ဆောင်းအဝင်
နံနက်ခင်း လေပြေနွေးနွေးလေးက ငြိမ်းချမ်းစွာ မိတ်ဆက်အလာ.. ငှက်ကလေးတွေက နံနက်ခင်း တေးသံသာသာလေးတွေကို
သီကျူးနေကြချိန်.. အတွေးကမ္ဘာထဲ အလွမ်းဓာတ်က
တစိမ့်စိမ့် ဝင်ရောက်လို့ နေရာယူလာတယ်။
အတိတ်အကြောင်းလေးတွေကို လွမ်း ဆွတ်စွာ
ပြန်တွေးရင်း ဘာရယ်ကြောင့်မသိ လွမ်းဆွတ်တဲ့စိတ်က အမေ့ဆီကို ရောက်သွားခဲ့တယ်။
ဆောင်းအ၀င် ဒီနေ့လို မနက်လေးမှာမှ ကျွန်မ အမေ့ကို ပိုလို့ ပိုလို့ အရမ်းလွမ်းနေမိတယ်။
ကျွန်မ အမေ့ကို လွမ်းတဲ့စိတ်တွေနဲ့ဘဲ မလုပ်မဖြစ် လုပ်ရမဲ့ အိမ်အလုပ်တွေကို
စက်ရုပ်တစ်ရုပ်လို ဇယ်ဆက်သလို ဆက်လုပ်နေခဲ့တယ်။
ဆယ်တန်းတစ်ပိုင်းတစ်စနဲ့
အဖေနဲ့အိမ်ထောင်ကျခဲ့တဲ့ အမေ၊ အဖေ့ကို အရမ်းချစ်ခဲ့တယ်။ အဖေကလည်း အမေ့ကို
ချစ်ခဲ့မှာပါ။ ဒီလိုနဲ့ ကျွန်မရဲ့ အမကို အမေမွေးခဲ့ပြီး
နှစ်နှစ်လောက်ကြာတော့ အမေ့မှာ ကိုယ်ဝန်ထပ်ရှိလာပါတယ်။ ကျွန်မရဲ့အကို ဖြစ်ခွင့်မရလိုက်တဲ့
ကလေးလေးပေါ့။ အမေကိုယ်ဝန် ၇-လလောက် ရောက်ခဲ့တော့ အဖေက နောက်မိန်းမတစ်ယောက်ကို
ချစ်ခဲ့မိတဲ့ အချိန်ပေါ့။ အမေက အဖေ့ကို အဲလိုမနေဖို့ ပြောတော့ အဖေက အမေ့ကို
ခြေထောက်နဲ့ ကန်လိုက်မိတယ်တဲ့လေ။
အမေလွယ်ထားရတဲ့ ကလေးလေးက လမစေ့ဘဲ ၇-လလေးနဲ့
မွေးခဲ့တယ်။ ယောက်ျားလေးပါ။ ဘယ်လိုဘဲ ကြိုးစားပြုစုခဲ့ပေမဲ့
အသက်မရှင်ခဲ့တော့ဘူးလေ။ အမေက အဲဒီအချိန်ထဲက အဖေပျော်ဖို့နဲ့ သမီးလေးတွေ
အဖေနဲ့မဝေးဖို့အတွက် ဘာမှအပြစ်မမြင်အောင် နေလာခဲ့တယ်။ ဒီလိုနဲ့ နေလာရင်း ကျွန်မကို
မွေးခဲ့တယ်။ နောက်တော့ ညီမလေးကို ထပ်မွေးခဲ့တယ်။
အဖေက သမီးတွေကို အရမ်းချစ်ခဲ့တယ်။ သမီးတွေအတွက် အချိန်တွေ အများကြီး ပေးခဲ့တယ်။
အမေ့ကိုလည်း တာဝန်မပျက် စောင့်ရှောက်ခဲ့တယ်။ အမေကလည်း အဖေဘာလုပ်လုပ် ဘယ်လိုနေနေ
မပြောခဲ့ဘူး။ သမီးလေးတွေအတွက်ဘဲ တွေးနေခဲ့တယ်။ အဖေက နောက်မိန်းမကို
အိမ်ပေါ်ခေါ်လာင်္ပြီး ထမင်းအတူတူ လာစားတဲ့အထိ အမေဘာမှ မပြောခဲ့ဘူး။ သမီးတွေအတွက်
သေတဲ့ထိ ရအောင်ပေါင်းမယ်လို့ ဆုံးဖြတ်ထားခဲ့လို့တဲ့လေ။ အမေ့ရဲ့ သမီးတွေအတွက်
ပေးဆပ်ခဲ့တဲ့ သတ္တိကို ကျွန်မအရမ်းလေးစားမိတယ်။
အဲလိုလေး နေလာရင်းနဲ့ အဖေက အမေ့ကို
ပြန်ပြီး နားလည်လာခဲ့တယ်။ နောက်မိန်းမဆီ မသွားတော့ဘူး။ မိသားစုလေးနဲ့
ပျော်အောင် နေလာခဲ့တယ်။ တစ်နေ့တော့ ကျွန်မတို့ မိသားစုအတွက် ကြမ္မာဆိုးတွေ မွှေလာတယ်ထင်ပါရဲ့၊
အဖေ့ဆီ စာတစ်စောင် ရောက်လာခဲ့တယ်၊ အဖေ အသစ်ချစ်ခဲ့ဖူးတယ်ဆိုတဲ့
မိန်းမဆီကပေါ့၊ နောက်ဆုံးအနေနဲ့ ခဏလောက်လာတွေ့ပါတဲ့၊ အဖေလည်း အမေ့ကို ခွင့်တောင်းပြီး
သွားလိုက်တယ်၊ အဲဒီညလေးကို ကျွန်မအရမ်းကို မှတ်မိနေပါသေးတယ်၊ ည
၂-နာရီလောက်ဖြစ်နေပြီ၊ အဖေ့တပည့်လေး
ရောက်လာပြီး "ဆရာမရေ ဆရာ ဆေးရုံရောက်နေလို့
လိုက်ခဲ့ပါ"တဲ့လေ။
အမေငိုပြီပေါ့။ သမီးသုံးယောက်နဲ့ အိမ်မှာလည်း ထားခဲ့လို့မရ။ အမေ
နှဘေးအိမ်မှာ ကျွန်မနဲ့အမကို အပ်ထားခဲ့ပြီး ညီမလေးကို ခေါ်ကာ
လိုက်သွားခဲ့တယ်လေ။ အဖေက ဆေးရုံရောက်ကတည်းက သတိမရဘဲ ဘယ်လိုမှ
ပြန်ကုလို့ မရလောက်အောင် ဖြစ်ခဲ့ပြီး တစ်လလောက် အကြာမှာ ဆုံးခဲ့တယ်။ အမေလဲ
ငို၊ သမီးတွေလဲ ငို ကျွန်မတို့ မိသာစုအတွက်တော့ ရွှေတောင်ကြီး ပြိုပြီလေ။
အဖေ့အသုဘက တအားကို စည်ခဲ့ပါတယ်။ စိတ်ရင်းကောင်းပြီး အရမ်းအသင်အပြ ကောင်းခဲ့တဲ့
ဆရာဆိုတော့ အလှူငွေတွေ အများကြီးရခဲ့တာပေါ့။ အမေက တအားရိုးခဲ့တော့ အဖေ့အသုဘက
ရခဲ့တဲ့ ငွေတွေ အကုန်လုံးကို အဖေ့မောင်နှမတွေက ယူသွားခဲ့တယ်။ အမေဘာမှ
မပြောခဲ့ပါဘူးတဲ့။
အဖေ့အသုဘကိစ္စတွေပြီးတော့ ကျွန်မတို့ ရွာပြန်ခဲ့ရတော့တာပေါ့လေ။ အမေ့လက်ထဲမှာ ငွေဆိုလို့
၁၅-ကျပ်ဘဲ ပါခဲ့တယ်တဲ့လေ။ အမေ အားမငယ်ခဲ့ပါဘူးတဲ့။ သမီးတွေအတွက် အားအင်တွေနဲ့
အမေပြုံးလို့ပေါ့။ ပညာရေး တစ်ပိုင်းတစ်စ ဆယ်တန်းတစ်ဝက်တစ်ပျက်နဲ့
အိမ်ထောင်ကျခဲ့တဲ့ အမေ ဘာလုပ်ရမလဲပေါ့။
နောက်ဆုံးတော့ အမေလေ ကောက်ညှင်းပေါင်းရယ် မုန့်တွေရယ်ရောင်းပြီး ကျွန်မတို့ကို
ကျောင်းထားခဲ့တယ်။ အဒေါ်တွေက ပြောတယ် "မုဆိုးမတစ်ယောက်ရဲ့ ဘ၀နဲ့ ကလေးတွေကို
ကျောင်းမထားတော့နဲ့"တဲ့လေ။ "သူ များအိမ်မှာ
အငှားထမိန်လိုက်လျှော်ရပါစေ၊ သမီးတွေကိုတော့ ပညာရအောင် သင်ပေးမယ်တဲ့"လို့ အမေက
ပြန်ပြောခဲ့တယ်တဲ့။ အမေ့ရဲ့ ရဲရင့်စွာ ဟစ်ကြွေးသံတွေလေ။
လောကဓံကို
ကြံ့ကြံ့ခံလို့ အမေ ကျွန်မတို့ကို လိုလေသေးမရှိအောင် ထားခဲ့ပါတယ်။ ညအိပ်ချိန်
မရှိလောက်အောင်ကို အမေ အလုပ်လုပ်ခဲ့တယ်။ စာကျက်ပြီး ပြန်ဆိုပြရင် တစ်ပုဒ်ကို
စာကျက်ခတဲ့လေ ငါးမုးပေးခဲ့တယ်။ "ပညာတတ်မှ အသိရှိမယ်၊ အသိရှိမှ ဘ၀ကို ရင်ဆိုင်နိုင်မယ်တဲ့"လေ။
စာကြိုးစားဖို့ အမေပြောခဲ့တယ်။ အဖေ့အကြောင်းလေးတွေကို ပုံပြင်လေးလို
အိပ်ရာဝင်ချိန်လေးမှာ အမေပြောပြ နေတတ်သေးတယ်။
အဲဒီအချိန် အမေ့ရင်ထဲ ဘယ်လောက်ခံစား နေရမလဲလေ။ ခံစားချက်ကို မြိုသိပ်ပြီး
မိသားစု မပြိုကွဲအောင် ထိန်းသိမ်းခဲ့ပေမဲ့ မုဆိုးမဖြစ်ခဲ့ရတဲ့ အမေ၊ သမီးတွေကို ပညာတတ်ကြီးတွေ
ဖြစ်စေချင်ပေမဲ့ တတ်နိုင်သလောက်လေးဘဲ ဖြည့်ဆည်းပေးနေရတဲ့ အမေ၊ ရင်ထဲမှာ
ရှိတာတွေကို သမီးတွေ မျက်နှာနဲ့ဘဲ မြိုသိပ်ခဲ့ရတဲ့ အမေ၊
ပတ်ဝန်းကျင် ရိုက်ခတ်မှုဒဏ်တွေကို သည်းခံနေရတဲ့ အမေ၊ အဖေက သမီးတွေကို
ဘယ်လိုချစ်တဲ့အကြောင်း ကောင်းတဲ့အကြောင်းဘဲ ပြောခဲ့တဲ့ အမေ၊ ကျွန်မ
တကယ်သနားမိခဲ့ပါတယ်။
အမေ ကျွန်မတို့ကို ဘယ်တုန်းကမှ မရိုက်ခဲ့ဘူး။ "လူဆိုရင် ရိုက်ပြီး
ဆုံးမစရာမလိုဘူး။ အသိရှိတဲ့ လူဖြစ်အောင် ကြိုးစား"တဲ့။ တည်ငြိမ်ရင့်ကျက်မှုတွေ
ရရှိအောင် အမေသင်ပေးခဲ့တယ်။ နူးညံ့သိမ်မွေ့မှုတွေနဲ့ နားလည်တတ်အောင် ရသမျှနဲ့ ရောင့်ရဲတင်းတိမ်တတ်အောင်
သင်ပေးခဲ့တယ်။ ဘ၀ကို သမီးတွေရဲ့ ပျော်ရွှင်မှုနဲ့ဘဲ အဆုံးသတ်မဲ့ အမေ့ရဲ့ ကြီးမားတဲ့
မေတ္တာတွေကို ကျွန်မပိုသိရလေလေ အမေ့ကို ပိုလို့လွမ်းလေလေပါဘဲ။
ကျွန်မ ဆယ်တန်းအောင်တဲ့နေ့က အမေကို လူတွေ ၀ိုင်းပြီးချီးမွမ်းကြတယ်။ အရမ်းတော်တဲ့
အမေတဲ့လေ။ အမေ့မျက်နှာမှာ ပီတိတွေနဲ့ပေါ့။ သမီးတွေကို ကျောင်းဆရာမလေးတွေဘဲ
လုပ်ခိုင်းခဲ့တယ်လေ။ အများရှေ့မှာ ဦးဆောင်နိုင်ရမယ်တဲ့လေ။
ကျွန်မ ထိုင်းကို သွားမယ်လုပ်တော့ အမေက
"သမီး.. အမေက ငွေမလိုပါဘူး၊ အမေ့သမီးလေး အဖြူအစိမ်းလေးနဲ့
ကျောင်းဆရာမလေး ဖြစ်နေတာဘဲ မြင်ချင်တာပါ"တဲ့လေ။ ကျွန်မ ငိုခဲ့ရပါတယ်။ ကျွန်မ
အနာဂတ်အတွက် အမေ့အတွက် ထွက်လာခဲ့တယ်။ သွားခါနီး အမေ့ကို ကန်တော့တဲ့အခါ အမေက ဆုတွေပေးလိုက်တာ
အကြိမ်ကြိမ်ပါပဲ။
ထိုင်းရောက်ပြီး အမေဆီဖုန်းဆက်တော့
"သမီး စားစရာတွေ အဆင်ပြေရဲ့လား" တဲ့လေ။ အစားအသောက် ရွေးတတ်တဲ့
ကျွန်မအတွက် အမေ စိတ်ပူနေခဲ့တာ။ "အမေ့အတွက် ဘာမှ မပို့ပါနဲ့၊ သမီး
အဆင်ပြေအောင် နေပါ၊ ဒီမှာက အမေ့နေရာ၊ အမေ့အတွက် ဘာမှ မပူနဲ့၊ သမီးလေးက သူများနေရာမှာ
နေရတာ၊ အစစ အရာရာ ဂရုစိုက်နေနော်"တဲ့။ အမေ့မှာတမ်း စကားတွေက ကျွန်မကို ပိုလို့
သတိရစေခဲ့တယ်။
အမေက စကားကို နည်းနည်းလေးနဲ့ မှတ်သားတတ်အောင်
သင်ပေးခဲ့တယ်။ "သမီး.. လောကမှာ သရဲတစ္ဆေတွေက ကြောက်စရာမကောင်းဘူး၊
စိတ်ကောင်းမရှိတဲ့ အတ္တကြီးတဲ့ သူတွေက ကြောက်စရာကောင်းတယ်"တဲ့။ အမေက
ပညာတတ်ကြီးတစ်ယောက် မဟုတ်ခဲ့ပေမဲ့ ကျွန်မတို့ကို အရမ်းအဓိပ္ပာယ်ရှိတဲ့
စကားတွေနဲ့ဘဲ ဆုံးမခဲ့တယ်။
အမေ့ဆုံးမစကားတွေကြောင့်
ကျွန်မလူတိုင်းနဲ့ အဆင်ပြေအောင် နေတတ်ခဲ့တယ်။ ဒါပေမဲ့ ပျော်ရွှင်မှုတွေ
ဆိတ်သုန်းလို့ နွေးထွေးမှုမဲ့တဲ့ နေရာလေးမှာ သမီး အဝေးက အမေ့အိမ်ကို လွမ်းနေမိတယ်
အမေရယ်။ အမေ့ကို အရမ်းချစ်တယ် လေးစားတယ် သတိရတယ်။ အမေ့ကျေးဇူးကို ကျွန်မနေ့တိုင်း စိတ်ကူးနဲ့
ဖော်ကျူးနေမိတယ်။ နာကျင်ရက်စက်တဲ့ ခံစားမှုတွေနဲ့ အဖေ့ရင်ခွင်မှာ နေခဲ့တဲ့ အမေ၊
သမီးတွေအတွက် လောကဓံကို ရဲရဲရင့်ရင့် ကျော်ဖြတ်ခဲ့တဲ့ အမေ၊
ဘာမျှော်လင့်ချက်မှ မတောင့်တတတ်တဲ့ အမေ။
ကျွန်မ အမေရဲ့မေတ္တာ အမေ့ရဲ့စေတနာတွေကို နားလည်လာတဲ့အခါမှာ အမေ့ကို သတိရ တမ်းတ
လွမ်းဆွတ်လာတယ်။ ကျွန်မ အမေ့ကျေးဇူးတွေကို ဘယ်လို ပြန်ပေးဆပ်ရမလဲလို့
အမြဲတွေးနေမိတယ်။ တလောကလုံးမှာ ရှိနေကြတဲ့ အမေများရဲ့ မေတ္တာတရား စေတနာတရားကိုလဲ
လေးစားလာတယ်။ ဒါကြောင့် ခံစားချက် တစ်ပိုင်းတစ်စ အတွေးစလေးများကို
စာသားလေးတွေအဖြစ် ပြောင်းလဲ ရေးသားလိုက်ခြင်းပါ။ လောကမှာ ရှိနေကြတဲ့
အမေအားလုံးလည်း ကျွန်မအမေလို သားသမီးတွေအပေါ်မှာ မကုန်မခန်းနိုင်တဲ့ မေတ္တာတွေ
စေတနာတွေနဲ့ ချစ်ကြမှာပါပဲ။ အမေ့ရဲ့ ကျေးဇူးတရားတွေကို သားသမီးတိုင်း သတိတရ
ရှိကြပါစေလို့ ဆန္ဒပြုလျှက်....
လရိပ်လေး(မောင်းမကန်)
http://layeiklay.blogspot.com/
http://layeiklay.blogspot.com/
No comments:
Post a Comment