Pages

Sunday, June 15, 2014

***အဖေသို့တမ်းချင်း***


မဏ္ဍိုင်ပြိုလဲ ထိုရက်စွဲတွင်
နင့်နဲနာကျင် စွဲရစ်ထင်ခဲ့
မကြင်ကြမ္မာ ကံစေတာမို့
ခိုရာမဲ့စေ အရိပ်ခြွေကာ
အဖေဝေးရာ လှမ်းလေပြီ။

ပခုံးပေါ်ထမ်း မမောပန်းပဲ
ဆော့တမ်းကစား ကြည်စယ်အားနှင့်
ပျော်ပါးရက်တွေ လွမ်းသက်စေတော့
အဖေရိပ်သွင် ပြန်မြင်ချင်သေး
တွေးထင်ရေးရေး မျက်ရည်ထွေး။

အိပ်ရာဝင်စဉ် ရှေးပုံပြင်လေး
ကြင်ကြင်နွေးနွေး ပြောပြထွေးသိပ်
မွှေးမွှေးပေး၍ နှိုင်းမဲ့စိတ်ဖြင့်
မှေးမှိတ်စေတာ အဖေသာမို့
စက်ယာဆောင်နန်း လွမ်းရိပ်သန်း။

ဘ၀လမ်းစ ရုန်းကန်ရတော့
ဖြစ်ကြပျက်ကြ မာန်မာနကြား
သောကပွားချိန် တမ်းတနေမိ
အဖေရှိလျှင် ပူကင်းစင်ဝေး
ရွှေရင်ငြိမ်းမှာ အသေချာမို့
လွမ်းရခါခါ တိုးတိတ်စွာ။

ဘယ်သို့ဘယ်ပုံ ပြီးပြည့်စုံလည်း
မကုံလုံတာ ဖေ့မေတ္တာမို့
ရင်မှာမှန်းဆ တမ်းတတဖြင့်
ပြုရကုသိုလ် အဖုံဖုံကို
ဘယ်ဘုံဌာန ရောက်ရာမှသာ
အမျှရစေ ပေးငှဝေသည်
အဖေသာဓု ခေါ်စေသော်ဝ်။

လရိပ်လေး(မောင်းမကန်)
(၁၅ . ၆ .၂၀၁၄ )
http://layeiklay.blogspot.com/

***ချဉ်ခြင်း***


ပန်းမျိုးတစ်ရာ
ပွင့်နေပါလည်း
ကေသာထက်တွင် မပန်ချင်။

ရသစုံစွာ
တီးခတ်ပါသည့်
သံသာတေးလည်း မကြားချင်။

ခေတ်ကိုလိုက်ကာ
ဖွံ့ဖြိုးပါသည့်
အိမ်ရာတွင်လည်း မနေချင်။

သွေးချင်းများပင်
စစ်မက်ဆင်သည့်
ဖြစ်စဉ်ကိုလည်း မမြင်ချင်။

ပန်းစုံရသ
ငြိမ်းချမ်းလှသည့်
အေးမြ မြန်ပြည် မြင်ချင်သည်။

လရိပ်လေး (မောင်းမကန်)
(၁၀၊ ၆၊ ၂၀၁၄)
http://layeiklay.blogspot.com/

***ချစ် ရာဇဒဏ်****


မချစ်တတ်သူရဲ့
ရက်စက်လွန်းတဲ့ မျက်ဝန်းမှာ
အယူခံဝင်ချင်ပေမဲ့လည်း
သေမိန့်ကျပြီးသား လွမ်းသင့် နှလုံးသားရဲ့
ငိုရှိုက်သံကို ဘယ်သူသိနိုင်မလဲလေ။

မကြင်နာတတ်သူရဲ့
မာကျောလွန်းတဲ့ အသည်းမှာ
ချစ်ပန်းပွင့်ခွင့် ရချင်လည်း
အမုန်းဆိပ်သင့် အလွမ်းမြစ်ပဲ
နှောင်တွယ်ရစ်တာ ဘယ်သူသိနိုင်မလဲလေ။

ကဗျာ မဆန်ချင်ပေမဲ့
ဘယ်သူမှမသိနိုင်တဲ့ အလွမ်း ဆိုတဲ့
ချစ်ရာဇဒဏ်ကို မိုက်မဲစွာခံယူရင်း
ရင်တစ်ခြမ်း စတေးထားဆဲပါ ......ချစ်သူ။

လရိပ်လေး(မောင်းမကန်)
(၁၁ . ၆ ၂၀၁၄ )
http://layeiklay.blogspot.com/

စတုတ္ထမြင့်မိုရ် ......သို့


ပန်းပျိုးသည့်လက်
ကြောယှက်ပြိုင်းပြိုင်း၊ ရှုတိုင်းမလှ
ဘဝအခြေ၊ မတင့်ပေလည်း
စိတ်နေတိုးမြှင့်၊ ကြံစည်လင့်ရှာ
အဆင့်ပညာ၊ မြင့်စေပါအောင်
ကြိုးကာစွမ်းဆောင် ဖေ့ဂုဏ်ရောင်။

ဘ၀ခရီး ၊ ကြိမ်ပုံမီးနှယ်
ဖိစီးပါလည်း ၊ ရင်ဆိုင်ရဲကာ
စွဲမြဲဇွဲဖက် ၊ အံတုဆက်ပြိုင်
သည်းသက်ပိုင်စေ ၊ ဘ၀နွေထဲ
မသွေကြိုးစား ဖေ့စိတ်ထား။

လေးစားဖွယ်ရာ ၊ ကရုဏာနှင့်
မြင့်ရာအရောက် ၊ လမ်းစဖောက်၍
တင်မြှောက်ညွှန်ပြ ၊ ဘ၀လှအောင်
လမ်းပြကြယ်သွင် ၊ သည်းသက်ယှဉ်လျက်
ဆင်ယင်ဖွဲ့ထုံး ဖေ့ဖေ့ပြုံး။

ဘာသာတရား ၊ အလေးထားကာ
ပွားများမေတ္တာ ၊ စေတနာနှင့်
အရာရာကို ၊ အသိပိုအောင်
ပြောဆိုဆုံးမ ၊ ကြင်နာမျှ၍
ဖေးမပြုရှာ ဖေဖေပါ။

အဖေ့မေတ္တာ ၊ နှိုင်းတုရာမဲ့
ကြင်နာခဲ့၍ ၊ အမေ့စိတ်ဝယ်
အရိပ်နှယ်ဖြင့် ၊ သွယ်သွယ်ဆင့်ကိုး
အချစ်ကြိုးဖြင့်၊ မိုးမြေတဆုံး၊ ကျယ်စေအုံး(ဦး)တော့
ရွှင်ပြုံးကာပင် တူနေချင်။

ကံကြမ္မာညှိုး ၊ အတိတ်ဆိုးက
ရိပ်မိုးကာသာ ၊ နှိပ်စက်တာမို့
ကြွေရှာဝိညာဉ် ၊ ဝေးလွင့်စင်သည်
မခင်ဘ၀ ၊ ဖယ်ခွာရတော့
တမ်းတမျက်ရည် ဝေ့လေပြီ။

ရင်နာကြေကွဲ ၊ လွမ်းနေဆဲမို့
ရင်ထဲဆို့ကာ ၊ ပို့မေတ္တာဖြင့်
ရောက်ရာဘုံဘ၀ ၊ ထိုဌာနမှ
အမျှရစေ ၊ တောင်းဆုခြွေသည်
အဖေသုဂတိ လားပါစေ။.

လရိပ်လေး (မောင်းမကန်)
http://layeiklay.blogspot.com/

ပန်းစေတမာန် (သုတ ရသ စာစု - ၂ ) မှ

ပန်းစေတမာန်



ပန်းစေတမာန် စာအုပ်မိတ်ဆက်ပွဲမှာ
စာရေးဆရာကြီးများနဲ့ အမှတ်တရ





သင်တန်းအတူတူ တက်ခဲ့တဲ့ စာရေးဆရာမ များနဲ့
ပန်းစေတမာန် စာအုပ်မိတ်ဆက်ပွဲ
ဒုတိယကြိမ်မြောက် အောင်မြင်မှု အတွက် ၀မ်းသာဂုဏ်ယူရင်း

 

Thursday, June 5, 2014

***အညတရ ရှိုက်သံ***


မမျှတတဲ့ လမ်းကို ကျောကပ်
မဝရေစာ ကိုယ့်ဝမ်းစာတွက်
မြေပြင်မှာ လူးလှိမ့်ရင်း
ဆန့်တငင်ငင် ဘ၀က
ခါးသက်သက် ပြင်းရှရှ ခံခက်လှတယ် အမေ။

ရေမြေတောတောင် မီးရောင်တွေက
ဘယ်သူတွေတွက် ရည်ညွှန်းထားလဲ
ကြမ္မာကို အတင်းတရားခံလုပ်
ချဉ်ခြင်းတွေ မြိုမြိုချနေရတယ် အမေ။

ရှိုက်သံတိုင်း သွေးစက်လွှမ်း
မမြင်မစမ်းနဲ့ ခေတ်သစ်ကို တမ်းတရင်း
ဘ၀က နွမ်းနွမ်းလာတယ် အမေ။

မိုးလား ကဲလား ၀င့်ကြွားသံများက
တစာစာအော် ကမ္ဘာကျော် စောင်းကြိုးညှိသံက
နားရည်ဝရင်း အူလမ်းကြောင်း ခြောက်ကပ်လာပြီ အမေ။

အ၀စား ငါးရာဆိုပေမဲ့
တပြားသားမှမပိုင်တဲ့ ကျွန်တော်
အမေ့ကို အဖော်လုပ် ရို့ရို့လေး
တောင်းနေရတယ် အမေ။

အညတရ ရှိုက်သံကို
မကြိုဆိုကြပေမဲ့ အမှောင်လမ်းက
ဇာတ်သိမ်းခန်းလို လောကကို
အရောင်မဆိုးရက်တော့ဘူး အမေ။

လရိပ်လေး(မောင်းမကန်)
(၃ . ၆ ၂၀၁၄ )

http://layeiklay.blogspot.com