Pages

Friday, December 7, 2012

မြန်မာပြည်တဲ့လား


မြန်မာပြည်တဲ့လား

ကမ္ဘာမှာတော့ ဝင့်ထယ်လို့ လာပါပြီ၊ နိင်ငံတကာတွေနဲ့

စီးပွားရေးတွေသွယ် ခေတ်အမြင်တွေ ဖလှယ်လို့ တကယ်ပဲ တိုးတက်လာပြီတဲ့လေ။ အမေရိကန်သမ္မတ အိုဘားမားတောင် လာတယ်ဆိုတော့ မြန်မာပြည်က ပြောစရာမလိုလောက်အောင် တိုးတက်လာတော့မယ်တဲ့လေ။ ပျော်နေလိုက်ကြတာ၊ အမေကျော်ပြီး ဒွေးတော်လွမ်းတာတော့ မဟုတ်ပါဘူး၊ မတတ်သာတော့ မြင်ရာကို အကူညီတောင်း မျှော်လင့်ချက်တွေ ရနိုင်ကောင်းမလားလို့ ကြိုဆိုကြတယ်လို့ မြင်မိပါတယ်။

ဒါပေမဲ့ တကယ်လိုအပ်နေတာလေးကိုတော့ ကျွန်မ မြင်နေမိပါတယ်။ ခေတ်မှီတဲ့ကမ္ဘာ အသီးသီးက နိုင်ငံတွေကိုတော့ ကျွန်မ မပြောတတ်ပါဘူး။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ လူတန်းစား အကုန်လုံးဟာ ထမင်းစားပြီး ကြီးပြင်းလာတယ်လို့ ကျွန်မ မြင်မိပါတယ်။ ကျွန်မကပဲ ဗဟုသုတ နည်းတာလား? အမြင်မကျယ်တာလား? အထင်ကတော့ ခေတ်မှီတဲ့နိုင်ငံတော်ကြီး ဒီမိုကရေစီ လမ်းစဉ်ကြီးဆီ သွားကြဖို့ ထမင်းအရင်စားရမယ်လို့ ကျွန်မ မြင်မိပါတယ်။

အဲဒီတော့ ထမင်း ဆိုတာ ဘယ်ကရလဲလို့အရင် သိသင့်တယ်။ လယ်ယာမြေတွေရှိနေမှ လယ်သမားတွေ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ပြီးမှ စပါးဆိုတာ ရလာတာ၊ စပါးကနေမှ ဆန်ဖြစ်လာတယ်၊ ဆန်ကနေမှ ကျွန်မတို့ ချက်ပြုတ်လို့ ထမင်းရလာတာပါ။ ထမင်းတစ်လုပ်အတွက် ခက်ခဲပင်ပန်းစွာ ရုန်းကန်ပြီး ရိုးသားစွာ လုပ်ကိုင်နေတာကို လစ်လျူရှုပြီး ခေတ်မှီတဲ့နိုင်ငံတော်ဆီကိုပဲ ဦးတည်နေတာ တကယ်ရော မှန်နေရဲ့လားလို့ ကျွန်မတွေးမိပါတယ်။

ကျွန်မတို့ ခေါင်းဆောင်ကြီးတွေဆီက ပြောကြားတာတွေ ကြားနေရပါတယ်။ မြန်မာနိုင်ငံကြီး ပြောင်းလဲလာဖို့ အကုန်လုံးမှာ တာဝန်ရှိတယ်တဲ့။ မှန်တယ်ဆိုတာ လက်ခံပါတယ်။ ဒါပေမဲ့ တာဝန်ဆိုတာ လုပ်နိုင်အောင် ကျွန်မတို့ ထမင်းစားပြီးမှ လုပ်နိုင်မှာပါ။ လယ်ယာတွေနဲ့ လုပ်ကိုင်ပြီးမှ ထမင်းစားနေရတဲ့ သူတွေဆီက လယ်တွေသိမ်း စက်ရုံတွေ ဆောက်မယ်လုပ်နေတော့ စားစရာမရှိတဲ့ သူတွေက တာဝန်ကို လုပ်ဆောင်နိုင်ပါ့မလား? နေ့တိုင်းငိုကြွေးနေရတဲ့ ဒုက္ခကို ပြစ်ထားပြီး နိုင်ငံရေးအတွက် တစ်နေရာရာက ပါဝင်နိုင်ပါ့မလားလေ။

အမြင့်ရောက်ပြီး ပေးဆပ်နေပါတယ်ဆိုတဲ့ သူတွေကရော ထမင်းမစားပဲ လုပ်နေကြတာလား? ကျွန်မ ဒီအရွယ်ထိ သိခဲ့ရတာ စပါးကို လယ်ထဲက ရတယ်လို့ပဲ သိခဲ့ရပါတယ်။ စက်ရုံကနေ စပါးထုတ်လုပ်တယ်လို့ မကြားရပါဘူး။ ကျွန်မ အသိမကြွယ် နားမလည်တာလည်း ဖြစ်နိုင်တယ်။ အမေရိကမှာ ခေတ်မှီတော့ စပါးကို စက်ရုံက ထုတ်တတ်ကြမယ်ထင်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံလည်း နိုင်ငံတကာတွေနဲ့ လမ်းတွေဖောက်လိုက်တော့ လယ်ယာမြေတွေ မလိုအပ်တော့ ဘူးထင်ပါတယ်။ ဒါကြောင့် လယ်ယာမြေတွေ အသိမ်းခံရလို့ အခက်ခဲများစွာ ကြုံနေရတဲ့ တောင်သူလယ်သမားတွေကို ဘာမှမလုပ်ပေးပဲ ပစ်ထားတာလား မမြင်တာလား?

ဒကာ ဒကာမတွေ မျက်ရည်လည်ရွှဲဖြစ်နေတာကို မကြည့်ရက်လို့ ငြိမ်းချမ်းစွာ တောင်းဆိုနေတဲ့ ဆရာတော် သံဃာတော်တွေကိုရော ဗုဒ္ဓဘာသာမြန်မာပြည်ကြီးက သက်ဆိုင်ရာတွေက မမြင်တာလား မမြင်ချင်ယောင်ဆောင်နေတာလား? ဘယ်ရာကိုမဆို အောင်မြင်အောင်လုပ်တယ်ဆိုတာ အခြေခံကနေ စကြရတာပါ။ သာသနာကိုမငဲ့ ပြည်သူတွေကိုမငဲ့ သံဃာတော်တွေကိုမငဲ့ပဲ ခေတ်မှီတဲ့နိုင်ငံကြီးဆီပဲ ချီတက်နေမှာလား? ဘာမှမဟုတ်တဲ့ အသေးအမွှားလေးကိုတောင် ငြိမ်းချမ်းအောင် မလုပ်နိုင်သေးပဲ အပေါ်ကနေ ငြိမ်းချမ်းရေးကို အော်ခေါ်နေရုံနဲ့ ငတ်ပြတ်နေတဲ့ နေစရာမဲ့နေတဲ့ တောင်သူလယ်သမားတွေ ဆင်းရဲပင်ပန်းစွာ လိုအပ်တာလေးကို တောင်းဆိုနေတဲ့ သံဃာတော်တွေ ရင်ထဲကအပူ မငြိမ်းနိုင်လောက်ပါဘူး။ ကျွန်မတို့နိုင်ငံကြီး ငြိမ်းချမ်းဖို့ တကယ်လိုအပ်နေတာက ဆင်းရဲသားလူတန်းစားတွေ လိုအပ်နေတဲ့ အခက်ခဲလေးတွေကို အရင် ဖြည့်ဆည်းပေးရင်း ငြိမ်းချမ်းရေးအသွင်ဆောင်တဲ့ ဒီမိုကရေစီလမ်းစဉ်ကို လျှောက်လှမ်းဖို့ပါ။

အနူးအညွတ်တောင်းဆိုချင်တာကတော့ လုပ်ပိုင်ခွင့်ရှိတဲ့သူတွေ အနေနဲ့ လုပ်ပေးနိုင်မယ်ဆိုရင် ဆရာတော် သံဃာတော်တွေရဲ့မျက်နှာ သာသနာတော်ရဲ့မျက်နှာ ငိုယိုနေတဲ့ ကူမယ့်သူမျှော်နေရှာတဲ့ တောင်သူလယ်သမားတွေကို ထောက်ထားပြီး တောင်သူလယ်သမား အရေးတွေကို အရင်ငြိမ်းချမ်းအောင် ကူညီဆောင်ရွက်ပေးစေချင်ပါတယ်ရှင်။ ဘယ်လောက်ပဲ အလုပ်တွေရှုပ်ရှုပ် ထမင်းစားဖို့တော့ အချိန်ပေးနိုင်မှာပါ။ ခေတ်မှီတဲ့မြန်မာပြည်ကြီး တိုးတက်လာဖို့အတွက် လုပ်ပေးနေတယ်ဆိုရင် ထမင်းအတွက်လုပ်ပေးနေတဲ့ တောင်သူလယ်သမားတွေအတွက် ထမင်းစားတဲ့အချိန်လေး လောက်ပေးပြီး မြင်သာအောင် ကူညီပေးစေချင်ပါတယ်ရှင်။ မမြင်ရက်တော့လို့ ရင်ထဲရှိရာကို ရေးသားရင်း ဆရာတော် သံဃာတော်တွေနဲ့ တောင်သူလယ်သမားတွေအတွက် ဒီစာစုလေးကို ရေးသားရင်း အသနားခံ တောင်းဆိုပါတယ်ရှင် တာဝန်ကို လေးစားသူများ ကူညီနိုင်ကြပါစေရှင်။



အစဉ်လေးစားလျှက်

မြန်မာပြည်ကိုချစ်သော

လရိပ်လေး

No comments:

Post a Comment