Pages

Monday, November 7, 2016

***အောင်မြင်မှု ဆိုတာ***


အောင်မြင်မှု ဆိုတာကို လူတွေက အဓိပ္ပါယ်အမျိုးမျိုးဖွင့်ဆိုကြသည်။
ကျွန်မအတွက်ကအောင်မြင်မှုဆိုတာ
ရည်မှန်းထားသည့်အတိုင်း လုပ်ဆောင်ခွင့်ရတာကို
ဆိုလိုချင်ပါသည်။

ကောက်ညှင်းပေါင်း ပဲပြုတ်ရောင်းပြီး သမီးကိုပညာတတ်ဖြစ်အောင် ထားပေးခဲ့သော
အမေ့ကို အချိန်တိုင်း အားကျလေးစားမိသည်။
စီးပွားရေးကိုနားမလည်ပဲ သမီးတွေကို အဖြူအစိမ်းဝတ်ပြီး ဆရာမဖြစ်စေချင်သော အမေ့စေတနာကို အချိန်တိုင်းနားလည်မိသည်။

အမေဖြစ်စေချင်သော ကျောင်းဆရာမ ဘဝကို ရှစ်နှစ်တိုင်တိုင်ကြိုးစားလုပ်ဆောင်ခဲ့သည်။
ဘဝအခြေအနေနှင့် ထိုစဉ်က လစာကြောင့် ဆရာမဘဝအား စွန့်လွှတ်ခဲ့သည်။

ထိုင်းနိုင်ငံသို့သွားရောက်ပြီး အလုပ်လုပ်ခဲ့သည်။ထိုင်းနိုင်ငံတွင်နေထိုင်စဉ် အလုပ်သမားများ၏ ဘဝကိုသိရှိခံစားခဲ့ရသည်။
တစ်ချို့က မိမိလုပ်အားခများကို အိမ်သို့ပို့ကြပြီး
စုဆောင်းကြသည်။ တစ်ချို့က ကိုယ်တိုင်စုထားပြီး
ငွေကြေးများလာချိန်တွင်အိမ်ပြန်ကြသည်။
သို့သော် မြန်မာပြည်ပြန်ရောက်သည့်အခါ စီးပွားရေးကို
ဘယ်ကစလုပ်ရမှန်းမသိတာရယ်၊မြန်မာနိုင်ငံတွင်ချက်ချင်းနေသားမကျနိုင်တာရယ်ကြောင့် ထိုင်းနိုင်ငံသို့ ပြန်လည်ထွက်ခွာသွားသည်များကို တွေ့ရှိရပါသည်။

ထိုသို့သောအကြောင်းအရာများကို မြင်တွေ့ရသောကျွန်မ
အတွေးတစ်ခုဝင်လာမိသည်။ထိုသို့သော ကျွန်မသူငယ်ချင်းများကို အကူညီပေးနိုင်ရန် တစ်ခုခုလုပ်သင့်တယ်။ အခွင့်အရေးရရင် ကူညီပေးမယ်။
ထိုအတွေးကြောင့် ကျွန်မ စီးပွားရေးနည်းပညာသင်တန်းများ တက်ရောက်ခဲ့သည်။
ဆရာတစ်ယောက် နည်းပြတစ်ယောက်မှာရှိရမဲ့အရည်အချင်းတွေကို သင်ယူလေ့လာခဲ့သည်။
ကိုယ်သိတဲ့အကြောင်းအရာကို ပြန်လည်မျှဝေဖို့
စာရေးနည်းသင်တန်းတက်ရောက်ပြီး စာပေများမျှဝေနိုင်အောင်ကြိုးစားခဲ့သည်။
ထို့အပြင် ILO က သင်ကြားပေးတဲ့ စွန့်ဦးတီထွင်စီးပွားရေး သင်ရိုးကို ပြန်လည်ပို့ချခွင့်ရနိုင်တဲ့
ဆရာဖြစ် သင်တန်းတက်ရောက်ခဲ့သည်။

လက်တွေ့စီးပွားရေးအဖြစ် ကြယ်ပဲထုတ်ကုန်များကို ဖြန့်ချီရောင်းချပေးခြင်းအတွက် အတတ်နိုင်ဆုံးကြိုးစား
လုပ်ဆောင်ပေးခွင့်ရခဲ့သည်။
ထိုသို့ကျွန်မ သင်ယူလေ့လာခဲ့ရခြင်း၏ အဓိကအကြောင်းအရင်းသည်ကား အမေ့၏ဆရာမဖြစ်စေချင်သော ဆန္ဒအားဖြည့်ဆည်းပေးစေချင်တာရယ်၊ ထိုင်းနိုင်ငံမှ ပြန်လာသောသူငယ်ချင်းများအား အကြံပေးချင်တာရယ်
လူငယ်များအားစိတ်ခွန်အားနှင့် ရည်မှန်းချက်ပန်းတိုင်ကို
မှန်ကန်စွာလျှောက်လှမ်းဖို့ အသိပညာပေးချင်တာရယ်နှင့်
စာပေလောကထဲ ဝင်ရောက်ပြီး စာပေဖြင့်လူတို့၏ စိတ်ထဲတွင် သုတနှင့်ရသကို ယှဉ်တွဲမြင်လာအောင်
ချပြခွင့်ရချင်သောကြောင့်ဖြစ်သည်။

အခုအချိန်တွင် ကျွန်မသည် ကမ္ဘာကျော်စာရေးမကြီးမဖြစ်သေးသော်လည်း
စာပေကို အဆိပ်မသင့်စေသော စာပေအဖြစ်ရေးခွင့်ရခဲ့ပြီ။
လုပ်ငန်းရှင်ကြီးတစ်ယောက် မဟုတ်သော်လည်း
သန့်ရှင်း၍ အများအတွက်အကျိုးရှိသော လုပ်ငန်းကို
လုပ်ခွင့်ရနေပြီ။
ကျော်ကြားသော စီးပွားရေးအကြံပေးCEOတစ်ယောက်မဟုတ်သော်လည်း
တကယ်လိုအပ်နေသော အသေးစားလုပ်ငန်းရှင်များကို
တတ်နိုင်သော နေရာမှသင့်တော်ရာကိုအကြံပေးနိုင်ခဲ့ပြီ။
နာမည်ကြီး နည်းပြတစ်ယောက် မဖြစ်သေးသော်လည်း
လူငယ်တွေကို စိတ်ခွန်အားပးပြီး စီးပွားရေးလုပ်ငန်းများလုပ်ကိုင်ချင်စိတ်ဖြစ်လာအောင်
စနစ်တကျလုပ်ကိုင်တတ်လာအောင် သင်တန်းနည်းပြအဖြစ် ဆွေးနွေးပေးနိုင်နေပြီ။
ကိုယ်ပိုင်အသိ ကိုယ်ပိုင်အတွေးများကို ကိုယ်တိုင်အတွေ့အကြုံများဖြင့်ပေါင်းစပ်ပြီး
ကျွန်မဖြစ်ချင်ခဲ့သော ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းလုပ်ကိုင်ရင်း ကိုယ်ပိုင်Trainer တစ်ယောက်သာမက စာရေးဆရာမ တစ်ယောက်အဖြစ်ရပ် တည်ခွင့်ရခဲ့ပြီ။

ဤအနေထားသည် ကျွန်မ၏အမေနှင့်အများအကျိုးအတွက်
တကယ်လုပ်ပေးခွင့်ရနေပြီဖို့ ကျေနပ်နေမိပါပီ။
ကျွန်မအောင်မြင်နေပါပြီ။

အခုညတော့ ရွှေဘိုမှ လူငယ်များအတွက်
သင်တန်းပြုလုပ်ပေးရန် ကားဖြင့်ခရီးစခဲ့ပါပြီ။
အချိန်တိုင်းသင်ယူလေ့လာရင်း ပြန်လည်မျှဝေမှုများကို
သေမည့်အချိန်ထိလုပ်ဆောင်သွားပါမည်။
ကျွန်မ အောင်မြင်နေပါပြီ ကျွန်မအတွက်စိတ်ချမ်းသာမှုတွေနဲ့ ပြီးပြည့်စုံနေပါပြီ။
အောင်မြင်မှုသည် မိမိ၏ရောင့်ရဲတင်းတိမ်မှုနှင့် အဓိက
သက်ဆိုင်နေကြောင်း သိရှိစေချင်ပါသည်။

လရိပ်လေး (မောင်းမကန်)
6.11.2016
http://layeiklay.blogspot.com/


No comments:

Post a Comment