ကျောင်းဖွင့်စက ကလေးများကြား အတော်လေး သည်းခံသင်နေကြရသော မိုးလေးနှင့်ခတ္တာ
ကလေးများကြား ပျော်နေပြီဖြစ်သည်။ ခတ္တာဆိုလျှင် သူ့အတန်းရော
ကျန်သည့်အတန်းမှကလေးများကိုပါ ဂရုစိုက်ကူသင်ပေးသည်။ လိမ္မာ အောင်ပြောပြ ပုံပြင်လေးပြောပြနှင့်
မျက်နှာတွင် အပြုံးဝေဆာနေတတ်သည်။ မိုးလေးလည်း စိတ်ပျက်ခြင်းများပျောက်ပြီး
ကလေးများကို သံယောဇဉ် ဖြစ်လာသည်။ တစ်ရက်တွင် မိုးလေးတို့နှစ်ယောက်
ကျောင်းသို့အလာ လမ်းဖြတ်အကူး ကလေးတစ်ယောက် ကဗျာ အော်ဆိုနေသံကြားလိုက်ရသည်။
“ပန်းကလေးများ ပွင့်တော့မည်၊ ဖူးတန်ဝင့်လို့ချီ။
နေခြည်မှာ ရွှေရည်လောင်း၊ ငါတို့ စာသင်ကျောင်း။”
ကလေးစာဆိုသံကြားရ၍ ကြည်နူးလို့မဆုံးခင် မရှေးမနှောင်းတွင် နားထဲ ဆူးစူးသလို ဝင်လာသည့် အသံတစ်ခုကြားလိုက်ရသည်။
“ဟဲ့ နင်စာကျက်တာ ထမင်းမစားရဘူး၊ ကလေးငိုနေတာ လာကြည့်ထား၊ တော်ကြာ နင့်အဖေ
လှေဝင်လာတော့မယ်၊ တကတည်းတော် သူတို့စာကများ ထမင်ကျွေးတာ ကျနေတာပဲ”
မိုးလေးနှင့်ခတ္တာ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီး မကြားသလို ခပ်သွက်သွက်
ကျောင်းဆီသို့ သုတ်ခြေ တင်ခဲ့ရသည်။ ကျောင်းရောက်ချိန်တွင် ခတ္တာက
“မိုးလေး ငါတို့ ဒီတိုင်းနေလို့တော့ မဖြစ်ဘူး၊ ရွာကမိဘတွေ ပညာရေးနဲ့ပတ်သက်ပြီး နားလည်လာအောင် စည်းရုံးမှရမယ်”
“ဘယ်လိုလုပ်ချင်လို့လဲ ငါနားမလည်ဘူးနော်၊ နင်ခိုင်းရင် လုပ်ပေးမယ်လေ”
“ငါတို့ ရွာထဲသွားပြီး မိဘတွေနဲ့ ရင်းနှီးအောင်လုပ်မယ်၊ ပြီးရင်ကလေးတွေ ပညာရေးအကြောင်းပြောပြ စည်းရုံးမယ်၊ နင်သဘောတူလား”
ခတ္တာအမေးကို မိုးလေး မနက်က စကားသံကိုပြန်ကြားယောင်ရင်း မ၀ံ့မရဲဖြင့်
ခေါင်းညိတ်လိုက်သည်။ ခတ္တာက မိုးလေးနှင့်မတူ စာအုပ် တအားဖတ်သည်။
မိုးလေးကိုလည်း စာဖတ်ဖို့ပြောသည်။ မိုးလေးက စာဖတ်ပျင်းသည်။ ဒီနေ့မှ ခတ္တာက
ထူးထူးဆန်းဆန်းထပ်ပြောလာသည်။
“နင် ဒီစာအုပ်လေး ဖတ်ကြည့်ပါလား၊
အရမ်းကောင်းတယ်၊ ငါဖတ်တဲ့အချိန်တိုင်း မျက်ရည်ကျတယ် သိလား၊ အရမ်းလည်း
ခံစားရတယ်၊ နင်ဒီစာအုပ်လေးဖတ်ပြီးရင် ဒီကျောင်းက ကလေးတွေရယ် ဒီရွာလေးနဲ့
ဒီကျောင်းလေးကို ပိုချစ်တတ်လာမယ်လို့ ငါထင်တယ်” ဆိုပြီး အတင်းပေးလာသည်။
မိုးလေးယူကြည့်လိုက်ရာ ၁၉၇၈-ခုနှစ်တွင် စာပေဗိမာန် ပထမဆုနှင့်
၁၉၈၀-ခုနှစ်တွင် အမျိုးသားစာပေဆုရရှိထားသော လယ်တွင်းသားစောချစ်၏
ပန်းမြိုင်လယ်ကဥယျာဉ်မှူး ဆိုသည့်ဝတ္ထုစာအုပ်လေး ဖြစ်နေသည်။
ခေါင်းစဉ်လေးမြင်သည်နှင့်ပင် စာဖတ်ပျင်းသော မိုးလေး တအားစိတ်ဝင်စားသွားသည်။
စာအုပ်လေးကို ဆက်ဖတ်လိုက်ရာ မိမိတို့အဖြစ်နှင့် တိုက်ဆိုင်နေသဖြင့်
လက်ကမချနိုင်ပဲ အပြီးထိ ဖတ်ဖြစ်သွားသည်။ မိုးလေး ဖတ်ပြီးသောအခါ
ခတ္တာတစ်ယောက် စိတ်ထားပြောင်းလဲသွားတာ ဒီလို စာအုပ်များ
ဖတ်ခြင်းကြောင့်ဆိုတာ သိလိုက်ရသည်။ ၀တ္ထုတွင် ဆရာတစ်ယောက်၏ မေတ္တာ၊ စေတနာ၊
အနစ်နာခံမှု၊ အနစ်နာခံမှုကြောင့်ရလာသည့်ပီတိ၊ အများလေးစားမှု၊
ကျောင်းသားများနှင့် ကျောင်းဆရာကြား မွန်မြတ်သောမေတ္တာ မိဘများ၏စေတနာကို
အထင်းသားမြင်ခဲ့ရသည်။ စာပေအသိကြောင့် ကျောင်းနှင့်ရပ်ရွာ၊ ကျောင်းသားများ၏
ကောင်းကျိုးကို အတတ်နိုင်ဆုံး ခတ္တာနှင့်လက်တွဲ လုပ်ဆောင်မည်ဟု မိုးလေး
တစ်ထိုင်တည်း ဆုံးဖြတ်လိုက်သည်။
* * *
စမ်းလှမ်းရွာတွင်
ပင်လယ်လုပ်သားများသည် ညနေ သုံးနာရီခန့်တွင် ငါးဖမ်းထွက်ကြသည်။ မနက်အရုဏ်တက်
ချိန်ကစပြီး လှေများအသီးသီး ၀င်လာကြသည်။ လှေဝင်လာလျှင် ငါးများကို
ပိုက်ကွန်မှ မိသားစုများက ၀ိုင်းကူဖြုတ်ကြရသည်။ မိုးလေးနှင့်ခတ္တာ
ပင်လယ်ဘက်ဆင်းပြီး ငါးများ ကူဖြုတ်ပေးကြသည်။ ကလေးများက သူတို့လှေဆီကနေ
“ဆရာမ ကျွန်မတို့လှေကိုလာ၊ ကျွန်တော်တို့လှေကိုလာ” ဟု
အလုယက်ဝိုင်းခေါ်ကြသည်။မိုးလေးတို့ တစ်ရက်တည်းနှင့် အရမ်းပျော်သွားသည်။
နေ့တိုင်းသွားပြီး ကူလုပ်ပေးကြသည်။ မိဘများလည်း အစရက်ပိုင်းတွင်
ထူးဆန်းသလို ကြည့်ကြသေးသည်။ နောက်ရက်များကြမှ အကုန်လုံးနှင့်
ရင်းနှီးသွားသည်။ မိုးလေးတို့ကို မိသားစုလိုဆက်ဆံလာသည်။
ကျောင်းတက်ချိန်နီးသည်နှင့် ကလေးများအားကျောင်းကို အမြန်ပြန် လွှတ်လာကြသည်။
ညဘက်ဆို ရွာကလူကြီးတချို့ မိုးလေးတို့ဆီလာပြီး စကားပြောကြသည်။
စကားပြောသည့်အချိန်တွင် ခတ္တာက “သူငယ်ငယ်က တအားဆင်းရဲခဲ့ပြီး သူ့အမေက
ဆရာမလေးလုပ်စေချင်ကြောင်း၊ သူကိုယ်တိုင်က ၀ါသနာမပါပဲ ဘွဲ့ယူရန်အတွက်သာ
လုပ်ခဲ့ကြောင်းပြောပြသည်။ အခု စာအုပ်များဖတ်ရင်း စိတ်ထားပြောင်းသွားပြီ
ဒီရွာမှာပျော်နေပြီ မပြန်တော့ဘူး”ဟု ရီစရာလုပ်၍ ပြောနေတတ်သည်။ “သူလည်း
အတူတူပဲ ဒီရွာလေးကိုချစ်နေပြီ”ဟု မိုးလေးဘက်လှည့်ပြီး ခတ္တာက
ထည့်ပြောတတ်သေးသည်။ မိုးလေးက စကားနည်းသူဖြစ်၍ ပြုံး၍နားထောင်နေလိုက်သည်။
နောက်ပိုင်းတွင် ရွာသူရွာသားများ တဖြေးဖြေးနှင့်ပြောင်းလဲလာပြီး
ကျောင်းအတွက် လိုအပ်သည်များကို အလေးထားကူညီလာကြသည်။
မိုးလေးတို့လုပ်ဆောင်မှုကိုလည်း ၀ိုင်းဝန်းချီးကျူးလာကြသည်။ ခတ္တာသည်
စာအုပ်မ၀ယ်နိုင်သည့် ကလေးများကို စာအုပ်များ ၀ယ်ပေးသည်။ ကျန်းမာရေးကအစ
အလေးထားကူညီပေးသည်။
တစ်ရက်တွင် မိုးလေးအတန်းက ကလေးတစ်ယောက်
စာသင်ရင်း အဖျားတက်လာသည်။ မိုးလေး ပျာပျာသလဲဖြင့် “ခတ္တာရေ ဒီမှာ
ကလေးတစ်ယောက်အဖျားတက်နေလို့ လာပါအုံး”ဟုခေါ်လိုက်သည်။ ခတ္တာ အပြေးလာသည်။
ကလေးက ကိုယ်တအားပူနေသည်။ ဆရာကြီးကလည်းမရှိ၊ ကျောင်းကိစ္စဖြင့်
မြို့တက်သွားသည်။ ကလေးကို ရေပတ်တိုက်ပေးပြီး ကိုယ်အပူသက်သာအောင်
လုပ်ပေးကြသည်။ ခတ္တာက ကလေးအိမ်ကို ပြန်လိုက်ပို့ပေးသည်။ ခဏပဲကြာသည် ခတ္တာ
ပြန်လာသည်။
“မိုးလေးရေ ဘယ်လိုလုပ်ကြမလဲ”
“ဟေ…ဘာဖြစ်လို့လဲ”
“ကလေးအိမ်မှာ ဘာဆေးမှမရှိဘူး၊ ဆေးက မြို့တက်ဝယ်မှရတာတဲ့ဟ၊ ဒီမှာက မြန်မာဆေးမီးတိုလေးပဲ ရှိတာတဲ့၊ ကလေး မသက်သာမှာ ငါစိုးရိမ်နေတယ်ဟာ”
ခတ္တာ စိတ်မကောင်းစွာ လာပြောပြသည်။ မိုးလေးအံ့သြနေသည်။ ခတ္တာတစ်ယောက်
ကျောင်းက ကလေးများအပေါ် သားသမီးအရင်းလို သဘောထားနေသည်ကို
မြင်ရခြင်းကြောင့်ဖြစ်သည်။ ကျောင်းပိတ်ရက်တွင် ကလေးများနှင့်
ဘုန်းကြီးကျောင်းတွင် အလှူသွားလုပ်သည်။ ဝေယျာဝစ္စများ သွားလုပ်ကြသည်။
ကလေးများသည် မိုးလေးထက် ခတ္တာကို ပိုချစ်ကြသည်။ မိုးလေးလည်း ကျေနပ်သည်။ ခတ္တာ
ကလေးများကို သားသမီးလို ချစ်၍ ကလေးများက ပြန်ချစ်ကြတာ မုဒိတာ ဖြစ်မိသည်။
ဆရာကြီး မြို့က ပြန်လာသည်။ သတင်းထူးတစ်ခု ပါလာသည်။ စတုတ္ထန်းမှတစ်ယောက်
ထူးချွန်စာမေးပွဲ ၀င်ရောက်ယှဉ်ပြိုင်ရမည်။ ထူးချွန်သောကလေးကို ရွေးချယ်ပြီး
အကောင်းဆုံးသင်ပေးရမည်ဖြစ်သည်။ ခတ္တာ မိုးလေးကို လာတိုင်ပင်သည်။
“မိုးလေး ကူစမ်းပါအုံး ထူးချွန်အတွက်လေ”
“အေးလေ ကူမှာပေါ့ နင်ဘယ်သူ့ကိုရွေးသင်မှာလဲ”
“နိုင်နိုင်ကိုလေ”
“ဟယ် ရလို့လား မသန်မစွမ်းနဲ့”
“ရတာပေါ့၊ ငါ့အတန်းမှာ သူကအတော်ဆုံးလေ၊ လက်ရေး တအားလှတာ နင်လဲသိသားနဲ့ ”
“အေးပါ၊ ဒါပေမဲ့ တောင်ကျော်ပြီး သွားရမှာလေ ဘယ်လိုသွားနိုင်မှာလဲ”
“နေစမ်းပါဟာ၊ ငါသူ့အဖေကို ဆရာကြီးနဲ့တိုင်ပင်ပြီး သွားပြောပြကြည့်မယ်၊
အဆင်ပြေရင် သူ့အဖေနဲ့သွားမယ်လေ၊ ကျန်တာ ငါ့တာဝန်ပေါ့၊ သူ့အဖေက
လိုက်ပို့ပေးရင်ရပြီဟာ၊ ဒါမှ ကလေးပညာရေးတိုးတက်မှာပေါ့”
အားပါးတရ မိုးလေးကိုပြောသည်။
ခတ္တာတစ်ယောက် စိတ်ကူးဖြင့် တက်ကြွနေသည်။ ညနေကျောင်းဆင်းချိန် ခတ္တာ
ဆရာကြီးကိုခေါ်ပြီး နိုင်နိုင်အိမ်သို့ လိုက်သွားသည်။ တစ်နာရီလောက်ကြာမှ
ခတ္တာပြန်လာပြီး မိုးလေးကို လှမ်းခေါ်သည်။ မျက်နှာကို ကြည့်ကတည်းက
ခတ္တာအဆင်ပြေပြီးပြန်လာမှန်း သိနေလည်း မသိသလိုနေလိုက်သည်။ သူထပ်ခေါ်သည်
“မိုးလေး မိုးလေး ဟာ.. မထူးဘူးဟယ် ဒီမှာ မောနေပြီ”
“ဘာလဲဟ အေးဆေးလည်းမနားရဘူး” ဟု မိုးလေးနောက်လိုက်သည်။
“ဟာ.. နောက်မှနားစမ်းပါ၊ ၀မ်းသာစရာပြောမလို့လေ၊ နိုင်နိုင့် အဖေက
လက်ခံတယ်သိလား၊ သူ့သားက မသန်စွမ်းလေးမို့ ဆရာမ သင်ပေးတာတောင်
ကျေးဇူးတင်လှပြီတဲ့၊ မဖြစ်ဖြစ်အောင်လိုက်ပို့မယ်တဲ့၊ ငါပျော်လိုက်တာဟာ၊
ငါကြိုးစားသင်ပေးမယ်၊ ငါ့သားနိုင်နိုင် ထူးချွန်ဆုရအောင်ကို
ကြိုစားခိုင်းမှာသိလား”
ခတ္တာတစ်ယောက် ရေပက်မ၀င်အောင် ကြည်နူးစွာပြောနေသည်။ ခတ္တာ၏ ပီတိမျက်နှာလေးကို ငေးကြည့်ကာ
“မိုးလေးလည်းထပ်တူပျော်ပါတယ် ခတ္တာရယ် နားပါအုံး” ပြောရင်း မိုးလေး ခတ္တာကို အတင်းနားခိုင်းရသည်။
ဒီနေ့ လကုန်ဖို့တစ်ရက်အလို၊ ဆရာကြီး လခထုတ်ရန် မြို့တက်မည်။
“ဆရာမတို့ရေ.. ကျွန်တော် မနက်ဖြန် လစာထုတ်သွားမယ်၊ဘာမှာကြမလဲ” ခတ္တာက
“ဆရာကြီး ကျွန်မမှာစရာရှိလို့ပါ”
“အင်း ဘာမှာမလို့လဲ ဆရာမ”
“ကျွန်မလစာထဲက တစ်ဝက်ကို မြို့ရောက်ရင် အင်္ဂလိပ်ဆေးတွေ ကျန်းမာရေးဆရာနဲ့ သေချာမေးပြီး ၀ယ်ခဲ့ပေးပါ”
“ဘာလုပ်မလို့လဲဆရာမ”
“ဒီရွာက ကလေးရော၊ လူကြီးရော နေမကောင်းရင် ဆရာဝန်လည်းမရှိ ဆေးလည်းမရှိ
မြန်မာဆေးမြီးတိုလေးပဲ သောက်နေကြရတာလေ ဆရာ၊ ကူနိုင်တာလေး ကူချင်လို့ပါဆရာ”
မိုးလေး တကယ်အံ့သြရပြန်ပါပြီ။ “ခတ္တာရယ် နင်အဲလောက်တောင် ဒီရွာလေးကို ချစ်နေပြီကိုး”လို့ စိတ်ထဲကနေ ရေရွတ်လိုက်သည်။
ဆရာကြီးမြို့မှ ပြန်ရောက်လာသည်။ ဆေးများနှင့်အတူ သတင်းတစ်ခုလည်း
ပါလာပြန်သည်။ ခတ္တာအတွက် အဝေးသင်ဖြေရမည့် သတင်းဖြစ်သည်။ “ဆရာမ
သွားဖြေမှာလား”ဟု ဆရာကြီးက မေးသည်။ ခတ္တာ ဆရာကြီးကို ဘာမှပြန်မဖြေပဲ
ငေးနေသေးသည်။ ပြီးမှ “ဆရာကြီး ကျွန်မ မဖြေချင်တော့ဘူး၊ ရာထူးမတက်ချင်ဘူး၊
ဒီကျောင်းလေးမှာပဲ တစ်သက်လုံး စာသင်သွားမယ်၊ ဘွဲ့မလိုတော့ပါဘူး
ဆရာကြီးရယ်”ဟုပြန်ပြောသည်ကို မိုးလေးကြားရပြန်သည်။ ခတ္တာလစာထုတ်တိုင်း
လစာတစ်ဝက်ပဲကျန်သည်။ ရွာသူရွာသား နေမကောင်းဖြစ်လျှင် မြို့ကဆရာညွှန်ကြား
လိုက်သည့်အတိုင်း ဆေးပေးသည်။ အိမ်တိုင်ရာရောက် လိုက်ကူညီပေးသည်။
ထူးချွန်ဖြေမည့် နိုင်နိုင်ကိုလည်း စာများ ဖိသင်ပေးသေးသည်။
ခတ္တာပင်ပန်းနေသည်ကို မကြည့်ရက်၍ မိုးလေးလည်း တတ်နိုင်သည့်ဘက်က
လိုက်ကူပေးသည်။
ထူးချွန်သွားမဖြေခင် နိုင်နိုင်အား ခတ္တာက
“သားလေးနိုင်နိုင် စာကြိုးစားနော်၊ ထူးချွန်ဆုရရင်လေ ဆရာမနဲ့မြို့ တက်ပြီး
ဓာတ်ပုံတွေ အများကြီးရိုက်မယ်နော်” ခတ္တာတစ်ယောက် ငယ်ငယ်ကတည်းက
အရုပ်ဆိုးလို့ဆိုပြီး ဓာတ်ပုံမရိုက် သည်ကို မိုးလေးသိသည်။ တကယ်တမ်းတွင်
ခတ္တာက အရုပ်မဆိုးပါ။ ကြည့်ကောင်းပါသည်။ ဆံပင်ကတင်ပါးကျော်သည်။
အရပ်မြင့်သည်။ ပါးချိုင့်လေးနှင့်ချစ်စရာကောင်းသည်။ သို့သော် အလှမပြင်ပေ။
လူမလှရင်နေပါစေ စိတ်ထားလှရင်ရပြီဟု ပြောတတ်သေးသည်။ အရုပ်ဆိုးသည်ဟု သူ့ဘာသာ
လက်ခံထားခြင်းဖြစ်သည်။ အခု ရုပ်ဆိုးမလေး ပီတိဖုံးလို့ ဓာတ်ပုံရိုက် မည်ဟု
ပြောတာကို မိုးလေးကြားဖူးပြီဖြစ်သည်။
* * *
ထူးချွန်သွားဖြေရမည့် နေ့ရောက်လာသည်။ ခတ္တာတစ်ယောက် တက်ကြွနေသည်။ အစောကြီး
အိပ်ရာထသည်။ နိုင်နိုင်ကို သူ့အဖေက ထမ်းထားရင်း ခတ္တာကိုလာခေါ်သွားသည်။
ညနေခြောက်နာရီလောက် ခတ္တာ ခြေထောက်ထော့နဲ့ ထော့နဲ့ဖြင့်ပြန်လာသည်။
“ဟယ်ခတ္တာ ဘာဖြစ်လာတာလဲ၊ ခြေထောက်မှာလည်း သွေးတွေနဲ့ပါလား”ဟု
မိုးလေးစိုးရိမ်တကြီးမေးလိုက်သည်။ ခတ္တာက “ဘာမှမဖြစ်ပါဘူးဟာ၊
တောင်တက်လမ်းမှာ ငုတ်ထိုးမိတာ နည်းနည်းလေးပါ”
“ဟုတ်လို့လား ခတ္တာရယ်၊ တစ်ခုခုဖြစ်ရင် ဒီရွာမှာ လောလောဆယ် ကျန်းမားရေးမှူးတောင် မရှိဘူးနော် သတိထားအုံး”
“ရပါတယ် နည်းနည်းလေးပါ”
“အေးပါသက်သာရင်ပြီးရော၊ ဒါနဲ့ ကလေးစာမေးပွဲအခြေနေက ဘယ်လိုလဲ”
“အားလုံးအိုကေတယ် သိလား၊ ငါပြန်စစ်တာ အကုန်မှန်တယ်၊ နိုင်နိုင်ကို
ရစေချင်တယ်ဟာ၊ မသန်စွမ်းလေးဆိုတော့ ပိုရစေချင်တာ၊ ငါလေ ရင်ခုန်နေတယ်သိလား၊
နိုင်နိုင်သာထူးချွန်ဆုရရင် ငါ့ကြိုးစားရကြိုးနပ်တာပေါ့၊ ရွာလည်း
နာမည်ရမယ်၊ ပညာရေးကို ပိုပြီးစိတ်ဝင်စားလာမယ်၊ ဆရာကြီးကိုလည်း ရွာက
ပိုပြီးလေးစားကြမယ်လို့ ငါထင်တယ၊် နိုင်နိုင် အောင်မြင်ပါစေ
လို့ငါဆုတောင်းတယ် မိုးလေးရယ်”
ခတ္တာရင်ထဲ ဒီရွာ ဒီကျောင်း
ဒီကလေးများကို တကယ့် စစ်မှန်သည့်မေတ္တာစိတ်ဖြင့် သံယောဇဉ်ကြိုး တစ်ချောင်း
ချည်နှောင်သွားပြီဟု မိုးလေး မှတ်ချက်ချလိုက်သည်။
ထိုညတွင်
မိုးလေးနှင့် ခတ္တာ နိုင်နိုင်အကြောင်း ရွာအကြောင်းပြောပြီး
အိပ်ပျော်သွားကြသည်။ မနက်အိပ်ရာနိုးချိန် ခတ္တာခြေထောက်
နည်းနည်းရောင်နေတာကိုတွေ့ရသည်။ ခတ္တာက ပင်လယ်ကမ်းခြေဆီသွားဖို့ပြင်ဆင်နေသည်။
“ဟယ် ခတ္တာ ခြေထောက်နာနေတယ်လေ မလိုက်နဲ့တော့ ငါပဲသွားလိုက်မယ်”
“ဟာ မရဘူး ငါပျင်းတယ် ကလေးတွေနဲ့ ငါးအတူကောက်ရတာပဲပျော်တယ်”
မိုးလေး ပြောမရမှန်းသိနေ၍ ငြိမ်နေလိုက်သည်။ ခတ္တာခြေထောက်နာနေလည်း
နေ့တိုင်းပင်လယ်ကမ်းခြေဆီသွားပြီး ငါးကူကောက်ပေးသည်။ ကျောင်းတက်မပျက်ခဲ့ပေ။
ကျောင်းပိတ်ရက်တစ်ရက်တွင် ကလေးများကိုခေါ်ပြီး ဘုန်းကြီးကျောင်း၌
မြက်ခင်းများသွားရှင်းကြသည်။ ဝေယျာဝစ္စလုပ်ကြသည်။ ခြေထောက်နာနေသည်ကိုလည်း
သိပ်အလေးမထားပေ။ ရွာထဲမှာ ဘယ်သူဘာဖြစ်တယ်ဆိုပြီး သတင်းကြားလျှင် ခတ္တာ
မိုးလေးကို ခေါ်ပြီးသွားပြန်ပြီ။
“ခတ္တာရယ် နားနားနေနေလည်းနေပါအုံး လုပ်တာလည်းလုပ်တာပေါ့ နင့်ခြေထောက်အနာလည်း ဂရုစိုက်အုံးလေ”
“ဟာ…ရပါတယ် အနာသေးသေးလေးကိုများ ထည့်ပြောနေသေး”
“အေး..နင်လုပ်နေနော် ဖြစ်လာမှ ငါမပြောချင်ပါဘူး နင်ပဲခံရမှာနော် စေတနာနဲ့လည်းပြောရသေး”
မိုးလေး ပွစိပွစိ ပြောနေလိုက်သည်။ ခတ္တာက ဘာမှပြန်မပြော သူလုပ်ချင်တာကို ဆက်လုပ်သည်။ တစ်ပတ်လောက် ကြာပြီး ညနေပိုင်းကျောင်းဆင်းချိန်
“မိုးလေး…..မိုးလေး”
“ဘာလဲ ခတ္တာ ပြောလေ”
“ငါ့ခြေထောက် ရောင်ပြီးတအားကိုက်လာတယ် ဒီနေ့နေရတာ တမျိုးလေးပဲသိလား”
“ဟယ်…ဟုတ်လား ခြေထာက်နာအနာကြီးနဲ့ ဟိုသွား ဒီသွားလုပ်နေတာကိုး
အညှော်မိပြီပေါ့ အစကတည်း ကပြောတာကိုလက်မခံဘူး နင်တော့လေ
တတ်လည်းတတ်နိုင်တယ်” ပြောသာပြောသည် မိုးလေးမနေနိုင်
“ဒါဆိုရေစောစောချိုး ထမင်းစားပြီးရင် အကိုက်ခဲပျောက်ဆေးလေးသောက်လိုက်နော်”
မိုးလေး ခတ္တာအတွက် စိတ်ပူပြီး လိုအပ်တာလုပ်ပေးလိုက်သည်။ ခတ္တာကို ဆေးတိုက်ပြီး နှစ်ယောက်စလုံး အစောကြီးအိပ်လိုက်ကြသည်။
ညဥ့်လယ်လောက်ရောက်ချိန်တွင် မိုးလေးအိပ်ပျော်နေရာမှ ညည်းသံသဲ့သဲ့လေးကြားရ၍
ထကြည့်လိုက်ရာ ခတ္တာ ကိုယ်ခြစ်ခြစ်တောက်ပူပြီး ညည်းနေသည်။
ညကြီးသန်းခေါင်ဖြစ်နေ၍ မိုးလေး ဘယ်သူ့ကို အော်ခေါ်ရမှန်းမသိဖြစ်နေသည်။
ရေပတ်တိုက်ပေးထားလိုက်သည်။ ခတ္တာညည်းသံ ခဏလေးပျောက်လိုက် ညည်းလိုက်နှင့်
တညလုံးဖြစ်နေသည်။ မိုးလေး စိတ်ပူပြီး ခတ္တာကိုပြုစုရင်း မိုးလင်းသွားသည်။
မိုးလင်းလင်းချင်း ဥက္ကဌ အိမ်ဘက်ပြေးပြီး မိုးလေးအကျိုးအကြောင်း
ပြောပြတော့ အိမ်နားကလူကြီးများပါ လိုက်လာကြသည်။ ဥက္ကဌက
မြို့ကိုပို့ရန်ပြောသည်။ ခတ္တာက ခေါင်းအတင်းခါသည်။
“သူငယ်ချင်းရယ် မြို့တက်ရအောင်နော် ရွာကလူကြီးတွေလိုက်ပို့မှာ ငါလည်းလိုက်မယ်လေနော်”
မိုးလေးပြောလည်း ခတ္တာလက်မခံပေ။ ပြောမရသဖြင့် ဥက္ကဌက
ရွာကလူသုံးယောက်ကိုလွှတ်ပြီး မြို့ကဆရာဝန်ကို သွားပင့်ခိုင်းလိုက်သည်။
အနီးနားမှ လူကြီးများလည်း ဆေးမြီးတိုများယူလာပြီး ခတ္တာခြေထောက်က အနာကို
လာလိမ်းပေးကြသည်။ ခတ္တာ ညည်းလိုက် မညည်းလိုက်နှင့် မှေးနေသည်။ မိုးလေးတို့
စိတ်ပူပြီး ထိုင်စောင့်နေစဉ် ဆရာကြီးနှင့် နိုင်နိုင်တို့သားအမိ
ရောက်လာသည်။
ဆရာကြီးက ၀မ်းသာအားရဖြင့်
“ဆရာမ ခတ္တာရေ၊ မြို့ကဈေးသည်လာလို့ သတင်းကောင်းပါလာတယ်။ နိုင်နိုင်ထူးချွန်ဆုရတယ်ဗျ ရုံးက သတင်းပို့လိုက်တယ်”
ဆရာကြီးက ပြောရင်း အိမ်ပေါ်တွင် လူအများကြီးနှင့် ခတ္တာ အိပ်ရာထဲလှဲနေသည်ကိုမြင်ပြီး တအားအံ့သြသွားသည်။
“ဘယ်လိုဖြစ်တာလဲဗျ” မိုးလေးကို မေးသည်။
“ခတ္တာ မြို့တက်တုန်းက တောင်ပေါ်လမ်းမှာ ငုတ်ထိုးမိတာ ဆရာ၊ ဘာဆေးမှမထိုးပဲ
ပြန်လာတယ်။ အခုတော့ ကြည့်ပါအုံးဆရာရယ်” မိုးလေး ပြောရင်းမျက်ရည်ဝဲတက်လာသည်။
“ဟာ…ကျွန်တော့်ကိုလည်း ဘာမှမပြောပါလား
နေ့တိုင်းလည်းကျောင်းတက်နေတယ်ဆိုတော့ အဲလောက်ဖြစ်မယ်လို့မထင်ဘူး
စိတ်မကောင်းလိုက်တာဗျာ”
“ဆရာမ နိုင်နိုင်ဆုရတယ်ဗျ”
ဆရာကြီးက ထပ်ပြောမှ ခတ္တာမျက်လုံးလေးပွင့်လာပြီး ဆရာကြီးအား စကားပြန်ပြောသည်။
“ကျွန်မ ဆရာမလုပ်တာဟာ ဘွဲ့တစ်ခုရဖို့ ငွေလိုလို့၊ အမေမသေခင်က
ဆရာမလုပ်ပါလို့ မှာခဲ့လို့ လုပ်ဖြစ်ခဲ့တာဆရာ၊ ကျွန်မဒီရွာကိုရောက်ပြီးမှ
တန်ဖိုးရှိတဲ့ “ပန်းမြိုင်လယ်က ဥယျာဉ်မှူး”ဆိုတဲ့
ဝတ္ထုတစ်အုပ်ဖတ်ဖြစ်ခဲ့တယ်။ အဲဒီဝတ္ထုလေးက ပေးတဲ့ အသိကြောင့်
ကျွန်မစိတ်ထားပြောင်းခဲ့တယ်။ အမေဘာကြောင့် ဆရာမလုပ်စေချင်သလဲ
ဆိုတာကိုနားလည် လာခဲ့တယ်။ ဆရာမဘ၀ကို တန်းဖိုးထားတတ်လာတယ်။ ကျွန်မဒီရွာနဲ့
ဒီကျောင်းလေးကို အကောင်းဆုံးဖြစ်အောင် လုပ်ပေးချင်စိတ်လည်းဖြစ်ခဲ့တယ်။
ဒါကြောင့် ကျွန်မတတ်နိုင်သလောက် လုပ်ပေးခဲ့တာပါ။ နိုင်နိုင်ဆုရတာ သိရတော့
ကျွန်မ အရမ်းပျော်တယ်ဆရာ၊ ကျွန်မသေပျော်ပြီဆရာ ပြောမှားဆိုမှားရှိခဲ့ရင်
ခွင့်လွှတ်ပေးပါ ဆရာကြီးနဲ့အားလုံးကို တောင်းပန်ပါတယ်”
အားယူပြီးပြောနေသည်။ထိုနောက် နိုင်နိုင်ဘက်လှည့်ပြီး
“သား စာဆက်ကြိုးစားနော်၊ ဆုယူရင် ဓာတ်ပုံလှလှလေးရိုက်လာနော်”
ပြောနေစဉ် ခတ္တာ တကိုယ်လုံး တောင့်တင်းလာသည်။ အသက်ရှူသံပြင်းလာသည်။
ပါးစပ်လည်းဟ၍ မရပဲဖြစ်လာသည်။ မိုးလေး ခတ္တာ၏လက်ကို ဆွဲကိုင်ထားပေးစဉ်
ဝေဒနာကို ကြိတ်မှိတ်ခံစားနေသေးသည်။ နာရီဝက်လောက်ကြာသည်နှင့်
တက်သလိုဖြစ်လာသည်။ နောက်ဆုံးတွင် သူချစ်သည့်အရာအားလုံးကို
နှုတ်ဆက်ထားခဲ့ပြီး လောကကြီးထဲမှ ခတ္တာ ထွက်ခွါသွားတော့သည်။
မြို့ကဆရာဝန်ရောက်လာသည်ကို ခတ္တာမစောင့်နိုင်တော့ပေ။ ဆရာဝန်ရောက်လာချိန်
ဆရာဝန်ပြောချက်အရ ခတ္တာတစ်ယောက် မှေးခိုင်ပိုးဝင်၍
သေဆုံးခြင်းဖြစ်ကြောင်းသိလိုက်ရသည်။ မိုးလေး ယူကြုံးမရဖြစ်မိသည်။ ခတ္တာ
အများအတွက်သာဂရုစိုက်ပြီး ကိုယ့်ကိုယ်ကိုယ်အလေးမထားခြင်းကိုလည်း
ရင်နာမိသည်။ ခတ္တာ ငြိမ်ကျသွားချိန်တွင် ခတ္တာကိုလှုပ်နှိုးပြီး နိုင်နိုင်က
“ဆရာမ ကျွန်တော်ဆုရရင် ဓာတ်ပုံတွေ အများကြီးရိုက်မယ်ဆို၊ ဆရာမ အခု
သားဘယ်သူနဲ့ရိုက်ရမှာလဲ၊ မေမေ ဆရာမကိုခေါ်ပေးလေဗျာ၊
သားတို့ဓာတ်ပုံအတူတူရိုက်မယ်လေ”
ပြောပြောပြီးငိုရာ လူကြီးများပါ မနေနိုင်ပဲ မျက်ရည်ကျပြီးဝိုင်းငိုကြသည်။
“ဆရာမရယ် ကျွန်မသားလေး မသန်စွမ်းကို တော်စေချင်လို့ ဆရာမ အသက်ပေးပြီးသင်ပေးသွားလားရှင်၊ ဘယ်လိုဖြေရမှာလဲရှင်”
နိုင်နိုင်အမေကလည်းပြောပြီးငိုသည်။ ဆရာကြီးက
“ဆရာမရယ် ဆရာမစေတနာကို တစ်ရွာလုံးနားလည်နေကြပါပြီဗျာ ပညာရေးအတွက် လမ်းညွှန်ရင်းပေးဆပ်ခဲ့ တာလားဗျာ”
ယူကြုံးမရသောလေသံဖြင့် ပြောသည်။ ဥက္ကဌကလည်း
“မြို့ကဆရာဝန်ကို အချိန်မှီမပင့်ပေးနိုင်ခဲ့တာ ခွင့်လွှတ်ပါ ဆရာမရယ်”
ပြောရင်းမျက်ရည်ဝဲနေသည်။ မိုးလေးလည်း ဘယ်လိုမှဟန်မဆောင်နိုင်ပဲ
“ငါ့ကို ထားခဲ့ပြီလား သူငယ်ချင်းရယ်” ခတ္တာကိုယ်လုံးလေးကို ဖက်ပြီးချုံးပွဲချငိုလိုက်မိသည်။
ဆိုးတူကောင်းဖက် သူငယ်ချင်းခတ္တာ ခုလိုဖြစ်သွားသည်ကို
ယူကြုံးမရဖြစ်သော်လည်း သူ၏ အမျိုးဘာသာ သာသနာ အပေါ် တာဝန်ကျေမှုများ
ကျေးရွာအပေါ်သိတတ်မှုများနှင့် တပည့်တစ်ယောက်အတွက် ပေးဆပ်သွားခြင်းကို
မိုးလေး ဂုဏ်ယူနေမိသည်။ ခတ္တာတစ်ယောက် နိုင်နိုင်နှင့်အတူ သူစိတ်ကူးထားသလို
ဓာတ်ပုံများရိုက်ပြီး ပျော်မသွားနိုင် တော့ပေ။ မိုးလေး ခတ္တာအတွက်တွေးကာ
ဝမ်းနည်းနေမိသည်။ မနက်ဖြန်ခါ အလောင်းမြေမြှုပ်ခါနီးတွင် ဆရာကြီးကလုပ်ရ
သည့်ထုံးစံအတိုင်း “ဒီကျောင်းနှင့် ဆရာမခတ္တာ
ဘာမှမသက်ဆိုင်တော့ပါဘူးဆိုသည့်” အမိန့်ပြန်တမ်း စာကို ဖတ်ကြားပေ လိမ့်မည်။
ထိုအချိန်တွင် သူငယ်ချင်းခတ္တာတစ်ယောက်တည်း တမလွန်ကနေ
“လွမ်းမျက်ရည်ဝေ့သီရင်း နိုင်နိုင်အတွက် ပီတိ ဖြစ်နေမလား”၊
“မျက်ရည်ဖြိုင်ဖြိုင်ကျပြီး လုပ်ရက်လေခြင်း”ဟု နာကျည်းစွာ
ငိုကြွေးနေမလားဆိုသည်ကို အတွေးဖြင့်မြင် ယောင်ကာ မိုးလေး၏ပါးပြင်ပေါ်သို့
မျက်ရည်များသာ တလိမ့်လိမ့် စီးဆင်းနေပါတော့သည်။
* * *
လရိပ်လေး (မောင်းမကန်)
Monday, February 17, 2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment