Pages

Wednesday, August 21, 2013

ရင်ကိုထိရှစေခဲ့သော အနှိုင်းမဲ့ပီတိ



လောကရှိ            လူတိုင်းတွင် အပျော်ဆုံးအချိန် ပီတိအဖြစ်ရဆုံးချိန်တွေ ကြုံခဲ့ဖူး ရှိခဲ့ဖူးကြမှာပါ။ ဂုဏ်ပကာသန ကြောင့်ရတဲ့ ပျော်ရွှင်မှု၊ သာမန်ပျော်ရွှင်မှု၊ ပေးဆပ်ရတဲ့ ပျော်ရွှင်မှု ရသမျိုးစုံကို ဘဝအတွေ့အကြုံရ ခံစားဖူး ကြည်နူးဖူးကြမှာ မလွဲဧကန်ပါ။ ဒါပေမဲ့ တစ်ခါတစ်လေမှာတော့ ဘာမဟုတ်တဲ့ ကူညီမှုလေးတစ်ခုက အဖိုးမဖြတ်နိုင်တဲ့ ဘဝအသိရော အနှိုင်းမဲ့ပီတိတစ်ခုကိုရော ပြန်လည်ရရှိတတ်တယ်ဆိုတာကိုတော့ ကျွန်မကိုယ်တိုင် ကြုံခဲ့ရမှ  ပိုသိခဲ့ရတာမို့ ကျွန်မလိုပဲ ပျော်ရွှင်မှုအစစ်လေးကို ဝေမျှခံစားရင်း လူတိုင်းရင်ထဲမှာ စာနာသနားစိတ်လေးတွေ ထပ်တူပွားများနိုင်အောင်လို့ ကျွန်မကြုံတွေ့ခဲ့ရတဲ့ ခရီးတစ်ထောက်က အဖြစ်ပျက်လေးကို တင်ပြ လိုက်ရပါတယ်ရှင်။

 
မိုးဦးကျခါစပေါ့။ အလုပ်ကိစ္စတစ်ခုနဲ့ မြဝတီဆိုတဲ့မြို့လေးကို ကျွန်မသွားရောက်ခဲ့ပြီး အပြန်ခရီး ပန်းပြီးနွမ်းနယ်နေပေမဲ့ အဖိုးမဖြတ်နိုင်တဲ့ အမှတ်တရ ပီတိလေးကို ကျွန်မ စားသုံးခဲ့ရပါတယ်။ ကျွန်မဘယ်တုန်းကမှ မမြင်ခဲ့ရဖူးတဲ့ မြင်ကွင်းလေးကို ကြည့်ရင်း အရမ်းကို ကြီးကျယ်မြင့်မြတ်တဲ့ အဆုံးမဲ့ မေတ္တာတရားကို ကျွန်မ မြင်တွေ့ခွင့် ရခဲ့ပါတယ်။ မြ၀တီမြို့လေးကနေ အပြန်အတွက် ပွင့်သစ်စရတနာဆိုတဲ့ မြ၀တီ-ရန်ကုန် ကားလေးပေါ်မှာ အဖော်မပါ အပြန်လမ်းလေးကို တစ်ယောက်ထဲ တွေးရင်းငေးရင်း လိုက်ပါလာခဲ့ပါတယ်။ မိုးတွေရွာနေလို့လား လူတွေကပဲ အသွားအလာ နည်းတာလား မပြောတတ်၊ ကားပေါ်မှာ နေရာလွတ်တွေက အများသား၊ ကျွန်မလည်း နှစ်ယောက်နေရာမှာ တစ်ယောက်တည်း ထိုင်လိုက်ရင်း မနေ့ညက ကားလမ်းမှာ တောင်ပြိုတာကို တွေးမိတော့ ဘုရားဂုဏ်တော်ကိုပဲ အာရုံပြု ရွတ်နေပါတော့တယ်။

ကျွန်မက အမြဲတမ်း ခရီးသွားတဲ့အချိန်တိုင်း ဘုရားဂုဏ်တော်ကို ရွတ်ဖတ်ရင်း တစ်ယောက်တည်း သွားနေကျ အကျင့်ရှိတယ်။ ကျွန်မ ကားစီးပြီး ခရီးသွားတိုင်း ကားပေါ်မှာ ပါလာတတ်တဲ့ ဆရာတော်တွေကို ခရီးတစ်ထောက်နား အဆာပြေစားတဲ့အချိန်တိုင်း ဆွမ်းဘုဉ်းပေးလို့ရတဲ့ အချိန်အခါဆို ဆွမ်း၊ အအေးကပ်လို့ရရင် အအေး ကျွန်မအမြဲတမ်း ကပ်လှူဖြစ်ခဲ့ပါတယ်။ ဒီတစ်ခါတော့ ကျွန်မစီးလာတဲ့ကားပေါ်မှာ ဆရာတော်တစ်ပါးမှ မပါခဲ့ပါဘူး။ ကျွန်မ တွေးနေမိပါတယ်.. “အင်း.. ဒီတစ်ခါတော့ ငါ့ရဲ့ခရီးမှာ ဘာမှမလှူဖြစ်လောက်ဘူး ထင်ပါတယ်”လို့။

အဲလိုနဲ့ပဲ ကျွန်မတို့ကားလေးက မြ၀တီ တောင်တက်လမ်းတွေကို အောင်မြင်စွာ ကျော်ဖြတ်ပြီး ကော့ကရိတ်မြို့အဝင် “မြသိန်းကြည်”ဆိုတဲ့ ထမင်းဆိုင်မှာ ထမင်းစားဖို့ ရပ်လိုက်ပါတော့တယ်။ ကျွန်မလည်း တစ်ယောက်တည်း ထမင်းစားဖို့ ဆင်းပြီးတော့ ဆိုင်ထဲမှာ နေရာယူလိုက်ကာ ထမင်းဟင်းတွေမှာပြီး ထိုင်စားနေလိုက်ပါတယ်။ ကျွန်မထမင်းစားတာ တစ်လုပ်နှစ်လုပ်လောက်တောင် မဝင်သေးပါဘူး။ ကျွန်မရှေ့ကနေဖြတ်ပြီး ကိုးနှစ်အရွယ်သမီးလေးကို လက်ဆွဲထားတဲ့ အမျိုးသမီးတစ်ယောက် ဝင်လာပါရော။ ကျွန်မလည်း ပတ်ဝန်းကျင်ကို သိပ်ဂရုမစိုက်တတ်တော့ ထမင်းကိုပဲ ငုံ့ပြီး ပြန်စားနေလိုက်ပါတယ်။

ခဏနေတော့ ကျွန်မအသံတိုးတိုးလေးနဲ့ ပြောတာလေးကို ကြားလိုက်ရပါတယ်။  ကျွန်မရင်ထဲ တစ်မျိုးလေး ဖြစ်လာတော့ ဂရုတစိုက်လေး နားထောင်လိုက်မိပါတယ်။ ကျွန်မဘေးကနေ ဖြတ်ဝင်လာတဲ့ သားအမိနှစ်ယောက်ပေါ့။ အမေဖြစ်သူက စားပွဲထိုးကောင်မလေးကို ခေါ်ပြီး “ညီမလေး ထမင်းတစ်ခါစား ဘယ်လောက်ကျလဲ”တဲ့။ စားပွဲထိုးကောင်မလေးက “တစ်ယောက်ကို အဝစား ၁၅၀၀ပါ”တဲ့။ အဲလိုပြန်ဖြေတော့ “ညီမလေးရယ်... အမမှာ ပိုက်ဆံ၁၅၀၀-ပဲ ရှိလို့ပါ။ သမီးလေးကလည်း ဗိုက်အရမ်းဆာနေလို့ နှစ်ယောက်စားလို့ ရမလား”တဲ့။ အဲဒီအချိန်မှာ စားပွဲထိုး ကောင်မလေးက “ကျွန်မ ဟင်းပိုထည့်ပေးမယ်နော်၊ ဒါပေမဲ့ တစ်ယောက် တစ်ပန်းကန် မစားပါနဲ့၊ သမီးလေးကို ခွံ့ကျွေးပေါ့”တဲ့။ ခေါင်းညိတ်တာလေးကို ကျွန်မတွေ့လိုက်ပါတယ်။  ကျွန်မလည်း မသိမသာလေး လှမ်းကြည့်နေပါတယ်။ ကျွန်မ ထမင်းကို လုံးဝဆက်စားလို့ မရတော့လောက်အောင် ဖြစ်လာပါတော့တယ်။ 

ဒီမြင်ကွင်းလေးက ကျွန်မရဲ့စိတ်အစဉ် အတွေးအမြင်တွေကို ကျွန်မရဲ့ မွေးမိခင်ဆီသို့ ခေါ်ဆောင်သွားပါတယ်။ ကျွန်မရဲ့ မွေးမိခင်ကို ရင်ထဲနင့်စွာ သတိရလိုက်မိပါတယ်။ အမေ’..လို့ တမ်းတမ်းတတ ခေါ်ပြီး အမေ့ရင်ခွင်ထဲ ပြေးဝင်ချင်စိတ်တွေ တဖွားဖွား ပေါ်လာပါတော့တယ်၊ ကျွန်မမှာ မျက်ရည်ကလည်း ၀ဲလို့။ ကျွန်မဘယ်တုန်းကမှ မထင်ထားဘူးတဲ့ မြင်ကွင်း၊ ကျွန်မရဲ့ နှလုံးသားတစ်ခုလုံးကို ဆွဲကိုင်လှုပ်ခဲ့တဲ့ မြင်ကွင်းလေးကို ကျွန်မမြင်လိုက်ရလို့ပါပဲ။ ကျွန်မ အမေနဲ့ဝေးကွာပြီး ဘန်ကောက်မြို့ကြီးမှာ သုံးနှစ်နေခဲ့ဖူးပါတယ်။ အမေနဲ့အတူ နေစဉ်က အမေ့ကျေးဇူး အမေ့မေတ္တာကို သာမန်လောက်ပဲ ကျွန်မထင်ခဲ့မိပါတယ်။ ဘန်ကောက်ရောက်ပြီး အမေနဲ့ဝေးကွာနေချိန်မှာတော့ စာတွေဖတ်ရင်း ဆရာတော်သံဃာတော်တွေရဲ့ အဆုံးအမတွေကို ခံယူခဲ့ပြီး နောက်ပိုင်းမှ ကျွန်မ အမေ့ကျေးဇူးကို ပိုအလေးထားတတ်လာတယ် ပိုသိလာတယ်။ ဒါပေမဲ့ အခြေအနေ အကြောင်းတရားတွေကြောင့် ကျွန်မ အမေနဲ့အတူ မနေဖြစ်သေးပါဘူး။ အဝေးကနေပဲ အမေ့ကို ပြုစုနေရတုန်းပါ။

အဲလိုအချိန်လေးမှာ ခရီးသွားဟန်လွဲ အဖြစ်ပျက်လေးကို ကျွန်မရုတ်တရက် တွေ့လိုက်ရတော့ ကျွန်မရင်ထဲ နင့်နင့်နဲနဲ ခံစားလိုက်ရပါတယ်။ ကျွန်မရဲ့မြင်ကွင်းလေးထဲမှာပေါ့။ စားပွဲထိုးကောင်မလေး လာချပေးတဲ့ ထမင်းပန်းကန်ထဲကို အမေဖြစ်သူက ဟင်းဖတ်တွေ အများကြီးထည့်ပြီး သမီးလေးကိုပဲ ခွံ့ကျွေးနေပါတော့တယ်။ အမေဖြစ်သူက တစ်လုပ်မှ မစားပဲ သမီးလေးဝတဲ့အထိ ခွံ့ကျွေးနေပါတယ်။ သမီးလေးက ၀ပြီလို့ပြောမှ အမေက တို့စရာလေး ဟင်းရည်အကျန်လေးနဲ့ ဆက်စားပါတော့တယ်။ ကျွန်မလေ ကြည့်ရင်း မျက်ရည်တွေက စို့စို့တက်လာပါတယ်။ ကျွန်မ ထမင်းလည်း ဆက်စားလို့ မရတော့တာနဲ့ စားပွဲထိုးကောင်မလေးကို ခေါ်ပြီး ကျွန်မအတွက်ရော သူတို့သားအမိအတွက်ပါ ရှင်းပေးလိုက်ပါတယ်။ ပြီးတော့ ကျွန်မ ဘေးနားက မုန့်ဆိုင်လေးမှာ မုန့်သွားဝယ်ပြီး ကလေးအတွက် မုန့်ကလေးတစ်ထုပ် သွားပေးတော့ ကလေးက မရှိဘူး၊ အိမ်သာဘက် ထွက်သွားတယ်။ ကျွန်မ သူ့အမေကို “ကလေးကို ပေးလိုက်ပါနော်”လို့ ပြောပြီး ပေးခဲ့ပါတယ်။ ဘာမှလည်း ကျွန်မ မပြောဖြစ်ခဲ့ပါဘူး။

ခဏနေတော့ ကားပေါ်မှာ ကျွန်မထိုင်နေတုန်း သမီးလေးက ထွက်လာပြီး ကျွန်မထိုင်နေတဲ့ ကားတံခါးလေးနားကို မော့ကြည့်နေပါတယ်။ ကျွန်မလည်း မသိသလိုလေး နေမယ်လို့ စိတ်ကူးပေမဲ့ မနေနိုင်တော့တာနဲ့ ကားတံခါးလေးဖွင့်ပြီး “သမီး ဘယ်သူ့ကို ရှာတာလဲ”လို့ မေးတော့ “မမ”တဲ့၊ “သမီးကို မုန့်ကျွေးခဲ့တာ မမလား”တဲ့။ ကျွန်မက “အင်း”လို့ဖြေတော့ “ဘာလို့ကျွေးတာလဲ”တဲ့လေ။ ကျွန်မက “သမီးလေးကို ချစ်လို့ပေါ့ သမီးရယ်”လို့ ပြန်ဖြေတော့ မျက်နှာလေးက ပြုံးလို့ “ကျေးဇူးတင်ပါတယ် မမ”တဲ့လေ။ ကျွန်မလည်း ပြုံးလို့ သမီးလေးကို ကြည့်နေတုန်း သူ့အမေက အပြေးအလွှား ဆိုင်ထဲထွက်လာပြီး “ညီမလေး.. အမတို့စားတာ ရှင်းပေးခဲ့တယ်ဆို၊ ဟုတ်လား”တဲ့။ ကျွန်မ ခေါင်းလေးညိတ်လိုက်တော့ “ဘာလို့ကျွေးရတာလဲ ညီမလေးရယ်”တဲ့။ “ဘာရယ်မဟုတ်ပါဘူး၊ သမီးလေးကိုချစ်လို့ ကျွေးတာပါလို့”ပြောတော့ “ကျေးဇူးအရမ်းတင်ပါတယ် ညီမလေး”လို့ဆိုပြီး ကျွန်မတို့ ကားလေးထွက်တဲ့အချိန်ထိ ကျွန်မကားလေးဘေးမှာ ရပ်စောင့်ပြီး ကျွန်မကို လက်ပြနှုတ်ဆက်ပြီး ကျန်ခဲ့ပါတယ်။

ကျွန်မရင်ထဲမှာတော့ အတိုင်းဆမဲ့ ပီတိတွေနဲ့ ကြည်နူးရင်း တစ်လောကလုံးထဲက လူသားတွေကြားမှာ အနက်ရှိုင်းဆုံး မေတ္တာတရားကို ပေးစွမ်းနိုင်တာ အမေပါလားလို့ တွေးပြီးရင်း အတွေးနယ်ချဲ့ နေမိပါတော့တယ်။ ကျွန်မရဲ့ပေးဆပ်မှုက ပြည့်စုံသူတွေအတွက်ဆိုရင် ဘာမှအသုံးမ၀င်နိုင်ပေမဲ့ သူတို့သားအမိနှစ်ယောက်နဲ့ ကျွန်မအတွက်တော့ ရသမျိုးစုံကို ပေးစွမ်းနိုင်တဲ့ ပေးဆပ်မှု တစ်ခုပါ။ တစ်ချို့သောသူတွေက သိက္ခာဆိုတဲ့အရာကို ကိုးစားရင်း ဂုဏ်ပကာသနကို အဓိကထားပြီး လှူဒါန်းကြတယ်။ လမ်းဘေးမှာ လမ်းခရီးမှာ အခက်အခဲတွေ့နေတဲ့သူတွေကို ပေးကမ်းရမှာဆိုရင် ဂုဏ်ငယ်တယ်လို့ ထင်တတ်ကြတယ်။ တကယ့်အခက်အခဲနဲ့ တွေ့နေကြတဲ့သူတွေကို ဂုဏ်ရှိန်ဝါတွေ မကြည့်ပဲ ရိုးသားစွာ ပေးကမ်းကူညီကြမယ်ဆိုရင် ကျွန်မတို့ မြန်မာပြည်ကြီးမှာ လူမှုရေးရော သာသနာရေးရော အကျင့်စာရိတ္တတွေပါ ကောင်းမွန်လာပြီး တိုးတက်လာလိမ့်မယ်လို့ ထင်မိပါတယ်။ ဒါကြောင့် ဒီဆောင်းပါးလေးကို ဖတ်မိသူတိုင်း အမေ့မေတ္တာကို သိရှိနားလည်ပြီး မထင်မှတ်တဲ့ ပေးကမ်းမှုတစ်ခုဟာ ဘ၀အသိနဲ့ အနှိုင်းမဲ့ပီတိကို ရရှိနိုင်တယ်ဆိုတာကို သင်ခန်းစာယူရင်း လက်ဆင့်ကမ်း စာနာကူညီနိုင်ကြပါစေရှင်။
လရိပ်လေး (19th August, 2013)

1 comment:

  1. ဖတ်လို့ အလွန်ကောင်းပါတယ်
    အနှိုင်းမဲ့ပီတိကို လည်း ခံစား ရပါတယ်။
    ဒီလိုမျိုး အများကြီး ရေးသားနိုင်ပါစေ

    ReplyDelete