Pages

Wednesday, October 10, 2012

ခေတ် နှင့် မြန်မာ


“ခေတ်”ဆိုတဲ့ စကားလုံလေးရဲ့ နက်နဲတဲ့ အဓိပ္ပာယ် ရသအဖြစ်အပျက် ဆိုလိုရင်းကို အနှစ်ကျကျ ကျွန်မ မသိခဲ့တာ အမှန်ပါ။ ဒါပေမဲ့ ခေတ်မှီတယ် ခေတ်နောက်ကျတယ် ခေတ်လွန်တယ် ခေတ်ရှေ့ပြေးတယ် ခေတ်နဲ့အပြိုင်-ဆိုတဲ့ စကားသံလေးတွေ စာသားလေးတွေက ကြားနေရ ဖတ်နေရတာပါပဲ။ ကျွန်မ ဆယ့်နှစ်နှစ် အရွယ်ကလေးကစပြီး ခေတ်ဆိုတဲ့ စကားလေးကို စိတ်ဝင်စားမိတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်မရဲ့အမေ ပြောတဲ့စကားကနေ စပြောရမှာပါပဲ။ ကျွန်မရဲ့အမေက အရမ်းရိုးသားတယ်။ ဆံပင်ဆို တင်ပါးအထိ ရှည်တယ်။ ခေါင်းလျှော်ပြီးလည်း ဆံပင်ကို ဖြန့်ထားရင် ခဏလေးပဲ၊ အောက်နားလေးက ထုံးထားတတ်တယ်။ 
ကျွန်မက “အမေ.. ဘာလို့ အဲလို ထုံးထားတာလဲ”လို့ မေးတော့ 
အမေက “သမီးတို့ အဖွားတွေက ဆုံးမခဲ့တယ်၊ လူသေတဲ့အချိန်မှ ဆံပင်ကို ဖြန့်ချတဲ့ ဓလေ့ရှိတယ်ပေါ့၊ အဲလို မဖြန့်ထားရဘူး”လို့ ပြန်ပြောခဲ့တယ်။ ကျွန်မက “ဒါဆို အခုကောင်မလေးတွေ အကုန်လုံးနီးပါး ဆံပင်လေးတွေ ဖြန့်ထားတယ်လေ အမေ”လို့ ပြောတော့ “အဲဒါက ခေတ်ပေါ့ သမီးရယ်၊ လူတွေက ခေတ်-ဆိုတဲ့ စကားလေးကို အလွယ်တကူသုံးပြီး လုပ်ချင်ရာ လုပ်တတ်တယ်၊ လှချင်လို့ပေါ့”တဲ့။ အမေက ဆက်ပြောတယ်.. “သမီး.. ဘယ်နေရာ ရောက်ရောက်၊ အမျိုးကို မမေ့နဲ့၊ ခေတ်ရေစီးကြောင်းကြောင့် ကိုယ့်ရဲ့အလှတရားကို မပျက်စေနဲ့၊ သမီးနားလည်လာမှာပါ၊ ခေတ်-ဆိုတာနဲ့ အလှဆိုတာ ဘယ်လိုကွဲပြားမှု ရှိသလဲ၊ ခေတ်ကြာင့် အလှပျက်မှာလား? အလှကြောင့် ခေတ်ပျက်မှာလား? သမီးစောင့်ကြည့်နေပေါ့၊ တနေ့ကျရင် ခေတ်မမှီတဲ့ အမေ့စကားက သမီးဘဝ အလှအတွက် အထောက်အကူ ပေးမှာပါ”တဲ့။
ကျွန်မ တကယ် မှတ်မိနေခဲ့ပါတယ်။ ကျွန်မ ဆယ်တန်းရောက်တော့ မြို့ပေါ်မှာ ကျောင်းတက်ရတယ်။ ကျွန်မ ဘယ်တော့မှ အလှမပြင်ခဲ့ဘူး။ စာပဲ ကြိုးစားခဲ့တယ်။ ခေတ်ကတော့ နည်းနည်းလေး ပြောင်းစပြုလာပြီလေ။ ကောင်မလေးတွေ ညဝတ်အိပ်တဲ့ ဂါဝန်လေးတွေနဲ့ အိပ်ကြတယ်။ ကျွန်မကတော့ ထမီလေးနဲ့ပေါ့။ ကျွန်မက မဝတ်ရဲဘူး၊ အမေဆူမှာ ကြောက်တာရယ် ရှက်တာရယ်ကြောင့်ပေါ့။ အမေလာတော့ ကျွန်မကမေးတယ်.. “အမေ.. ဘာလို့ ညဘက်ကို အဲလို ဝတ်အိပ်တာလဲ အမေ”လို့၊ အမေက ပြောတယ်.. “ခေတ်လေ၊ ဗွီဒီယိုတွေကြည့် နိုင်ငံခြားကို အတုခိုးပြီး လိုက်ဝတ်တာ၊ အမေတို့ အမြင်နဲ့ဆို ပြောရတာ မကောင်းဘူးသမီး၊ မဝတ်နဲ့နော်”တဲ့။ ကျွန်မလည်း ခုချိန်ထိ ညဘက်ဆို ဘယ်တော့မှ ဂါဝန်လေးနဲ့ မအိပ်ဖြစ်ခဲ့ဘူး။
ကျွန်မ အဲဒီအချိန်ကတည်းက အတွေးထဲမှာ ခေတ်-ဆိုတဲ့ စကားလုံးလေးကို အမြဲသတိထား နေမိတယ်။ ဘာတွေဖြစ်လာမလဲ ဘယ်လိုဖြစ်လာနိုင်လဲပေါ့၊ ဒီလိုနေရင်း ကျွန်မ ဆရာမလေး ဖြစ်လာခဲ့တယ်။ အမေ့ရဲ့ သွန်သင်မှုအောက်က ဆရာမ ဖြစ်လာခဲ့တော့ ဆန်းပြားတာဆို ဘာမှမဝတ်ရဲခဲ့ဘူး။ ထမိန်ဆို ခြေဖျားဖုံး အက်ျီဆို ရင်စိနဲ့ပေါ့ လှတာ မလှတာမသိ၊ သင့်တာလေးဘဲ ဝတ်ပြီးနေလာခဲ့တယ်၊ ကျွန်မ ရန်ကုန်သင်တန်း သွားစရာက ပေါ်လာပါရော။ ဘာမှ မပြင်တတ်တဲ့ကျွန်မ ရန်ကုန်ရောက်တော့ ထမိန်ကနေလွဲပြီး ဘာမှမပါဘူး၊ သနပ်ခါးပါး ကွက်ကြားလေးနဲ့လေ၊ ကျွန်မစိတ်ထဲမှာတော့ လှနေတယ်ပေါ့၊ သင်တန်းနားတော့ ယုဇနပလာဇာတဲ့လေ၊ ကျွန်မကို ခေါ်သွားတယ်၊ အဲဒီနေ့လေးကို ကျွန်မအမှတ်ရနေတုန်း၊ သူငယ်ချင်းတွေ အကုန်လုံးက သုံးခြမ်းစပ် ထမိန်လေးတွေ စကတ်လေးတွေ ဝတ်ပြီးသွားတာလေ၊ ကျွန်မကတော့ ရိုးရိုးထမိန်လေးနဲ့လေ။
ဟိုလည်းရောက်တော့ ပွဲကစရော၊ ပလာဇာကြီး တစ်ခုလုံး မှန်တွေဘဲ တပ်ထားတာလေ၊ ကျွန်မ ကြည့်လိုက်တော့ ကျွန်မကိုယ်ကျွန်မ ပြန်မြင်နေရတယ်၊ အဲဒီကို လာတဲ့သူတွေက ကျွန်မသွားတဲ့နေ့မှာပဲ တိုက်ဆိုင်တာလား၊ ကျွန်မက မမြင်တာလား မပြောတတ်ဘူး၊ အကုန်လုံးက ကျွန်မလို ထမိန်နဲ့ မတွေ့ရဘူး၊ သူငယ်ချင်းတွေကလည်း လိုက်ကြည့်လိုက် ဝယ်လိုက်မပြီးတော့ဘူး၊ ကျွန်မလေ လိုက်သာလိုက်နေရတာ စိတ်ထဲမှာ သူတို့တွေကြားမှာ လိုက်နေရတာ တောသူမလေးစတိုင်နဲ့ ဖြစ်နေတော့ သိမ်ငယ်နေမိတယ်၊ အဲလိုမှန်းသိရင် မလိုက်လာပါဘူးလို့ တွေးနေမိတယ်။ ကိုယ့်ရဲ့ယဉ်ကျေးမှု ကိုယ့်ရဲ့ကိုယ်ပိုင်ဟန်ကို အလေးမထား သူများစတိုင် သူများဟန်ကို အထင်ကြီးပြီး ကိုယ့်ကိုယ် သိမ်ငယ်နေခဲ့တာလေ။ ကြာလာတော့ ကျွန်မ မနေနိုင်တော့ဘူး။
“နင်တို့မပြန်လဲ.. ငါပြန်မယ်ဟာ၊ ဒီမှာ ဆက်မနေချင်တော့ဘူး”လို့၊ သူငယ်ချင်းတွေက “ဘာဖြစ်လဲ”လို့ ပြာပြာသလဲမေးတော့ “ငါ့မှာက ထမိန်ကြီးနဲ့၊ နင်တို့နဲ့ မတူဘူးလေ၊ တောကျတဲ့ ပုံကြီးနဲ့ ရှက်လာပြီဟာ”လို့ ပြောလိုက်တော့ သူတို့က ကျွန်မကို ကြည့်ပြီး “အင်းနော်”တဲ့၊ အားမပေးဘူး ဝိုင်းဟားလိုက်သေး။ အဲလိုနဲ့ ပြန်လာခဲ့တာ အခုထိ မမေ့နိုင်ဘူး။ ကျွန်မ နောက်တခါ ရန်ကုန်ဆိုတာကို သွားခဲ့ရင် ခေတ်မှီအောင် ဝတ်သွားမယ်ပေါ့၊ အဲလိုလေး တွေးထားတယ်။ ကျွန်မစိတ်ထဲမှာ ခေတ်မှီတယ်ဆိုတာ အ၀တ်အစားတွေ လှအောင် သူများနဲ့အတူ လိုက်တုပြီး ဝတ်တာလို့ ထင်နေမိတယ်။
ထိုင်းကို ကျွန်မ ထွက်လာခဲ့တယ်၊ ထိုင်းရောက်တော့ တရားဝင် နေထိုင်ခွင့်မရခင် ကျွန်မ အပြင်မထွက်ရဲဘူး၊ အပြင်ထွက်ခဲ့ရင် ထိုင်းကောင်မလေးတွေ ဝတ်သလိုလေး ပြင်ပြီးသွားရတယ်လေ၊ တချို့တွေဆို ထိုင်းမလေးတွေလို့ ထင်ရအောင်ကို ပြင်ထားတာ၊ အဲလို မနေရင် မပြင်ရင် ခေတ်မမှီဘူး အပြောခံရပြန်ပြီ၊ ကျွန်မလည်း နဂိုကမှ “ခေတ်မမှီဘူး” အပြောခံရမှာ ကြောက်နေတော့ ဂါဝန်လေးတွေ စကတ်လေးတွေ ဝတ်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မ တခါမှ မလုံ့တလုံတော့ မဝတ်ခဲ့ပါဘူး။
တရားဝင်နေထိုင်ခွင့် ပါ့စ်ပို့တွေ ရလာတော့ ကျွန်မတို့မြန်မာတွေ ထမိန်လေးတွေ ဝတ်ခွင့်တော့ ရလာပါတယ်။ ဒါပေမဲ့ အဝေးကြီး သွားလို့မရဘူး။ အနီးအနား အလှူလောက်ဘဲ ရတယ်။ ဘာကြောင့်လဲဆိုတော့ ထိုင်းရဲတစ်ချို့က မြန်မာဆို မရရအောင် ပြဿနာရှာ ညစ်တတ်တာ ဆိုတော့ ရှက်တတ်တဲ့သူတွေအတွက် ရှောင်ရှားရင်း သင့်ရာလေးပဲ ဝတ်ကြရတာပါပဲ။ ဒါပေမဲ့ တစ်ချို့သော မိန်းကလေးတွေကျတော့လည်း နေရာအပြောင်းလဲရယ် ခေတ်-ဆိုတဲ့ စကားလေးကို အခွင့်ရေးယူပြီး ဝတ်လိုက်ကြာတာတော့ တကယ့်အပျံစားတွေပါ။ ကျွန်မလည်း အသက်လေးလည်းရလာ လူတွေအများကြီးနဲ့ ပေါင်းသင်းမိတ်ဆွေ ဖြစ်ခဲ့တာကြောင့် နည်းနည်း နားလည်သလို ရှိလာခဲ့တယ်။ “ခေတ်နဲ့ ကိုယ့်ရဲ့အလှကို အ၀တ်အစား မလုံ့တလုံနဲ့ လှစ်ဟ အလှပြတာနဲ့ ကွဲပြားတယ်”လို့ ကျွန်မ ထင်လာခဲ့တယ်။
အတတ်နိုင်ဆုံး အယဉ်ကျေးဆုံးလေး ဖြစ်အောင် ဝတ်စားဆင်ယဉ်ပြီး နေလာခဲ့တယ်။ ကျွန်မ မြန်မာဆန်ဆန်လေးတွေ ဆင်တဲ့အချိန်တိုင်း ကျွန်မကို လှတယ်လို့ အမြဲအပြောခံရတယ်။ ဆန်းပြားတဲ့ အဝတ်စားတွေနဲ့ သွားတဲ့အချိန်က ဘယ်သူမှ ကျွန်မကို လှတယ်မပြောခဲ့ဘူး။ အဲလိုအချိန်တွေမှာ ကျွန်မ အလှတရားဆိုဘာလဲ?ဆိုတာ ပိုသိလာခဲ့တယ်။ အမေ့စကားကို ပိုသတိရလာမိတယ်။ မြန်မာမိန်းကလေးပီသအောင် နေမယ်လို့ ဆုံးဖြတ်ချက် ချလိုက်တယ်။ မိန်းကလေးတွေ အများစုက အလှပြင်တယ်ဆိုတာ ယောကျာ်းလေးတွေ ကိုယ့်ကို စိတ်ဝင်စားအောင် လုပ်ဆောင်ခြင်းတစ်မျိုးလို့ ကျွန်မ ယူဆတယ်။ ကျွန်မကိုယ်တိုင်လည်း အဲလိုလေး ခံစားခဲ့ဖူးတာပါ။ အလှပြင်ပြီး ထွက်သွားရင် ယောက်ျားလေးတွေ ကြည့်ရင် သဘောကျ နေတတ်တာလေ။ ဒါပေမဲ့ ကျွန်မအခုယောက်ျားလေး သူငယ်ချင်းတွေနဲ့ ပေါင်းတယ်။ လူကြီးတွေနဲ့လည်း ပေါင်းတယ်။
ယောကျာ်းလေး အကုန်လုံးနီးပါးက သူတို့သာ ကြိုက်သလို ပြင်ဆင်ချင် ပြင်ဆင်လိမ့်မယ်၊ မိန်းကလေးတွေကိုကျတော့ ရိုးရိုးလေး လှတာလေး ယဉ်ကျေးသိမ်မွေ့တာလေးကိုပဲ သဘောကျလေ့ရှိတယ်၊ မိန်းကလေးတွေ အဝတ်အစားတွေ မလုံ့တလုံ ခေတ်ရှေ့ပြေး အဆင်အပြင်တွေက ကိုယ့်ကိုယ်ကို အထင်သေးခံဖို့ ပုရိသ ယောကျာ်းတွေရဲ့ မျက်လုံးကို အစာကျွေးဖို့လောက်ပဲ အသုံးဝင်တာလို့ ကျွန်မ နားလည်လာခဲ့တယ်။ စစ်မှန်တဲ့ အလှတရားဆိုတာ လူတကာရဲ့ မူဟန်ကို အတုယူပြီး ကိုယ့်ယဉ်ကျေးမှုကို အထင်သေး အဝတ်အစားတွေလှစ်ပြ ခန္ဓာကိုယ် အလှပြတာ မဟုတ်ဘူးလို့ တကယ် သိမြင်လာခဲ့တယ်။
အမေစု နိုင်ငံတကာကို သွားတာ ထိုင်းကိုလာတာ မြန်မာ အဝတ်အစားတွေနဲ့ပါ။ ကျွန်မ ပိုပြီး အားတက်လာခဲ့တယ်။ မြန်မာဆိုတာ ဂုဏ်ယူစရာကောင်းတဲ့ လူမျိုးဆိုတာ ပိုပြီး မြင်လာခဲ့တယ်။ ထိုင်းမှာနေပြီး “မြန်မာနဲ့ တူတယ်”လို့ပြောရင် အစက ရှက်သလို ခံစားရတယ်။ အခုတော့ “မြန်မာနဲ့ တူတယ်”လို့ ပြောရင် ဂုဏ်ယူနေမိတယ်။ မြန်မာတွေက အဲလိုလေး နေတယ်ဆိုတာကို အမေစုနဲ့ နှိုင်းယှဉ်ဂုဏ်ယူ ပြောပြ ဖြစ်သေးတယ်။ ကျွန်မကို အမေက ငယ်ငယ်ကတည်းက မြန်မာဆန်ဆန် နေတတ်အောင် ဆုံးမခဲ့ပါတယ်။ ဒါပေမဲ့ တခါတလေမှာ ပတ်ဝန်းကျင် အနေအထားရ ပြောင်းလဲခဲ့ရတာ ရှိတယ်၊ အပေါင်းသင်း မှားတာကြောင့် ရှိမယ်၊ ပြောင်းလဲမှုတွေ လုပ်ခဲ့ရတယ် ဆိုပေမဲ့ ကိုယ်တိုင်က အသိတရားရှိပြီး လက်ခံတတ်ဖို့ လိုတယ်။
ကျွန်မ အင်တာနက်ပေါ်မှာ စာလေးတစ်ကြောင်း ဖတ်မိလိုက်ပါတယ်။ “မိန်းကလေးတွေ အဝတ်အစား လှစ်ဟအလှပြတာ သရုပ်ပျက်နေတာတွေကြောင့် အမေတွေကိုသာ ဖိထောင်းချင်ပါတော့တယ်”လို့ ဒေါမနဿ စကားလေးက ကျွန်မအမေလို ဆုံးမတဲ့အမေအတွက်တော့ နာချင်စရာ ဖြစ်နေသလိုလေးပါ။ တကယ်လိုအပ်နေတာက အမေတွေသက်သက် မဟုတ်ပါဘူး။ ခေတ်ဆိုတဲ့ ရေစီးကြောင်းမှာ နစ်မျောနေတဲ့ လုပ်ပိုင်ခွင့် တားဆီးပိုင်ခွင့် ရှိသူတွေ စည်းဆိုတဲ့ အရာကို မထိန်းသိမ်းပဲ ကိုယ်ကျိုးအတွက်ပဲ လုပ်နေတဲ့သူတွေ ငွေရဖို့တစ်ခုအတွက် အနုပညာကို ဗန်းပြ  ယဉ်ကျေးမှုကို အလွဲသုံးစား လုပ်နေသူတွေ ရှေ့ကနေ ဦးဆောင်လမ်းပြခွင့် ရပါရဲ့နဲ့ လမ်းမပြတတ်တဲ့သူတွေ နိုင်ငံတကာကိုသာ အထင်ကြီးပြီး ကိုယ့်တိုင်းပြည်အတွက် ယဉ်ကျေးမှုကို အလေးမထားတဲ့ သူတွေကသာ အရင်တာဝန်ရှိတာပါ။
အမေဆိုတာ အိမ်မှာလောက်ဘဲ ဆုံးမလို့ရတာပါ။ လမ်းပေါ်ရောက်လို့  သူငယ်ချင်းတွေကြား အလုပ်ထဲရောက်လို့ အလုပ်ခွင်ကြားမှာ လိုအပ်လာရင် ပြင်သင့်ရင် ပြင်လိုက်ကြရတာပဲ။ တချို့နေရာတွေမှာ ထမိန်နဲ့ အလုပ်မလုပ်ရတဲ့ နေရာတွေရှိနေခဲ့တယ်။ မြန်မာပြည်မှာတောင် မြန်မာဖြစ်ပြီး ထမိန်နဲ့ အလုပ်မလုပ်ရတဲ့ နေရာဆိုတာ ရှိနေခဲ့ရင် တခြားနိုင်ငံမှာဆိုတော့ မပြောပလောက်တော့ဘူးလေ။ ကျွန်မတို့ စာသင်ကျောင်းတွေမှာ စည်းကမ်းဆိုတာ ရှိနေခဲ့လို့ အကုန်လုံး တန်းတူ ဝတ်ဆင်ဖြစ်ကြတယ်။ အဲလိုပဲ နေရာတိုင်းမှာ လုပ်သင့်တဲ့သူတွေ လုပ်ပိုင်ခွင့်ရှိတဲ့ သူတွေကလည်း စည်းကမ်းဆိုတာလေးကို ဂရုစိုက်ပြုပြင် ထိန်းသိမ်းမယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်မှာပါ။
နားမလည်လို့ လုပ်ကြတာရှိတယ်၊ အသိဥာဏ် မပြည့်ဝလို့ လုပ်တာရှိတယ်၊ နဂိုဗီဇကြောင့် လှချင်လို့ လုပ်တာရှိမယ်၊ အကုန်လုံးကို သိမ်းကျုံး အပြစ်တင်နေရုံနဲ့တော့ မြန်မာ့ယဉ်ကျေးမှု အဆင့်အတန်း မြင့်မားလာမှာမဟုတ်ဘူး၊ လူတိုင်းကို အပြစ်မမြင်ပဲ ပြုပြင်ပေးချင်စိတ် အမေစုလို ကမ္ဘာမှာ မြန်မာရယ်လို့ ပေါ်လွင်စေချင်တဲ့ စိတ်လေးနဲ့ အဝတ်အစား အပြင်အဆင် ယဉ်ကျေးမှုလေးတွေကို မြန်မာတွေ အားလုံးက ဝိုင်းဝန်း လုပ်ဆောင်သင့်တယ်လို့ပဲ မြင်မိတယ်၊ မြန်မာ့အလှဆိုတာ ရှေးခေတ်ကို ပြန်သွားပြီး ရှာရမလို ဖြစ်လာမဲ့ အနေထားကို ဘယ်လို ဖေးမကူညီသင့်တယ်ဆိုတာ မြန်မာအားလုံး တွေးတောပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ရေးကိုပဲ မျှော်လင့်မိပါတယ်။ မြန်မာတွေအားလုံး မြန်မာဆိုတာ ဂုဏ်ယူစရာ လူမျိုးလို့ မြင်ပြီး မြန်မာ့ယဉ်ကျေးမှုကို ထိန်းသိမ်းနိုင်ကြပါစေလို့ ဆန္ဒပြုရင်း… အမျိုးမပျောက်တဲ့မြန်မာ၊ ယဉ်ကျေးလှတဲ့မြန်မာ၊ ဘာသာသာသနာကို လေးစားတဲ့မြန်မာတွေရဲ့ ရှုမငြီးတဲ့အလှ စုစည်းရာ မြန်မာပြည်ကြီးအဖြစ်သာ အမြဲတည်ရှိနေဖို့ သဲတစ်ပွင့်လောက် အင်အားလေးနဲ့ ဖေးမအားပေးချင်စိတ်ဖြင့် ဒီစာစုလေးကို ရေးဖြစ်ခဲ့ခြင်းပါ။
                                                                အားလုံးကိုလေးစားလျက်  
                                                                                  လရိပ်လေး

No comments:

Post a Comment