Pages

Friday, November 9, 2012

လူမသိသူမသိနှင်းဆီတစ်ပွင့်


အေးစက်လှပတဲ့ ဆောင်းတဲ့လား
ကွဲအက်အက်ညနက်ထဲမှာ
ပူးကပ်နေတဲ့ ဝိညာဉ်တွေနဲ့
လူမသိသူမသိ နှင်းဆီတစ်ပွင့်
ကြေကွဲခြင်းတွေကိုဖက်တွယ်လို့ ....
ချွေလေတဲ့နှင်းတွေနဲ့အတူ
တစစနဲ့ မြေမှာ ဝပ်..ဆင်း....လို့..။

ရီဝေတဲ့နှင်းစက်တွေအောက်
သံသယမျဉ်းကောက်တွေက
အဖော်မဲ့သူရဲ့ အထီးကျန်ခြင်းကို
အလိုရမ္မက်တွေနဲ့ ကာကွယ်ပေးမတဲ့
မရင့်ကျက်တဲ့ အသည်းနဲ့ တစ်ချက်မေးမယ်
ငါ့ရဲ့အသက်ကိုစတေးရမလား။

ငရဲလိုပူပြင်း အသက်ပြင်းတဲ့ချစ်ခြင်း
ကြင်နာခြင်းအရောင်တင်တော့
မြစ်တစ်စင်းလို ကောက်ကွေ့လှည့်ဖျား
တိမ်သားနှယ်လွင့် လေနီကြမ်းအောက်
မှတ်တမ်းပျောက်ကုန်တယ်။

ညအဆင်းရဲ့လှယမင်းသူဇာ
ကြယ်ကလေးတွေဝန်းရံခချင်ပေမဲ့
ကြမ္မာငင်လို့ မုန်တိုင်းကထန်တော့
ဝဿန်မိုးမင်းရဲ့ယဇ်ပလ္လင်ထက်
ကြေကွဲခြင်းပြယုဂ် အနှစ်ချုပ်လို့
တိတ်တိတ်လေး ငိုကြွေးနေလေရဲ့
သံယောဇဉ်ဆိုတဲ့ ရသ
ငါ့အတွက်က အကျဉ်းချသင့်တဲ့
ရာဇ၀တ်ကောင်။

မေတ္တာဆိုတဲ့ အေးမြခြင်း
ငါ့ဆီမှာအရောင်မလင်းတော့
ခဏချင်းအသွင်ပြောင်း
အဆိပ်လောင်းတဲ့ မြစ်ချောင်းရဲ့ဆုံမှတ်။

ဘဝသားကောင်အလား
လောကမှော်ဆရာတွေကြား
တစ်ထောက်လေးနားတာတောင်
လက်မြောက်ဒူးထောက်နေရတဲ့ ငါ
အနာဂတ်တွေ မီးသဂြိုလ်လိုက်တယ်။

ဘဝဆိုတဲ့ဇာတ်လမ်း မှတ်တမ်းနဲ့ဖြတ်သန်း
အရောက်လှမ်းရမှာ ယမမင်းရဲ့ပိုင်နက်စခန်း
စစ်တမ်းတွေဖြေ မသွေစတမ်းမို့
ကမ်းလက်တွေနှုတ်ဆက် ငါ ထားခဲ့လိုက်တယ်။

No comments:

Post a Comment