Thursday, July 18, 2013
***ထိုနေ့စွဲ (ဂျူလိုင် ၁၉)***
မိုးရိပ်ညိုညို ပြိုမလိုနဲ့
ရင်ကိုဆို့စေ မျက်ရည်ကြွေကျ
သွေးမြေခလျှက် အဆိပ်သက်ခဲ့
ရက်စက်ကြေကွဲ ထိုနေ့စွဲကို
အမြဲမှတ်ရ လွမ်းနေရကာ
တမ်းတငိုကြွေး ကဗျာရေး။
ကမ္ဘာတစ်လွှား ပြိုင်သူရှားခဲ့
သွေးသားနဲ့ရင်း သတ္တိခင်းကာ
နေမင်းပမာ ဘုန်းရောင်ဖြာလို့
ပြည်ရွာကောင်းကြိုး ကူသယ်ပိုး၍
အမျိုးစောင့်ကာ တို့မြန်မာတွက်
အာဇာနည်များ သက်ပေးသွားသည့်
သွေးများလွှမ်းပြီ ထိုနေ့ဆီကို
မျှော်ရည်ကာတွေး ငိုရသေး။
ရာသီတွေဆွေး နေ့ရက်ဝေးလည်း
သွေးကြွေးသမိုင်း ရောင်မမှိုင်းပေ
ချိန်တိုင်းရင်မှာ စွဲထင်ကာဖြင့်
မြန်မာလူထု သွေးချင်းစု၍
ယုယုယယ မေ့မရစွာ
မှတ်ကြကာဖြင့် တည်နေလင့်လျှက်
လွမ်းသင့်ငိုကြွေး နေ့ရက်လေး။
ဂုဏ်လည်းမဖက် ချစ်မငဲ့ပဲ
သွေးသက်ကုံလုံ စုကာပုံ၍
ကြုံဆုံဒုက္ခ ဖြစ်သမျှကို
ပြုံးလှလှသုံး စုကာရုံးလို့
ပြည်လုံးငြိမ်းအောင် လမ်းပြဆောင်လည်း
ကံရောင်မှိန်ညှိုး ကြမ္မာဆိုးကြောင့်
ရွှေမိုးညိုလာ နေ့ရက်မှာပင်
ဇာတာပျက်သုဉ်း အသက်ရှုံးတော့
ပြည်လုံးငိုကြွေး မျက်ရည်ထွေး။
(၆၆)နှစ်မြောက် တကယ်ရောက်လည်း
မေ့ပျောက်သူမဲ့ ရင်ထက်ဆက်၍
မပျက်ရည်စူး နေ့မြတ်ထူးကို
ကြည်နူးလျှက်သာ ဦးခိုက်ပါသည်
ရောက်ရာဌာန ဘုံဘ၀မှ
လမ်းစချပျိုး ဇာနည်မျိုးတို့
မညှိုးဂုဏ်တွေ လန်းဆန်းဝေကာ
တိုင်းပြည်အတွက် ဂုဏ်ယူလှည့်ပါ
နေ့ရက်မြတ်မှာ ထူးခြားစွာ။
လရိပ်လေး (18 .7 .2013)
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment