Pages

Sunday, February 17, 2013

***ကြမ္မာလွဲတဲ့ တေးသွား***




ခေတ်တဲ့လား...
အသစ်ကို လက်ခံခြင်းပဲလား
စနစ်ရဲ့ သားကောင်ကို ရုံသွင်းကာပြလို့ 
အမြင်တွေ ဝေ့ဝေ့၀ါးဝါးနဲ့  ယဉ်ကျေးမှုတွေ အဆိပ်သင့်ခဲ့ပြီ
နေ၀င်လုလု သာသနာတွေ ညိုမဲစွဲလို့
ကိုယ်ကျင့်တရားတွေလည်း မြေခလို့ ငိုကြွေးခဲရပြီ။

ညီညွှတ်ခြင်းတဲ့...
မှန်ချပ်ကို ထောင်ကြည့်လိုက်တော့
တစ်စစီကျဲပြန့် လို့ 
မြေလွှာဟာ ပက်ကြားအက်တယ်
သွေးရဲရဲ ပန်းချီတွေထဲမှာ
မျက်နှာမွဲတွေရဲ့ ရှင်သန်ခြင်းတွေက
အ၀ီစိကို ဦးတည်နေလေရဲ့။

ဖွံ့ ဖြိုးခြင်းတဲ့...
အသိတွေတမွဲမွဲနဲ့  တောင်ကတုံးတွေပေါ်မင်းမူတယ်
မြစ်ချောင်းတွေတောခိုလို့ 
မောင်ငယ်ရင်သွေးကတရားစီရင်
ရှေးအမွေအနှစ်ကို ဟော်တယ်တွေမြိုလို့ 
ပြည်ပနဲ့  ဂဟေဆက် မျက်နှာသစ်တွေကို
သွားရည်ကျစေတယ်။

စာနာမှုတဲ့...
မြို့ ဟောင်းက အုပ်တစ်ချပ်ဖြစ်ခဲ့ပြီ
ဝေဒနာသည်တွေကိုအကျဉ်းချ
တစ်ဝမ်းစာလေးတောင် မသထာတတ်တော့
ကောင်းကင်ကိုကျောခိုင်းထွက်
ငရဲနဲ့ မိတ်ဆက်လိုက်တယ်
ခြစားတဲ့ ဦးနှောက်တွေနဲ့ 
အကြံကုန် ဂဠုန်ဆားချက်တဲ့
ဒီပိတ်ကားတွေက အရောင်မွဲမွဲနဲ့ 
အဖြူအမဲထဲပဲ တ၀ဲလည်လည်။

ထိန်းသိမ်းစောင့်ရှောက်ခြင်းတဲ့...
စကားလုံးတွေသာ ဆေးခြယ်တတ်ကျလေရဲ့
အာဇာနည်ဆိုတာ အဆိုတော်လို့  မှတ်နေကြပြီ
မျက်နှာဖုံးအောက်မှာ မျက်နှာတွေဝှက်
သူရဲကောင်းသွေးတွေ အရောင်ပြယ်တယ်
မမေ့အပ်ခြင်းတွေ အရောင်တလက်လက်ထလည်း
ဒီရာဇ၀င်တွေ မြေမြိုသွားတယ်
ဇာတာကိုပဲ ရိုးပြီး လက်ညိုးထိုးရတော့မလား
ကြမ္မာထွက်သက် ငင်တဲ့ ရက်ကိုပဲ
လက်ချိုးရေရင်း
တေးတစ်ပုဒ် ဆိုငြီးနေလိုက်တော့မယ်
ကြမ္မာရဟတ်လို့လေ။.....(လရိပ်လေး)

1 comment: