားဆုံး အမွန်မြတ်ဆုံးပါပဲ။

 

သင်္ကြန် သည် သင်္ကန္တ ဆိုတဲ့ ပါဠိစကား မှဆင်းသက်လာပြီး သင်ကန်တဟု ရရစ်သံနဲ့ ရွတ်ဆိုရာကနေ သင်္ကြန်ဖြစ်လာတယ်လို့ဆိုကြပါတယ်။ အဓိပ္ပာယ်ကတော့ ကူးပြောင်းခြင်းပါ။
ရှေးဟောင်းပုံပြင်အရတော့ သိကြားမင်းနှင့် ဗြဟ္မာမင်းတို့သည် စကားပြောရာမှ ကဿပ ဘုရားရှင်လက်ထက်မတိုင်ခင်က လူပြည်တွင် ၈ရက်ရှိခဲ့ပြီး ယခုအခါ ၇ရက်သို့ပြောင်းသွားပြီဖြစ်ကြောင်း သိကြားမင်းကပြောလေရာ ဗြဟ္မာမင်းက မဖြစ်နိုင်ကြောင်းငြင်းခုံကြရာမှ ရှုံးတဲ့သူခေါင်းဖြတ်ကြေးဟု သတ်မှတ်ကာ လူ့ပြည်သို့ဆင်း၍ သီလ သမာဓိနှင့်ပြည့်စုံသော အဘိဥာဏ်ရ ရသေ့ထံတွင် အဆုံးအဖြတ်ခံယူရာ ရသေ့ကလူ့ပြည်တွင် အခုချိန်တွင် တနင်္ဂနွေအစ စနေအဆုံး ၇ရက်သာရှိတော့သည်ဟုပြောဆိုရာ ဗြဟ္မာမင်းရှုံးလေ၏။ ထိုအခါ ဗြဟ္မာမင်းသည်ကတိအတိုင်း  အဓိဌာန်ဖြင့်ခေါင်းကိုဖြတ်၍ပေးလေ၏။ သိကြားမင်းလက်ထဲသို့ ဗြဟ္မာမင်းဦးခေါင်းရောက်သောအခါ သိကြားမင်းကစဉ်းစားလေသည် ဤဦးခေါင်းသည် မြေပေါ်ထားလျှင် ၇နှစ် ကမ္ဘာမီးလောင်ပြီး မိုးခေါင်ပါမည်။ရေတွင်ထားပါက သမုဒ္ဒရာ ၇ စင်းမှရေများခန်းခြောက်မည်ဖြစ်သဖြင့် နတ်သမီး ၇ယောက်ကို တစ်နှစ်တစ်ယောက်ကျကိုင်ရန် တာဝန်ချပေးခဲ့သည်။ ဗြဟ္မာ့ဦးခေါင်းအား အလှည့်ပြောင်းပြုချိန် နေ့ရက်ကိုတွက်ချက်၍ သင်္ကြန်ကျသည်ဟု သတ်မှတ်ပြောဆိုခဲ့ကြသည်။

ဗေဒင်ကြမ်းများအရမူကား သူရိယမာသခေါ် နေသွားလမ်းကြောင်းကို မူတည်၍တွက်ချက်ခဲ့ကြသည်။ ကမ္ဘာကြီးကနေကိုလှည့်နေတာဟာ မိဿရာသီက စတင်ပြီးကြည့်ရင် ၊ မေထုန်…. မိန်ရာသီကိုရောက်တဲ့အခါ သူရိယသိဒ္ဓ န္တကျမ်းအရ (၃၆၅)ရကိ ၊ (၆)နာရီ၊ (၁၂)မိနစ်၊(၃၇)စက္ကန့်ပြည့်ပြီး တနင်္ဂနွေနေ့တွင် ရ၀ိဖုဋဂြိုလ်စင်ကနေ မိဿရာသီအစ သုညအင်္သာကိုဝင်တယ်လို့သတ်မှတ်ပါသည်။ ၀င်စအချိန်မှကူးပြောင်းခြင်းစပါသည်။ နှစ်သစ်ကိုမကူးသေးပါ နောက်ထပ်(၂)ရက် ၊(၄)နာရီ၊ (၄)မိနစ်၊ (၄၀)စက္ကန့်ကြာမှ နှစ်သစ်ကူးပါတယ်။ နေသွားလမ်းကို (၁၂)ရာသီခွင်နဲ့ညှိပြီး လသွားလမ်းနဲ့ ပြက္ခဒိန် ရေးထားတဲ့ မြန်မာတွေအတွက် တန်ခူးလမှာ နှစ်သစ်ကိုကျရောက်လေ့ရှိပါသည်။ ကြွင်းကျန် ၂၇က်နှင့် ၄နာရီကို ပြန်ဖြည့်သည့်အနေနှင့် ၀ါထပ်နှစ်များတွင် ရက်များထပ်တိုးပြီး ကျန်နေသည့် စက္ကန့်များအား ပေါင်းကာ ရက်အစားထိုးသည့်အနေဖြင့် အချို့နှစ်များတွင် ကဆုန်လတွင် သင်္ကြန်ကျသည်ဟုသတ်မှတ်ခဲ့ကြသည်။

သင်္ကြန်ပွဲတော်များသည် မှတ်တမ်းများအရ ပုဂံခေတ်ကစတင်ပြုလုပ်ခဲ့သည်ဟုသိရှိရပါသည်။ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ကူးပြောင်းချိန်တွင် နှစ်ဟောင်းတွင်ပြုလုပ်ခဲ့သော အကုသိုလ်များကို ပြေပျောက်စေရန် ကုသိုလ်ဒါများကိုပြုလုပ်ခြင်းဖြင့် ပွဲတော်များကျင်းပကြခြင်းဖြစ်သည်။ သင်္ကြန်အတွင်း ဘိုဘွား မိဘဆရာသမားများအား ခေါင်းလျှော်ပေးခြင်း၊ ရေချိုးပေးခြင်း၊ လက်သည်းလှီးပေးခြင်းများပြုလုပ်ပေးကြသည်။ သီလစောင့်ခြင်း၊ တရားနာခြင်း၊ ဇီဝိတဒါန သက်လွှတ်ပွဲများ၊ စတုတီသာကျွေးခြင်းများပြုလုပ်ကြပါသည်။ ကျောင်းကန်ဘုရားများသို့သွားရောက်၍ ရေကုသိုလ်ပြုခြင်းများ၊ ဝေယျာဝစ္စများပြုလုပ်ပေးခြင်းများကိုလည်း စုပေါင်းပြုလုပ်ကြပါသည်။

ဤသို့ချစ်စရာရိုးရာဓလေ့များဖြင့်လှပပြည့်စုံခဲ့သော သင်္ကြန်ကာလများတွင် ကလေးများရေပက်ကစားကြသည်။ ဒိုးပတ်ဝိုင်းများ၊ အိုးစည်ဗုံမောင်းများ၊ အလှူမဏ္ဍပ်များ၊ အကဖွဲ့များ၊သံချပ်အဖွဲ့များဖြင့် ပျော်ရွှင်စရာကျင်းပလာခဲ့ကြရာ မြန်မာရိုးရာယဉ်ကျေးမှုလေးများကား အထင်အရှားပင် မော်ကြွားစွာလှပ၀င့်ထည်လာခဲ့ပါသသည်။နှစ်ဆန်းတစ်ရက်နေ့ကိုလည်း  နှစ်သစ်မင်္ဂလာအခါတော်နေ့အဖြစ် သတ်မှတ်၍ အလှူဒါနများပြုလုပ်ရင်း နှစ်သစ်ကိုလှပယဉ်ကျေးစွာဖြတ်သန်းခဲ့ကြပါသည်။ ကျွန်မတို့မြန်မာနိုင်ငံသည် ကမ္ဘာတစ်လွှားတွင် အယဉ်ကျေးဆုံး  အသိမ်မွေ့ဆုံး ဘာသာတရားအကိုင်းရှိုင်းဆုံး နိုင်ငံတစ်ခုအဖြစ်တည်ရှိလာခဲ့တာမို့ မြန်မာတို့အနေဖြင့်ရိုးရာဓလေ့ယဉ်ကျေးမှုများကို အစဉ်ဆက်မပြတ်ဆက်လက်ထိန်းသိမ်းစောက်ရှောက်သင့်ပါသည်။ ကျွန်မငယ်စဉ်အခါကတွေ့ခဲ့ရသော သင်္ကြန်အချိန်လေးတွင် မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်အများစုသည် ယဉ်ကျေးသိမ်မွေ့စွာ ရိုးရာအပျက်ဖြတ်သန်းခဲ့ကြသည်။
   
 အခုချိန်မှာတော့ အနောက်တိုင်းယဉ်ကျေးမှုကိုအထင်ကြီးပြီး သင်္ကြန်ရောက်တာနဲ့ အ၀တ်အစားများ မလုံတလုံဝတ်စားဆင်ယင်ခြင်း၊ အရက်သေစာသောက်စားခြင်း၊ သင်္ကြန်ကိုအကြောင်းပြပြီး မကောင်းမှုများကို မကြောက်မရွံ့လုပ်ဆောင်ခြင်းများကို မြင်တွေ့နေရသည်မှာ တကယ်ရင်နာစရာမြင်ကွင်းများပါ။ မြန်မာတို့ရဲ့ ရိုးရာဓလေ့ကို ဆက်လက်ရှင်သန်စေဖို့အတွက် အဓိကလိုအပ်ချက်မှာ မြန်မာတို့ရဲ့ သင်္ကြန်ဖြစ်ပေါ်လာတဲ့အကြောင်းလေးနဲ့ သင်္ကြန်အချိန်မှာ ရှေးအစဉ်ဆက်က ဘယ်လိုဖြတ်သန်းခဲ့ကြတယ် ရည်ရွယ်ချက်ဘယ်လိုရှိတယ်ဆိုတာလေးကို လူတိုင်းကနားလည်နိုင်အောင် အဆင့်ဆင့်ထိန်းသိမ်းရင်းရှင်းပြပြောဆိုသင့်ပါတယ်။

လူကြီး မိဘများဆရာသမားများကို ရိုသေလေးစားတတ်အောင်  ဘာသာတရားများကို မြန်မာဗုဒ္ဓဘာသာဝင်တိုင်းက နားလည်လက်ခံတတ်အောင်လည်း အချင်းချင်းစည်းလုံးညီညွတ်စွာ ဘာသာရေး လူမှုရေးများကိုတင်ကြစွာလုပ်ဆောင်သင့်ပါတယ်။ ရှေးယဉ်ကျေးမှုအစဉ်အလာအကြောင်းများ ရိုးရာဓလေ့များနှင့် သမိုင်းအကြောင်းစာပေများကိုလည်း မြန်မာတို့အနေဖြင့် စိတ်ဝင်တစား လေ့လာမှတ်သားဖတ်ရှုသင့်ပါသည်။
 သင်္ကြန်ကာလကို ယဉ်ကျေးသိမ်မွေ့စွာ ဖြတ်သန်းပြီး နှစ်သစ်ကိုလှပစွာ ဘာသာတရားများကိုင်းရှိုင်းရင်း အမျိုးဘာသာသနာများ မပျက်ကွယ်အောင်ထိန်းသိမ်းစောင့်ရှောက်နိုင်စေရန်အတွက် ကျွန်မဖတ်ရှုခဲ့ရသော သင်္ကြန်အကြောင်းလေးကို ပြန်လည်မျှဝေတင်ပြလိုက်တာပါ မြန်မာနိုင်ငံဗုဒ္ဓဘာသာဝင်တိုင်း မြန်မာ့ရိုးရာသင်္ကြန်ကို ရိုးရာဓလေ့ မပျက်ဖြတ်သန်းရင်းပျော်ရွှင်သောဘ၀များကိုပိုင်ဆိုင်နိုင်ကြပါစေရှင်။

No comments:

Post a Comment