Pages

Friday, January 25, 2013

***တုနှိုင်းမဲ့ မေမေ***






မေမေ့မေတ္တာ ၊ နှိုင်းဆိုရာမဲ့
ဝမ်းကြာတိုက်ဝယ် ၊ လူမမယ်ခင်
သွယ်သွယ်ကြုံရ ၊ ၀ဋ်ဒုက္ခကို
ရွှန်းမြလနှယ် ၊ စိတ်မှန်းရွယ်၍
ကာကွယ်စောင့်ရှောက် ၊ လူလားမြောက်အောင်
မကြောက်သေဘေး ၊ ရင်မှသွေးကို
အလေးခံကာ ၊ လွယ်ရရှာသည်
ကြင်နာဝေဖြာ မေ့မေတ္တာ။

မွေးဖွားသန့်စင် ၊ လူဖြစ်စဉ်ဝယ်
သိမြင်အပ်ရာ ၊ တတ်ပညာကို
ညွှန်ကာသင်ပြ ၊ ဘ၀လှရာ
ဆုံးမရှာသူ ၊ အမေဟူကား
သွင်တူလမင်း ၊ ငွေရောင်ဆင်းနှင့်
ထွန်းလင်းတောက်ပ ၊ အေးမြလှ၍
စမ်းကျရေနှယ် မေတ္တာသွယ်။

အရွယ်ရောက်လာ ၊ အချစ်ရှာ၍
အိမ်ရာထောင်ထား ၊ ခွဲခွါသွားလည်း
ပွားများမေတ္တာ ၊ ဆုတောင်းကာဖြင့်
လာရာမျှော်မှန်း ၊ စိတ်မှာတမ်းတ
အလွမ်းမျက်ရည် ၊ ကြိတ်၍သီကာ
မမှီနိုင်ရာ ၊ ပြိုင်သူသာရှုံး
မှန်ရာဖွဲ့ထုံး မေမေ့ပြုံး။

အနန္တဂိုဏ်းဝင် ၊ ကျေးဇူးရှင်ပင်
ဂုဏ်အင်မြတ်စွ ၊ မေမေ့လှသည်
နေစပျောက်ကွယ် ၊ မှောင်သည့်နယ်လည်း
ညှိုးရော်မနွမ်း ၊ မေတ္တာပန်းဝေ
လန်းဆန်းနေမှာ ၊ အစဉ်သာမို့
မကွာရိုကျိုး ၊ စဉ်ရှိခိုးမည်
မြတ်နိုးတည်လျက် သမီးတွက်။.......(လရိပ်လေး)

ပြာသိုလပြည့်နေ့ အမေများနေ့ကို ဂုဏ်ပြုလျှက် အမေ့ကိုလွမ်းရင်း (တုနှိုင်းမဲ့ မေမေ) ကဗျာလေးကို ရေးသားတင်ပြလိုက်တာပါ။ အမေအားလုံးကို သားသမီးတိုင်း ချစ်ကြပါစေ။

No comments:

Post a Comment