Pages

Thursday, September 13, 2012

အမေ



မနက်အာရုံဦးနဲ့အတူ ကောင်းကင်ကြီးကလှပလွန်းနေတယ်
ဆောင်းဝင်စ လေပြေနုနုလေးတွေက ချမ်းစိမ့်စိမ့်လေး
ငှက်ကလေးတွေ ကသံသာသာလေးတွေဆိုညည်းလို့
အရာရာပြည့်စုံနေတဲ့  ပန်းချီကားတစ်ချပ်လိုဘဲ့ အမေ
စာရေးဆရာတွေက တင်စားတာလား
လူတွေက ထင်ကြတာလား
“ဗန်ကောက်မြို့ကြီးက နတ်ပြည်တမျှလှတယ်”တဲ့  အမေရယ်
ခေတ်မှီဆန်းပြားတဲ့ ဆောက်အုံကြီးတွေနဲ့ ရှုမငြီးတဲ့ပန်းခြံကြီးတွေ
ထူးခြားသပ္ပာယ်လှတဲ့  ဘုရားတွေ  စည်ကားလှတဲ့စူပါမားကက်တွေ
နေရာတိုင်းမှာ ကားတွေကလည်း အစ်ီအရီလေ
ဒါတွေကိုတော့ အမြင်အရခံစားမိပါရဲ့အမေ
စိတ်တွေကတော့  ဟိုးအဝေးက
အမေ ရှိတဲ့  တောင်တန်းတွေနဲ့  ကမ်းခြေလေးရဲ့  အလှတွေဝန်းရံနေတဲ့
ရွာကလေးဆီ  သတိရခြင်းတွေက စိုးမိုးနေတယ်အမေ
မေ့မရတဲ့  ဖြစ်တည်မှုတွေနဲ့ မှုန်ဝါးဝါးအနာဂတ်ဆီ
အလွမ်းတွေပျိုး ခံစားချက်တွေလှေကားထစ်အဖြစ် အသုံးချလို့
ဘ၀ကို ရုန်းကန်ခြင်းတွေနဲ့ တန်ဆာဆင်နေရတယ်  အမေ
မော်ကြည့်လို့မဆုံးနိုင်တဲ့ အဆောက်အအုံကြီးက
အမေ့တဲအိမ်လေးလောက် မသာယာနိုင်ပါဘူး
ရှုမငြီးအောင်လှတဲ့ ရောင်စုံအလှတွေက
အမေ့မျက်နှာက အပြုံးတစ်ချက်ကိုမမှီနိုင်ပါဘူ
အရမ်းစည်ကားတဲ့ စူပါမားကက်ကြီးတွေက
အမေ့လက်ရာနဲ့တည်ခင်းထားတဲ့ ထမင်းဝိုင်းကိုမမှီနိုင်ပါဘူး
မြို့ပြရဲ့လှပတဲ့  စင်တင်တေးဂီတတွေက
အမေ့ရဲ့ တီးလုံးမဲ့ အိပ်ယာဝင်တေးတစ်ပုဒ်လောက်မဆွဲဆောင်နိုင်ပါဘူး
ဇိမ်ခံကားကြီးတွေ စီးပြီးလျှောက်သွားနေရပေမဲ့
အမေနဲ့အတူ ညနေခင်းလေးမှာလမ်းလျှောက်ခဲ့တာလောက်မသာယာဘူးအမေ
ကွန်ပျူတာလေးကိုင်ပြီး စာတွေကို ဟန်ပါပါရေးနေပေမဲ့
အမေ ‘ဝ’ လုံးလေးကို လက်ထပ်ရေးသင်ခဲ့တဲ့အချိန်လောက်မပျော်ဘူး အမေ
ကိုးရီးယား ဂျပန် တရုတ် ထိုင်း  အစားအသောက်တွေ  ဘယ်လောက်ကောင်းကောင်း
အမေ့လက်ရာ   ထားဝယ် ငါးပိဖုတ်ဆီဆမ်းလေးနဲ့ ပဲပြုတ်လောက် အရသာမရှိဘူးအမေ
နတ်ပြည်တမျှလှတဲ့ နေရာက
သမီးအတွက်တော့ အမိုးအကာမဲ့တဲ့  ကန္တာရတစ်ခုလိုဘဲ့ အမေ
အမေ့ပုံရိပ်လေးတွေ  အမေ့စကားသံလေးတွေက
သမီး အာရုံတစ်ခုလုံးကို လွမ်းမိုးချုပ်ကိုင်ထားတယ် အမေ
ဘ၀ လှိုင်းဂယက်ကြား လွန့်လူးပျော်မွေ့ အဝေးရောက်နေပေမဲ့
အမေ့ ရင်ခွင်နွေးနွေးလေးကိုခိုလှုံခွင့်ရချင်သေးတယ်အမေ
ဘယ်မှာအဆုံးသတ်မှန်းမသိတဲ့ဘဝကိုတော့  စီးမျောခဲ့တာဘဲ အမေ
ပြိုင်ဘက်ကင်းတဲ့ ပန်းချီကားတစ်ချပ်ကို ဖန်ဆင်းပေးနိုင်တဲ့ အမေ့ဆီ
မဝေးတော့တဲ့ တစ်နေ့ သမီးရောက်အောင်ပြန်ခဲ့မယ်  အမေ။
လွမ်းတယ် အမေရယ်  ။

No comments:

Post a Comment