Pages

Friday, October 26, 2012

** တူနှစ်ကိုယ် သစ္စာ **



စိတ်အစဉ်မှာ နှစ်လိုဖွယ်ရာ
ရစ်တွယ်တာလျှက် သခင့်အတွက်
နှလုံးသွေးစက် နှင်းဆက်အပ်ရင်း
ချစ်ခြင်းခိုဝင် အပြစ်ကင်းစင်
သိုးငယ်အသွင် ပေးဆပ်ကြင်လျှက်
ဘ၀ထပ်တူ ကြည်ဖြူအဆင်း
ငွေနှင်းပုံနှယ် ဖြူစင်လွှလွှ
ချစ်ပါရစေ။ (လရိပ်လေး)

မေတ္တာသန့်ရှင်း၊ ငြိမ်းအေးခြင်းနှင့်
ထုံသင်းမွှေးပျံ့၊ သင်းရနံ့တို့
ရှင်းသန့်ထုဆစ်၊ ရင်မှဖြစ်သော
အချစ်ဥယျာဉ်၊ သင့်တွက်ပင်မို့
တွေးမြင်စိတ်မှာ၊ ဆက်သပါသည် . . .။ (ရင်နင့်သူ)

ချစ်ပန်းချီရေး နှလုံးသားလေး
မှုန်းချယ်ပေးကာ အသည်းသက်တွေ
ထည့်သွင်းပုံဖော် သခင်ပျော်ဖို့
ရင်မှာရည်စူး အချစ်ဖူးနဲ့
အနှစ်တူးဖော် စောင့်စားမျှော်လျှက်
ဘ၀သော်ခြား မဆုံငြားလည်း
အသက်ပေးကာ ချစ်ပါရစေ။ (လရိပ်လေး)

ရဲရင့်တည်ငြိမ်၊ နှစ်လုံးအိမ်မှ
အရှိန်ရင့်သန်၊ သတ္တိမှန်ဖြင့်
 ဖွဲ့လျှက်ဖန်ဆင်း၊ ဥာဏ်အလင်းနဲ့
တည်ခင်းစောင့်ရှောက်၊ ရန်မရောက်ဖို့
မျက်မှောက်သစ္စာ၊ ပေးအပ်ပါသည်။ (ရင်နင့်သူ)

အေးမြလန်းရွှင် စမ်းအသွင်နှင့်
ရင်မှပြင်းပြ ချစ်တစ်စကို
သခင်လိုရာ ပန်ဆင်သဖို့
အစေခံနှယ် ရွယ်ရည်မော်ဖူး
ပျော်မြူးစေချင် မေတ္တာအရှင်
ဧကန်ပင်မို့ သံသရာဘဝ
ကျင်လည်နေသမျှ နားလည်ပေးဆပ်
နူးညံ့ခြင်းဖြင့် အပြစ်ကင်းစွာ
ချစ်ပါရစေ။ (လရိပ်လေး)

မိုးမြေသက်သေ၊ မေတ္တာစေရာ
ငှက်ရွှေမောင်နှံ၊ ဘ၀ဂ်ညံအောင်
ရည်သန်ကျူးရင့်၊ သစ္စာတင့်သော
ဘုန်းမြင့်စိတ်အား၊ ချစ်စိတ်ထားဖြင့်
ရိုးသားပေါင်းဖက်၊ ထာဝရအကြောင်းဆက်စေမည်. . . ။ (ရင်နင့်သူ)

No comments:

Post a Comment