Pages

Monday, September 10, 2012

ဘ၀ပုစ္ဆာ အဖြေရှာ



ဘဝမှာ ဘာဖြစ်ချင်တယ်  ဘာလုပ်ချင်တယ်  ဘာဖြစ်အောင်လုပ်မယ်  ဆိုတာ တွေးစရာတော့ အကောင်းသား၊   ငယ်ဘ၀ကို ပြန်မြင်ယောင်ပါရဲ့၊ ဘယ်သူမှလည်း ဂရုတစ်စိုက်မမေးခဲ့၊ ဘာဖြစ်ချင်မှန်း ဘာဖြစ်လာမယ်မှန်း မသိခဲ့၊ ဖြစ်နေတာကို ဖြစ်သလို လက်ခံလာခဲ့ရတာ။

အရွယ်လေး ရလာတော့   စိတ်ကူး အိပ်မက်လေးက  ပေါ်လာပြန်၊ ဖြစ်ချင်တာလေး ရှိလာပြန်၊ အိပ်မက်လေးက ဖြစ်လာရင် အကောင်းသား၊       ကိုယ်က ရွေးချယ်တာ မဟုတ်ဘဲ  အရွေးချယ်ခံ လိုက်ရတာ၊ ဇာတ်ကောင်က ဇာတ်ကို စီးသွားတာ၊ ကံကြမ္မာက ရွေးချယ်လိုက်တာ၊ ကိုယ်က စ်ီးချက်အတိုင်း လိုက်က နေရတာ၊  ထူးချွန်အောင်တော့ ကရတော့မှာပေါ့၊  မပျော်လည်းက ပျော်လည်းက၊   မဖြစ်ချင်ဘဲ ဖြစ်နေတာ ဖြစ်ချင်တာတွေ ဖြစ်နေတာ၊  ဖြစ်လာတာကို လက်ခံနေရတာ ဘ၀တဲ့လား?

ဖြစ်ချင်တာနဲ့ ဖြစ်နေတာတွေ  ထပ်တူဖြစ်သွားတဲ့ လူတွေ အတွက်တော့   အားကျစရာပေါ့၊ ကြိုးစားမှုတိုင်းရဲ့  နောက်ကွယ်က အောင်မြင်မှုတဲ့လား?   ထူးချွန်တဲ့ သူတွေက ကြိုးစားလို့၊  မအောင်မြင်တဲ့ သူတွေက ညံ့ဖျင်းလို့  လောကအပြော၊ ဖြစ်ချင်တိုင်း ဖြစ်နေတဲ့  လောက၊ ပုံသွင်းယူတိုင်း အရာအားလုံးရခဲ့လား? ကောက်ကြောင်းလေးတွေကိုပဲ ပုံဖော်နေရတာ။

ဘ၀ စာမျက်နှာတွေကို ခံစားမှုမဲ့စွာနဲ့ တစ်ခါတစ်လေ ရေးခြစ်ခဲ့၊ နာကျင်ခြင်းတွေနဲ့ ဆေးခြယ်ခဲ့၊ အလိုမကျမှုတွေနဲ့ ဆုပ်ဖြဲခဲ့၊ အသစ်က ပြန်စ၊ ဘ၀ဆိုတာ အကြိမ်ကြိမ် လဲကျ၊ အကြိမ်ကြိမ် ပြန်ထ၊ နောက်ဆုံး အချိန်ထိ တောင့်ခံနိုင်သူ 
အတွက် ရလဒ်က အောင်မြင်ခြင်းတဲ့၊ တောင့်ခံပါရဲ့နဲ့ အောင်မြင်ခြင်းကို မရခဲ့တာ  ညံ့ဖျင်းမှုလား?
မျှော်လင့်ချက်တွေ ဖြစ်လာအောင်လုပ် ဖြစ်အောင် ကြိုးစား၊ မရခဲ့တော့ ညံ့ဖျင်းမှု၊ ကံဆိုတာ မရှိတော့ဘူးလား? လုပ်တိုင်း ဖြစ်လား? ဖြစ်လာတိုင်း ပိုင်ဆိုင်ခွင့်ရလား? မမြဲခြင်းတွေနဲ့  ပြည့်နှက်နေတဲ့ လောက၊ ဘာကို ပိုင်ဆိုင်လဲ? ဘာကို အတည် လုပ်ယူထားလို့ရလဲ? မတူညီတဲ့ အဖြစ်ပျက်တွေ မတူညီတဲ့ အမြင်တွေ ကွဲလွဲနေတဲ့ လောက၊ လောဘ ရမ္မက်ဇောတွေ အတ္တတွေ ဖုံးလွမ်းနေတဲ့ လောက၊ ဘာတွေဖြစ်မလဲ? ဘာတွေ ဖြစ်အုံးမလဲ?  ဘယ်သူ ပြောနိုင်လဲ? ဘာမက်စရာ ရှိနေလဲ?

ကမ္ဘာဆိုတာ ကိုယ့်ခန္ဓာကိုယ်ရဲ့ ခေါင်းအစ ခြေဖျားအဆုံး ဖြစ်တည်နေတာပါ။ ကိုယ့်ကမ္ဘာ ကိုယ့်ခန္ဓာကို အရင် ငြိမ်းနိုင်မှ ကျန်တာငြိမ်းမှာ၊ ငါက ဘယ်လိုလူ ဘယ်လောက် ရာထူး ဘယ်လောက် ချမ်းသာတယ် ဘယ်လောက် ပညာတတ်တယ် အဲဒါတွေက တည်မြဲသတဲ့လား? အောင်မြင်သူတွေ အကုန်လုံး စိတ်တိုင်းကျနေလား? ပျော်နေလား? တစ်ချို့က ပြောတယ် “ရောင့်ရဲ တင်းတိမ် တတ်တဲ့သူက ဘယ်တော့မှ မချမ်းသာဘူး”တဲ့။ ချမ်းသာတယ်ဆိုတာ ဘာလဲ? ပျော်ရွှင်မှုဆိုတာ ဘာလဲ? အနာဂတ် မရေရာတဲ့သူက မကြီးပွားဘူးတဲ့၊ အနာဂတ်ဆိုတာ မြင်နိုင်လား? မနက်ဖြန်ဆိုတာ ဘယ်သူ ပြောနိုင်လဲ? ကိုယ်ပိုင်ဆိုင်တာ အခု ဖြစ်တည်နေတဲ့  အချိန်လေးလောက်ပါ။

မျှော်လင့်ချက်တွေက များ၊ သတ်ပုံတွေက မှား၊  သေချာတာကတော့  အားလုံး တစ်ဖက်သတ်ကြီးပဲ။ နောက်ဆုံးကတော့  အရာအားလုံး ပျက်သုဉ်း သေချင်းနိဂုံးပဲ ရှိမှာဆိုတော့  ဘာမှ မပိုင်တဲ့ လောကမှာ ဖြစ်ချင်တာ ဖြစ်နေလေတော့ ဖြစ်လာတာကို ဖြစ်သလို ရင်ဆိုင် ရတော့မှာပေါ့လေ။

No comments:

Post a Comment