ဘဝဆိုတာ ပြိုင်ပွဲတစ်ခုလား
ဒါဆိုရင်တော့ ဒိုင်မလိုဘူး
အနိုင် အရှုံးအတွက် စီးချင်းထိုးဖို့အသင့်ပဲ။
လောကဓံမာယာနဲ့ ကံကြမ္မာလှည့်ကွက်က
ငါ့အတွက်တော့ ခပ်ညံ့ညံ့ပြိုင်ဘက်လောက်
အရေးမပါဘူး။
ကိုယ့်ရာဇဝင် ကိုယ်တိုင်ရေးချင်ခဲ့တဲ့ငါ
အလစ်ချောင်းပြီးတော့ ချုံခိုမတိုက်ဘူး
မျက်နှာချင်းဆိုင်ခုတ်ပြီး ရာဇဝင်တွင်စေမှာ
အသက်လောင်းကြေးနဲ့စိန်ခေါ်ထားမှေ တာ့
ဘဝစစ်မြေပြင်က သွေးခင်းရလည်း
ပြုံးမပျက် ဝိညာဉ်ထွက်တဲ့အထိ
ရှေ့ဆက်တိုက်ရမှာပဲ။
အဆင်းမလိုဘူး အချင်းပဲလိုတယ်
အတက်မရရင်အကျပေါ့
ဘာမှကြောက်စရာမလိုဘူး။
ငိုပြီးရင်ရီရမှာပဲ
ရှင်သန်ခြင်းနောက်ကွယ်က သေဆုံးခြင်းပဲ
ဘဝတိုက် ပွဲရဲရဲပဲနွဲမယ်ကွာ။
အသိပညာ ချပ်ဝတ်တန်ဆာနဲ့
ဆင်ခြင်တုံတရား လက်ခမောင်းခတ်
ထိုးနှက်ချက်တိုင်းရဲ့ အနိဋ္ဌာရုံမြင်ကွင်းကို
ငါအမှောင်ချလိုက်တယ်။
ရာဇဝင်မရိုင်းချင်တော့ ကံကြမ္မာဆိုးသုတ်သင်
မုန်တိုင်းဆင်တဲ့ သောကပင်လယ်ပြင်ကို
မြက်မစားတဲ့ခြင်္သေ့မင်း လှည့်ဆင်းပြီးအရေးမလုပ်တော့ဘူး။
အပြန်တစ်ရာမက အဖန်ဖန်ထလို့
ဥာဏ်တွေနဲ့ခြယ်သ ပကာသနပယ်ချလို့
သံသရာအတွက်ပဲ အလှပြင်တော့မယ်ကွာ။