လောကတွင် လူသားတိုင်းဟာ မွေးဖွားခြင်းနှင့်စတင်ပြီး
သေဆုံးခြင်းနှင့် ပြီးဆုံးကြရတယ်။ လောကတွင် ရှင်သန်နေရတဲ့ ကာလတစ်ခုမှာ
အကောင်းဆုံး လုပ်ဆောင်နိုင်တဲ့သူ ရှိသလို အဓိပ္ပာယ်မဲ့စွာ နေထိုင်ကြတဲ့
သူတွေလည်း ရှိကြတယ်။ လိုချင်တာမရ ဖြစ်ချင်တာ ဖြစ်မလာခဲ့ရင် အပြစ်မဲ့တဲ့
လောကကို မတရားမှုတွေနဲ့ တရားစွဲလို့ အပြစ်ပုံချတတ်ကြတယ်။
ဘ၀ဇာတ်ဆရာ ဆိုတဲ့စကားလုံးလေးကို တွင်ကြယ်စွာသုံးစွဲတတ်ကြတယ်။
မိမိရဲ့ကြိုးစားမှု အောင်မြင်ခဲ့လျှင် ငါတော်လို့ ကျရှုံးခဲ့လျှင် ဘ၀ဇတ်ဆရာ
လောကဓံပါလို့ ဖြေသိမ့်တတ်ကြတယ်။
ဒါပေမဲ့ ကျွန်မတို့ ဗုဒ္ဓဘာသာဝင်တွေ အတွက်တော့
အတိတ်ကာလက မိမိပြုခဲ့ဖူးတဲ့ ကုသိုလ် အကုသိုလ် အလုပ်တို့မှ ပြန်လည် အကျိုးပေးသော ကံတရားပင်ဖြစ်တယ်။ သို့ပေမဲ့လည်း “အမှားလုပ်တဲ့သူ
ကျွန်မလည်း လူသားထဲက လူတစ်ယောက်ဆိုတော့ ဖြစ်ချင်တာ ဖြစ်ခွင့်မရခဲ့ရင်
ကံနဲ့လောကကို အပြစ်ပုံချတတ်လာတာ အဆန်းမဟုတ်တော့ဘူးပေါ့။ ကျွန်မ အသက်(၁၇)နှစ်ထဲ
ဝင်တာနဲ့ ဆယ်တန်းအောင်ခဲ့တယ်။ ကျွန်မဖြစ်ချင်ခဲ့တာက သူများရှေ့မှာ
ဟန်ပန်တွေနဲ့ ဆုံးဖြတ်ချက်ချ အမိန့်ပေးမဲ့ တရားသူကြီးမလေးပေါ့။
တကယ်ဖြစ်လာခဲ့တာ ကျောင်းဆရာမလေး။
အဲဒီတော့ လောကနဲ့ ကံတရားကို အပြစ်ပုံချခြင်းက စပြီပေါ့။
ဆင်းရဲမွဲတေတဲ့ ဘ၀အကျိုးပေးကြောင့် ကျွန်မ ဖြစ်ချင်တာကို
လက်လွတ်ပြီး ကျောင်းဆရာမလေးဘ၀ကို မကျေနပ်ချက်တွေ မြိုသိပ်ရင်း
လက်ခံလိုက်တယ်။ ကျွန်မကျောင်းကို စတက်ပြီ ဆိုတာနဲ့ စည်းဆိုတဲ့ ကျင့်ဝတ်တစ်ခုကို
လက်ခံရမယ်ဆိုတဲ့အသိ ကျွန်မရင်ထဲ ဝင်လာခဲ့တယ်။
ကျွန်မ ဖြစ်လာတာကို အကောင်းဆုံးဖြစ်အောင်
လုပ်ဆောင်မယ်လို့ ဆုံးဖြတ်လိုက်တယ်။ အဲလို စိတ်ထားလိုက်တော့
ကျွန်မစိတ်ထဲ ဘာမှမရှိတော့လောက်အောင် ပျော်ရွှင်မှုတွေရရှိခဲ့တယ်။ ကျွန်မ စပြီးလုပ်ဝင်တဲ့ နေ့လေးမှာဘဲ
ကျွန်မကို သူငယ်တန်း အတန်းပိုင်အဖြစ် တာဝန်ပေးခဲ့တယ်။ သူငယ်တန်းဆိုတော့
စာသင်ရတာ အရမ်းပင်ပန်းတယ်။ စိတ်ရှည်ရတော့ ဆရာမတိုင်းက လက်မခံချင်ကြဘူးလေ၊
ကျွန်မက ဆရာမအသစ်လေးဆိုတော့ ငြင်းခွင့်မရှိသေးဘူး။
ပေးအပ်ရာတာဝန်ပေါ့။
ဒါပေမဲ့ ကျွန်မက တစ်မျိုးလေး ထူးခြားတာရှိတယ်၊
ဘာလဲဆိုတော့ သူများမလုပ်ချင်တဲ့ အရာတစ်ခုကို ဖြစ်အောင် စွန့်စားလုပ်တတ်တယ်။
အများကြိုက်တာကို ရောပြီး လိုက်ကြိုက်တတ်တဲ့ အကျင့်မရှိခဲ့ဘူး။ ဆိုးတယ်လို့
ပြောတဲ့သူတွေကို အကောင်းမြင် ပေါင်းသင်းတတ်တယ်။ သူများထက်ထူးချင်တဲ့
အရူးတစ်မျိုးပေါ့။
No comments:
Post a Comment