"ဟေ့
အားလား" ဆိုတဲ့ စကားလေးနဲ့စလို့
နင်နဲ့ငါ
အရမ်းရင်းနှီးတဲ့ မောင်နှမတွေလိုဖြစ်ခဲ့
နင်က
အားပေးရုံလေးပြောခဲ့တာ
ငါ့အတွက်တော့
ဘ၀တစ်ခုလုံး ပြောင်းလဲခဲ့တယ်။
အတွေးတွေထဲ
ပျော်နေတယ်
အနာဂတ်ကို လှမ်းချင်လာတယ်
မပျော်တတ်တဲ့ငါ
အိပ်မက်မရှိတဲ့အနာဂတ်နဲ့
ပန်းတိုင်ဆိုတာ
အစက ငါ့အတွက် ရည်မှန်းချက်မရှိခဲ့။
အခုတော့
လှမ်းလိုက်တဲ့ခြေလှမ်းတိုင်း
အဓိပ္ပါယ်ရှိအောင်
ငါလုပ်ဖို့ ဆုံးဖြတ်နေမိတယ်
"ပစ္စုပ္ပန်ရယ်
အနာဂတ်ရယ်
ဘယ်လိုကောင်းအောင်
ဆောင်ရွက်မယ်"
ဒါတွေတွေးလို့
ရည်မှန်းချက်တွေ ထားတတ်လာတယ်။
နင့်ဘေးမှာ
ရှိနေချင်တယ်
အားပေးတဲ့ သူငယ်ချင်းတစ်ယောက်
အဖြစ်နဲ့လေ
နင့်ဖေ့ဘုတ်စာမျက်နှာလေးက
ငါ့အတွက်အားဆေးတစ်ခွက်
နင့်စကားသံလေးက
ငါ့အတွက်နွေးထွေးမှုတွေပါ။
မမြင်ရ
မတွေ့ရပေမဲ့
နင့်စာသားလေးတွေဖတ်ရင်း
ငါဖြေနေပါတယ်
နင်အားရင်အသံလေး
ကြားခွင့်ပေးပါလို့ တောင်းဆိုချင်တယ်
တွေ့ခွင့်ပေးပါလို့
ပြောချင်တယ် သူငယ်ချင်းရယ်။
ဒါပေမဲ့
မဖြစ်နိုင်တဲ့ အနေထားတစ်ခုကို ငါနားလည်နေတော့
ဖြစ်ချင်တာတွေကို
ငါမြိုသိပ်နေရင်း ဟန်ဆောင်ပြုံးနေမိတယ်
နင့်ရဲ့ "ဟိုင်း
နေကောင်းလား သတိရနေတယ်နော်" စာသားလေးကို
ငါ နေ့တိုင်း
ပြန်ဖတ်နေတယ်ဆိုတာ နင်သိမှာပါ။
ဘ၀ဆိုတာ
တွေ့ကြုံ ဆုံကွဲဖြစ်မြဲ ဓမ္မတာမို့
ငါတွေးကြောက်နေမိတယ်
နင်ပျောက်သွားမှာကိုလေ
နင်ပြောတယ်လေ
"ပစ္စုပ္ပန်ကိုဘဲ တွေး"တဲ့လေ
အင်း
ဟုတ်တယ်နော် အခုတွေ့နေတာပဲကို
ဘယ်တော့မှ မခွဲရဘူးလေ
ဖြေသိမ့်ခြင်းတွေနဲ့ ပျော်နေခဲ့မိတယ်။
ဒါပေမဲ့
သူငယ်ချင်းရယ်
အဝေးကြီးကနေ
ခင်လိုက်ရတော့
လမင်းကိုတမ်းတနေတဲ့
ကမ္ဘာမြေက လူသားတစ်ယောက်လို
ငေးကြည့်ရုံလေးပဲ
ရမှာလေ။
ကြယ်တွေကြွေလည်း
ငါ့ဆီမှ မရောက်တာ
အမှောင်ညကစိုးမိုးလေလေ
နင့်ရဲ့လမင်းအလင်းလေးကို
တမ်းတလေလေပဲပေါ့။
မိုးတိမ်ဖုံးတဲ့နေ့ရက်တွေကို
လေပြေလေးတွေက
မကူနိုင်ပါဘူး
နင်ကလမင်းလေးဆို
ငါကကြယ်ကလေးတစ်ပွင့်အဖြစ်
နင့်နဘေးနားမှာ
လင်းလက်ခွင့်ရချင်တယ်။
နင်က ငါ့ရဲ့
လိုအပ်ချက်တွေကိုဘဲ အရေးပေးတတ်သလို
ငါလည်း နင့်ကို
ဖြည့်ဆည်းပေးချင်တယ်
နင်အားငယ်ရင်
ငါအားပေးချင်ခဲ့တာ
နင်သိစေချင်တယ်ဟာ..
နင့်ကို စက္ကန့်တိုင်း
လွမ်းနေတယ်ဆိုတာလေ။
နင်မရှိရင်
ငါမနေတတ်တော့ဘူး
ငါ့အတွက် လိုအပ်ခဲ့တာတွေက
နင့်ဆီမှာ ပြည့်စုံနေပြီးသားလေ
နင်နဲ့ငါ ခွဲတော့မဲ့
အချိန်တိုင်း ငါပြောခဲ့တယ်လေ
"မမေ့ကြေးနော်"လို့
ငါရင်ထဲကပြောတာနော်။
နင်နဲ့ငါက..
ငယ်ငယ်ကတည်းက
ခင်မင်လာတဲ့
ငယ်သူငယ်ချင်းတွေ
မဟုတ်ခဲ့ကြပေမဲ့
နင့်ကို စစ်မှန်တဲ့
ယုံကြည်မှုနဲ့ ခင်နေခဲ့တယ်
အွန်လိုင်းပေါ်တက်တာနဲ့
နင့်ကို အရင်ရှာနေမိတယ်
မတွေ့ရရင်..
"နေမကောင်းတာလား
မအားတာလား ဘာလုပ်နေပါလိမ့်"ဆိုတဲ့
အတွေးတွေက နှိပ်စက်နေရောလေ။
နင့်ရဲ့
"ဟိုင်း" ဆိုတဲ့အသံလေးကိုတွေ့ရမှ
ငါနေတတ်လာခဲ့တယ်
"နင်ကို
ငါ အရမ်းခင်တယ်"ဆိုတာထက်
ပြောစရာစကားရှိနေသေးခဲ့ရင်
ဖွဲ့နွဲ့လိုက်ချင်သေးတယ်။
နင်နဲ့ငါ
တကယ်အပြင်မှာဆုံတွေ့လို့
တကယ့်မောင်နှမတွေလို
သူငယ်ချင်းတွေလို
နေခွင့်ရအောင်
ငါဆုတောင်းနေတယ်။
တခါတလေကျတော့လည်း
ငါ အားငယ်မိတယ်..
နင်က ပညာတတ်တယ်
အရာရာတော်တယ်
နားလည်တယ်
ငါ့လို
အညတရတစ်ယောက်နဲ့ခင်နေရတာ
ဂုဏ်ငယ်နေမလားပေါ့
ငါ မခင်ဘဲ့နေလိုက်ရမလား။
ဒါပေမဲ့
မနေနိုင်ပါဘူးဟာ
နင့်ကိုခင်ခဲ့တာ
မေ့ဖို့မဟုတ်ဘူး
အသက်ရှင်နေသမျှသတိရနေမှာက
အသေချာလေ
ဆက်ခင်ခွင့်လေးပဲရနေအောင်
ငါဆုတောင်းနေရတော့မှပေါ့။
နင်ဘယ်နေရာရောက်ရောက်
ငါမမေ့ပါဘူး
ငါ့ကိုလည်း
ဘယ်တော့မှမမေ့ပါနဲ့လို့ တောင်းဆိုချင်တာ
တစ်ခုတည်းသောလိုအပ်ချက်ပါ
သူငယ်ချင်းရယ်။
"သူငယ်ချင်းတွေနဲ့
အတူရှိနေတဲ့အချိန်ဟာ
အိပ်မက်တစ်ခုဆိုရင်
အဲဒီအိပ်မက်က ငါမနိုးထတော့ဘူး"။
သူငယ်ချင်းရေ..
ငါ့ဘဝ
ငါ့အသက် ငါ့အိပ်မက်တွေကို
နင်နဲ့အတူ
ဖြတ်သန်းခွင့်လေးပဲ ရပါရစေနော်။
နှလုံးသားတစ်နေရာကနေ
အရမ်းခင်မင်ရတဲ့ သူငယ်ချင်းအတွက်..
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
http://layeiklay.blogspot.com/
No comments:
Post a Comment