Pages

Monday, February 17, 2014

“ပန်းခတ္တာ၏ လွမ်းပီတိ”


“မိုးလေးရေ……. မိုးလေး”

ခပ်ဝေးဝေးမှ အော်ခေါ်သံ ကြားနေရသည်။ အသံကြားသည်နှင့် သူ၏ကျောင်းနေဖက် သူငယ်ချင်း ခတ္တာဖြစ် မည်ဆိုသည်ကို သိလိုက်သည်။ မနက်စာစားပြီး အိမ်ရှေ့တွင်ထိုင်နေစဉ် မိုးလေး အသံကြားရာဘက်သို့ ကြည့်လိုက်သည်။

ခတ္တာတစ်ယောက် လက်ထဲတွင် စာအိတ်လေးကိုင်ပြီး မိုးလေးဆီ ဝမ်းသာအားရ ပြေးလာနေသည်။ အနားရောက်သည်နှင့် ခတ္တာက အမောတကောဖြင့်

“မိုးလေး….. မိုးလေး…….”

“ခတ္တာရယ်… ဖြေးဖြေးပြောပါဟယ်၊ ဘာဖြစ်လာတာလဲ၊ နင်ကလုပ်လိုက်ရင် အလန့်တကြားချည်းပဲ”

“မဟုတ်ပါဘူးဟာ ငါပျော်လို့ပါ”

“အင်း… ဘာတွေများ ပျော်စရာရှိလို့လဲ၊ ထီပေါက်လာလို့လား၊ ပြောပါအုံး”

“ဒီမှာလေ၊ အလုပ်ခန့်စာ ကျလာပြီလေ၊ နင်ရော ငါရော တစ်ကျောင်းတည်း အတူတူကျတယ်ဟဲ့ သိလား”

“ဟယ်… ဘယ်ကျောင်းကို ကျတာလဲ”

မိုးလေး ထူပူသွားသည်။ မိုးလေးနှင့် ခတ္တာ ဆယ်တန်းအောင်ပြီးကတည်းက အလုပ်လျှောက်ထားခဲ့သည်။ အလုပ်မရခင် ရွာကမူလတန်းကျောင်းတွင် လုပ်အားပေးနေကြသည်။ မိုးလေးသည် သူငယ်ချင်းခတ္တာကို ခင်၍သာ ဆရာမအလုပ်ကို အတူတူလျှောက်ထားခြင်း ဖြစ်သည်။ ဆရာမအလုပ်ကို ၀ါသနာမပါပေ။ အဝေးကြီးသွားရမည်ကို စိုးရိမ်စိတ်ဖြင့် ခတ္တာလက်ထဲက အလုပ်ခန့်စာကို ယူကြည့်လိုက်သည်။ သွားရောက်တာဝန်ထမ်းဆောင်ရမည့်နေရာသည် တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာ မူလတန်းကျောင်း ဖြစ်နေသည်။

မိုးလေး မျက်လုံးများ ပြာဝေသွားသည်။ မိုးလေးတို့ရွာသည် ထားဝယ်မြို့နှင့် ဆယ်မိုင်ခန့်သာဝေးသည်။ ထိုက်သင့်သလောက်လည်း စည်ကားသည်။ ခရီးလမ်းပန်းလည်း အဆင်ပြေသည်။ စမ်းလှမ်းရွာသို့ မိုးလေးတို့ရွာမှ သွားမည်ဆိုပါက ထားဝယ်ကို ကားဖြင့်သွားရမည်။ ထိုမှတဆင့် လောင်းလုံးမြို့ကို ဆက်သွားရမည်။ လောင်းလုံးမှစမ်းလှမ်းသို့ ကားလမ်း၊ လှည်းလမ်းမရှိ၊ တောင်ကိုကျော်၍ ခြေလျင်သွားရမည့်ရွာ၊ အတွေးနှင့်ပင် မိုးလေး စိတ်ညစ်သွားသည်။ ခတ္တာသည် တကယ့်အပြစ်ကင်းစင်သော ကလေးငယ်တစ်ယောက်ပမာပျော်နေသည်။

အမှန်ဆို ခတ္တာဘ၀ကသနားစရာကောင်းသည်၊ ခတ္တာတွင် အဖေရော အမေရောမရှိတော့ပေ။ ဒေါ်လေး အထောက်အပံ့ဖြင့် ဆယ်တန်းအောင်ခဲ့သည်။ ဘွဲ့တစ်ခုရအောင် ဆရာမလုပ်၍ ရသည့်လစာနှင့် အဝေးသင်ဖြေရန် ဆုံးဖြတ်ထားသူဖြစ်သည်။ ခတ္တာအတွက်တွေးပြီး မိုးလေးပျော်နေသော်လည်း ရင်ထဲ ကြောက်သလိုလို ရှိနေသည်။

“မိုးလေး ဘာဖြစ်သွားတာလဲ”

အနားကပ်မေးလိုက်သည့် ခတ္တာအသံကြားမှ မိုးလေး အသိပြန်ဝင်လာပြီး

“ဘာမှမဖြစ်ပါဘူးဟာ၊ အိမ်နဲ့ခွဲရမှာဆိုတော့ ဝမ်းနည်းသလိုလို ခံစားရလို့ပါ” ဟု ဖြေလိုက်မိသည်။

“ဟာ… ဖြစ်စရာလား၊ ငါတို့က ပညာနဲ့ အမြင့်မြတ်ဆုံး အလုပ်ကို လုပ်မှာလေ၊ အတွေ့ကြုံလည်း ရတာပေါ့၊ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြမယ်နော်… နော်”

ခတ္တာက ပခုံးဖက်ပြီး ပြောလာသဖြင့် “အင်းပါ” ဟု မိုးလေး ခေါင်းညိတ်လိုက်ရပြန်သည်။

* * *

မေလ ၂၈ရက် ၁၉၉ဝ…….

မိုးလေးနှင့်ခတ္တာ အထုပ်အပိုးများဖြင့် လောင်းလုံးမြို့သို့ နေ့လယ် ၁၂ နာရီကျော်လောက်ရောက်သည်။ မိုးလေးတို့ လောင်းလုံးရောက်သည်နှင့် စမ်းလှမ်းရွာသားများ လာကြိုနေကြသည်။ အထုပ်အပိုးများကို ကူသယ်ပေးကြသည်။ မိုးလေးက တောင်တက်လမ်းများ မြင်ကတည်းက စိတ်ပျက်သွားသည်။ ခတ္တာကမိုးလေးနှင့်မတူ ရွာသားများနှင့် ဖော်ရွေစွာ စကားပြောပြီး သမင်ပျိုမလေးနှယ် တက်ကြွနေသည်။ တောင်တက်လမ်းရောက်သောအခါ ရွာသားတစ်ယောက်က မိုးလေးကို

“ဆရာမလေး.. ပင်ပန်းနေပြီလား ကျွန်တော်တို့ရွာက မြို့နဲ့အလှမ်းဝေးလို့ မလာချင်ကြဘူး ဆရာမရယ်၊ ဆရာမတို့ လာတာကို တအား ကျေးဇူးတင်နေတာ ဆရာမ ပင်ပန်းရင်ပြောနော်၊ နားနားပြီးသွားမယ်”

သူတို့ အားကိုးတကြီး ပြောတာကြားရသောအခါ မိုးလေးအမော ပြေသွားပြန်သည်။ တစ်နာရီနီးပါး ပင်ပန်းစွာ လျှောက်လိုက်ရသည်။ ရောက်ပြီ... မိုးလေးတို့ နေရမည့်အိမ်။ အိမ်ပေါ်ရောက်သည်နှင့် ဧည့်ခန်းတွင် လူကြီးသုံးယောက် စောင့်နေကြသည်။

“လာလာ.. ဆရာမတို့ မောလာပြီလား၊ ကျွန်တော်တို့ စောင့်နေတာကြာပြီ အိမ်ပေါ်ကြွပါခင်ဗျာ”

ဖော်ဖော်ရွေရွေပဲ ခေါ်ကြသည်။ မိုးလေးကြည့်လိုက်သည် အရပ်ထောင်ထောင်မောင်းမောင်းနှင့် ဥပတိရုပ်သန့်သန့် အသက်သုံးဆယ်ကျော်လောက် ရှိမည်ထင်သည်။ သူကစတင်ပြီး

“ကျွန်တော်က ဒီရွာကျောင်းက ဆရာကြီး ဦးစိုးမြင့်ပါ”

“သူက ဥက္ကဌ ဦးစိန်မောင်းပါ”

“ဟိုဘက်က အတွင်းရေမှူး ဦးထွန်းပါ” ဆိုပြီး မိတ်ဆက်ပေးသည်။

“ဟုတ်ကဲ့၊ တွေ့ရတာဝမ်းသာပါတယ်ရှင်။ ကျွန်မက ခတ္တာပါရှင်၊ သူကတော့ မိုးလေးပါရှင်”

ခတ္တာက သွက်လက်စွာ ပြန်လည်မိတ်ဆက်လိုက်သည်။ ဆရာကြီးက

“ဆရာမတို့ နေရေး စားရေးအကုန်လုံးကို ဥက္ကဌတို့အိမ်က တာဝန်ယူထားပါတယ်၊ လိုအပ်တာရှိရင် ကျွန်တော့်ကိုလည်း ပြောလို့ရပါတယ်။ ကျောင်းကိစ္စက မနက်ဖြန်ကျောင်းရောက်မှ တိုင်ပင်ကြတာပေါ့၊ ဆရာမတို့လည်း ပင်ပန်းလာတယ် နားလိုက်ပါအုံးခင်ဗျာ” နှုတ်ဆက်ပြီး အသီးသီးပြန်ကုန်ကြသည်။ နေရမည့်အိမ်နှင့် ကျောင်းက နီးနီးမို့ တော်သေးသည်။ ဥက္ကဌမိသားစုက လိုလေသေးမရှိ လုပ်ပေးထားကြသည်။

မိုးလေးတို့ ပစ္စည်းများနေရာချပြီးသောအခါမှ ဘေးဘီဝဲယာကို ကြည့်မိသည်။ ရွာကလေးသည် အလွန်သာယာလျှက် နေချင်စဖွယ်လေးဖြစ်နေသည်။ တောင်ခြေကနေ ရွာစလာပြီး တစ်မိုင်နီးနီးခန့်တွင် သဲသောင်ပြင်လေး ဖြစ်သွားသည်။ သဲသောင်ပြင်၏တောင်ဘက်တွင် ပင်လယ်ကမ်းခြေ၊ မြောက်ဘက်တွင် တောစပ်လေး တည်ရှိသည်။ ရွာကို အထဲပိုင်းနှင့် အပြင်ပိုင်းဆိုပြီး ခွဲခြားထားသည်။ မိုးလေးတို့ စာသင်ရမည့်ကျောင်းက ရွာအပြင်ပိုင်းတွင်ဖြစ်သည်။ ဈေးသေးသေးလေးလည်း ရှိသည်။ မိုးလေးနှင့်ခတ္တာ ရွာအနေထားကိုကြည့်ပြီး အရမ်းပျော်နေမိသည်။

* * *

ဇွန်လ ၁-ရက်၊ ကျောင်းစဖွင့်သည့်နေ့။

မိုးလေးနှင့်ခတ္တာ ကျောင်းသို့ စောစောသွားကြသည်။ ဆရာကြီးလည်း အစောကြီးရောက်နေသည်။ ကျောင်းသား တစ်ယောက်မှ မရှိသေးပါ။ ဆရာကြီးက တစ်ကျောင်းလုံးတွင် ကျောင်းသားဦးရေ ၅ဝ-လောက်ပဲ ရှိကြောင်း ပြောသည်။ သူငယ်တန်းမှ စတုတ္ထတန်းထိ အတန်းငါးတန်းကို ခွဲယူရန်ပြောသည်။ ခတ္တာက သူငယ်တန်းနှင့် စတုတ္ထတန်းယူလိုက်သည်။ မိုးလေးက ပထမတန်းနှင့် ဒုတိယတန်းယူလိုက်သည်။ ဆရာကြီးက ရုံးအလုပ်များနှင့် လစာသွားထုတ်ရသဖြင့် တတိယတန်း ကိုယူရန် ဆုံးဖြတ်လိုက်ကြသည်။ ၉နာရီထိုးပြီ ကျောင်းတက်ခေါင်းလောင်း ထိုး၍မရသေးပေ။ ကျောင်းသားတစ်ယောက်မှ ရောက်မလာခြင်းကြောင့် ဖြစ်သည်။ “ဘာကြောင့်မလာကြတာလဲ” မိုးလေး တွေးနေစဉ် ခတ္တာက

“ဆရာကြီး ကျောင်းသားတွေကဘယ်ချိန်မှ ကျောင်းလာတက်တာလဲ ဆရာကြီး”ဟုမေးလိုက်သည်။

“ဒီလိုပါပဲဗျာ၊ ဒီရွာက တံငါရွာလေ၊ လှေဝင်ပြီး ငါးရောင်းလို့ရမှ ဆန်ဝယ်ကြရတာ၊ ဒီရွာက ဘာမှမထွက်ဘူး ဆရာမ၊ ငါးများများရလာရင် ဒီမှာရောင်းလို့မရဘူး တောင်ကိုကျော်ပြီး လောင်းလုံးမြို့ပေါ်မှာ သွားရောင်းရတာ၊ မြို့ကဈေးသည်တွေ ကလည်း တောင်ကိုကျော်ပြီး ဆန်တွေ ဟင်းသီးဟင်းရွက်တွေ ဒီမှာလာရောင်းကြတယ်။ ကလေးတွေက မိဘပြန်လာတာကို စောင့်နေရင်း ကလေးထိန်းနေရတာ ဆရာမ၊ အားတဲ့ချိန်မှ ကျောင်းကိုပြေးလာကြရတာ၊ ကျွန်တော်လည်း အစကပြောပါ သေးတယ်။ ဒါပေမဲ့ သူတို့ဘဝလေးတွေက တကယ်သနားစရာဖြစ်နေလို့ သူတို့လာတဲ့ချိန်မှ စောင့်ပြီးသင်ပေးရတယ် ဆရာမရယ်” ဆရာကြီးက ရွာအခြေနေနှင့် ကျောင်းအခြေနေကို ရှည်လျားစွာ ရှင်းပြသည်။

စာသင်ဖို့ အားခဲထားသည့် ခတ္တာတစ်ယောက် မျက်နှာမကောင်းပေ။ မိုးလေးက ဘာမှမပြောချင်သဖြင့် ခတ္တာကိုပဲ ဘယ်လိုလဲဆိုသည့်သဘောဖြင့် ကြည့်လိုက်သည်။ ဆရာကြီးက စိတ်ရင်းကောင်းသည်။ ရွာကလည်း ချစ်ကြသည်။ ဆရာကြီးက အေးဆေးစွာပြောဆိုတတ်ပြီး မိုးလေးတို့ကို မောင်နှမအရင်းလိုနေရန်၊ ကျောင်းအတွက်လိုအပ်သည်ကို တတ်နိုင်သလောက် ၀ိုင်းဝန်းလုပ်ဆောင်ပေးရန် ပြောသည်။ ကလေးများနှင့် မိဘများအပေါ်လည်း သည်းခံနားလည်ပေးဖို့ တောင်းဆိုလာသည်။ မိုးလေးတို့က တတ်နိုင်သလောက်ကူပါ့မည်ဟု ကတိပေးကြသည်။

ဆရာကြီးနှင့် စကားပြောနေရင်း ၁၀-နာရီထိုးခါနီးကျမှ ကလေးများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာသည်။ တစ်ချို့တွင် အဖြူအစိမ်းလည်းမရှိ၊ လွယ်အိတ်လည်း လူတိုင်းတွင်မရှိ၊ စာအုပ် ကိုင်သူကိုင်၊ သင်ပုန်းလေးကိုင်သူကိုင်ဖြင့် တဖြေးဖြေး လူစုံလာသည်။ အတန်းနေရာများကို ဆရာကြီးနှင့် ခတ္တာကပင် နေရာချပေးသည်။ မိုးလေးက ကလေးများကို နေရာချပေးသည်။ ကျောင်းက အခန်းခွဲထားခြင်း မရှိပေ။ တစ်တန်းနှင့်တစ်တန်း ကျောင်းသားအားလုံးကို မြင်နေရသည်။ အတန်းက ငါးတန်း ဆရာက သုံးယောက် ဒီဘက်အတန်းကိုသင်လျှင် ဟိုဘက်အတန်းကို စာရေးခိုင်းထားရသည်။ ဒီကစာသင်နေလျှင် ဟိုဘက်က ရန်ဖြစ်ပြန်သည်။ ခတ္တာနှင့် မိုးလေး တော်တော်လေးကြိုးစား သင်ကြရသည်။

မိုးလေးက “ဒီတိုင်း ဆက်သင်နေရမယ်ဆို ငါတော့သေမှာပဲ၊ ကလေးတွေက ညစ်ပတ်တာနဲ့ ဆိုးတာနဲ့ စိတ်ပျက်ပါတယ်” လို့ ညည်းလိုက်မိသည်။ အိမ်ပြန်ချင်စိတ်လည်းတဖွားဖွား ဖြစ်လာသည်။ ခတ္တာက

“မိုးလေးရယ် စိတ်ရှည်စမ်းပါဟယ်၊ ကလေးတွေ သနားပါတယ်၊ ငါတို့သင်မပေးရင် ဘယ်သူသင်ပေးမှာလဲဟာ” ပြောလာသဖြင့် မိုးလေးစိတ်လျှော့ လိုက်ရပြန်သည်။

* * *

ကျောင်းဖွင့်ပြီး ဒုတိယနေ့။

ခတ္တာက သူငယ်တန်းတွင် ဝလုံးရေးနည်း သင်နေသည်။ “သားတို့သမီးတို့ မရေးတတ်တဲ့သူ ဆရာမဆီလာ” ကလေးများ အပြေးလေးထွက်လာကြပြီး “မီး မရေးတတ်ဘူး၊ သားလည်း မရေးတတ်ဘူး”နှင့် ဆူညံစွာ ပြောရင်း ခတ္တာနား ဝိုင်းအုံနေကြသည်။ ခတ္တာ တစ်ဦးချင်းကို လက်ထပ်ပြီး သင်ပေးနေသည်။ ခတ္တာ၏စိတ်ရှည်မှုကို မိုးလေးစိတ်ထဲက ချီးကျူးလိုက်မိသည်။ ထိုအချိန်တွင် မောင်တူးဆိုသည့် ကောင်လေးသည် ထွက်လဲမထွက်လာ ရေးလည်းမရေးပဲ ထိုင်နေသဖြင့် ခတ္တာက “ဟဲ့ ကလေး၊ ဘာလို့ မရေးတာလဲ ထစမ်း”လို့ လှမ်းအော်နေသည်။ ကလေးက မျက်ရည်ကျပြီး အသားများ တဆတ်ဆတ် တုန်နေသည်။ မိုးလေးလည်း ခတ္တာအော်သံကြားသဖြင့် လှမ်းကြည့်လိုက်ချိန်တွင် ခတ္တာက ကလေးဆီ အပြေးကလေးသွားပြီး “ကလေး ဘာဖြစ်တာလဲ” အလန့်တကြား ပွေ့ချီကာ မေးနေတာ တွေ့ရသည်။ “ဟယ်.. ခုနက သူပဲအော်ပြီး ခုတော့ သူ မဟုတ်တာကြနေတာပဲ” မိုးလေး ရေရွတ်လိုက်သည်။ ကလေးနှင့်ခတ္တာ အကြာကြီး စကား ပြောနေသည်။ မိုးလေး ပထမတန်းစာသင်ပြီး ကြည့်လိုက်ရာ ဘယ်လိုချော့လိုက်သည်မသိ မောင်တူး စာရေးနေသည်။ ခတ္တာ စတုတ္ထတန်းကို တစ်ခါထပ်သင်နေပြီ ဖြစ်သည်။

စတုတ္ထတန်းတွင် အတန်းသား ၈-ယောက်ပဲ ရှိသည်။ အထူးခြားဆုံးက နိုင်နိုင်ဆိုသောကောင်လေး ဖြစ်သည်။ နိုင်နိုင်၌ လက်နှစ်ဖက်လုံးတွင် လက်ချောင်းများမရှိသလို ခြေထောက်တစ်ဖက်တွင်သာ ခြေချောင်းများရှိပြီး တစ်ဖက်က အရိုးပျော့လေးလို ဖြစ်နေသည်။ မိုးလေးနှင့်ခတ္တာ မြင်ကတည်းက အံ့သြနေသည်။ မိုးလေးက ကိုယ်သင်ရမည့် အတန်းမဟုတ်သဖြင့် ဘာမှမမေးပဲနေသော်လည်း ခတ္တာ စာစသင်လျှင် ဒီကလေး ဘယ်လိုရေးမလဲသိလိုသောကြောင့် စောင့်ကြည့်နေခဲ့သည်။ ကလေးက စာရေးသည့်အချိန် လက်ချောင်းမရှိတဲ့ လက်သီးဆုပ်နှစ်ဖက်ဖြင့် ခဲတံကို ညှပ်၍ရေးသည်။ မနေနိုင်သဖြင့် မိုးလေးသွားကြည့်သည်။ လက်ရေး ၀ိုင်းစက်နေသည်။ ခတ္တာက ပျော်နေသည်။ သူ့ကလေးက မသန်ပေမဲ့ စွမ်းပါသည်ဆိုပြီး ကြွားချင်သည့်သဘောဖြင့် မိုးလေးကို ပြုံးပြီးကြည့်လိုက်သည်။

ခတ္တာစာသင်ပြီး ခဏနားနေချိန် မိုးလေးမမေးပဲ မနေနိုင်သဖြင့် မေးကြည့်လိုက်မိသည်။

“ခတ္တာ ခုနကလေးက တအားကြောက်နေတာ ဘာဖြစ်တာလဲ”

“အင်း.. ငါမပြောတတ်သေးဘူး၊ သူ့အကြောင်းမှ မသိသေးတာ၊ ညနေ သူ့အိမ်လိုက်ပြီး အခြေနေသွားစုံစမ်း လိုက်မယ်၊ မိဘတွေရဲ့အပြုအမူနဲ့ ဆိုင်မယ်ထင်တယ်၊ သူ့ကိုကြည့်ရတာတစ်ခုခုခံစားနေရသလိုပဲ၊ စာရေးဖို့ခေါ်တာနဲ့ အသားတဆတ်ဆတ်တုန်နေတာ၊ မနည်းချော့မော့ထားရတယ်”

ညနေကျောင်းဆင်းချိန် မောင်တူးအိမ်သို့ မိုးလေးတို့ လိုက်သွားကြသည်။ အိမ်တွင် သူ့အမေရှိနေသည်။ သူ့အမေက “ဟယ် ဆရာမတို့လာတယ်၊ ဘာကိစ္စလဲဆရာမ၊ ထိုင်ပါရှင်” ဆိုပြီး ဖျာခင်းပေးရင်း မိုးလေးတို့ဘေးနား ကျုံ့ကျုံ့လေး လာထိုင်သည်။

ခတ္တာက “အဒေါ် မောင်တူးက ဘာလို့ တအားကြောက်တတ်တာလဲ၊ စာသင်ပြီး စာရေးခိုင်းတဲ့ချိန် တအားကြောက်ပြီး အသားတဆတ်ဆတ်တုန်နေတယ်၊ ကျွန်မ အတော်လေး ချော့မော့ထားရတယ်”ဟု စကားစလိုက်သည်။ သူသိလိုသည်များကိုလည်း မေးနေသည်။

မောင်တူးအမေက “ဆရာမရယ်… ပြောရင်လည်း ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသလိုပါပဲရှင်၊ ဒါပေမဲ့ ဆရာမ မေးတော့လည်း ပြောပါ့မယ်ရှင်၊ သူ့အဖေက အရက်တအားသောက်တာ ဆရာမ၊ အရက်သောက်လာတိုင်းလည်း ကျွန်မကို တအားရိုက်တယ်။ ကလေးကိုလည်း အခန်းထဲမှာ တံခါးပိတ်ထားတတ်တယ် ဆရာမ၊ အဲလိုအမြဲလုပ်နေတော့ ကလေးက သူ့အဖေကိုရော လူတွေကိုပါ ကြောက်တတ်သွားတာပါ။ ကျွန်မလည်းသူ့အဖေကို မပြောရဲလို့ ဒီတိုင်းပဲ နေနေရတာပါ ဆရာမရယ်၊ ဆရာမတို့ပဲ ကလေးကို အဆင်ပြေအောင် သင်ပေးပါရှင်”လို့ မျက်နှာညှိုးညှိုးဖြင့် ခတ္တာကို ပြန်ပြောနေသည်။

ခတ္တာကို မိုးလေးကြည့်လိုက်စဉ် ခတ္တာဘာမှမပြောပဲ ငိုင်နေသည်။ ခဏကြာမှ ခတ္တာက မေးလိုက်ပြန်သည်။

“သူ့အဖေက ဘယ်ချိန်ပြန်လာတာလဲ အဒေါ်”

“ပြန်ရောက်ခါနီးပြီ ဆရာမ”

“ကျွန်မ ခဏစောင့်မယ်နော်”

“ရပါတယ် ဆရာမ”

ခတ္တာက ဆက်စောင့်နေသည်။ မိုးလေးက ခတ္တာဘာများ ဆက်လုပ်မလဲလို့ စောင့်ကြည့်ရင်း ထိုင်နေသည်။ မိုးလေးက ခတ္တာနှင့်မတူ စာသင်စရာရှိတာသင် ဆရာကြီးခိုင်းလျှင် လုပ်ပေး ခတ္တာနှင့် အဖော်လိုက်ပေးကာ အချိန်ကုန်နေ တတ်သည်။ အခုမိုးလေးရှေ့တွင် ခတ္တာ၏လုပ်ဆောင်မှုများကိုမြင်ရသောအခါ ထူးခြားနေသလားဟု ထင်နေမိသည်။ တအောင့်လေးအကြာတွင် လူတစ်ယောက်ယိုင်ထိုးယိုင်ထိုးဖြင့် အိမ်ဘက်သို့လျှောက်လာသည်။ မောင်တူးအဖေ ဖြစ်မည်ဆို သည်ကို မိုးလေး ခန့်မှန်းမိသည်။ အိမ်ပေါ်သို့ မနိုင့်တနိုင်ဖြင့်တက်လာသည်။ မိုးလေးနှင့်ခတ္တာကို မြင်လျှင် ပျာပျာသလဲဖြင့် အမူးပြေသွားသည့်အလား ကိုယ်ကိုမတ်လိုက်ပြီး “ဆရာမတို့ ဘာလာလုပ်တာလဲဗျာ၊ ကျွန်တော့်သား မောင်တူး ဆိုးလို့လာ တိုင်တာလား” ဟုမေးသည်။

ခတ္တာက “ ခဏထိုင်ပါအုံးရှင်၊ ကျွန်မ ပြောစရာရှိလို့ပါ၊ မောင်တူးဆိုးလို့လာတိုင်တာမဟုတ်ပါဘူးရှင်၊ စာသင်ရင် တအားကြောက်နေလို့ အကျိုးကြောင်းသိချင်တာနဲ့ လိုက်လာခဲ့တာပါ၊ သူ့အမေပြောပြတာနဲ့ မောင်တူး ဘာကြောင့်အဲဒီလိုဖြစ်တယ်ဆိုတာ သိရလို့ ဦးလေးကို ကျွန်မစောင့်နေတာပါရှင်၊ ဦးလေးက အဖေပဲဟာ မောင်တူးကို ကျွန်မထက် ပိုချစ်လိမ့်မယ်လို့ ထင်ပါတယ်ရှင်၊ ကျွန်မက အဖေမရှိတော့ပေမဲ့ အဖေ့မေတ္တာကို နားလည်းပြီသားပါ၊ ဦးလေးလည်း ချစ်တယ်ဆိုရင် မောင်တူးရှေ့ရေးအတွက် အလေးထားစေချင်ပါတယ်ရှင်။ မောင်တူးကို တအားသနားလို့ပါ၊ မိဘတွေရဲ့ဂယက်ကြောင့် ကလေးဘ၀ကို အညွန့်မတုံးစေချင်လို့ပါ၊ ဖြစ်နိုင်ရင် မောင်တူးကို ချော့မော့ပြီး မကြောက်အောင် မိဘတွေကို ချစ်တတ်လာအောင် ဂရုစိုက်ပေးပါလားရှင်၊ ဦးလေးအရက်သောက်ရင်လည်း အလွန်အကျွံမသောက်ပဲ မောင်တူးအတွက်မြင်ယောင်ပြီး ဆင်ခြင်ပါလို့ ကျွန်မတောင်းပန်ပါရစေရှင်၊ ဒါမှလည်း ဒီကလေးက စာတတ်လာမှာပါ ဦးလေးရယ်”

ခတ္တာက ရှည်လျားစွာ ရှင်းပြ ဖြောင့်ဖျရင်း ပြောနေသည်။ ကလေးအဖေက ဘာမှပြန်မပြောပဲ ငြိမ်သက်နေပြီး တော်တော်ကြာမှ

“ဆရာမရယ် ကျွန်တော် ဆင်ခြင်ပါ့မယ်ဗျာ၊ ဆရာမကတောင် ကျွန်တော့်ကလေးအပေါ် စေတနာထားနိုင်သေးရင် ကျွန်တော်ပိုထားရမှာပေါ့ဗျာ”

မိုးလေး ရင်ကိုဖိထားမတတ် ထိန့်လန့်နေစဉ် ခတ္တာကို မောင်တူးအဖေပြန်ပြောသည့်စကားကိုကြားလိုက်ရမှ သက်ပြင်းချနိုင်သည်။ ခတ္တာက အောင်နိုင်သူအပြုံးဖြင့် မိုးလေးလက်ကို တင်းတင်းလေးဆုပ်ကိုင်လိုက်သည်။ နောက်နေ့ များတွင် မောင်တူး ကျောင်းရောက်လျှင်စာရေးသည်။ သူငယ်ချင်များနှင့်လည်း ဆော့တတ်လာသည်။

* * *
ဆက်ရန် ...

No comments:

Post a Comment