Pages

Wednesday, November 12, 2014

***အဆိပ်သင့်လိပ်ပြာ***


“မောင်… နောက်ဆုံး ချစ်သက်လက်ဆောင်လို့ သတ်မှတ်ရင်း ကျွန်မကို လာတွေ့ပေးပါနော်”
လက်ရေးလှလှ စကားလုံးလှလှလေးတွေ သုံးထားတဲ့ စာကြောင်းတစ်ကြောင်း၊ အဲဒီစာတစ်ကြောင်းက လူတစ်ယောက်ရဲ့ဘ၀ မိသားစုတစ်ခုရဲ့ကြမ္မာကို ပြောင်းလဲပစ်လိမ့်မယ်လို့ ဘယ်သူကမှ ထင်မှတ်ထားမှာ မဟုတ်ပါဘူး။
* * *

နယ်မြို့လေးကနေ ကျောင်းလာတက်တဲ့ကျွန်မ၊ ထားဝယ်မြို့ပေါ်မှာ နာမည်ကြီး ကျူရှင်ဝိုင်းတစ်ခုမှာ ကိုကြီးနဲ့ စတွေ့တယ်။ ကျွန်မကဆယ်တန်း ကိုကြီးက ဆယ်တန်းသင်တဲ့ ကျူရှင်ဆရာ၊ ကျူရှင်စအပ်တဲ့ နေ့မှာပဲ ကိုကြီးကို သတိထားမိတယ်။ ကိုကြီးက ခန့်ညားတယ်၊ သဘောကောင်းတယ်၊ ကျောင်းသားတွေကို အလေးထားတယ်။ လွန်တယ်လို့ထင်မလား၊ ကိုကြီးကို စတွေ့တွေ့ချင်းပဲ ဘာကြောင့်မှန်းမသိ ကျွန်မရင်ခုန်သံတွေဟာ ပလောင်းပလဲ ဖြစ်ကုန်တယ်။ ကျွန်မကိုယ်တိုင် စိတ်ထဲကပဲ ဖြစ်နေလို့လားမသိဘူး၊ ကိုကြီးရဲ့အကြည့်တွေ ကျွန်မကိုကြည့်တဲ့အခါ သူများတွေနဲ့မတူပဲ နွေးထွေးမှုတွေ ကြင်နာမှုတွေနဲ့ ရောစပ်ထားသလို ခံစားရတယ်။ ဖူးစာကံလို့ဆိုရမလား ရေစက်လား မသိလိုက်ပေမဲ့ ကျွန်မနဲ့ကိုကြီး တစ်နှစ်အတွင်းမှာ ချစ်သူတွေ ဖြစ်လာတယ်။ ကျွန်မအတွက် အလွန်ပျော်ရွှင်ဖွယ်ရာ အတိပြီးတဲ့ စာသင်နှစ်တစ်နှစ်ပေါ့၊ ဆယ်တန်းစာမေးပွဲတွေ စဖြေပြီ၊ တက္ကသိုလ်ဆိုတဲ့ အိမ်မက်က ကိုကြီးနဲ့နိုင်းယှဉ်လိုက်ရင် ကျွန်မအတွက် မှုံဝါးဝါးဖြစ်သွားတဲ့အထိ ကိုကြီးကို အချစ်ကြီးချစ်ခဲ့မိလို့ တစ်စက္ကန့်လေးတောင် မဝေးချင်တော့တာမို့ ဆယ်တန်းစာမေးပွဲ နောက်ဆုံးနေ့မှာပဲ ကိုကြီးနဲ့ ကျွန်မ လက်ထပ်ဖြစ်ခဲ့ကြတယ်။
* * *

လက်ထပ်ပြီး နှစ်နှစ်အကြာမှာတော့ ကိုကြီးရဲ့ ရင်သွေးကို ကျွန်မလွယ်ခဲ့ရတယ်။ သမီးလေး မွေးလာတယ်။ သမီးဦးလေးမို့ ယမုံဦးတဲ့လေ၊ ကိုကြီးကိုယ်တိုင် နာမည်ပေးခဲ့တယ်။ သမီးလေး တီတီ တာတာ ပြောတတ်တဲ့ အရွယ်ထိ ကျွန်မတို့ မိသားစုလေးက အရမ်းပျော်ရွှင်ခဲ့တယ်။ မနက်အစောကြီး ထတတ်တဲ့ သမီးလေးကို ကိုကြီးက ပုခုံးပေါ်ထမ်း လက်ဘက်ရည် ဆိုင်သွားပြီး အဆာပြေကျွေးတယ်။ ပြန်လာရင် သမီးလေးနဲ့ အတူတူဆော့တယ်။ ပြီးရင်ကျူရှင်သွားတယ်။ ညနေ ကျူရှင်ကပြန်လာရင် သမီးရယ် ကျွန်မရယ် ကိုကြီးရယ် အတူတူလမ်းလျှောက်ကြတယ်။ အပြစ်အနာဆာ ကင်းတဲ့ လပြည့်ညရဲ့ လမင်းကြီး အေးမြသလို ကျွန်မတို့ မိသားစုလေးက ငြိ်မ်းချမ်းနေခဲ့တယ်။
ကျွန်မတို့ရဲ့ စိုပြည်ငြိမ်းချမ်းနေတဲ့ ဘ၀ထဲကို ကိုကြီးရဲ့ ဒုတိယမြောက် ရင်သွေးလေးက ထပ်တိုး နေရာယူလာတယ်။ ကျွန်မ ပျော်လိုက်တာ အတိုင်းမသိပါပဲ။ ဘ၀ဆိုတာ ကိုကြီးရယ် သမီးလေးရယ် နောက်ထပ် တိုးလာမဲ့ ရင်သွေးရယ် အမြဲတမ်း အေးချမ်းပြီး အတူနေရမယ်ပေါ့။ ဒီလိုပျော်ရွှင်စရာအတိပြီးနေတဲ့ ကျွန်မရဲ့ဘဝထဲကို ကံကြမ္မာမုန်တိုင်း ရက်စက်စွာ ထန်လာလိမ့်မယ်လို့ ကျွန်မဘယ်သောအခါမှ မတွေးဖြစ်ခဲ့တာ ကျွန်မအမှားလား၊ ဖြစ်ချင်တာနဲ့ ဖြစ်နေတာလောက်ပဲ တွေးတတ်တဲ့ ကျွန်မကို ဒုတိယသမီးလေး မျက်နှာမြင်ပြီး နှစ်နှစ်အရွယ်မှာ လောကကြီးက စပြီး ဒဏ်ခတ်တော့တာပါပဲ။
* * *

ကိုကြီး ကျူရှင်ပြန်တာ နောက်ကျလာတယ်။ သမီးတွေအပေါ် ဂရုစိုက်မှု နည်းလာတယ်။ ညဘက် အပြင်မထွက်တတ်တဲ့ ကိုကြီး ညဆယ့်နှစ်နာရီလောက်မှ အိမ်ပြန်လာတော့တယ်။
“ကိုကြီး ဘာလို့ ညဘက်အိမ်ပြန်နောက်ကျတာလဲ”
ကျွန်မမေးတော့ ညပိုင်း စာကျက်ဝိုင်း တာဝန်ယူထားလို့တဲ့လေ။ ရိုးရိုးလေးနဲ့ ယောက်ျားကို ယုံတတ်တဲ့ကျွန်မ ဘာမှဆက်မပြောတော့ပဲ နေလိုက်တယ်။ ဒါပေမဲ့ ကိုကြီးရဲ့ တပည့်ရင်းတစ်ယောက်ဆီက သတင်းအမှန်တွေကို ကျွန်မ နေ့တိုင်းကြားနေရတယ်ဆိုတာ ကိုကြီး မသိဘူးလေ။ ခါတိုင်း ညနေဘက် အတူတူ လမ်းလျှောက်တတ်တဲ့သမီးလေး ယမုံဦးကတောင် မေးတတ်လာပြီ။
“ဖေကြီး ဘာလို့စောစောမပြန်လာတာလဲဟင်၊ မီးနဲ့အတူလမ်းလျှောက်တာ ပင်ပန်းလို့လား ဖေကြီး”
သမီးလေးမေးတော့ သူဖြေနေကြ အဖြေအတိုင်းပဲ အဖြေပေးလိုက်တယ်။
“သြော်… သမီးရယ် အဖေညပိုင်းစာကျက်ဝိုင်း တာဝန်ယူထားရလို့ပါကွယ်”တဲ့။
ကျွန်မရင်ထဲ နင့်ခနဲ ဖြစ်သွားတယ်။
“အော် … သမီးကိုတောင် သူညာနေတတ်ပြီပဲ”။
* * *

ကျွန်မ အရမ်းခံစားခဲ့ရတယ်။ ကိုကြီး ကောင်မလေး တစ်ယောက်နဲ့ ဖောက်ပြန်နေတယ်။ တခါတလေ ကျူရှင်မှာ အရေးကြီးလို့ဆိုပြီး အကြောင်းပြကာ အိမ်ပြန်မလာပဲ ညဘက်ဆို အတူတူ သွားအိပ်ကြတယ်။ ကျူရှင်ပြီးတိုင်း အလည်သွားကြတယ်။ ဒါတွေက ကိုကြီးတို့ နေ့တိုင်းလုပ်နေကြဆိုတာ ကျွန်မဆီ သတင်းက အတိကျရောက်နေခဲ့တယ်။ ကျွန်မ မမေးရက်ခဲ့ပြန်ဘူး။ ကိုကြီးနဲ့ ကျွန်မ ထားဝယ်မြို့က ဘုရားကြီးမှာ သစ္စာဆိုထားခဲ့တယ်လေ။ ဘယ်လိုအကြောင်းတရားကြောင့်ပဲဖြစ်ဖြစ် လမ်းမခွဲကြေး သစ္စာမဖောက်ကြေး အကယ်၍ သစ္စာဖောက်ခဲ့ရင် သစ္စာစူးပါစေသားလို့ အတူတူ ဆုတောင်းခဲ့ဖူးတာကို သတိရရင်း ကိုကြီးတစ်ယောက် သစ္စာမစူးပါစေနဲ့လို့ပဲ ဆုတောင်းနေမိတယ်။ ကိုကြီးနဲ့ထပ်တူ သမီးလေးတွေကို ချစ်တယ်။ ကိုကြီးကို ထာဝရပေါင်းချင်တယ်။ သမီးလေးတွေကို အဖေမဲ့တဲ့ဘ၀ မရောက်စေချင်ဘူး။ ဒီတော့ ကျွန်မ ဘာလုပ်ရမလဲ။ ရွေးစရာမရှိတော့ဘူးလေ။ ကိုကြီး လုပ်နေသမျှ အရာအားလုံးကို ဘာမှမသိသလိုနေပြီး အိမ်ထောင်တစ်ခုမပြိုကွဲအောင် ကျွန်မကိုယ်တိုင် ဖန်တီးဖို့ ဆုံးဖြတ်လိုက်တယ်။
ဝတ္တရားမပျက် လုပ်ပေးတယ်။ အိမ်ပြန်နောက်ကျတာဖြစ်စေ ပြန်မလာတာဖြစ်စေ၊ ဘာမှမမေးတော့ပဲ ကိုကြီး လိုအပ်တာလုပ်ပေးတယ်။ သမီးလေးတွေအပေါ် ပိုပြီး ဂရုစိုက်ရင်း အချိန်တွေ ကုန်စေခဲ့တယ်။ ကိုကြီးကလည်း အိမ်ထောင်ရေး ဖောက်ပြန်နေတယ်ဆိုပေမဲ့ သမီးတွေအပေါ်တော့ ၀တ္တရားမပျက်ခဲ့သလို အိမ်စရိတ်ကိုလည်း ပုံမှန်ထောက်ပံ့ပေးတယ်။ ကိုကြီးနဲ့ ကျွန်မအကြား ဆက်ဆံရေးကတော့ နည်းနည်းအေးလာတယ်။ မသိသလိုဟန်ဆောင်ပြီး ဘယ်လိုနေနေ ကိုယ့်လိပ်ပြာသန့်ဖို့က ဟန်ဆောင်ရ ခက်တယ်လေ။ အစပိုင်းကတော့ ကိုကြီးနောက်ကွယ်မှာ ကြိတ်ငိုပြီး ဖြေသိမ့်ခဲ့ရတာ အကြိမ်ကြိမ်၊ အခုတော့ ကျွန်မမှာ မျက်ရည်တွေ ခမ်းကုန်ပြီ၊ ကျဖို့မျက်ရည်လည်း မရှိတော့ဘူး။ အဓိကက အိမ်ထောင်တစ်ခု တည်နေဖို့နဲ့ သမီးတွေ အဖေမမဲ့စေဖို့ပါပဲ။ ကျွန်မ ခံနိုင်ရည်ရှိရမှာပေါ့၊ ဒါလောကဓံတရားပဲလေ။ ကျွန်မ အရာအားလုံးကို နားလည်တတ်အောင် ကြိုးစားနေတယ်။
ကိုကြီးဖောက်ပြန်နေရင်း ခြောက်လလောက်ကြာတော့ ကိုကြီးရဲ့ တပည့်လေးက ကျွန်မကို ပြောတယ်။
“အမရယ် ကျွန်တော် ပြောပြလိုက်တော့မယ်။ ဆရာလုပ်နေတာတွေ အကုန်သိရက်နဲ့ နားလည်ပေးနေတယ်လို့လေ။ တကယ် မကြည့်ရက်တော့ဘူး အမရယ်။ ဆရာ လုပ်နေတာ ရက်စက်လွန်းနေတယ်ဗျာ။ အမ ဘာကြောင့် အဲလောက် ဆရာ့ကို ချစ်ရတာလဲဗျာ။ ဆရာကရော ဒီလောက် နားလည်ပြီး ချစ်တတ်တဲ့မိန်းမကို ထားပြီး ဖောက်ပြန်ရက်တယ်လို့ဗျာ။ ကျွန်တော် ထိန်းမနိုင်တဲ့ တစ်နေ့တော့ ပြောဖြစ်လိမ့်မယ် ထင်တယ်ဗျာ”
ကျွန်မ မချိပြုံးလေးပြုံးပါတယ်။ ရင်ထဲကနာကျင်နေတဲ့အရာကို အတတ်နိုင်ဆုံးလျှို့ဝှက်ရင်း -
“နေပါစေ ကောင်လေးရယ်၊ ဒါ အမတို့ရဲ့ အတိတ်က အကြောင်းတရားကြောင့်ပါ၊ သူ့အလိုလို ဖြစ်လာတာလေ။ အချိန်က အဖြေပေးမှာပါ။ အချစ်ဆိုတာ ချစ်နေရရုံနဲ့ ပေးဆပ်နေရရင်လည်း တစ်ချို့သူတွေက ပျော်နေတတ်တာပါ။ အမလည်း အဲလိုပါပဲ၊ မပြောဖြစ်အောင်ထိန်းပေးပါ”
ကျွန်မ မပြောဖို့ တောင်းပန်လိုက်ရတယ်။
ကိုကြီးကတော့ ဟန်မပျက်ပါဘူး၊ နေ့တိုင်းလုပ်နေကျတိုင်း ဖောက်ပြန်နေတုန်းပေါ့။ ရိုးအလွန်းတဲ့ မိန်းမတစ်ယောက်ရဲ့ နှလုံးသားကို တစစီနင်းချေပြီး နောက်မိန်းမ ရင်ခွင်သစ်လေးထဲမှာ အရမ်းပျော်နေပုံ ရပါတယ်။ အရင်ထက်ပိုပြီး တက်ကြွလန်းဆန်းလို့ ပီတိတွေ တဝေဝေပါပဲ။ ကျွန်မ အမြဲတမ်း ကိုကြီးမျက်နှာလေးကို ကြည့်ပြီး ဆုတောင်းပေးနေမိပါတယ်။ ကိုကြီးတစ်ယောက် ထာဝရ ပျော်ရွှင်နိုင်ပါစေလို့လေ။
* * *

ကျွန်မဆုတောင်းက မှားသလား။ ကြမ္မာက လှည့်စားတာလား၊ သစ္စာတရားက ဒဏ်ခတ်တာလား၊ တစ်နေ့ ကိုကြီးတစ်ယောက် မျက်နှာမသာမယာနဲ့ အိမ်ပြန်လာတယ်။
“ညီမရေ… ညီမ”
ခြံဝကနေ လှမ်းခေါ်ရင်း အိမ်ပေါ်တက်လာတယ်။
အိမ်ထောင်မကျခင်ကတည်းက ညီမလို့ပဲခေါ်တဲ့ ကိုကြီး။
အိမ်ထောင်ရေးဖောက်ပြန်ပြီးမှ ညီမလို့ မခေါ်တော့တဲ့ကိုကြီး။
အခုတော့ ဘာစိတ်ကူးပေါက်ပြီး ပြန်လာတာလဲလို့ ကျွန်မတွေးနေတုန်း ကျွန်မရှေ့ရောက်လာတယ်။ တုန်ရီအက်ကွဲတဲ့အသံနဲ့ -
“ညီမရယ် ကိုကြီးကို အဲလောက်တောင်ချစ်လား”တဲ့။
ရုတ်တရက်ဆိုတော့ ကျွန်မက -
“အယ်… ကိုကြီး ဘာထူးထူးဆန်းဆန်းတွေ တွေ့လာတာလဲ”
တအံ့တသြ မေးလိုက်တယ်။
ကိုကြီးကဝမ်းနည်းတဲ့အသံနဲ့ -
“ညီမရယ် ဘာကြောင့် အဲလိုနေနိုင်ရတာလဲ။ ကိုကြီး မှားတာပါ။ ကိုကြီး လူမဆန်တာ ညီမရဲ့အချစ်ကို မလေးစားတတ်တာ၊ ကိုကြီး လူမှဟုတ်သေးရဲ့လား။ စိတ်အလိုလိုက်နေမိတာ ကိုကြီးမှားမှန်း ဒီနေ့မှ သိလိုက်ရတယ် ညီမရယ်၊ ခွင့်လွှတ်ပါလို့ ကိုကြီးမတောင်းဆိုတော့ပါဘူး။ ဒါပေမဲ့ ကိုကြီး ဒီနေ့ကစပြီး ပြင်ပါ့မယ်။ သစ္စာရှိပါ့မယ်။ ညီမကိုပဲ ကိုကြီးထာဝရလက်တွဲပါ့မယ်၊ ကိုကြီး ကတိပေးပါတယ် ညီမရယ်” တဲ့။
ကျွန်မ ဘာမှပြောမတတ်တော့ ရင်ထဲမှာဝမ်းနည်းသလို ဝမ်းသာသလိုဖြစ်နေပြီး ကိုကြီးကို ပဲငေးကြည့်နေမိတယ်။ ကိုကြီးက ဆက်ပြောတယ် …
“ကိုကြီးတပည့်လေးက ဒီနေ့ ကိုကြီးကို အကုန်ပြောပြတယ်။ ကိုကြီးက ညီမမသိခဲ့ဘူး ထင်နေခဲ့တာ။ အခုတော့ ကိုကြီးအပေါ်ထားတဲ့ ညီမရဲ့ချစ်မေတ္တာတွေကိုသိပြီး ကိုကြီးယူကြုံးမရဖြစ်လို့ ချက်ချင်းပြန်လာခဲ့တာ။ ညီမ ကိုကြီးကို နားလည်ပေးတယ်မလားဟင်”
အနားကပ်မေးလာတော့ ကလေးနှစ်ယောက်ရပြီးတဲ့ကျွန်မ ဟိုအရင် ကိုကြီးကျွန်မကို ရည်းစားစကား စပြောတုန်းကလို ပုံစံမျိုးဖြစ်သွားပြီး ကျွန်မက -
“ကိုကြီးကို ထာဝရနားလည်ပြီးသားပါရှင်။ ကိုကြီးပျော်ရင် ညီမပျော်ပါတယ်” လို့ တိုးတိုးလေး ပြန်ဖြေလိုက်ပါတယ်။
အဲဒီနေ့ကစပြီး ကိုကြီးတကယ်ကို ကျွန်မတို့ မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင် ပြန်နေခဲ့တယ်။ အရင်အတိုင်း အချိန်မှန် အိမ်ပြန်လာတယ်။ မိသားစုကိုလည်း အရင်ကထက်ပိုပြီး ဂရုစိုက်လာတယ်။ သမီးလေးနှစ်ယောက်နဲ့အတူ ညနေဘက်လမ်းလျှောက်ထွက်တယ်။ မနက်ဆို အငယ်မကို ပုခုံးပေါ်တင်ပြီး အကြီးမကို လက်ကဆွဲပြီး လက်ဘက်ရည်ဆိုင်ကို သွားတတ်လာတယ်။ အရင်လိုပျော်ရွှင်မှုမျိုး အသစ်ပြန်ရပြီလို့ ထင်နေမိတဲ့ကျွန်မ မမျှော်လင့်တဲ့ ကံကြမ္မာရဲ့ကျီစယ်ချင်းကို မထင်မှတ်တဲ့ အချိန်မှာ အလဲထိုးခံလိုက်ရတယ်။ အချိန်တစ်လလောက်ကြာတော့ စာတစ်စောင်ရောက် လာတယ်။ ကိုကြီးရဲ့ အငယ်အနှောင်းဆီကပေါ့။
“မောင် နောက်ဆုံး ချစ်သက်လက်ဆောင် လို့သတ်မှတ်ရင်း ကျွန်မကို လာတွေ့ပေးပါနော်”
လက်ရေးလှလှ စကားလုံးလှလှလေးတွေ သုံးထားတဲ့ စာကြောင်းတစ်ကြောင်း၊ အဲဒီစာတစ်ကြောင်းက လူတစ်ယောက်ရဲ့ဘ၀ မိသားစုတစ်ခုရဲ့ကြမ္မာကို ပြောင်းလဲပစ်လိမ့်မယ်လို့ ဘယ်သူကထင်မှတ် ထားမှာလဲ။ စာရွက်ကိုင်ထားတဲ့ ကိုကြီးရဲ့လက်တွေဟာ တုန်ရီနေပြီး စာရွက်ကို တွေတွေကြီး စိုက်ကြည့်ပြီး ငေးငိုင်နေခဲ့တယ်။ ကိုကြီးကိုကြည့်ရတာ အပြစ်ရှိတဲ့ ရာဇဝတ်သားလိုပဲ၊ ကိုကြီး စာဖတ်ပြီးတာနဲ့ ကျွန်မကို တိုးလျှိုးတောင်းပန်တဲ့အသံနဲ့ ပြောတယ်။
“ညီမ ကိုကြီး နောက်ဆုံးအနေနဲ့ သွားပါရစေနော် အပြီးသတ်စာရင်းရှင်းပြီး ပြန်လာခဲ့မယ်” တဲ့လေ။
ကျွန်မ ငြင်းခွင့်ရှိလို့လား ကိုကြီးရယ်။ ခေါင်းညိတ်ရုံကလွဲပြီးဘာများတတ်နိုင်မှာလဲ။ ကိုကြီး သူ့တပည့်လေးကို ခေါ်ပြီးသွားလိုက်တယ်။
* * *

စာရောက်လာတဲ့အချိန်က ညနေ(၅)နာရီ၊
အခုည(၁၁)နာရီ ထိုးနေပြီ။
ကိုကြီးပြန်မလာ သေးဘူး။ ကျွန်မ စိတ်တွေလှုပ်ရှားနေတယ်။ ကိုကြီး ပြန်မှလာပါ့မလား။ တစ်ခုခုများ ဖြစ်နေမလား။ စိုးရိမ်စိတ်တွေနဲ့ ဗျာများနေမိတယ်။ အိပ်ယာထဲမှာ အိပ်မောကျနေတဲ့ သမီးလေးနှစ်ယောက်ကို ကြည့်ရင်း ကျွန်မ ထိုင်နေမိတယ်။ ဘယ်လောက်တောင် ငေးငေးငူငူ ဖြစ်သွားမှန်းမသိ၊ ညနှစ်နာရီ ထိုးပြီးချိန်မှာ -
“အမရေ… အမ”
အမောတကော ခေါ်သံတစ်ခုကို ကြားလိုက်ရတယ်။ ကိုကြီးရဲ့တပည့်လေးခေါ်သံပါပဲ။
“ကောင်လေး နင့်ဆရာရော”
“အမ၊ ဟိုလေ…၊ ဆရာ… ဆရာ”
ကောင်လေးက ကတုန်ကယင်နဲ့ အထစ်ထစ်အငေါ့ငေါ့ ဖြစ်နေသေးတယ်။ ကျွန်မက စိုးရိမ်တကြီးနဲ့ ဖြတ်မေးလိုက်မိတယ် …
“ဘာ… ဘာဖြစ်တာလဲ၊ မြန်မြန်ပြောစမ်းပါကွယ်”
“ဆရာလေ၊ ဆရာ။ ဆရာ ဘာဖြစ်မှန်းမသိဘူး အမ၊ ဆေးရုံကို လိုက်မှရမယ်”
ကျွန်မခေါင်းထဲ မိုက်ခနဲ ဖြစ်သွားတယ်။ တဒင်္ဂလေး ကြောင်သွားတယ်၊ နောက်မှ သတိရပြီး ကောင်လေးကို ..
“ဒါဆို ကလေးတွေကို နင်ကြည့်ထားနော်၊ အမလိုက်သွားမယ်”
ကျွန်မကမန်းကတန်း ကားငှားပြီး ဆေးရုံလိုက်ခဲ့တယ်။
တစ်လမ်းလုံး ဘုရားစာတွေရွတ်ရင်း ကိုကြီး ဘာမှမဖြစ်ပါစေနဲ့လို့ ကျွန်မ ဆုတောင်းနေမိတယ်။ ဆေးရုံရောက်လို့ ကိုကြီးရှိတဲ့အခန်းကို မေးပြီးအဝင် ကျွန်မရင်အစုံ ဆောင့်တက်သလို ခံစားလိုက်ရတယ်။ ကိုကြီး သတိလစ်နေတယ်။ ဆရာဝန်မလေးက ပြောတယ်။
“အမ အခြေနေမကောင်းဘူး၊ အရက်ထဲမှာ ဆေးတစ်ခုခုနဲ့ ရောသောက်မိတဲ့ပုံစံ၊ ကျွန်မတို့ စစ်ဆေးနေတုန်း”
ကိုကြီး အိပ်မောကျုလို့ ဟောက်နေတဲ့ပုံစံနဲ့ နှာခေါင်းပိုက်တွေလည်း သွင်းထားတယ်၊ ကုတင်ပေါ်မှာ ဘာကိုမှ မသိနိုင်တော့တဲ့ ကိုကြီးကို ကျွန်မဘာလုပ်ပေးရမှာလဲ၊ ဘာပြောရမှာလဲ။ ကျွန်မတို့ မိသားစုကို နားလည်သွားပြီဆိုမှ ခုလိုဖြစ်သွားရတာ ဘာကြောင့်လဲ။ ကျွန်မ မတွေးတတ်တော့ဘူး ကိုကြီးရယ်။ ကိုကြီးဘေးမှာ အစောင့်အဖြစ်ထားဖို့ ဆရာမတွေနဲ့ တိုင်ပင်စီစဉ်ပြီး အိမ်ကိုပြန်လာခဲ့တယ်။
* * *

အိမ်ရောက်တော့ မနက်တောင်လင်းနေပြီ၊ အိပ်ဖို့သတိမရဘူး၊ သမီးအကြီးကို သူ့အဖွားဆီပို့၊ သမီးအငယ်ကိုခေါ်ပြီး ဆေးရုံကို ပြန်လာ၊ ဆေးရုံရောက်တော့ ကိုကြီးနဘေးမှာ ထိုင်နေရင်း ကိုကြီးသတိပြန်ရလာမဲ့အချိန်ကို သမီးလေးကို ပွေ့ချီထားရင်း စောင့်နေခဲ့တယ်။ စက္ကန့်ကို မိနစ်ကဝါးမျို၊ မိနစ်ကို နာရီကဝါးမျို၊ နာရီကို ရက်ကဝါးမျို။ တရွေ့ရွေ့နဲ့ အချိန်တွေ တိုက်စားသွားလိုက်တာ အချိန်(၅)ရက်သာ ကုန်သွားတယ်။ ကိုကြီးသတိမရလာဘူး။ ဘယ်လိုမှလည်း ကုလို့မရတော့ဘူး။ နောက်ဆုံး ဆရာဝန်တွေ လက်လျှော့လိုက်တော့ ကိုကြီးကို အိမ်ပြန်ခေါ်လာခဲ့တယ်။ ကိုကြီးနဘေးမှာ ကိုကြီးရဲ့မိဘတွေရော တပည့်တွေရော ညတိုင်း လာစောင့်ပေးရင်း အဖော်လာလုပ်ပေးကြတယ်။
ကိုကြီးကတော့ အိပ်မောကြနေတဲ့ ပုံစံအတိုင်း ဖြစ်နေခဲ့တယ်။ ကိုကြီးရဲ့တပည့် ပြောပြတဲ့ အတိုင်းဆိုရင် ကောင်မလေးက ကိုကြီးနဲ့ လမ်းခွဲရတော့မယ့် နောက်ဆုံးအထိမ်းအမှတ်တခုအနေနဲ့ သူနဲ့အတူ အရက်သောက်ပေးပါ၊ နောင်ဘယ်တော့မှ ကိုကြီးကိုမနှောင့်ယှက်တော့ပါဘူးဆိုပြီး ကိုကြီးကို အတင်းပဲ အရက်အတူသောက်ဖို့ ပြောတယ်။ ကိုကြီးက နောင်မနှောင့်ယှက်တော့ရင်ပြီးရောဆိုပြီး တစ်ခါမှ မသောက်ဖူးတဲ့အရက်ကို လိုက်လျောပြီး သောက်ခဲ့တယ်၊ အမူးလွန်ပြီး ဘာတွေ စားမိမှန်းမသိ စားခဲ့တယ်တဲ့။ ကိုကြီးရယ်…။ လူသားတိုင်းဟာ “လာရာ”ဆိုတဲ့ မွေးဖွားရာမိဘတွေကို ရွေးချယ်ခွင့်မရှိပေမဲ့ မိမိရဲ့နောက်ဆုံး “လားရာ”ဆိုတဲ့ သေခြင်းတရားကို မရောက်ခင် အကောင်းဆုံးသောလမ်းကို ရွေးချယ်ခွင့် ရှိကြတယ်လေ။ ဒါပေမဲ့ ကိုကြီးမှာ ရွေးဖို့ အချိန်မရလိုက်ဘူးနော်။
ကျွန်မ ကိုကြီးလက်ကိုကိုင်ပြီး တွေးနေတုန်း ကိုကြီး လက်တွေလှုပ်လာတယ်။ ပြီးတော့ ပါးစပ်လှုပ်လာတယ်။
“ကိုကြီး သတိရလာပြီ၊ ကိုကြီး သတိရလာပြီ”
ကျွန်မ ၀မ်းသာအားရ အော်လိုက်တယ်။
ကိုကြီးက မျက်လုံးမဖွင့်ပဲ စကားပြောဖို့ အားယူနေတယ်။ ကိုကြီးအမေကလည်း အနားကပ်လာပြီး
“သား ဘာပြောချင်တာလဲ၊ ဘာပြောချင်လို့လဲ၊ ရေသောက်မလို့လား” လို့ ပြာပြာသလဲမေးတယ်။
ကိုကြီးက အမေ့ပြောစကားကို ဂရုမစိုက်နိုင်သေးပဲ လက်ကာပြပြီး တိုးညင်းတဲ့ လေသံဖျော့ဖျော့လေးနဲ့ အားယူပြီး
“ခွင့်လွှတ်ပါ ညီမ”တဲ့။
“ခွင့်လွတ်ပါတယ် ကိုကြီးရယ်၊ ကိုကြီးအပေါ် ညီမဘယ်တုန်းကမှ အပြစ်မယူခဲ့ပါဘူး”
ကျွန်မအသံကိုကြားတော့ မျက်နှာမှာ အပြုံးရိပ်သန်းသွားသလို ထင်လိုက်ရတယ်၊ ပြီးတော့ -
“ကိုကြီး ဝမ်းသာလိုက်တာ”
လေသံသဲ့သဲ့လေးနဲ့ ပြောရင်း ကိုကြီးဇက်လည်ကျသွားတယ်။
ကျွန်မသိလိုက်ပြီ၊ ကိုကြီး ကျွန်မအပေါ် တင်ထားထဲ့ အကြွေးကို ပြန်ဆပ်ချင်ဇောနဲ့ အသက်ထွက် မဖြောင့်ဖြစ်နေခဲ့တာ။ ခွင့်လွှတ်ပါဆိုတဲ့ စကားလေးပြောပြီးမှ ကိုကြီးအသက်ထွက်သွားနိုင်ခဲ့တယ်။ ကိုကြီးရယ် ကျွန်မက ကိုကြီးကို အရမ်းကို ယုံကြည်လေးစားပြီး ချစ်ခဲ့တဲ့ မိန်းမသားတစ်ယောက်ပါ။ ကျွန်မ ခွင့်လွှတ်နိုင်တာပေါ့ရှင်။ ဒါပေမယ့် သစ္စာဆိုတာ မှန်ကန်တဲ့သူတွေအတွက် ဆေးကောင်းတစ်လက်ပါ။ ကိုကြီးကို ကျွန်မ ခွင့်လွှတ်နိုင်ခဲ့ပေမဲ့ သစ္စာတရားက ကိုကြီးကို ဒဏ်ခတ်လိုက်တယ်လို့ပဲ ကျွန်မမြင်တယ် ကိုကြီးရယ်။ နောင်ဘ၀ဆက်တိုင်းမှာ ကိုကြီးတစ်ယောက် သစ္စာတရားကို အလေးအနက်ထားတတ်တဲ့ အိမ်ထောင်ဦးစီးတစ်ယောက်ဘ၀ကို ပိုင်ဆိုင်နိုင်ပြီး ဒီလိုအဖြစ်ဆိုးမျိုးနဲ့ မကြုံတွေ့ပါရစေနဲ့လို့ ညီမ ဆုတောင်းပေးလိုက်ပါတယ်ရှင်။ “သစ္စာဆိုတာ တည်ရင်ဆေး မတည်ရင်ဘေး” ဆိုတာ ကျွန်မနားလည်လိုက်ပါတယ် ကိုကြီးရယ်။

လရိပ်လေး (မောင်းမကန်)
 
 

No comments:

Post a Comment