Pages

Friday, November 30, 2012

***အုံ့ပုန်းချစ်***




ခန့်ညားထယ်ဝါ မယ့်ရင်သာသည့်

ညမှာခြယ်မှုန်း လနှယ်ပြုံးကာ
နှလုံးကြည်လင် အပြစ်ကင်းစင်

ချစ်ချင်းတွေဝင် မောင့်သွင်ပြင်ကို

ရွှေရင်စွဲငြိ တွယ်မိတယ်။


ရင်ဝယ်လှုပ်ရှား နှလုံးသားက

စေစားမိန့်မြွက် ရွှန်းလဲ့လဲ့နှင့်

ကြင်ဖက်တူစုံ ချစ်ခွင့်ဆုံဖို့

ရင်ခုန်သိမ့်သိမ့် အချစ်စိတ်နဲ့

တိတ်တိတ်ကလေး မျှော်မိတယ်။


နူးညံ့ဖြူစင် မောင့်ရင်ခွင်ကြား

ခိုဝင်နားကာ နွေးထွေးစွာဖြင့်

နှစ်လွှာအသဲ ယှဉ်လျှက်တွဲကာ

မခွဲအတူ ချစ်ကြည်ဖြူလျှက်

မငြုစူပဲ နေချင်တယ်။


စိတ်ဝယ်ရည်စူး အချစ်ဦးနှယ်

ပွင့်ဖူးသွယ်၍ ရင်ဝယ်ပျော်မွေ့

ထွေးပွေ့ကြည်နူး အချစ်ဖူးတွေ

အဦးအဖျား မောင့်သဲဖျားမှာ

ငှားငှားစွင့်စွင့် ပွင့်ချင်တယ်။


ရင်ဝယ်ဦးစွာ ချစ်မိပါလည်း

မောင့်မှာချစ်ဦး ရှိခဲ့ဖူးတော့

အရူးပုံနှယ် သောကကြွယ်လို့

ရင်ဝယ်စပျိုး ချစ်စကြိုးကို

တိုးတိတ်ပုန်းပုန်း ဖြေလျှော့ရုန်းကာ

အုံ့ပုန်းလေးပဲ ချစ်တော့မယ်။...(လရိပ်လေး)

Friday, November 23, 2012

နှမငယ် သို့…



ယမင်းအသွင် အဆင်းယဉ်တဲ့
ပါးပြင်လှလှ နုရွရွမှာ
ခြယ်သရောင်စုံ မမြင်လိုပါ
မွှေးထုံသင်းပျံ့ ဆင်းရနံ့နှင့်
သနပ်ခါးက ယဉ်စစမို့
ခြယ်သစေလို နှမပျို။

ရောင်စုံပုံသွင်း ကောက်ကွေ့ခြင်းနှင့်
အဆင်းမလှ ရုပ်လုံးကြွကြွ
ကေသာလှအား ပုံဖျက်ထားကာ
ဆေးသားတွေနဲ့ ရောင်တွေလက်လက်
ရှေးဆက်ဆက်က ထိန်းသိမ်းကြတဲ့
မြန်မာ့ကေသာ ပျောက်လေရှာပေါ့
ရင်နာလှတယ် နှမရယ်။

မြန်မာ့ဝတ်စုံ လုံလုံခြုံခြုံ
ဝတ်ရုံဆင်မြန်း အသွင်ဆန်းဆန်း
လှပန်းဝေဆာ တင့်တယ်ပါလျှက်
ခေတ်သာလိုက်စား အမြင်မှားကာ
ဆင်ထားတာက ရှိသမျှကို
ထုတ်ပြသယောင် ပုံဟန်ဆောင်တော့
ရွှေရောင်တောက်ပ မြန်မာ့လှတွေ
ပျောက်ရပြီပေါ့ နှမရေ။

မြန်မာဆိုတာ အစဉ်လာရ
လိမ္မာယဉ်ကျေး အရှက်သွေးနဲ့
နွေးထွေးလှစွာ နေလာတာမို့
မြန်မာအဆင်း ရနံ့သင်း၍
ရှင်းရှင်းသန့်သန့် မွှေးပျံ့အောင်သာ
ကြံဆောင်ပါလော့ နှမငယ်။
 

***လေးစားဦးခိုက် မိပါသည်***




ဘာသာသာသနာကိုအလေးထား
ဒကာ ဒကာမတွေ အရေးကြား
အတွေးများနဲ့စိုးရိမ်ပို
မိုးစိုစို နေပူပူဘာကိုမှမမှု
လူထုအတွက် ဘ၀ကိုပေး
အသက်ကိုပင်စတေးမယ်တဲ့။

တွေ့တဲ့နေရာ ဖြစ်သလိုနေ
ကြုံရာမှာဖြစ်သလိုစား
ဖုံထူထူလမ်းတွေကြား
ဖိနပ်မပါလျှောက်ကာသွား
ကြေးနီစီမံကိန်းအတွက်တဲ့လား။

ငြိမ်းချမ်းရေးတရားလက်ကိုင်ထားလို့
သနားစရာပြည်သူတွေအတွက်
မနားမနေတောင်းဆိုသွားလေမဲ့
လေးစားစရာ သံဃာတော်များပါတကား။

***မြင်လှည့်ပါ***



သံတမန်တွေ လျှမ်းလျှမ်းတောက်
နိုင်ငံတကာနဲ့ လမ်းများဖောက်
အမြင့်ရောက်နေတဲ့ သူတွေ
မြန်မာပြည်ကတော့ ပျော်စရာမြေ။

နေစရာကမဲ့ စားစရာခက်
တွယ်ဖက်မနေသာ လယ်သမားတွေမှာ
စားတချက် ငတ်တစ်လှည့်နဲ့
ပြတ်တစ်လှည့် မကြည့်ရက်စရာ
ထိချက်ကနာ မမြင်တာလား
ရင်နာနာနဲ့ စာနာလှည့်လို့တောင်းဆို
အရေးကိုမလုပ် သွေးစုပ်ခံရလို့်လို့ငိုကြွေး
ဘယ်အတွေးနဲ့ လုပ်နေကြ
မြန်မာပြည်က ငရဲတမျှ။

အေးမြစေသား ကြံဆောင်ထားက
အောက်နားကအရင် အစထွင်လို့
ပြင်ဆင်ပါလော့ သော့ချက်အဓိက
ရရှိမှသာ လိုရာပန်းတိုင်
တက်လှမ်းနိုင်ကာ မြန်မာပြည်မှာ
သာယာလာမှာ အမှန်ပါ။ ... (လရိပ်လေး)

ကြိုက်ရင် like




မိန်းကလေးပုံလှလှ
တင်ပြီးသာပြလိုက်
လှတယ်ကွာ လန်းတယ်ကွာနဲ့
အငမ်းမရ ချီးမွမ်းလိုက်ကြတာ
သောသောညံသွားမယ်…။

လိုက်(Like)လုပ်ပေးသူက မရှား
ကွန်မင့်ပေးသူကလဲများ
ဖါးကြတဲ့သူတွေလဲ တအား
ဘုရားပွဲလှည့်တာထက်ပိုစည်ကား
ကြွားလဲကြွားထိုက်ပါပေ
အများကြိုက်လဲကြိုက်ထိုက်ပါသလေ။

မအား အားအား လိုက်(Like)တော့လုပ်သွား
လိုက်လုပ်သူများကိုသာရောင်းစားလို့ရရင်
သူတောင်းစားတွေတောင် မနှေးစင်စစ်
သူဌေးဖြစ်တော့မည်…။

မြန်မာပြည်တဲ့လား


ကမ္ဘာမှာတော့ ဝင့်ထယ်လို့ လာပါပြီ၊ နိင်ငံတကာတွေနဲ့ စီးပွားရေးတွေသွယ်  ခေတ်အမြင်တွေ ဖလှယ်လို့ တကယ်ပဲ တိုးတက်လာပြီတဲ့လေ။ အမေရိကန်သမ္မတ အိုဘားမားတောင် လာတယ်ဆိုတော့ မြန်မာပြည်က ပြောစရာမလိုလောက်အောင် တိုးတက်လာတော့မယ်တဲ့လေ။ ပျော်နေလိုက်ကြတာ၊ အမေကျော်ပြီး ဒွေးတော်လွမ်းတာတော့ မဟုတ်ပါဘူး၊ မတတ်သာတော့ မြင်ရာကို အကူညီတောင်း မျှော်လင့်ချက်တွေ ရနိုင်ကောင်းမလားလို့ ကြိုဆိုကြတယ်လို့ မြင်မိပါတယ်။

Monday, November 19, 2012

လွမ်းရင်းနဲ့ပဲနေခဲ့မယ်


မေတ္တာရှေ့ထား ချစ်ချင်ငြားလည်း
ငါကားဘဝ မလှပတော့
ချစ်စတွေကို မေ့မယ်ဆိုလည်း
 နှစ်လိုအပြုံး ယဲ့ယဲ့သုံးလို့
နှောင်ထုံးချွေဖျက် နေခဲ့မယ်။

နေရောင်ပျက်သုဉ်း ချစ်စိတ်တုံးလို့
အမုန်းခြွေချ နွမ်းကြေရလည်း
ဘဝလမ်းထဲ ရှေ့ဆက်မြဲမို့
ရိပ်ကဲကြည့်ကာ နောက်နားမှာပဲ
ထောက်ထားညှာလို့ နေခဲ့မယ်။

အချစ်သစ်တွက် အပြစ်ဖွဲ့ကာ
ထားခဲ့တာမို့ မျက်ရည်စို့လည်း
ရင်မို့မို့မှာ ဖြေထုံးရှာလို့
သွေကာဖယ်ရင်း အပြစ်ကင်းကင်း
လွမ်းရင်းနဲ့ပဲ နေခဲ့မယ်။

အပြုံးတစ်ချက်


မာန်ဝင့်ထယ်တဲ့ သခင့်အပြုံး
အဆိပ်အမုန်း ထည့်သုံးလဲ
မေ့နှလုံးမှာ အလှဆုံးမို့
ကြည်နူးလို့ မဆုံးနိုင်ဘူး။

မခြယ်မသ ထင်ကရပြုံး
ရင်ကျိုးမဲ့ အဖြစ်ဆိုးမှန်းသိရက်
အထီးကျန်ညမှာ နွမ်းလျသူအတွက်
အသက်ဆက်မဲ့ ဆေးတစ်ခွက်ပါပဲ။

လိမ်ညာလှည့်ဖျား အမုန်းထားလို့
စေစားမိန့်မြွက် အငြိုးယဲ့ယဲ့နဲ့
ငွေရည်သက်တဲ့ နှုတ်ခမ်းထက်မှ
ဆင်းသက်လာတဲ့ အပြုံးတစ်ချက်။

နာကျင်မှုတွေ ပြည့်နှက်နေတဲ့
အလင်းမဲ့  ကြယ်ကြွေညလို
ကြောက်အားပိုတဲ့ မေ့ရင်ခွင်ထက်
ဆင်ယင်ကာခြယ်မှုန်းလို့
အပြုံးတစ်ချက် ချွေလွင့်လှည့်ပါ။

လွမ်း


မနမ်းထိုက်တဲ့ပန်းကိုမှ
အရမ်းရှိုက်ကာနမ်းချင်မိလေတော့
ရင်အစုံမှာအပူတွေကျွမ်းပါလို့
နွမ်းလှပေါ့လေး။

တင့်ဆန်းကာလှပါပေ့
ပွင့်စမ်းကွဲ့ ပင်ယံမှာ
ပန်ချင်သူ တံချူကမ်းပါလို့
လှမ်းဆွတ်မယ်ကြံရွယ်တဲ့
နန်းထိုက်တဲ့ပန်း။

ကျွမ်းမြေ့စမ်းစေ
မနမ်းထိုက်သူခန္ဓာကြွေလည်း
ရင်မှာလေ တကယ်မမေ့နိုင်ဘူး
နွေတစ်ရာနှယ် အနေခက်ပေမဲ့
အဖြေမထွက်တဲ့ပုစ္ဆာသဖွယ်
မှန်ရာကိုမဆိုရဲ ကံဇာတာတကယ်မွဲတာမို့
မပန်ထိုက်သူ ဘဝလမ်းမှာ
ရင်နင့်အောင် … လွမ်း။

Saturday, November 17, 2012

ဘဝ



ဘဝရေပြင်  ကြမ္မာငင်၍
အစဉ်ရှုပ်ပွေ ဗျာပါမွှေကာ
ပူတွေဖြာယှက် နွယ်လိုဖက်တွယ်
ဂယက်လှိုင်းနှယ် သောကကြွယ်တဲ့
သိဖွယ်လူတို့ ဘဝမို့။

အပူထုပ်ကို ရွှေရုပ်ပုံနှယ်
ရောင်စုံခြယ်မှုန်း တဏှာဖုံးနေ
နှောင်ထုံးတွေက လူလုံးလှလည်း
ဘဝမပြောင် လောကဘောင်ဝယ်
ချုပ်နှောင်မကင်း ဆင်းရဲခြင်းသာ
မယွင်းစင်စစ် ဘဝဖြစ်။

မချွေလင့်လည်း ကြွေရစ်မြဲမို့
ရှောင်လွဲမရ လူ့ဘဝကို
တောင့်တထိုထို စိုးရိမ်ပိုသည့်
မလိုမုန်းထား စိတ်ရိုင်းများကို
ရှောင်ရှားကာပင် တရားယှဉ်လျှက်
နေချင်လှပေ ငါ့စိတ်တွေ။

ကဗျာသီကုံး ခရေကုံးအလား



ဖေ့ဘုတ်ပေါ်မှာ ရေးပို့လာသည့်
ကဗျာစာသား တစ်နယ်ခြားက
ဆန်းပြားလှပေ ကာရံတွေတည့်
ရှေးမွေမပျက် စာအဖွဲ့ကို
သွက်သွက်ကလေး ဖတ်ဖူးပြီ။

ဋ္ဌာနေခြားလည်း အစဉ်မြဲပင်
စိတ်ထဲထင်လာ ဆရာမှာကြား
သင်ကာထားတဲ့ ရေးသားချက်ကို
မပျက်မသွေ မူဟန်တွေနဲ့
ယူစရာတွေလည်း ရေးတတ်ပြီ။

သို့ပေငြားလည်း
ဆရာနဲ့ဝေး လုံမလေးကား
အရေးမရွှင် အဖတ်သင်တုန်း
အဆင်မတည့် ကာရံပျက်တော့
တစ်ကွက်တစ်လေ မှားပါချေက
ဝေးမြေက ဆရာ့ဆီပြ။

ကံကိုယုံစား တစ်လအားနှင့်
ညများစွာကို ကဗျာဆိုလို့
မူပိုဟန်ထည့် အချက်လက်ကို
သွဲ့သွဲ့ပုံဖော် ရေးလေသော်ကား
မကျော်ကြားလည်း ကဗျာကြားဝယ်
လုံမငယ်လေး ပျော်တတ်ပြီ။

***တွယ်ရာမဲ့***



ဘ၀ပန်းခင်း ရနံ့သင်းသင်း
အပြစ်ကင်းစွာ ဖြတ်သန်းရှာလို့
တွယ်တာရာမဲ့ အားငယ်ချက်နဲ့
စားမဲ့မုန့်ချပ် စုတ်ပြတ်သတ်လည်း
အငတ်ပြေဖို့ ဖမ်းဆုပ်ယူထား
ကြောက်အားပိုတဲ့ ကလေးငယ်။

ခေါင်းရယ်စုတ်ဖွား နှုတ်ခမ်းပါးနဲ့
နောက်များမသွေ လှအားစွေမဲ့
အမွေဆက်တွေ ပိုင်ရစေဖို့
တွေဝေမငေး ယုယထွေးလို့
အားပေးကြပါ မိတ်သဟာ။

စာနာသနား ကြင်နာထားလို့
ရင်ဖွားသားနှယ် စိတ်ဝယ်ရွယ်လို့
တွေးကြွယ်ကာပင် ထောက်ထားချင်စိတ်
ရွှေရင်ထဲစိမ့် တသိမ့်သိမ့်နှင့်
ဝေလိမ့်မျက်ရည် ဖြေမဆည်ပဲ
                                                             ပြေးချီချင်တယ် ကလေးရယ်။

Wednesday, November 14, 2012

ရှေ့သို့


ကံကြမ္မာလက် ပုံစံခွက်မဲ့
ဖြာယှက်ပွေလီ ကွင်းဆက်မှီသည်
သွေဖီမလွဲ ကျိုးကြောင်းထဲမယ်
ပြောင်းလဲချယ်သ ကွင်းဆက်ချလို့
ဘဝကွန်ယက် နွယ်လိုယှက်။

ဝဲဂယက်နှယ် သောကကြွယ်လို့
လိမ်လည်လှည့်ဖျား ရောင်စုံကြားမယ်
ဆေးသားအသွင် ကြမ္မာငင်လျှက်
လေနှင်ရာလွင့် မကြွေလင့်အောင်
ဥာဏ်ဖြင့်ကြံဆောင် လောကဘောင်။

ဂုဏ်ရောင်ကိုမှီ လမ်းစချီလည်း
ဦးတည်ရာမဲ့ ကံစေချက်ကြောင့်
သွေပျက်ခဲ့လျှင် ဖန်ဆင်းရှင်ကား
ကိုယ်ပင်ဖြစ်ငြား အတွေးထားကာ
ဖောက်ပြားမသွေ ရှေ့ဆက်လေ။

စိုးရိမ်မိသူ



ကြွေချင်ဘူးကွယ်
သမုဒယနွှယ်ရစ်
အမြစ်တွယ်ဖြစ်ရင်
အပစ်ပယ်ခံရမယ့်အသည်း
ကွဲပြဲမှာကို အစိုးရိမ်ပိုရတယ်...မောင်။

သဲဘဝင်စိုးထိတ်
ကြိုးကြိတ်သလိုရစ်နှောင်
အချစ်အမှောင်ထဲ
မီးခဲနဲ့ယမ်းတွဲမိရင်ပဲ
ပေါက်ကွဲရမယ့်အန္တရာယ်
ရန်စွယ်တွေကို
ဘယ်လိုနည်းနာနဲ့
နာကြည်းကာဖြေသိမ့်နိုင်ပါမလဲ...မောင်

ကြင်နာသယောင်ယောင်
ရင်ခွင်အမှောင်ကြား
နှလုံးသားမှောက်မှားအောင်
ယောက်ျားရဲ့မာယာနဲ့
လှည့်စားကာအသုံးချ
ပြုံးပြလို့ချွေယူလည်း
ကြည်ဖြူမယ်စိတ်ကူး
အတွေးနဲ့ရူးစဉ်ဝယ်
မခင်တွယ်ရှောင်ခွါပြေးကာပုန်း
မုန်းရမှာတကယ်စိုး  စိုးလှတယ်…မောင်။
 

Monday, November 12, 2012

ကော်ဖီခါးခါးတစ်ခွက်



စာနာမှုမရှိတဲ့လမ်းမှာ
သာယာမှု့ဆိုတာရော
ရှိနိုင်ပါအုံးမလား ချစ်သူ
ကြိုးနွံသွားခဲ့တဲ့ ငါ့နှလုံးသားက
နင့်အပြုံးတွေအောက်မှာ
ကျရှူံးခဲ့ရတာပါ…။

ထောက်မစာနာချင်တဲ့ စိတ်နဲ့
ခေါက်ထားလိုက်ပြီဆိုမှတော့
နောက်ထပ်လဲ ဇယားမကပ်ချင်တော့ပါဘူး
ပစ်ပယ်ခံ ..စာရင်းထဲ ငါပါသွားရတာက
ကွဲပြားတဲ့ ရောင်စဉ်နှစ်ခုကို
အနားမသတ်မိခဲ့တဲ့ ငါ့အပြစ်တွေပါ..။

ရောင်းတမ်းမဝင်ပေမဲ့
ဒိတ်အောက်မသွားသေးတဲ့ ငါ့ ချစ်ခြင်းတွေက…
မင်းအတွက် လှောင်ပြုံးစရာ ဖြစ်နေမယ်ဆိုတာ
မသိခဲ့ရိုးအမှန်ပါ….
လွမ်းသင့်လို့ လွမ်းလိုက်ခဲ့မိတာပါ ချစ်သူ
ကမ်းလင့်လာတဲ့ လက်ကို ပုတ်ချခဲ့ပြီးမှတော့
စာနာဟန်လဲ မပြပါနဲ့တော့ ချစ်သူ
ကြွေလွင့်ဖို့တာစူနေတဲ့ ပွင့်ချပ်လို
ပင့်သက် အရှိုက် လေအဝှိုက်မှာ
အငိုက်မိခဲ့တာ နေမှာပါ..။

တာ့တာလို့ လက်မပြခင်
ငါလှည့်ထွက်ခဲ့တာက မင်းအတွက်ပါ…
ယုံတမ်းစကားတော့ မဟုတ်ပါဘူးနော်
အရင်ကတော့ ချိုပေါ့ကျပေါ့
အခုတော့လေ…ငါ ချစ်ကောင်းလိုဘဲ
ကော်ဖီခါးခါးတစ်ခွက်ကိုဘဲ
ခံတွင်းတွေ့နေခဲ့ပါပြီ ချစ်သူရယ်...........

ကျေပါစေတော့



ထာဝရ အနားပေးခံရမှာ
အသက်ထက် ကြောက်နေမိတာတောင်
ထားခဲ့ရက်တယ်နော်။

မှောင်မိုက်တဲ့ညလေးမှာ
မျက်ကန်းလမ်းသွားပမာ
စမ်းတဝါးဝါး လျှောက်နေရသူမို့
တွဲလက်ကို ဖြုတ်ခဲ့တာလားလေ။

ဓနမဲ့လမ်းလေးမှာ
အခမဲ့အနမ်းလေးတောင်
မချွေရက်ခဲ့နိုင်ဘူးနော်။

ဝေးရတော့မယ် ခရီးမှာ
မျက်တောင်တစ်ခတ်နဲ့
အသက်ပျောက်စေချင်သလား
အနှေးပြကွက်လေးနဲ့တောင်
မစာနာရက်ခဲ့ဘူးနော်။

ညမင်းငိုနေရင်တောင်
လမင်းကသူ့ရဲ့ကြယ်လေးတွေနဲ့ နှစ်သိပ်ပေးသလို
နှစ်သိပ်မပေးနိုင်ခဲ့ဘူးနော်။

ထားခဲ့ပါ  တအား ရက်စက်မှတော့
မှားခဲ့ ..လဲ ဆားထက်ငံတဲ့အရသာကို တတ်မက်မနေတော့ပါဘူး
ဝဋ်ရှိခဲ့လို့ ရစ်မိနေတာဆိုရင်လဲ ကျေပါစေတော့။

Friday, November 9, 2012

အချစ်ခန်းက ကဗျာမှတ်တမ်း



ကြေမွဆွေးမြေ့နေတဲ့ နှလှုံးသားကို
ကြည့်ချင်သေးတယ် ဟုတ်လား
ဖြစ်စဉ်ကို မကြည့်ချင်ပါနဲ့..
နင့်အတွက် အရူးလမ်းခင်းတဲ့
ပဋာစာရီဖြစ်အင် အချစ်သွင်လို့သာမှတ်လိုက်တော့
ငဲ့ညာမထောက်ထားပါနဲ့…။

ရင်ဝကိုအဆိပ်ဆူးတွေနဲ့ ရစ်မူးစေပြီးမှ
လွမ်းမပြနေပါနဲ့
နင့်ကို မေ့လိုက်ရမလားလို့
ယောင်လို့မှ မတွေးရဲခဲ့တဲ့ ငါ
မတန်ရာကိုမှ ဆက်သချင်တဲ့
အချစ်ငမိုက်သားကို    
အမုန်းတမန်တော်တွေနဲ့ ဆင့်ခေါ်လို့
လွမ်းစေလို့သာ ရက်စက်စွာအမိန့်ချလိုက်ပါတော့
ပြုံးလျှက်နှင်းဆက်နေမယ်ယုံ။

စာမစီမိလိုက်တဲ့ အသည်းစကားပြောကြားခဲ့တာ
ရင်ဘတ်ထဲကလာတာပါ
သရုပ်အမှန်ကို ပေါ့တန်တန်ထင်လို့ ပြစ်ပယ်ချင်တာမလား
ရသစုံတဲ့နှလုံးသားမှာ အသွေးသားတွေနဲ့ဖွဲ့တည်ထားတာ
အပြစ်မဲ့တဲ့ အချစ်တွက်ပါ
အနှစ်သက်သက်နဲ့ ရစ်နှောင်လို့ချစ်ခဲ့တာယုံ။

မနှင်သာလို့ ရင်နာနာနဲ့
မခင်တွယ်ပါနဲ့လို့ စစ်ကြေငြာချင်လည်း
မမြင်ကွယ်ရာက မဖြေသာပဲချစ်နေဆဲမို့
တမင်တကာပဲ အရှုံးပေးလိုက်တယ်
ဖြေမနိုင်အသည်း ခွေယိုင်ကာနွမ်းလည်း
ရင်မှာအလွမ်းတွေပဲ ပျစ်ချွဲနေတော့
နှလုံးသားလေးကနစ်မွန်းပြီပေါ့။

အိပ်မရတဲ့ ညအလှမှာ
မျက်စိတစ်မှိတ်လျှပ်တစ်ပျက် အဖြစ်ပျက်တဲ့
အချစ်ရက်တွေသေဆုံး အငြိုးတွေမှောင်ဖုံး
အမုန်းသာစိုးမိုးလေတော့
သွေးပျက်ခဲ့မိတဲ့ နှလုံးသားငရဲသားနှယ်
ပူလောင်ကျွမ်းလို့ အချစ်ခန်းက
ကဗျာမှတ်တမ်းအဖြစ် နိဂုံးအစစ်ဖြစ်ခဲ့ပြီ။

ကြိုးကွင်းစွပ် တောင့်တမှုများ



အရိုင်းအစိုင်းတဲ့ စကားလုံးတစ်လုံးက
ရာသီတွေ ပြောင်းပြန် လှည့်စားလိုက်တယ်။
သန့်စင်ဖို့ကြိုးစားတုန်း ဒေဝဒတ်က အုပ်စိုးလိုက်ပြီ
လမ်းကြုံတုန်း မော်ဖူးလိုက်တာ
ရမ္မက်ခိုးတွေဝေသွားတယ်။

နန်းမထိုက်တော့တဲ့ ပန်းတစ်ပွင့်
အဆင်းတင့်လည်း အချင်းမဲ့တော့
ခြေနင်းအခင်းတစ်ခု ခစားဝင်လာတယ်။

အသက်မဝင်တော့တဲ့ ပန်းချီကား
လက်သင့်မခံတဲ့ ပြပွဲမှာ ချောင်ထိုးထားလို့
မျှော်လင့်ခြင်းတွေခရီးထွက်သွားတယ်။

လွမ်းတော့လွမ်းမိပါရဲ့
ဝေရမဲ့အချိန် ရေပြတ်နေတော့
ကန္တာရအခင်းကိုပဲ ဖဲမွေ့ယာလုပ်လိုက်ရတယ်။

အသိမဲ့စွာ ငါတွေးမိပါရဲ့
ခံပြင်းခြင်းတွေအိမ်ဆောက်မလားလို့
စစ်သုံးပန်းလို အားမတန်လို့မာန်လျှော့လိုက်ရတယ်

ကိုယ်တိုင်ဖော်ခဲ့တဲ့အဆိပ် ကိုယ်တိုင်သောက်လို့
ရင့်ကျက်ဖို့ဟန်ဆောင်ရင်း တောင့်တမှုတွေကို
ကိုယ်တိုင်ကြိုးကွင်းစွပ်လိုက်ပြီ။
(ပျော်ရွှင်မှုမရှိတဲ့ ဘဝတစ်ခုဆီ လှမ်းရင်းပေါ့)

လူမသိသူမသိနှင်းဆီတစ်ပွင့်


အေးစက်လှပတဲ့ ဆောင်းတဲ့လား
ကွဲအက်အက်ညနက်ထဲမှာ
ပူးကပ်နေတဲ့ ဝိညာဉ်တွေနဲ့
လူမသိသူမသိ နှင်းဆီတစ်ပွင့်
ကြေကွဲခြင်းတွေကိုဖက်တွယ်လို့ ....
ချွေလေတဲ့နှင်းတွေနဲ့အတူ
တစစနဲ့ မြေမှာ ဝပ်..ဆင်း....လို့..။

ရီဝေတဲ့နှင်းစက်တွေအောက်
သံသယမျဉ်းကောက်တွေက
အဖော်မဲ့သူရဲ့ အထီးကျန်ခြင်းကို
အလိုရမ္မက်တွေနဲ့ ကာကွယ်ပေးမတဲ့
မရင့်ကျက်တဲ့ အသည်းနဲ့ တစ်ချက်မေးမယ်
ငါ့ရဲ့အသက်ကိုစတေးရမလား။

ငရဲလိုပူပြင်း အသက်ပြင်းတဲ့ချစ်ခြင်း
ကြင်နာခြင်းအရောင်တင်တော့
မြစ်တစ်စင်းလို ကောက်ကွေ့လှည့်ဖျား
တိမ်သားနှယ်လွင့် လေနီကြမ်းအောက်
မှတ်တမ်းပျောက်ကုန်တယ်။

ညအဆင်းရဲ့လှယမင်းသူဇာ
ကြယ်ကလေးတွေဝန်းရံခချင်ပေမဲ့
ကြမ္မာငင်လို့ မုန်တိုင်းကထန်တော့
ဝဿန်မိုးမင်းရဲ့ယဇ်ပလ္လင်ထက်
ကြေကွဲခြင်းပြယုဂ် အနှစ်ချုပ်လို့
တိတ်တိတ်လေး ငိုကြွေးနေလေရဲ့
သံယောဇဉ်ဆိုတဲ့ ရသ
ငါ့အတွက်က အကျဉ်းချသင့်တဲ့
ရာဇ၀တ်ကောင်။

မေတ္တာဆိုတဲ့ အေးမြခြင်း
ငါ့ဆီမှာအရောင်မလင်းတော့
ခဏချင်းအသွင်ပြောင်း
အဆိပ်လောင်းတဲ့ မြစ်ချောင်းရဲ့ဆုံမှတ်။

ဘဝသားကောင်အလား
လောကမှော်ဆရာတွေကြား
တစ်ထောက်လေးနားတာတောင်
လက်မြောက်ဒူးထောက်နေရတဲ့ ငါ
အနာဂတ်တွေ မီးသဂြိုလ်လိုက်တယ်။

ဘဝဆိုတဲ့ဇာတ်လမ်း မှတ်တမ်းနဲ့ဖြတ်သန်း
အရောက်လှမ်းရမှာ ယမမင်းရဲ့ပိုင်နက်စခန်း
စစ်တမ်းတွေဖြေ မသွေစတမ်းမို့
ကမ်းလက်တွေနှုတ်ဆက် ငါ ထားခဲ့လိုက်တယ်။

Sunday, November 4, 2012

ပြည်ရွာအတွက်အသက်ဆက်



သွေးစက်ရဲရဲ လူသတ်ပွဲတွေ
အခဲမကြေ  ယမ်းငွေ့ဝေက
အသေအပျက် အရှည်ဆက်လို့
မြေထက်ကြွေဆင်း အသက်ခင်းအံ့
ရင်တွင်းနာကျင် မမြင်ချင်။

သေသူကများ ဖြစ်ပျက်ကြားဝယ်
ထောက်ထားသူမဲ့ ပြည်ပျက်ခဲ့လျှင်
ရွာပျက်ပြည်သူ ရင်ထဲဆူလို့
အပူသောက ပြင်းရှရှနဲ့
သွန်းချမျက်ရည် ဖြေမဆည်။

ရွှေပြည်တစ်ဝှမ်း သွေးရောင်လွှမ်းက
စိတ်ဝမ်းမငြိမ် နှလုံးအိမ်တွင်း
ရောင်မှိန်ဆင်းလျှက် မျှော်လင့်ချက်မဲ့
ယဲ့ယဲ့ရှိုက်သံ ပွက်လောညံလို့
မတန်ခံရ ရင်နာစွ။

မာန်စကိုငြိမ်း ရန်စသိမ်းကာ
ပြည်အေးစေရေး မေတ္တာထွေးဖက်
အရေးပြည်သူ တွေးစုပူကာ
လွှင့်ထူအားမာန် မျိုးချစ်ဟန်နဲ့
တော်လှန်ပါမှ ပြည်သာစွ။

မသွေအမျိုး အရှိုက်ထိုးနှက်
အမျိုးဖျက်က သွေးစက်ချလို့
အုံကြွစုရုံး ခရီးဆုံးတိုင်
မပြုန်းသစ္စာ ခိုင်မာစွာနဲ့
ပြည်ရွာအတွက် အသက်ဆက်။