Pages

Saturday, December 1, 2012

***တွယ်တာခွင့်***



ရွှေရင်မှာ နွယ်လိုရစ်ပေမဲ့
မြင်သာမြင် မကြင်ရတဲ့အဖြစ်
ရင်နင့်နင့်နဲ့ တိတ်တခိုးလေး
ကြိတ်ပိုးလို့ချစ်နေခဲ့မိတယ်ကွယ်။

အမှတ်တမဲ့ဟာ ဘ၀တစ်သက်စာအတွက်
သတိတရဖြစ်စေမှန်း အစကမသိခဲ့ရိုးအမှန်ပါ
အကြင်နာကို ထာဝရပေးအပ်ချင်ပေမဲ့
အသည်းလွှာတစ်ချပ်မှာ ကမ္ဗည်းတင်ခဲ့ပြီးသားတဲ့လေ။

နှလုံးသားကမွေးဖွားလာတဲ့ အချစ်စကားကို
မခို့တရို့လေး ဆိုးနွဲ့လို့အရိုးခံသက်သက်နဲ့
ပြောခဲ့ချင်ပေမဲ့ မုန်းမာန်တွေဖွဲ့
အခင်မင်တွေပျက်မှာစိုးတာကြောင့်
ရင်မှာပဲထာဝရကြိတ်ဆွေးလို့
အရိပ်လေးလိုပဲကြည့်နေတော့မယ်ကွယ်။

ရာစုနှစ်များစွာက ကျောက်သားတစ်စလို
မာကျောခဲ့တဲ့နှလုံးသား နင့်ရဲ့အပြုံးတစ်ချက်က
ဖယောင်းသားလိုပျော့ပျောင်းအောင် ညှို့ယူသွားနိုင်တယ်နော်
ဒါပေမဲ့အချစ်ကံမလှတော့ မဏိစန္ဒာလေးလိုပဲ
ခံစားချက်တွေမြိုသိပ်လို့ အဝေးကပဲ
ခစားလို့နေပါရစေတော့ကွယ်။

မဖြေသာကျွမ်းလင့်လို့ ဝေဒနာလမ်းသစ်ကို
လျှောက်ရလည်း ကြည်ဖြူစွာနဲ့
အသည်းအသက်ကိုအပ်နှင်း
ပေးဆပ်ရင်းနဲ့ ဖြူစင်ခြင်းတွေရင်မှာပွေ့လို့
တနုံ့နုံ့ခံစားလို့ အပြစ်မရှာနှစ်တစ်ရာတိုင်အောင်
မယိမ်းမယိုင်နဲ့ ခင်တွယ်နေခွင့်လေးပဲရချင်တယ်ကွယ်။...(လရိပ်လေး)

No comments:

Post a Comment