Pages

Friday, December 7, 2012

မိုက်နောင်တ


·
ကျွန်မတို့မြန်မာနိုင်ငံဟာ အစဉ်ဆက်ဆက်က ကိုယ့်ထီးကိုယ့်နန်းနဲ့ တင့်တယ်လှပစွာ နေထိုင်လာခဲ့ကြတယ်ဆိုတာ မြန်မာတွေ အကုန်လုံးသိပြီးသားပါ။ အတိတ်ဆိုတာရှိခဲ့သလို သမိုင်းဆိုတာလဲ ရှိခဲ့တယ်။ ကျွန်မဖတ်မိလို့ သတိတရလေးဖြစ်ခဲ့တဲ့ သမိုင်းအကြောင်းလေးထဲက ဘုရင်တစ်ပါးဖြစ်တဲ့ အလောင်းစည်သူမင်းကြီး အကြောင်းလေးကို ဒီခေတ်နဲ့တိုက်ဆိုင်နေလို့ မသိသေးတဲ့သူများအတွက် ကျွန်မမှတ်မိသလောက်လေး ပြန်ပြောပြရင်း ခံစားရေးလိုက်တာပါ။


အလောင်းစည်သူမင်းကြီးဟာ ဘုန်းတန်ခိုးကြီးလွန်းလို့ သူပြောလိုက်တဲ့အခါ ကျောက်ရုပ်တွေတောင် အသက်ဝင်ပြီး တီးကြ မှုတ်ကြ ဆိုကြရတယ်တဲ့၊ သူဟာ ဘုန်းတန်ခိုးကြီးတဲ့အပြင် လက်ရုံးရည် နှလုံးရည်လည်း ပြည့်ဝတဲ့ မင်းတစ်ပါးပါ၊ ဦးပေါင်းကြားနှင့် မြင်းကြားရှင် ဆိုတဲ့ဇာတ်လမ်းလေးကိုတော့ လူတိုင်းကြားဖူးကြမှာပါ။ အသက်ကြီးလို့ လက်ပျဉ်းကျနေတာကို မှူးမတ်တို့ ရယ်ခိုးလို့  မင်းကြီးက မှတ်ထားပြီး မှူးမတ်တို့ကို  ဦးပေါင်းကြားထုပ်နှင့် မြင်းကြားစီး ယောက်ျားတစ်ယောက် ဟန်ဆောင်ပြီး လက်ရုံးရည်အစွမ်းပြခဲ့တာပါ။ မင်းကြီးရဲ့ “ငါမအိုသေး”ဆိုတဲ့ ကြုံးဝါးသံက အခုထိ သမိုင်းဝင် စကားအဖြစ် ကျန်နေဆဲပါ။
အဲဒီလို ဘုန်းစွမ်းလူစွမ်းပြခဲ့တဲ့  မင်းကြီးဟာ ရုတ်တစ်ရက် မျက်လုံးနှစ်ဖက်ကွယ်ခဲ့တယ်တဲ့၊ ဘာကြောင့်လဲဆိုတော့ မင်းကြီးဟာ  မာန်မာနထောင်လွှား၍ ငါ၏ဘိုးဘေးတို့သည် ငါ့လောက် ဘုန်းတန်ခိုးကြီးလိမ့်မည်မထင်ဟု ခင်ပွန်းကြီးဆယ်ပါးမှာ အပါအ၀င်ဖြစ်တဲ့ ၀ုဒ္ဓါပစာယန-အသက်သိက္ခာ၊ သီလ၊ ဂုဏ်ဝါ အာစာရ အမျိုးစသည်တို့မှာ မိမိထက်ကြီးမြတ်ရိုသေအပ်သူ၊ ဟိတကရ- ထမင်း၊ အဖျော်၊ အိပ်ရာ၊ အ၀တ်၊ ပုဆိုး စသောအာမိသနဲ့တကွ တစ်စုံတစ်ခု ကျေးဇူးရှိခဲ့ဖူးသူ မင်းနှစ်ပါးကို စော်ကားပြစ်မှားခဲ့လို့ပါ။ ပညာရှိတွေက ဘိုးဘေးတွေကိုစော်ကားလို့ ဖြစ်တယ်ဆိုတာ တွက်ချက်သိရှိရတော့ ပညာရှိတို့အစီအမံနဲ့ ပုဂါရာမပြည် တည်ထောင်စ သမုဒ္ဒရာဇ်မင်းကစလို့ ခမည်းတော် စောယွမ်းမင်းတိုင်အောင် မင်း ၄၄ ဆက် အရုပ်တို့ကို ရွှေနဲ့သွန်း၊ ရွှေအင်းပျဉ်းဆက်ထား၊ ရွှေပန်းခိုင်၊ ရွှေပေါက်ပေါက်များနဲ့ ပူဇော်ဝန်ချ မာန်လျှော့ရှိခိုးတော့မှပဲ မျက်လုံးပြန်ကောင်းခဲ့ပါသတဲ့။
ဒါကြောင့် ဘယ်လောက်ပဲ ဘုန်းတန်ခိုးကြီးကြီး ကျေးဇူးရှင်များကို ပြစ်မှားမိတဲ့သူဟာ ဘယ်သူမှ အပြစ်ပေးစရာမလိုပဲ မိမိရဲ့ဟဒယရုပ်တွင်းက အတ္တမာန အခိုးတွေကြောင့် ဒုက္ခပင်လယ်ဝေရတတ်တာကို ဒီသမိုင်းကြောင်းလေးက သက်သေပြလို့ အသိပေးခဲ့တာပါ။ စကားလေးတစ်ခွန်းနဲ့ ပြစ်မှားမိတာတောင် မျက်လုံးကွယ်ခဲ့ရတယ်ဆိုရင် အခု ကျွန်မတို့ မြန်မာနိုင်ငံကြီးမှာလို ဖြစ်ပျက်နေတဲ့ သံဃာတော်တွေကို ကိုယ်ထိလက်ရောက်နာကျင်စေ သေကြေပျက်စီးအောင်လုပ်ခဲ့တဲ့သူတွေအတွက် ကျွန်မတို့ရင်လေးစရာပေါ့။
ဘာသာ သာသနာ သမိုင်းအကြောင်းလေးကို ပြန်လည်အမှတ်ရ သတိထားပြီး ဆင်ခြင်သင့်တာကို ဆင်ခြင်တတ်အောင် ဒီသမိုင်းလေးကို ပြန်လည်ဖတ်ရှုတင်ပြခြင်းပါ။ သတိတရားကို ဆင်ခြင်ပြီး မပြင်ဆင်ကြဘူးဆိုရင်တော့ နရသီဟပတေ့ မင်းလို မိဖုရားစောလုံကို သတ်မိလို့ နောင်တရပြီး  “စောလုံ…စောင့်ပါခလှည့်”လို့ နောင်တနဲ့မြည်တမ်းရွတ်ဆို ပြီး ပြန်ပြင်မရတဲ့ အမှားကို သံသရာအထိ ယူဆောင်သွားနေရမှာပါ။
မဆင်ခြင်တဲ့လုပ်ရပ် အတွေးတွေဟာ ဘယ်တော့မှ ပြန်ပြင်မရတဲ့ သမိုင်းတစ်ခုအဖြစ် ကျန်ရစ်ခဲ့တတ်ပါတယ်။ နောက်သမိုင်းတစ်ခုကတော့ ကျန်စစ်သားမင်းဟာ အရှင်သခင်စောလူးမင်းကို ကျေးဇူးစောင့်သိပြီး ရန်သူလက်မှ သွားရောက်ကယ်ခဲ့ပါတယ်။ ပခုံးပေါ်မှာ ထမ်းခေါ်လာတဲ့ အချိန်မှာ ပညာမဲ့ အဆင်ခြင်မဲ့တဲ့ စောလူးမင်းဟာ ကျန်စစ်သားကို အယုံအကြည်မရှိပဲ ရန်သူကို ယုံကြည်ကိုးစားပြီး “ကျန်စစ်သား ငါ့ကိုခိုးပြီ”လို့  အော်ခဲ့လို့ ကျန်စစ်သားက “ဟယ် မင်းညစ်၊ ခွေးသေဝက်သေ သေခဲ့ပေတော့”လို့ ပြောပြီးပစ်ချခဲ့လို့ ရန်သူလက်ချက်နဲ့ သေပွဲဝင်ခဲ့ရတယ်။
ဒါကြောင့် ဒီသမိုင်းလေးတွေကို ကြည့်ခြင်းအားဖြင့် ကျေးဇူးရှင်တွေကို ပြစ်မှားတဲ့သူ အဆင်ခြင်မဲ့ အမိန့်ချ အပြစ်ပေးတတ်တဲ့သူ ရန်သူကိုသာ အထင်ကြီးပြီး မိမိအပေါ်ကောင်းတဲ့သူတွေကို အယုံအကြည်မရှိသူတွေဟာ နောင်တတရားတွေနဲ့ အပါယ်လားမှာ အသေချာပါပဲ။ ဒါကြောင့် ကိုယ့်သမိုင်းကို ကိုယ်တိုင်ရေးကြရတာမို့ နောင်တမရအောင် ကျေးဇူးရှင်တွေကို မပစ်မှားမိအောင် အဆင်ခြင်မဲ့ အမိန့်မချမိအောင် သမိုင်းကြောင်းလေးတွေကို ပြန်လည်သတိရ အတုယူတတ်ကြပါစေလို့ မေတ္တာထားရင်း ဒီစာစုလေးကိုရေးသားလိုက်ပါတယ်ရှင်။
 

No comments:

Post a Comment