ရုတ်တရက်
နှုတ်မဆက်ရဲခဲ့ဘူး
အသံတိတ်ကြေကွဲချင်းတွေကို
ဟန်ဆောင်ဖုံးကွယ်လို့
လေနှင်ရာလွင့်မျောရမဲ့
မိုးတိမ်လို
အမိမြေနဲ့ဝေးရာ
ထွက်ခွာလာခဲ့တယ်။
တန်ဖိုးမထားလို့
မဟုတ်ပါဘူး
အခြေမခိုင်
ခွေယိုင်မဲ့
အနေထားတစ်ခုကြောင့်
ရင်နာစွာ
စွန့်ထားခဲ့ခြင်းပါ။
ညှိုးလျတဲ့အမေ့မျက်နှာ
ကျောင်းလခအတွက်
အားကိုးမျှော်လင့်နေတဲ့ မောင်နှမတွေ
နေမကောင်းတဲ့ကြားက
အလုပ်လုပ်နေရတဲ့ အဖေ
ဒ်ီဖြစ်စဉ်တွေက
နေ့စဉ်ရက်ဆက်
အတွေးထဲတစ်ရစ်ဝဲဝဲဆိုတော့
မနေတတ်တဲ့ငါ
လိုအပ်မှုတွေအတွက်
တိုင်းတစ်ပါးကိုထွက်
အမိမြေကိုစွန့်ခဲ့ရပြီပေါ့။
ဘာသာစကားတွေကွဲပြား
တိုင်းတစ်ပါးသားကို
ကျွန်လိုနှိမ့်ချ မြင်တတ်ကြတဲ့
လူမျိုးခြားတွေရဲ့
မယုံမကြည်မျက်လုံးတွေအောက်
မှားလည်းခံ
မှန်လည်းခံ ဆန္ဒတွေကိုအသေသတ်ရင်း
မိသားစုအတွက်
ငွေတစ်မျက်နှာကိုဘဲ့ကြည့်နေခဲ့ ရတယ်။
နားထဲထူးခြားတဲ့အသံကြားရင်
ဘယ်သူလာဖမ်းပါလိမ့်
ဘာဖြစ်တာပါလိမ့်
အတွေးတွေနဲ့
ခြောက်လှန့်
အိပ်ရေးပျက်ခဲ့တာလည်း
ညတွေမရေတွက်နိုင်တော့ပါဘူး။
အချိန်တန်လို့
အိမ်ပြန် ကြသူတွေကိုကြည့်ရင်း
ဝမ်းနည်းခဲ့ရတာလဲအကြိမ်ကြိမ်
ဘယ်အချိန်
ဘယ်တော့များမှ
ပျော်ရွှင်မှုတွေ
ထွေးပိုက်ရင်း
အမိမြေကို
ပြန်ခွင့်ရမလဲလို့
နာကျင်တဲ့အတွေးပေါင်းများစွာနဲ့
မျက်ရည်ဝဲလျှက်
လွမ်းနေမိတယ်
အမိမြန်မာပြည်ရယ်။
No comments:
Post a Comment