ငှက်ကလေးတွေ
အိပ်တန်းတက်
နေမင်းကွယ်လို့
အမှောင်ရောက်
ညကို
လှပစေတဲ့အရာ
လသာ
သတဲ့လား။
တနေ့တာ
အလုပ်ခွင်မှာ
မှားလည်းပြုံး
မှန်လည်းပြုံး
သူဋ္ဌေးရှေ့
အလုပ်တွေကုန်းရုန်းလုပ်လို့
ထုသားပေသားကျသူ
ရင်ဘတ်တစ်ခုလုံး
ပူလိုက်တာ။
ဟိုမှာမန်နေဂျာ
ဟိုမှာစာရေး
ဟိုမှာသူဋ္ဌေးလူယုံ
ဟိုမှာမနာလိုသူ
အားနည်းသူအတွက်
လုံခြုံရာ
ဘယ်နေရာမှ
ရှာမတွေ့
ဘာအတွက်လဲ
ဘာကြောင့်လဲ ..
ဘယ်သူတွေစီရင်လို့
ဘယ်သူတွေဒဏ်ခတ်ခဲ့တာလဲ..
အမိမြေက
ထွက်ခဲ့တဲ့ငါ
ခိုနားရာကို
မျှော်တတ်လာပြီ
လွမ်းမောခြင်းတွေနဲ့
ခရီးဆက်ရမဲ့အရေး
အမေ့အိမ်ကလည်း
မျှော်တိုင်းဝေး
တိုင်းတစ်ပါးမှာ
ဆင်းရဲဘေးကြောင့်
ထွက်ပေါက်ကို
ဘယ်လိုရှာရမလဲ
ပစ္စုန်ပန်ဆိုတာမသိ
အနာဂတ်ဆိုတာမရှိ
မှီခိုရာကင်းတဲ့
ဘ၀မှာ
ဦးတည်ရာမဲ့
ပျံသန်းရင်း
ပန်းတိုင်မရှိတဲ့
ခရီးကကြမ်းတယ်
အမေရယ်…လွမ်းတယ်
အဖေရေ
တမ်းတတယ်
ပြည်တော်ပြန်
ကံနည်းတဲ့ငါ
ညက
မနက်ရောက်မှာ ကြောက်တတ်လာခဲ့
ဒီအချိန်ဆို
မိသားစုနဲ့
သူတို့တွေ
စိုးရိမ်နေလောက်ပြီ
ခိုနားရာ
ရှားတဲ့ဘဝ
ပူတယ်အေးတယ်
ရွေးလို့မရ
သက်စောင့်အနွေးဓာတ်နဲ့
အန်တု
ဒုက္ခကို
အဖော်ပြုရင်း
ခဏလောက်တော့
မှေးစက်ခွင့်ပြုပါ
ည
အမှောင်လေးရယ်။
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
http://layeiklay.blogspot.com/
No comments:
Post a Comment