Pages

Saturday, August 18, 2012

***အဖေသိနိုင်ပါစေ***


အဖေ့ကိုလွမ်းတယ်..
အထူးသဖြင့် ဒီနေ့လေးမှာပေါ့..
အဖေရေလို့ အော်ခေါ်ပြီးတောင်
ငိုလိုက်ချင်တယ်..  အဖေရယ်.... ။

"ဖေဖေ သာဓုခေါ်ပါ"ဆိုတဲ့ သီချင်းလေးက
သမီးရင်ထဲကို တိုက်ရိုက်ခံစားစေတယ် အဖေရယ်....
အဖေနဲ့ဝေးခဲ့တာ သမီးလေးနှစ်သမီးလေးကတည်းကလေ။

အဖေမရှိတဲ့ဘ၀လေးကို ဖြတ်သန်းခဲ့ရတာ
အရမ်းအားငယ်ခဲ့တယ်အဖေ။


မနက်အိပ်ရာထရင်
ပခုံးမှားထမ်းပြီး လက်ဘက်ရည်ဆိုင်ကို သွားခဲ့တာရယ်..
အဖေ့စာသင်ခန်းဆီလိုက်ပြီး သမီးဆိုးတာတွေကို
စိတ်ရှည်စွာနဲ့ အလိုလိုက်ခဲ့တာတွေကို
သမီး အရမ်းလွမ်းတယ် အဖေရယ်...

အဖေကပြောတယ်တဲ့လေ..
"ငါ့သမီးတွေကို ပညာတတ်ကြီးဖြစ်အောင် ထားမယ်"လို့..၊
အဖေ့က သမီးကို ပညာတတ်ကြီးဖြစ်သည်ထိအောင် မရှိနိုင်ခဲ့ပေမဲ့
အဖေ့ဆန္ဒပြည့်အောင် အမေက ထားခဲ့ပေးပါတယ် အဖေရယ်..။

ကျောင်းမှာလေ
အဖေ့နာမည်လေးဘဲ ပြောနေပြီး
သမီး ဂုဏ်ယူခဲ့ရပါ တယ်။
အဖေ့ဆုယူတဲ့ အချိန်တိုင်း ..
သမီးငိုခဲ့ရတယ် အဖေရယ်...

သမီးလေ
အဖေ့အရွယ်ဆရာတွေကိုဆို တအားချစ်ခဲ့တယ်
အဖေငတ်ခဲ့တော့လေ...

အဖေကတော့ သမီးခံစားချက်ကို
သိနိုင်တော့မယ် မထင်ပါဘူး..
အဖေသေတော့ အဖေ့ရဲ့ဘေးမှာ
သမီးထိုင်ငိုနေခဲ့ရတာ
ခုထိမြင်ယောင်နေဆဲပါ အဖေ..။

သမီးကျောင်းသွားရင်း
လိပ်ပြာလေးတွေကိုမြင်ရင်
အဖေများ ဖြစ်နေမလားလို့
ကလေးအတွေးနဲ့ တွေးခဲ့တာ
နေ့တိုင်းပါ အဖေရယ်..။

သမီးလေ
အဖေမရှိတဲ့ ကလေးတွေကိုဆို
အရမ်းအားပေးခဲ့တယ် ဂရုစိုက်ခဲ့တယ်..
သမီးဘဝနဲ့ ကိုယ်ချင်းစာလို့ပါ။

နောင်ဘ၀ဆိုတာ ရှိခဲ့ရင်
အဖေမဲ့တဲ့သမီး
မဖြစ်ချင်တော့ဘူး အဖေရယ်..။

ဆုတောင်းတစ်ခုသာ တောင်းပါဆိုရင်
"လူမချမ်းသာပေမဲ့ စိတ်ချမ်းသာပြီး
ပျော်ရွှင် ငြိမ်းချမ်းတဲ့
အဖေရယ် အမေရယ် အတူတူရှိတဲ့
ဘ၀လေးကို ပိုင်ဆိုင်ပါစေ"လို့ဘဲ
ဆုတောင်းမိမှာပါအဖေ..

အဖေ့ကို အရမ်းလွမ်းမိလို့
ရေးလိုက်မိတယ် အဖေရယ်..
ရောက်ရာ ဘဝက
အဖေသိနိုင်ပါစေ..။

အဖေ့ရဲ့သမီး

လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/ 



ညီမလေး မြင့်မြတ်သူရဲ့"ဖေဖေ သာဓုခေါ်ပါ"ဆိုတဲ့  မူရင်းသီချင်းပါ။

No comments:

Post a Comment