Pages

Monday, March 17, 2014

***အရက်သေစာနဲ့ အဖေ့ကြမ္မာ***



“အရက်သေစာ ၊ သောက်စားပါမူ
ခန္ဓာပျက်သုဉ်း ၊ သိက္ခာရှုံး၍
နောက်ဆုံးလားရာ ငရဲသာ”။

အရက်သောက်ရင် အားရှိတယ်။ သွက်လက် ပေါ့ပါးတယ် ဆိုပြီး တစ်ချို့သောသူတွေက အကြောင်း အမျိုးမျိုးပြပြီး သောက်တတ်ကြတယ်။ မြို့နေလူတန်းစားများကြတော့ အသိုင်းဝိုင်း ၀င်ဆန့်ဖို့၊ လူကြီးလူကောင်း ပီသဖို့ သောက်ကြတယ်။ စိတ်ညစ်လို့သောက်တာနဲ့ အပျင်းပြေသောက်တာနဲ့ မိတ်ဖြစ်ဆွေဖြစ်သောက်တာနဲ့ စုံလို့ပါပဲ။ မူးနေတော့ ကိုယ့်စိတ်ကိုယ် မထိန်းနိုင်၊ သွက်လက် ပေါ့ပါးတာကို “အားတိုးတယ်၊ အလုပ် ပိုတွင်ကျယ်တယ်၊ ခံနိုင်ရည် ရှိတယ်၊ အပူဒဏ်၊ အအေးဒဏ်၊ သဘာဝ ဘေးဒဏ် ခံနိုင်တယ်၊ သတ္တိရှိတယ်”လို့လည်း အလွဲသုံး နေကြသေးတယ်။

ကျေးရွာ များမှာဆိုလည်း အလှူပွဲ၊ မင်္ဂလာပွဲကအစ အသုဘ ရက်လည်အဆုံး အရက် သောက်ကြတယ်။ ဘီယာ အရက် သောက်စားမှုဟာ ယောက်ျားလေးများ သာမက မိန်းကလေးတွေပါ ပါလာတာ တွေ့လာရတယ်။ ဘယ်လိုအကြောင်းပြချက်တွေနဲ့ပဲ သောက်သောက် အရက်ဆိုတာ ကောင်းကျိုးတစ်ခုမှ မပေးသော အရာပဲဖြစ်တယ်။ အရက်ထဲမှာ ပါတဲ့ အယ်လ်ကိုဟောဟာ သွေးပူပြီး လူဣနြေ္ဒကို ထိန်းသိမ်းနိုင်တဲ့ အင်အား အခိုက်အတန့် ပျက်စီးသွားပြီး အထိန်းကွပ် မဲ့စေတယ်။

အရက်သောက်ခြင်းကြောင့် ရောဂါမျိုးစုံဖြစ်နိုင်သလို တောအရက်သောက်သူတွေဟာ တဖြည်းဖြည်း အားအင် ဆုတ်ယုတ်ပြီး ခန္ဓာကိုယ် အသားအရေ ခန်းခြောက်တယ်။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုမင်းတဲ့ လက္ခဏာ ပေါ်တယ်။ တစ်ချို့ဆို စွဲလမ်းသွားပြီး စိတ်မူမမှန်တော့တာ တွေ့ရတယ်။ စွဲလမ်းနေရင် “အတ္တာဟိ အတ္တနော နာထော - မိမိကိုယ်သာ ကိုးကွယ်ရာ'' ''ဘယ်သူမပြု မိမိမှု'' ပါပဲ။ အရက်သမား တစ်ယောက်ရဲ့ သားသမီးတွေဟာ လူတွေကြားမှာ အရမ်းသိမ်ငယ်ကြရတယ်။ အရက်ကို ရိုကျိုးပြီး အချိန်လွန်မှ နောင်တရရင်း ဘ၀ကို အဆုံးသတ်သွားရတဲ့ လူတွေလည်း အများကြီးပါပဲ။

* * * * * *

လူအများကြီးထဲကနေ ရင်နင့်စရာ ဇာတ်လမ်းတစ်ပုဒ်သဖွယ် ကျွန်မရင်ထဲ စွဲထင်နေတဲ့ အရက်သမား တစ်ယောက်ရဲ့ အဖြစ်ပျက်ကိုတော့ ဘယ်တော့မေ့မရခဲ့ပါဘူး။ ကျွန်မတို့ အိမ်ဘေးလေးမှာ.. “ဦးကုံးလုံး”အရက်ဆိုင်တဲ့။ အရက်ရောင်းတယ်ဆိုပေမဲ့ အရမ်းစိတ်ကောင်းရှိတယ်။ ရန်ဖြစ်တာ စကားများတာတို့ တစ်ခါမှ မကြားရပါဘူး။ သူ့ဆိုင်မှာ အမြဲတမ်း ပုံသေ ပင်စင် အရက်သမားကတော့ “ဦးဌေးဝင်း” တဲ့။

ဦးဌေးဝင်းမှာ သားသမီး သုံးယောက်ရှိတယ်။ ပန်းရောင်းပြီး မိသားစု အသက်မွေးဝမ်းကျောင်း ပြုကြတယ်။ ဦးဌေးဝင်းကတော့ မီးသတ်အဖွဲ့စည်းမှာ တာဝန်ထမ်းဆောင်တယ်။ ရတဲ့လစာက မိသားစုအတွက် မဟုတ်ပါဘူး။ သူ့အရက်ဖိုးနဲ့တင် ကုန်သွားစမြဲ။ အရက်သမားဆိုပေမဲ့ ကလေးတွေရော လူကြီးတွေရော သူ့ကို အရမ်းချစ်ကြတယ်။ စိတ်ရင်းအရမ်းကောင်းပြီး အေးဆေးနေတတ်ကြတယ်။ ကျွန်မနဲ့ အမေက မနက် လေးနာရီဆို ကောက်ညှင်းပေါင်းနဲ့ ပဲပြုတ်ကို ဈေးမှာရောင်းဖို့ ထပြီးပြင်ဆင်ကြတယ်။ အဲဒီအချိန်ဆို အိမ်ဘေးက ဦးကုံးလုံး အရက်ဆိုင်ကို သူရောက်လာပြီး အရက်စသောက်ပါတော့တယ်။ အဲဒီအချိန်ကတည်းက နှစ်နာရီ ခြားလောက် တစ်နေ့လုံး သောက်နေပါတော့တယ်။

* * * * * *

ကျွန်မနဲ့ ဦးဌေးဝင်းသမီး မိနီနဲ့က ကျောင်းနေဖက် သူငယ်ချင်း။ မိနီက ကျောင်းမှာဆို မျက်နှာလေးညှိုးလို့ ကျွန်မကို ရင်ဖွင့်တတ်တယ်။ “သူငယ်ချုင်းရယ်... ငါ့အဖေကလေ အရက်မသောက်ရ မနေနိုင်တော့ဘူး သိလား။ မသောက်ပါနဲ့လို့ ပြောလည်း မရဘူး။ အမေလည်း စိတ်မကောင်း ကိုကိုတို့လည်း စိတ်မကောင်းဖြစ်နဲ့ အိမ်မှာလည်း စိတ်မချမ်းသာကြဘူး။ အမေကလည်း မပြောရက်ဘူး။ အဖေ အရက်သောက်တာတော့ အရမ်းရှက်တယ်”။ မိနီပြောတဲ့စကားတွေကို ကြားရတဲ့ အချိန်တိုင်း ကျွန်မ အရမ်းခံစားခဲ့ရတယ်။ မိနီမှာက အရက်သမားဆိုတဲ့ အဖေ ရှိနေသေးတယ်။ ကျွန်မအဖေက ကျွန်မငယ်ငယ်လေးကတည်းက အရက်ကြောင့် သေဆုံးခဲ့တယ်။ အရက်သမား တစ်ယောက်ရဲ့ သမီးဖြစ်ရပေမဲ့ အဖေဆိုတဲ့ အရိပ်ရှိနေသေးတဲ့မိနီ ကျွန်မထက် ကံကောင်းပါသေးတယ်။ ကျွန်မ တွေးရင်း..

“မိနီရယ်.. ဘာပဲဖြစ်ဖြစ် အဖေရှိနေတုန်း အတတ်နိုင်ဆုံး နားလည်စမ်းပါဟာ၊ အရက်သမားလည်း အဖေပါပဲ။ အဖေ ရှိနေဖို့ အဓိကလေ။ ငါ့မှာဆို အဖေဆိုတဲ့အရိပ်ကလေးတောင် မရှိတော့တဲ့ဘ၀လေ။”

“အေးပါဟာ ငါနားလည်ပါတယ်။ ဘယ်တော့မှလည်း အဖေ့ကို မပြစ်မှားပါဘူး။ တစ်သက်လုံးချစ်သွားမှာပါ။”

မိနီ သူ့အဖေကို တအားဂရုစိုက်ခဲ့တယ်။ သူ့အကိုဆို အရက်ဆိုင်ထိ သွားဝယ်ပြီး တိုက်တယ်။ ကျွန်မလည်း အဖေငတ်တဲ့သူမို့ ဦးဌေးဝင်းကို အဖေလိုပဲ ချစ်ခဲ့တယ်။ အားတဲ့အချိန်တိုင်း မိနီတို့အိမ်မှာ ကစားကြတယ်။

* * * * * *

အချိန်တွေသာ ပြောင်းတယ် ဦးဌေးဝင်းရဲ့ အရက်သောက်ခြင်းကတော့ ဘယ်တော့မှ မပြာင်းပါဘူး။ ကျွန်မတို့ ရှစ်တန်းရောက်တဲ့နှစ်မှာပေါ့။ ကျောင်းဖွင့်ခါနီး မိနီဆီ လိုက်သွားခဲ့တယ်။ သူ့အဖေက ပက်လက်ကုလားထိုင်မှာ ထိုင်နေတယ်။ သူ့အမေက ပန်းတွေသီနေရင်း ..

“ယောက်ျားရယ်.. အရက်မသောက်ပါနဲ့တော့လား၊ သမီးလေးလည်း အရွယ်ရလာပြီ ရှက်မှာပေါ့။ ရှင့်မှာလည်း မနက်လေးနာရီကနေစပြီး သောက်လိုက်တဲ့အရက် အိပ်မှနားတော့တယ်။ သမီးလေးက ရှင့်ကို အရမ်းချစ်တာ။ ဘယ်တော့မှ အဖေ မကောင်းကြောင်းမပြောဘူး။ ရှင်ဘာသာ နားလည်စမ်းပါ ရှင်ရယ်။”

ကျွန်မ ကြည့်လိုက်တော့ ဦးဌေးဝင်း မျက်နှာမှာ နောင်တအရိပ်တွေ ယှက်သန်းလို့ ၊ “မိန်းမရယ်... ငါလည်း ကြိုးစားကြည့်ပါတယ်ကွာ။ မနေနိုင်ပဲ တအားခံရခက်တော့ ပြန်သောက်ရပြန်တာ။ အင်း.. ငါ့သမီး အတွက်ဆိုတော့ ငါကြိုးစားကြည့်အုံးမယ်ကွာ။”

“သမီးရယ် အဖေ ငါ့သမီးအတွက် အရက်ဖြတ်မယ်သိလား”

သူ့သမီးကို ပွေ့ဖက်ရင်း ဦးဌေးဝင်း ပြောလိုက်သည်။

* * * * * *

ကျွန်မ သူတို့မိသားစုကိုကြည့်ပြီး ၀မ်းသာခြင်း ၀မ်းနည်းခြင်း နှစ်မျိုးစလုံးကို ခံစားရတယ်။ အရက်၏ကျေးကျွန်ဖြစ်နေသော အဖေ။ သမီးအတွက် အားတင်းရင်း အရက်ဖြတ်မယ် ပြောသောအဖေ၊ မိဘတိုင်းသည် သားသမီးအတွက်ဆို အရာရာကို စွန့်လွှတ်ရဲသည့် စိတ်ဓာတ်ကို ကျွန်မတွေ့ခဲ့တယ်။ မိနီအဖေ အရက်ဖြတ်မယ်ဆိုတာကို မိနီနဲ့ထပ်တူ ပျော်ခဲ့မိတယ်။ အမေ့ကိုလည်း ပြောပြခဲ့တယ်။

“အမေ မိနီ အဖေက အရက်ဖြတ်တော့မယ်တဲ့ သိလား။ မိနီ အရမ်း ပျော်နေတယ်။ သမီးလည်းပျော်တယ်။”

“သမီးရယ်... အရက်ကို အလွန်ကျွံသောက်ပြီး အခုချိန်မှဖြတ်လို့ ရအုံးမလား။ ဖြတ်ရင်လည်း ကြာကြာခံမယ် မထင်ပါဘူး။”

“ဟင်... ဟုတ်လား၊ အဲလိုဖြစ်တတ်လား အမေ”။

“ဖြစ်တာပေါ့ သမီးရယ်၊ စောင့်ကြည့်လေ.. အမေကတော့ ဦးဌေးဝင်း အရက်ဖြတ်နိုင်လောက်မယ် မထင်ပါဘူး။”

* * * * * *

အမေ့ စကားကြောင့် မိနီ အဖေတွက် စိုးရိမ်နေမိတယ်။ သမီးအတွက် ပေးဆပ်တဲ့ ဖခင်မေတ္တာက အံ့သြလောက်ပါရဲ့။ မိနီအဖေ တကယ်အရက် မသောက်တော့ပါဘူး။ အိမ်မှာပဲ အနားယူနေတာ တွေ့ရတယ်။ မိနီလည်း အရမ်းပျော်နေခဲ့တယ်။ အရက်ဖြတ်ပြီး တစ်ပတ်လောက်ကြာတော့ မိနီ ရောက်လာပြီး..

“သူငယ်ချင်းရေ... အဖေ နေမကောင်းဘူး၊ ထမင်းလည်းမစားဘူး၊ အရက်ဖြတ်လိုက်လို့ ထင်တယ်၊ အရက်ပြန်သောက်ခိုင်းတာလည်း မသောက်ဘူး၊ အမေလည်း ငိုနေတယ်၊ ကိုကိုလည်း ငိုနေတယ်၊ ငါ့ကြောင့် အရက်ဖြတ်လို့ အဖေနေမကောင်းဖြစ်တာ။”

ပြောရင်း မိနီငိုပြန်သည်။ ကျွန်မလည်း “နေကောင်းလာမှာပါ။ သိပ်မစိုးရိမ်ပါနဲ့ ဖြတ်ခါစမို့ ထင်တယ်။ စိတ်မကောင်း အရမ်းဖြစ်နေနဲ့နော်”လို့ နှစ်သိမ့်လိုက်တယ်။ မိနီပြန်သွားတယ်။ ကျွန်မလည်း စိတ်မကောင်းဖြစ်ပြီး ကျန်ခဲ့တယ်။

* * * * * *

နောက်တစ်နေ့ မနက်လေးနာရီထိုးတော့ အသံချဲ့စက်က တရားဖွင့်သံ ကြားရပါတယ်။ အမေက “ဘယ်သူပါလိမ့်၊ စောစောစီးစီး တစ်ယောက်တော့ ရွာထဲမှာ ဆုံးပြီ”တဲ့။ ကျွန်မတို့ရွာမှာ လူတစ်ယောက် သေပြီဆိုတာနဲ့ တရားသံ အရင် ကြားရစမြဲလေ။ မနက်လင်းတော့ စိတ်မကောင်းစရာ သတင်းက ရင်ဝကို လာဆောင့်တယ်။ “မိနီ အဖေ ဆုံးတာ”တဲ့လေ။ ကျွန်မ ချက်ချင်းလိုက်သွားတော့ မိနီ တို့ မိသားစုတွေ အကုန်လုံးငိုနေကြတယ်။

“ယောကျာ်းရယ်.. ရှင်နေမကောင်းဖြစ်တုန်း အရက်ပြန်သောက်ပါလို့ ပြောပါရဲ့နော်၊ သမီးအတွက် ဘယ်တော့မှ ပြန်မသောက်တော့ဘူးဆိုပြီး ရှင့်အသက်ကို စတေးခဲ့တာ ကျွန်မဘယ်လို ဖြေရမလဲရှင်။”
မိနီအမေရဲ့ငိုသံက ကျွန်မကို ဆီးကြိုလို့။ မိနီကလည်း ငိုထားလို့ မျက်လုံးတွေ မို့အစ်နေသည်။ ကျွန်မကို မြင်တော့ ....

“သူငယ်ချင်းရယ်.. အဖေနေမကောင်းတော့ ဆရာဝန် ခေါ်ပါသေးတယ်။ အရက်သောက်တာများလို့ အသည်းစကာပေါက်ဖြစ်နေပြီ မရတော့ဘူးလို့ ပြောတယ်။ ငါတို့လည်း အဖေ့ကို သနားတာနဲ့ အရက်ပဲပြန်သောက်ပါလို့ ပြောကြသေးတယ်။ အဖေက လုံးဝပြန်မသောက်တော့ဘူးတဲ့လေ။ အခုတော့ အဖေဆုံးပြီ။ အဲဒီအရက်ကို ငါမုန်းတယ်။”

မိနီ နာကြည်းစွာပြောနေတယ်။

* * * * * *

အရက်ကြောင့် ကျွန်မအဖေသေခဲ့သလို အခု မိနီအဖေ သေပြန်ပြီ။ အရက်ဆိုတဲ့ သေမင်းတမာန်တွေက ကျွန်မတို့ အဖေတွေကို အားမနာစတမ်း ခေါ်သွားကြပြီ။

ဒါကြောင့် လူသားတိုင်း ဘ၀ကိုဖျက်ဆီးတတ်တဲ့ အရက်ကို ရှောင်ကြဉ်ကြကာ
“ဥစ္စာယုတ်ခြင်း၊ ငြင်းခုံများစွာ၊
ရောဂါထူပြော၊ ကျော်စောမဲ့တုံ၊
မလုံ အင်္ဂါ၊ ပညာ နည်းရှား၊
ဤ ၆-ပါးကား၊ သောက်စားသေစာ အပြစ်တည်း။” ဟူသော ဆောင်ပုဒ်အရ အရက်သေစာသောက်စားခြင်း၏ အပြစ်ကိုလည်း သိထားကြရင်း သင်ခန်းစာယူနိုင်ကြပါစေရှင်။

လရိပ်လေး (မောင်းမကန်)
( Dec 27, 2013 )

တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင် အတွဲ(၂) အမှတ်(၅) မှ

No comments:

Post a Comment