Pages

Friday, July 14, 2017

***ပညာရှင်ဆန်ဆန် ဖြေရှင်းဆွေးနွေးတတ်ကြပါစေ။***

လူတွေအများစု ကိုယ့်နဲ့တန်ရာတန်ရာ
အခန်းကဏ္ဍအလိုက် ဘယ်လိုမျိုးကူညီဖြေရှင်းပြီး
တာဝန်ယူလုပ်ဆောင်ကြမလဲ မစဉ်းစားနိုင်ဘူး။

သေရင်ထားခဲ့ရမဲ့ နေရာ၊ ရာထူး ၊ ဂုဏ်ပကာသနတွေပြိုင်
အပြန်အလှန် တိုက်ခိုက်ရင်း စကားလုံးတွေကြား
လမ်းဆုံးနေကြတယ်။

ပြဿနာဖြေရှင်းခြင်းဆိုတာ ပညာလို့လက်ခံရင်
ပညာရှင်ဆန်ဆန် ဖြေရှင်းဆွေးနွေးတတ်ကြပါစေ။

လရိပ်လေး (မောင်းမကန်)
၁၂.၇.၂၀၁၇
http://layeiklay.blogspot.com/

***ချစ်မဲ့ရာသို့ ***

အနာတရ များလှခေတ်ဝယ်
ထာဝရသည်ကား တိမ်လွှာများနှယ်
လေကြားလွင့်ပြယ် အချစ်ကွယ်သည်။

အစစ်လို့ထင် ချစ်မိရင်ဖြင့်
ဘဝင်ပူဆွေး သောကထွေးလျက်
လွမ်းရေးဆင်ကာ ငိုရသည်။

သိပါသော်လည်း ချစ်နွံထဲ၌
ဝဲကာလည်၍ တသိမ့်သိမ့်တိုး
ချစ်စိတ်မိုးလို့ ပျော်ကြသည်။

အချစ်တဏှာ ပစ်ခွာချင်လည်း
ရင်မှာနွယ်ယှက် ချစ်ရေစက်ကြောင့်
သက်နဲ့ရင်းလျက် ချစ်ဖူးသည်။

အကယ်၍များ
အချစ်မသိ ချစ်မရှိသည့်
နတ္ထိကမ္ဘာ တွေ့ခဲ့ပါမူ
ပြေးကာသွား၍ နေတော့မည်။

လရိပ်လေး (မောင်းမကန်)
၁၀.၇.၂၀၁၇
http://layeiklay.blogspot.com/

***ကော့သောင်းပင်လယ် လွမ်းရိပ်ချယ်***


လေပြေလေညှင်း ရနံ့ဆင်းနှင့်
ခင်းကျင်းကြည်သာ ပင်လယ်ပြာဝယ်
ရင်မှာကြုံထား အတိတ်များနှင့်
စိတ်အားငယ်ရာ ချစ်ဝေဒနာကို
ချန်ကာထားရစ် ခဲ့လေပြီ။

အတိတ်နောင်တ ကြုံခဲ့ရလည်း
ဘဝတွက်တာ သင်ခန်းစာဟု
ရင်မှာမှတ်ယူ စိတ်သစ်မူ၍
တမူထူးစွာ ပြောင်းခဲ့ပြီ။

လူ့ဘဝဆိုတာ ခဏတာမို့
ဖြစ်ရာပျက်ရာ ဓမ္မတာကို
ရင်မှာသိထား ပညာအားဖြင့်
စိတ်နားပန်းဖြေ သဘာဝမြေဝယ်
လေပြေညှင်းလေး ရှူခဲ့သည်။

လရိပ်လေး(မောင်းမကန်)
6.7.2017
http://layeiklay.blogspot.com/