Pages

Monday, August 12, 2013

ပြည်သူ့အသဲနှလုံး ရှစ်လေးလုံး(8888) **********************



ခေတ်စနစ်ဆိုး ရှေ့မတိုးအောင်
စားထိုးသက်သွေး တိုင်းပြည်ရေးတွက်
ရှစ်လေးလုံးမှ မျိုးဆက်ချလို့
လမ်းပြလှုံ့ဆော် အင်အားဖော်လျှက်
ကြွေးကြော်ကာပေး ဒို့အရေးဟု
ဒေါင်းသွေးဒေါင်းမာန် စိတ်ထားမှန်ဖြင့်
တော်လှန်ခေတ်ဟောင်း စနစ်ပြောင်းအောင်
ခွပ်ဒေါင်းလံနဲ့ လွတ်ကြောင်းကြံ။

ရှစ်လေးလုံးတွင်း သွေးနဲ့ရင်းကာ
ဖြိုခွင်းပစ်ခတ် စစ်သေနတ်ကို
မလန့်မကြောက် ခေတ်ကောင်းရောက်ဖို့
ပြောင်မြောက်သတ္တိ ဇွဲရှိရှိနှင့်
တိုင်းသိပြည်ရွာ စည်းလုံးကာဖြင့်
အလွှာစုံကြား ပြည်သူများနဲ့
ကျောင်းသားပါဝင် ရဟန်းရှင်တို့
တွေးထင်မျှော်မှန်း ရောင်နီသန်းဖို့
တက်လှမ်းလို့ချီ ခေတ်သစ်ဆီ။

ရှစ်လေးလုံးမှာ မညာတာပဲ
အာဏာရှင်များ နှိပ်စက်ထားလည်း
သွေးသားကိုသာ ဆုံးရှုံးပါစေ
မြန်မာအရေး လျှော့မပေးပဲ
သွေးကြွေးသမိုင်း ဘယ်မရိုင်းအောင်
ပူလှိုင်းမီးကြား ခွပ်ဒေါင်းအားနှင့်
သွေးသားမငဲ့ နောက်မလှည့်ပဲ
ရင်ထဲရှိုက်သံ ပြည်လုံးလျှံအောင်
ကျင့်ကြံအားမွေး ခွပ်ဒေါင်းသွေး။

ရှစ်လေးလုံးရေး တကယ်တွေးက
တိုင်းရေးပြည်ရာ အဖြာဖြာကို
စာနာပေးကာ သာသနာနှင့်
ပညာရေးပါ တိုးတက်လာပြီး
အာဏာစနစ် မကျန်ရစ်ပဲ
သွေးသစ်မော်ကွန်း နောက်မယွန်းအောင်
တောက်ထွန်းနေလို လမ်းပြကြို။

စစ်ဖိနပ်အောက် ဒူးမထောက်ပဲ
လက်မြှောက်မပေး ကြောက်စိတ်ဝေးကာ
ရဲသွေးစိတ်ထား ဗမာ့သားကောင်း
မွေးဖွားထောင်သောင်း ချွေးသက်လောင်းကာ
ခေတ်ပြောင်းစေရေး မြန်မာ့သွေးနဲ့
ဟစ်ကြွေးသီကုံး ရှစ်လေးလုံး။

ရှစ်လေးလုံးက သန္ဓေစသည့်
ရဲလှစိတ်တွေ မရပ်နေပဲ
မနေမနား ရှေ့ဆက်သွားကာ
တရားတဖက် ဓါးတဖက်နဲ့
ရှေ့ဆက်မှန်းရည် ဒီမိုကရေစီ
ပန်းတိုင်ဆီသို့ ချီတက်စို့။


ရှစ်လေးလုံးရေး သွေးသက်ပေးကာ
ခေတ်ရေးကိုငဲ့ ပေးဆပ်ခဲ့တာ
နှစ်နဲ့တွက်ထား နှစ်ဆယ့်ငါးမြောက်
ရွှေ့လျားရောက်လည်း သမိုင်းစွဲအောင်
ရေးဆဲမှတ်စု ငွေရတုမို့
အားပြုကူလျှက် မြတ်တဲ့ရက်ကို
သွေးသက်နဲ့တူ နှလုံးမူကာ
ပြည်သူအများ စဉ်လေးစား။


အရွယ်လည်းရောက် ကြံလဲပေါက်လို့
ရှေ့လျှောက်ခရီး ဘယ်မညည်းပဲ
သွေးစည်းကြည်ဖြူ ပေါင်းစည်းကူလို့
စိတ်တူတူနဲ့ ဆောင်ရွက်စို့…။

No comments:

Post a Comment