Pages

Thursday, August 16, 2012

***ပေးဆပ်သူတို့ရဲ့ နှလုံးသား***


"လောကကြီးက နေတတ်ရင်ကျေနပ်စရာပါ"၊ ဒီစကားလေးက ကျွန်မအတွက်တော့ အားဆေး တစ်ခွက်ပေါ့။
           အမေကလည်း ပြောပါတယ် "ပျော်ချင်ရင် ကိုယ့်အောက်က လူတွေကိုဘဲ ကြည့်ပါ။  ပြည့်စုံတဲ့ သူတွေကို မကြည့်နဲ့"တဲ့။ "ချမ်းသာလေလေ စိတ်ပူလောင်လေလေပါဘဲ" တဲ့လေ။ ကျွန်မတို့က ဆင်းရဲတော့ အမေပြောတဲ့ နှစ်သိမ့်စကားလေးလေ။ ဒါပေမဲ့ အမေ့စကားလေးက ကျွန်မအတွက် တစ်သက်လုံး နေတတ်အောင် သင်ပေးခဲ့တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ စကားလေးပါ။


          ကျွန်မ ရန်ဖြစ်တော့မယ်ဆိုရင် အမေက "သမီး"တဲ့၊ "ခွေးနဲ့အတူ ကိုက်သောသူ ကိုက်သူလည်းခွေး ခွေးလည်းခွေး"တဲ့။ "ခွေးဖြစ်ချင်လား၊ လူဖြစ်ချင်လား"တဲ့လေ။ အဲလို ပြောပြ ဆုံးမခဲ့တဲ့ အမေ့စကားလေးတွေက ကျွန်မရင်ထဲကို အဖိုးမဖြတ်နိုင်တဲ့ အသိတွေ ထည့်ပေးခဲ့သလိုပါဘဲ။  ကျွန်မ ရန်မဖြစ်ချင်တော့ဘူးလေ။ ကိုယ့်ကိုယ်ကို ရှက်တတ်လာတယ်။ လူတစ်ယောက်ကို စိတ်တိုရင် ပေါင်းသင်းလို့ မရတော့ဘူးဆိုရင် အမေက ဥပေက္ခာပြုဖို့ ဆုံးမခဲ့တယ်။ ကျွန်မလည်း ဘယ်လိုမှ သည်းခံလို့ မရတော့ဘူးဆို၇င် အပြစ် မပြောချင်တော့ဘူး။ ကျွန်မဘ၀ထဲမှာ မရှိတော့ဘူးလို့ သတ်မှတ်လိုက်တယ်။ ဒါပေမဲ့ ပြန်တွေ့လို့ သူဒုက္ခရောက်နေရင် တတ်နိုင်သလောက် ကူညီပေးခဲ့တယ်။ သုပြန်နောင်တရပြီး ကျွန်မအပေါ် နားလည်ခဲ့ရင် ကျွန်မပျော်တာ အရမ်းဘဲ။ မေတ္တာနဲ့ အနိုင်ယူခြင်းလို့ ကျွန်မလက်ခံထားတယ်လေ။
          ကျွန်မဘ၀က ကံမကောင်းခဲ့တော့ ကျွန်မစိတ်တွေ မပျော်ရွှင်ခဲ့ရဘူး။ နှစ်တွေအများကြီး ခံစားခဲ့ရတယ်။ ကျွန်မစိတ်တွေ ဘာမှ မလိုချင်လောက်အောင် စိတ်ကျရောဂါဖြစ်တယ်လို့ ပြောလို့ရအောင် ကျွန်မခံစားခဲ့ရဖူးတယ်။ ကျွန်မ ထိုင်းကို ရောက်ခဲ့ပြီး အလုပ်လုပ်ရင်း တစ်နှစ်ကျော်လောက် ဘယ်သူနဲ့မှ စကားမပြောဘဲ နေခဲ့ဖူးတယ်။ "ပြောလည်း အချိန်ကုန်တယ်။ လူတွေက ကောင်းတဲ့သူတွေ နည်းတယ်"လို့ အပြစ်မြင်တတ်တဲ့ စိတ်နဲ့ နေခဲ့ဖူးတယ်။ နောက်တော့ ကျွန်မ ဆရာတော်တွေနဲ့ တွေ့ပြီး ကျွန်မ အသိတွေ ပြန်လည် ပြုပြင်လိုက်တယ် ကျွန်မရဲ့ နဂိုဗီဇလေးက ပြန်လည်ရှင်သန်လာတယ်။ အများအတွက် သံဃာတော်တွေအတွက် လုပ်ချင်လာတယ်။
          အမေစုသတင်းတွေ အများကြီး ဖတ်လာရတော့ တိုင်းပြည်အတွက်ပါ လုပ်ချင်လာတယ်။ စိတ်တွေ ပျော်လာတယ်။ ကျွန်မအတွက်ဆိုတာ သိပ်ပြီးမခံစားချင်တော့ဘူး။ လုပ်သင့်တာလုပ်ဖို့ ဆုံးဖြတ်ချက်ချခဲ့တယ်။ ဆရာတော်တွေရဲ့အဆုံးအမတွေရယ် သူငယ်ချင်း မိတ်ဆွေတွေရဲ့ အားပေးမှုတွေရယ်က ကျွန်မဘ၀အတွက် တစ်ဆစ်ချိုးပြောင်းလဲမှုပေါ့။ အများအကျိုး လုပ်ဆောင်တယ်ဆိုပေမဲ့ နည်းလမ်းကျဖို့ လိုအပ်တယ်ဆိုတာ ကျွန်မ နားလည်ခဲ့တယ်။ မသိရင်မေးပြီး ကျွန်မ ကြိုးစားလုပ်ဆောင်ဖို့ အားတင်းခဲ့တယ်။ "အများအတွက်တော့ လုပ်ဆောင်ပါရဲ့။ သာသနာကို ထိခိုက်မယ်၊ တိုင်းပြည်ကို ထိခိုက်မယ်၊ လူမျိုးကို ထိခိုက်မယ်ဆိုရင် လုပ်ဆောင်မှုက အချည်းနှီးပဲ"လို့ ကျွန်မခံယူတယ်။
          "မိန်းကလေးဖြစ်ရတာ ကံဆိုးတယ်"လို့ ယူဆမှု ကျွန်မရင်ထဲ တစ်ခါတုန်းက ရှိခဲ့ဖူးတယ်။ အခုတော့ ကျွန်မ နားလည်ခဲ့ပါပြီ။ မိန်းကလေးဘဲ ဖြစ်ဖြစ် ယောက်ကျားလေးဘဲ ဖြစ်ဖြစ် ကိုယ့်ကိုယ်ကို တန်ဖိုးရှိအောင် တတ်နိုင်တဲ့နေရာက အများအကျိုး ဆောင်ရွက်နိုင်ခဲ့ရင် ဘာသာ သာသနာကို ထိန်းသိမ်းနိုင်ခဲ့ရင် တိုင်းပြည်အတွက် အားဖြည့်မဲ့ သွေးတစ်စက်လိုပါဘဲ။
          "ငါလုပ်နေတာ အများအတွက်ပါ ဘယ်လို လုပ်နေရတာပါ"လို့ ဟစ်ကြွေးနေစရာလည်း မလိုဘူးလို့ ကျွန်မ ယူဆမိတယ်။ ကိုယ့်ရင်ထဲက ဖြူစင်တဲ့ စေတနာနဲ့ လုပ်ခဲ့တယ်ဆိုရင် ပေးဆပ်နိုင်ခဲ့တယ်ဆိုရင် အတိုင်းမသိ ပျော်ရွှင်မှုကို ကိုယ်တိုင် ပြန်လည်ခံစားရမှာပါ။ ဘ၀ဆိုတာ နောက်ဆုံး သေတာနဲ့ဘဲ့ အဆုံးသတ်ကြမှာလေ။ မသေခင်လေး အတ္တတွေ မာနတွေနဲ့ လုံးထွေးရစ်ပတ်နေကြလို့ ပူလောင်မှုတွေကို ခံစားနေကြရတာပါ။
          သူများကို ကူညီမှုတစ်ခုကို လုပ်တော့မယ်ဆိုရင် ဘာမှ မမျှော်လင့်ဘဲ ဖြူစင်တဲ့ စေတနာနဲ့ ဂုဏ်ပကာသနကို ရှေ့တန်းမတင်ဘဲ လုပ်မှ မွန်မြတ်တယ် သန့်ရှင်းတယ် ပျော်ရွှင်မှုကို ရစေနိုင်ပါတယ်။ "လုပ်တော့ လုပ်ချင်ပါတယ်။ ဂုဏ်ငယ်မှာ ကြောက်လို့"ဆိုတဲ့ သူတွေလည်း တွေ့ခဲ့ဘူးပါတယ်။
          ကျွန်မအသက် ၂၂နှစ်အရွယ်က ရန်ကုန်ကို "မူလတန်းပြ ဆရာမ သင်တန်း" သွားတက်ခဲ့ရတယ်။ ရန်ကုန်မြို့ကြီးကို တစ်ခါမှ မရောက်ဖူးတဲ့ တောသူလေး အစစ်လေ။ အရမ်းလည်း ကြောက်ခဲ့တယ်။ ရန်ကုန်ဆိုတာကို ဘယ်မှလည်း မသွားတတ် မြန်မာစကားလည်း ကောင်းကောင်း မပြောတတ်နဲ့ပေါ့။ အလည်သွားရင် ဆရာမတွေနဲ့ သွားခဲ့တော့ အဆင်ပြေပါတယ်။
          လမ်းရောက်တာနဲ့ ကျွန်မအရင်ဆုံး တွေ့ခဲ့ရတာ တောင်းစားနေတဲ့ ကလေးလေးတွေနဲ့ အသက်ကြီး အမေအိုအရွယ်တွေလေ။ ကျွန်မရင်ထဲ နင့်နေအောင် နာကျင်ပါတယ်။ အဲလိုမြင်ရတော့ ကျွန်မက ပိုက်ဆံထုတ်ပေးမယ်လုပ်တော့ သူငယ်ချင်းတွေက ပြောတယ်။ "ဟေ့ နင်က တော်တော် တောကျတယ်တဲ့"လေ။ "ရန်ကုန်က လူတွေက အဲလိုမပေးဘူး"တဲ့။ "နင်က တောကဆိုတာ အသိသာကြီး ဖြစ်နေမယ်တဲ့"လေ။  ကျွန်မ ခဏတွန့်ဆုတ်ပြီး နေလိုက်တယ်။ ပြီးတော့ ကျွန်မ မနေနိုင်ဘူးလေ။ ရင်ထဲမှာက တော်တော်ဖြစ်နေပြီ။ ဒါနဲ့ ကျွန်မ ဆုံးဖြတ်လိုက်တယ်။ "သူများကဲ့ရဲ့လည်း ကျွန်မ ခံမယ် တောသူပြောလည်း ကျွန်မခံမယ်။ လက်ရှိက သူတို့ ပျော်ရွှင်ဖို့ သူတို့ လိုအပ်တာလေးကို ဖြည့်ဆည်းပေးနိုင်ဖို့ဘဲ၊ ရဲရဲလုပ်မယ်"လို့ စိတ်တင်းပြီး ပိုက်ဆံသွားပေးခဲ့တယ်။ ကလေးတွေနဲ့ အမေအိုတွေ ပျော်နေလိုက်ကြတာကို မြင်လိုက်ရတော့ ကျွန်မရင်ထဲ အတိုင်းမသိပေါ့။ အဲဒီအချိန်မှာ သူငယ်ချင်းတွေကလည်း မနေနိုင်တော့ဘူးလေ။ သူတို့ကလည်း ဟန်ဆောင်တာဘဲရှိတာ စေတနာက ရင်ထဲရှိပြီးသားဆိုတော့ ကျွန်မလို လိုက်လုပ်ကြတာလေ။ ကျွန်မ ထပ်ပျော်ခဲ့ရတယ်လေ။ ကိုယ်လုပ်လိုက်တာ သူတို့ရင်ထဲ ရောက်အောင်ပြနိုင်ခဲ့လို့လေ။
          တစ်ချို့က ပြောတယ်။ "အလှူလုပ်တယ်ဆိုတာ သီလရှိတဲ့သူကိုဘဲ လုပ်သင့်တယ်၊ နင်က နေရာတကာ"တဲ့။ ကျွန်မပြန်ပြောခဲ့တယ်။ "ငါလုပ်တာ အလှူမဟုတ်ဘူး၊ သူတို့ပျော်ရွှင်ဖို့ ငါတတ်နိုင်သလောက် ကူညီတာ၊ ဘာမှ အကျိုးမရရှိပေမဲ့ သူတို့ပျော်တာကို မြင်လိုက်ရတဲ့ ခဏလေး ငါ့ရင်ထဲ အရမ်းပျော်တယ်၊  အဲလိုလေး နင်တို့ ခံစားကြည့်ဖူးလား၊ လုပ်ကြည့်ပါ"လို့။ လိမ်ပြီးတောင်းလည်း သူလိုချင်လို့လေ စားချင်လို့လေ ကိုယ်တတ်နိုင်သလောက် ပေးကမ်းလိုက်ရတာ သူ့အတွက် ဖော်မပြနိုင်တဲ့ ရရှိမှုတစ်ခုဖြစ်နေနိုင်တယ်လေ။ အဲလို စိတ်ထားလေးနဲ့ ကျွန်မကူညီခဲ့တယ်။
          ကျွန်မရှေ့မှာ သိန်းပေါင်းများစွာ လှူနေနိုင်တာကို ကျွန်မသာဓုခေါ်တယ်၊ ဒါပေမဲ့ မလှူနိုင်တာကို အားငယ်မနေပါဘူး။ ငွေမလှူနိုင်ရင် ခွန်အားနဲ့လှူမယ်။ တိုက်တွန်းမှုတွေနဲ့ အားပေးပြီး ရင်ထဲ အသိတရားရောက်အောင် တတ်နိုင်သလောက် ထည့်ပေးမယ်။ ကျွန်မ သိသလောက်လေးတွေပေါ့။ သူများ တစ်သိန်းလှူရင် ကျွန်မကလည်း တတ်နိုင်သလောက်လေး ပါဝင်ပြီး လှူလိုက်တယ်။ သူတို့နဲ့ ထပ်တူရတယ်လို့ တွေးလိုက်တယ်။  ကျွန်မကမှ မတတ်နိုင်တာလေ။ သတင်းတွေမှာ ဘုရင်မိသားစုတွေ အလှူလုပ်နေတာကို ကြည့်ပြီး သာဓုခေါ်တယ်။ ကျွန်မ အဲလိုလေးတွေနဲ့ ဘ၀ကို ပျော်အောင်နေခဲ့တယ်။
          "မျှော်လင့်ခြင်းမရှိတဲ့ ပေးဆပ်ခြင်း"လို့ တင်စားတာ အချစ်အတွက်မဟုတ်ပဲ ဘာသာ သာသနာအတွက် အများအတွက် တိုင်းပြည်အတွက်ပါ။ "အများလို မတတ်နိုင်ပေမဲ့ သဲတစ်ပွင့်လောက်ပဲ ပေးဆပ်နိုင်ရင် ဘ၀က ပျော်ရွှင်စရာ အကောင်းဆုံး၊ နေပျော်စရာ အကောင်းဆုံးဖြစ်လာလိမ့်မယ်"လို့ ယုံကြည်ပါတယ်။ ဘယ်အရာကိုမဆို လုပ်ဆောင်တော့မယ်ဆိုရင် ဂုဏ်ရှိဖို့ သိက္ခာရှိဖို့ အထင်ကြီးခံရဖို့ လေးစားစေချင်လို့ ဆိုတာထက် ကိုယ်နဲ့ထပ်တူ ပျော်ရွှင်စေဖို့ ထပ်တူ အကျိုးရစေချင်လို့ လုပ်တာက ပိုပြီးထိရောက်တဲ့ လုပ်ဆောင်မှုပါ။ လုပ်ဆောင်မှုတိုင်းမှာ ဖြူစင်တဲ့စေတနာ ပါပါစေ၊ စေတနာက လူတိုင်းနဲ့တန်တဲ့အရာပါ။ သူတစ်ပါးရဲ့အမှားကို စေတနာနဲ့ကြည့်ပါ။ ပြုပြင်ပေးပါ ၀ိုင်းဝန်းအားပေးပါ။ ဘ၀ကို လှပအောင် ကိုယ်တိုင်ဖန်တီးယူကြပါ။ ငြိမ်းချမ်းတဲ့ ဘ၀လးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ အမြဲဆုတောင်းနေပါတယ်။

ဆက်လက် ကြိုးစားပါအုံးမယ်...

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/


No comments:

Post a Comment