Pages

Monday, November 14, 2016

***စာပေချယ်သ ဘဝအလှ***




လူတိုင်းက မွေဖွားခြင်းနှင့် သေဆုံးခြင်းကြား ဘဝကို ရုန်းကန်ကြရသည်။ ရုန်းကန်ရာတွင်လည်း အောင်မြင်မှုတစ်ခုဆီရောက်ရန် အခက်အခဲဖြတ်သန်းမှုများက တစ်ယောက်နှင့်တစ်ယောက် ကွာခြားကြသည်။

ကျွန်မရဲ့ဖြတ်သန်းမှုသည်ကား ဆင်းရဲပင်ပန်းလွန်းသော်လည်း သွန်သင်ဆုံးမမှုကောင်းသောအမေ ပညာကိုအလေးထားသော အမေရှိနေခြင်းကြောင့် ဘဝကိုကျေနပ်စွာ ဖြတ်သန်းခဲ့ရသည်။
အမေက ရောင့်ရဲတင်းတိမ်တတ်အောင် အရင်သင်ပေးခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အဖေဆုံးပါးပြီး မုဆိုးမဘဝဖြင့် သမီးသုံးယောက်ကို ကျွေးမွေးပြုစုရခြင်းကြောင့် ဖြစ်သည်။

ပဲပြုတ်နှင့်ကောက်ညှင်းပေါင်းရောင်းပြီး
သမီးတွေကို ပညာသင်စေခဲ့သော အမေ၊
စာတစ်ပုဒ် အလွတ်ရလျင် ငါးမူးပေးမည်ဟု ပြော၍
စာဖတ်စေသော အမေ၊
ပညာတတ်လျင် အများကိုကူညီလို့ရတာမို့
ပညာကိုရအောင်သင်ရန် ခွန်အားပေးသော အမေ၊
သမီးတွေ စာမေးပွဲဖြေသောနေ့တွေင် ဈေးမရောင်းပဲ
 ရှိတာလေးနှင့်စားပြီး စာစစ်ပေးသော အမေ၊
စာစီစာကုံးပြိုင်ပွဲတိုင်းတွင် ယှဉ်ပြိုင်ရဲတာကအဓိကဆိုပြီး
ပါဝင်ရေးသားစေခဲ့သော အမေ၊
သမီးကျောင်းပျက်ရင် စာတွေကူးပေးပြီး
စာတွေပြန်လေ့ကျင့်ပေးသော အမေ
ထိုသို့သောအမေ ကျွန်မဘဝမှာ အမေရှိနေခြင်းက
လာကအတွင်း အောင်မြင်စေခဲ့သော အဓိက အချက်ကြီးဖြစ်ခဲ့တယ်။

ဒီနေ့ အမေ့ဆီကို ပိုက်ဆံ ငါးသောင်း ကန်တော့ဖြစ်တယ်။ ဒီနေ့ကန်တော့ရတဲ့ ငွေက နည်းပါးနေပေမဲ့ ဘဝအတွက်တော့ အဖိုးမဖြတ်နိုင်သော အလှူတစ်ခုပါ။

(၁၁.၁၁.၂၀၁၆) ရွှေဘိုမြို့နယ် ပိတ္တောကျေးရွာ ပန်းပျိုးလက်ဖောင်ဒေးရှင်းတစ်နှစ်ပြည့် အခမ်းအနားမှာ တကိုယ်တော် ပရဟိတသမား ဆရာမခင်နှင်းကြည်သာနဲ့အတူ စာပေဗဟုသုတတွေကို မျှဝေခွင့်ရခဲ့သည်။
ဂုဏ်ပြုလက်ဆောင်အဖြစ် ပိုက်ဆံငါးသောင်း ရခဲ့သည်။ ကျစ်ကျစ်ပါအောင် သိမ်းမိခဲ့သည်။ အဘယ်ကြောင့်ဆိုသော် အမေ့ကို ကြွားချင်သည်။ အမေ့သမီး အမေဖြစ်စေချင်သော ဆန္ဒကို လုပ်နိုင်ပြီဟု အမေ့ကိုဖက်ပြီး ပြောချင်သည်။ သို့သော် အမေနဲ့ကျွန်မ ဝေးနေသည်မို့ ဖုန်းဖြင့်သာကြွားပြီး အမေ့ကို ကန်တော့ခဲ့ရသည်။

အမေကျေနပ်နေသည်။
ပုံတွေကို အမဖုန်းဖြင့်ပို့ပေးရန် တောင်းဆိုသည်။
အမေ့ကိုကြွားရင်း မျက်ရည်ကျမိသည်။
ကျွန်မအားတင်းပြီး ပျော်ရွှင်နေသော သမီးအဖြစ် စကားတွေ အများကြီးပြောဖြစ်သည်။
အမေရွာမှာ လိုက်ကြွားနေမလားတွေးရင်း ပျော်မိသည်။ အမေ့အသံကအားရနေတာ ကျွန်မသိနေမိသည်။
အမေ့ကို ကျွန်မထပ်ပြောမိသေးသည်။

‘အမေ သမီးနဲ့အတူတူ စာပေဟောပြောပွဲတက်တာ ဘယ်သူလဲသိလား
တကိုယ်တော်ပရဟိတသမား ဆရာမခင်နှင်းကြည်သာတဲ့ အမေ၊ သမီးလည်း သူလိုလူဖြစ်အောင်လုပ်မှာ သိလား၊ သူနဲ့ဆုံရတာရော အတူတူပြောခွင့်ရတာရော၊ အမေ့ကို ကန်တော့ခွင့်ရတာကို သမီးအရမ်းပျော်နေတယ်အမေ၊ အခုသမီးပေးလိုက်တဲ့ ပိုက်ဆံကို အမေအဆင်ပြေရာသုံးနော် အမေ' လို့ပြောတော့

‘အေးပါသမီးရယ် သမီးလည်းအဆင်ပြေအောင်နေပါ၊ အမေ့အတွက် မပူပါနဲ့' တဲ့လေ။

အမေနဲ့ကျွန်မ မေတ္တာတွေဖလှယ်ရင်း အများကိုအကျိုးပြုနိုင်သော စာရေးဆရာမတစ်ယောက်အဖြစ် ရပ်တည်ခွင့်ပေးခဲ့သော ထိုင်းနိုင်ငံရောက် ဆရာတော်များ၊ တက္ကသိုလ်ရဟန်းပျိုဓမ္မစာစောင်မှ ဆရာတော်များ၊ မြန်မာနိုင်ငံမှာ ဆရာတော်ဦးဇောတိကနှင့် ဆရာတော်ကြီးများ၊ အမေရိကတွင်နေထိုင်သော ဆရာကြီး တက္ကသိုလ်ဘုန်းကြွယ်၊ ဆရာကြီး လယ်တွင်းသားစောချစ်၊ ဆရာမကြီး ဒေါ်ကြူကြူသင်း၊ ဆရာမကြီးမေကျော့ရှင်း၊ ဆရာမဝါဝါထင်လင်းနှင့် မြန်မာနိုင်ငံ စာရေးဆရာအသင်းမှ စာရေးဆရာ၊ ဆရာမကြီးများနှင့် စာပေဟောပြောပွဲတွင် ပြောခွင့်ရအောင် ဖြစ်မြောက်အောင် ပံ့ပိုးပေးသော ရွှေဘိုမှ ပါရမီရွှေလက် သင်တန်းကျောင်း ဆရာတော် ဦးကုသလ၊ ပိတ္တောရွာမှ ဆရာတော်များနှင့် ပန်းပျိုးလက်ဖောင်ဒေးရှင်း ပရဟိတအသင်းမှ လူငယ်များအားလုံးကို တစ်သက်တာထာဝရ
ကျေးဇူးတင်ကြောင်း ဒီပို့စ်ကိုရေးသားရင်း ပြောကြားပါရစေရှင်။

အမေနှင့် ဆရာတော်များ ဆရာ၊ဆရာမများ၊ မိတ်ဆွေတို့၏ပံ့ပိုးမှုများကို လေးစားရင်း နောင်တွင်လည်း အများအကျိုးကို ဒီထက်မက လုပ်ဆောင်ပေးနိုင်ပါစေလို့ ဆုတောင်းရင်း ထပ်မံကြိုးစားပါအုံးမည်။

အားလုံးလေးစားဂုဏ်ပြုလျက်
လရိပ်လေး( မောင်းမကန်)
၁၅.၁၁.၂၀၁၆
http://layeiklay.blogspot.com/

No comments:

Post a Comment