Pages

Thursday, March 13, 2014

“ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်ဖို့”


လောကကြီးမှာ လူရယ်လို့ဖြစ်လာပြီဆိုတာနဲ့ ဘဝမျိုးစုံနဲ့ ရုန်းကန်ကြရတယ်။ ဆင်းရဲခြင်း ချမ်းသာခြင်း၊ ရာထူးဂုဏ်ရှိန်ဝါမြင့်ခြင်း နိမ့်ခြင်း၊ အမျိုးမြတ်ခြင်း နိမ့်ခြင်း၊ ရုပ်ရည်လှပခြင်း အကျဉ်းတန်ခြင်း စသဖြင့် ပုံသဏ္ဌာန်မျိုးစုံဖြင့် ဘ၀ကိုဖြတ်သန်းကြရတယ်။ ဒီလိုဖြတ်သန်းမှုများ မတူညီခြင်းကို အတိတ်ကံကွဲပြားမှုကြောင့်လို့ သတ်မှတ်ထားပါတယ်။ အတိတ်ကံကြောင့် ရလာတဲ့အကျိုးတရားတွေကိုလည်း ပစ္စုပ္ပန်ဉာဏ်ဝီရိယနဲ့ ပြုပြင်ယူလို့ ရပါတယ်။

ကျွန်မ စာရေနည်းအခြေခံလမ်းညွှန်သင်တန်း တက်ရောက်စဉ်က စာရေးဆရာကြီး ချစ်နိုင်(စိတ်ပညာ) ပြောဖူးတဲ့ စကားတစ်ခွန်း ရှိပါတယ်။ “ဒီနေ့သင်တန်းကပြန်ရင် ရွှေတိဂုံဘုရားကို ၀င်ဖူးလိုက်ပါ၊ မနက်ဖြန် သင်တန်းပြန်လာတက်တဲ့ချိန်ကျရင် မနေ့ကလုပ်ထားတဲ့ကုသိုလ်ဟာ သင့်အတွက် အတိတ်ကံပေါ့၊ အရင်ဘဝက မလုပ်လာလို့ အတိတ်ကုသိုလ်ကံမရှိရင် အခုဘဝမှာ ကုသိုလ်ရအောင် နေ့တိုင်းကျင့်ကြံပါ”တဲ့။ အရမ်းတန်ဖိုးရှိတဲ့ စကားလေးပါ။

ဒါကြောင့် ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ အဆင်မပြေမှုများနဲ့ ကြုံတွ့ရတဲ့အချိန် အတိတ်ကံ မကောင်းလို့ပါဆိုပြီး စိတ်ဓာတ် မကျစေချင်ပါဘူး။ မွေးဖွားခြင်းနဲ့စပြီး သေဆုံးခြင်းနဲ့ပြီးဆုံးရမဲ့ လူ့ဘဝမှာ ကောင်းတာလုပ်ရင် ကောင်းတာရမယ်၊ မကောင်းတာလုပ်ရင် မကောင်းတာရမှာမို့ မကောင်းမှုကိုရှောင်ပြီး ကောင်းတာကို နေ့စဉ်အလေးထား လုပ်ဆောင်သွားမယ်ဆိုရင် လူတိုင်းကံကောင်းလာပြီး ဘဝမှာ အဆင်ပြေမှုများနဲ့ ထိပ်တိုက် ရင်ဆိုင်လာရမှာပါ။

ဘဝတစ်ခုမှာ အတိတ်ကံဆိုတာ မူရင်းဖြစ်သော်လည်း လက်ရှိဘဝမှာ ဉာဏ် ဝီရိယက အဓိက ကျပါတယ်။ ထို့ကြောင့် မဃဒေဝလင်္ကာ (ပိုဒ်ရေ ၂၄၅)၌ “ကံဟုမူလ၊ သမ္ဗုဒ္ဓတို့၊ ဟောပြသည်မှာ၊ အရင်းသာရှင့်၊ ဥစ္စာဘောဂ၊ ဇီဝိတနှင့်၊ သုခပွားရန်၊ ဤလူ့ဌာန်နှိုက်၊ ဉာဏ် ဝီရိယ၊ ပယောဂတည့်”ဟု၎င်း၊ “လုံ့လမထူ၊ ဉာဏ်မကူဘဲ၊ အယူတချောင်း၊ ကံတကြောင်းမျှ၊ မကောင်းလည်းကံ၊ ကောင်းလဲကံဟု၊ ကံကိုချည်းသာ၊ မကိုးရာဘူး၊ ပညာဉာဏ်ဖြင့်၊ သင့် မသင့်ကို၊ အခွင့်ရှု၍၊ အပြုလုံ့လ၊ ယှိအပ်စွတည်း၊”ဟု၎င်း ကျေးဇူးတော်ရှင် မာန်လည်ဆရာတော်ဘုရားကြီးက ရေးသားတော်မူခဲ့ပါတယ်။

အတိတ်ကံကို ပစ္စုပ္ပန်ဉာဏ်ဝီရိယနဲ့ပြင်လိုက်လို့ မင်းအဖြစ်စိုးစံရတဲ့ နန်းသက်ရှည်သွားတဲ့ မင်းတစ်ပါး အကြောင်းကို တင်ပြချင်ပါတယ်။

သီဟိုဠ်ရာဇဝင်မှာ “ဝသဘမင်း”ဆိုတာ ရှိခဲ့ဖူးပါတယ်၊ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘဝတုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေ,နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရားပညာရှိတွေက “ဝသဘအမည်ရှိတဲ့သူဟာ မင်းဖြစ်လိမ့်မယ်”လို့ ဟောပြော လာကြပါတယ်။ ဒီစကားကြားရတော့ လက်ရှိမင်းလုပ်နေတဲ့ ယသဠာလကမင်းက သီဟိုဠ်ကျွန်းမှာ ဝသဘအမည်ရတဲ့သူ အားလုံးကို သတ်စေလို့ မိန့်ပါတယ်။ ဒီတော့ စစ်သူကြီးက သူ့ဆီမှာနေတဲ့ ဝသဘကို မင်းဆီအပ်ဖို့ မယားလုပ်သူကို ပြောပါတယ်။ ရာထူးတိုးချင်တာလည်း ပါမှာပါ။ နံနက်စောစောရောက်တော့ စစ်သူကြီးက ဝသဘကို အသာခေါ်ပြီး မင်းနန်းတော်ကို ထွက်ခဲ့ပါတယ်။ ဝသဘကို သတ်ဖို့ခေါ်သွားပြီဆိုတာ သိထားတဲ့ စစ်သူကြီးရဲ့မယားက ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေးလိုက်ပါတယ်။

စစ်သူကြီး မင်းနန်းတော် တံခါးဝရောက်လို့ ကွမ်းစားမယ်လည်းလုပ်ရော ထုံးမပါတာ တွေ့တာနဲ့ ဝသဘကို အိမ်ပြန်ပြီး ထုံးယူစေပါတယ်။ ဝသဘက အိမ်ရောက်တော့ စစ်သူကြီးရဲ့မယားက သူကြံစည်တဲ့အတိုင်း ဖြစ်လာလို့ ဝမ်းသာအားရနဲ့ပဲ “ဝသဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီအပ်ပြီးသတ်မှာ၊ ရော့ အသပြာတစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့”ဆိုပြီး ပြေးခိုင်းလိုက်ပါတယ်။ ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော်တွေကလည်း သူ့ကိုကြည့်ရှုထားကြပါတယ်။

ဒီလိုနဲ့နေရင်း တစ်နေ့မှာ ပညာရှိ လူနူတစ်ယောက်က ဝသဘရဲ့ ဇာတာကိုကြည့်ပြီး “သင်မင်းဖြစ်လိမ့်မယ်” လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားရတော့ ၀မ်းမြောက်ဝမ်းသာနဲ့ပဲ သတ္တိရှိတဲ့ ယောက်ျားတွေ စုရုံးပါတယ်။ အတော်အတန် စုမိတော့ “မုန့်သည်မသားသည် မုန့်အနားက စ၍ စားရသည်”ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့စွန် ရွာစွန်က စပြီး သိမ်းပါတယ်။ လိုရင်းကို ပြောရရင်တော့ နောက်ဆုံး ဝသဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။

ဝသဘ မင်းဖြစ်လာတော့ ဟူးရားပညာရှိတွေကို ဆိတ်ကွယ်ရာခေါ်ပြီး သူ ဘယ်နှစ်နှစ်လောက် မင်းပြုရမလဲဆိုတာ တွက်ခိုင်းပါတယ်။ ဟူးရားပညာရှိတွေက တွက်ချက်ပြီး “(၁၂)နှစ် မင်းပြုရမယ်”လို့ ဟောလိုက်ပါတယ်။ ဝသဘမင်းက ဟူးရားပညာရှိတွေကို အသပြာတစ်ထောင်ပေးပြီး ဒီအကြောင်း ဘယ်သူ့မှ မပြောနဲ့ဆိုပြီး ပြန်လွှတ်လိုက်ပါတယ်။ အဲဒီနောက် ရဟန်း၊ သံဃာတွေဆီ ချည်းကပ်ပြီး “အရှင်ဘုရားတို့၊ မင်းသက် ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်းမှု ရှိပါသလားဘုရား” လို့ လျှောက်ထားပါတယ်။

ဒီတော့ သံဃာတွေက- “ဝသဘမင်းမြတ်၊ ရေစစ်လှူပါ၊ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ၊ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ကျောင်းဆောင် စေတီဟောင်းတွေကို ပြုပြင်ပါ၊ ငါးပါးသီလကို နေ့စဉ်စောင့်ထိမ်းပါ၊ ရှစ်ရက်ဥပုသ် ဆယ့်ငါးရက်ဥပုသ်နေ့တွေမှာ ရှစ်ပါးသီလ ကိုးပါးသီလကို စောင့်ထိန်းပါ။ ဒါဆို မင်းသက် ရှည်လိမ့်မယ်”လို့ မိန့်လိုက်ပါတယ်။ ဝသဘမင်းလည်း ရဟန်းသံဃာတော်တွေ လမ်းညွှန်တဲ့အတိုင်း ပြုပါတယ်။ ကုသိုလ်ကောင်းမှုများ မပြတ်ပြုလုပ်ခဲ့လို့ ဝသဘမင်းဟာ (၄၄)နှစ် နန်းစံခဲ့ရတယ်။ ဝသဘမင်းဟာ သူရဲ့အတိတ်ကံအရ နန်းသက်တမ်း (၁၂)နှစ်ပဲ ရှိခဲ့ပေမဲ့ အတိတ်ကံကို ပစ္စုပ္ပန်ဥာဏ်ဝီရိယနဲ့ ပြုပြင်လိုက်တဲ့ ကောင်းမှုကုသိုလ်ရဲ့ အကျိုးအဆက်ကြောင့် (၄၄)နှစ် နန်းစံခဲ့ရတာပါ။

ယင်းသို့ ဉာဏ်ဝီရိယဖြင့် ပြုပြင်နည်းများကို “ရေစစ်,ဆေး,ကျောင်း၊ အဟောင်းပြုပြင်၊ ပဉ္စင်,အဋ္ဌ၊ သီလမည်သာ၊ ဤခြောက်ဖြာလည်း၊ ဒီဃာယုက၊ ပုညခေါ်ရိုး၊ ကျင့်တမျိုးတည့်၊”ဟု မှတ်သားနိုင်ပါတယ်။

ဒါကြောင့် လူတိုင်းလူတိုင်း လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး၊ ရာထူးဌာနန္တရနှင့် ပတ်သက်ပြီး ကံဆိုးနေတဲ့အချိန်ကျရင် ဝသဘမင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို ပြုပြင်ယူကြပါ။ ဘယ်လောက်ပဲဆိုးနေတဲ့ ကံဖြစ်ပါစေ နေ့စဉ်လုပ်နိုင်တဲ့ ကုသိုလ်ကောင်းမှု (၅)မျိုးနဲ့လည်း ပြုပြင်ယူလို့ ရပါတယ်။ ကုသိုလ်(၅)မျိုးကတော့ ဒါနရယ်၊ သီလရယ်၊ ဂုဏ်တော်ရယ်၊ မေတ္တာရယ်၊ ဝိပဿနာရယ်ပါ။ ဒါနလို့ဆိုရာမှာ ဘုရားတည်၊ ကျောင်းဆောက်မှ အလှူအတန်း ကြီးကြီးမားမား ပြုလုပ်မှ မဟုတ်ပါဘူး၊ လမ်းဘေးမှာ တောင်းစားနေတဲ့ သူတောင်းစားလေးတွေကို မုန့်ဖိုးပေးလိုက်တာလဲ ဒါနပါပဲ၊ ငှက်ကလေးတွေကို အစာကျွေးတာလည်း ဒါနပါပဲ။ သီလဆိုတာကတော့ လောကီထဲမှာ ရှင်သန်နေတဲ့ လူတစ်ယောက်အတွက် ငါးပါးသီလလောက် စောင့်ထိန်းနိုင်ရင် တော်ပါပြီ။ ဂုဏ်တော်ဆိုတာကတော့ ဂုဏ်တော်ကိုးပါးထဲက တစ်ပါးပါးကို ပါဠိရော အနက်ရော သိအောင်လုပ်ပြီး ရွတ်ပွားနေရုံမျှဖြင့် ဂုဏ်တော်က ပြန်လည်စောင့်ရှောက်မှာ အသေချာပါပဲ။ ဥပမာ “အရဟံ - ပူဇော်အထူးကို ခံယူတော်မူထိုက်သော မြတ်စွာဘုရား၊ အရဟံ - ကိလေသာကင်းစင်တော်မူသော မြတ်စွာဘုရား၊ အရဟံ - ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို မပြုတော်မူသော မြတ်စွာဘုရား” ဆိုပြီး စိတ်ထဲက ပွားများနေခြင်းကို ဆိုလိုပါတယ်။

မေတ္တာဆိုတာကတော့ ပွားများရတာပါ။ မေတ္တာပွားတဲ့နေရာမှာ ပထမကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင်နတ်ကောင်း နတ်မြတ်အားလုံးကို ကိုယ်ဆင်းရဲခြင်း ကင်းပါစေ၊ စိတ်ဆင်းရဲခြင်း ကင်းပါစေ၊ အစစအရာရာ အဆင်ပြေပါစေပေါ့။

ဝိပဿနာကတော့ ကျင့်ကြံအားထုတ်ရတာပါ။ ကိုယ်အားထုတ်ဖူးတဲ့ နည်းအတိုင်း အားထုတ်ကျင့်ကြံ နိုင်ပါတယ်။ ကုသိုလ်(၅)မျိုးကို နေ့တိုင်းလုပ်ဖြစ်အောင် ကျွန်မတို့ ကြိုးစားကြပါစို့။ မနက်အိပ်ရာထပြီဆိုတာနဲ့ ကိုယ်လက်သန့်စင်ပြီး ဘုရားခန်း အရင်ဝင်လိုက်ပါ။ ဘုရားသောက်တော်ရေ ကပ်လိုက်ပါ။ ငါးပါးသီလ ခံယူလိုက်ပါ။ ပြီးရင်ဂုဏ်တော်ကို ငါးမိနစ်၊ မေတ္တာကို ငါးမိနစ်၊ ဝိပဿနာကို ငါးမိနစ်ပွားပါ။ ဘဝတစ်နေ့တာရဲ့ အစကို ကုသိုလ်(၅)မျိုးနဲ့ စလိုက်တာဟာ အရမ်းကို တန်းဖိုးရှိစွာနဲ့ ဘဝကို ဖြတ်သန်းလိုက်တာပါပဲ။ ဘုရားရှိခိုးပြီးတာနဲ့ အမျှဝေပေးလိုက်ပါ။ အရာအားလုံး ငြိမ်းချမ်းသွားမှာ အသေချာပါပဲ။

ကျွန်မတို့မြန်မာလူမျိုးတွေဟာ ဗုဒ္ဓဘာသာဝင်ဖြစ်ရတာ ပထမဆုံး ကံကောင်းခြင်းပါ။ ဒုတိယကံကောင်းခြင်းကတော့ ဘာသာတရားကို အခြေခံပြီး နေ့စဉ်ကောင်းမှုကုသိုလ် လုပ်ခွင့်ရခြင်းပါပဲ။ အဲဒီလိုကောင်းမှုကုသိုလ်ကို လွယ်ကူစွာ ပြုခွင့်ရပါရဲ့နဲ့ မပြုလုပ်မိခဲ့ရင်တော့ အလင်းကို မြင်ခွင့်ရပါရက်နဲ့ အမှောင်ထဲ တိုးဝင်နေသလို ဖြစ်နေမှာပါ။ ဒါကြောင့် ဘယ်နေရာ ဘယ်ဒေသရောက်ရောက် ဗုဒ္ဓဘာဘာသာဝင်တစ်ယောက်ဖြစ်ပြီး ကံကောင်းခြင်းတွေကို ထာဝစဉ်ပိုင်ဆိုင်ချင်တယ်ဆိုရင် နေ့စဉ်ကုသိုလ်(၅)မျိုးကို မဖြစ်မနေပြုလုပ်ရင်း အတိတ်ကံကို ပစ္စုပ္ပန်ဉာဏ်ဝီရိယနဲ့ ယှဉ်တွဲပြုပြင်ရင်း ပျော်ရွှင်သော ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

လရိပ်လေး(မောင်းမကန်)
(Jan 23, 2014)


တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် အတွဲ(၂) အမှတ်(၆) မှ

No comments:

Post a Comment